ကမ္ဘာ့သမိုင်းဝင် စစ်ပွဲများအကြောင်း မှတ်စုအချို့

အစောဆုံး စစ်လက်နက်

သစ်သားလှံ အကျိုးတစ်ခု ဖြစ်သည်။ ၁၉၁၁ ခုနှစ် ဧပြီလ အင်္ဂလန်ကျွန်း၊ အက်ဆက်ပြည်နယ်တွင်တွေ့ခဲ့သည်။ လှံကျိုးသက်တမ်းမှာ သိပ္ပံနည်းဖြင့်စစ်ဆေးနိုင်သည့် သက်တမ်းထက်ပင်ကျော်လွန်နေသေးသည်ဟုဆိုသည်။ ပညာရှင်များကထိုလှံကျိုးကိုခရစ်တော်မပေါ်မီ နှစ်ပေါင်း ၂ သိန်းခန့်မှစစ်လက်နက်တစ်ခုဖြစ်သည်ဟုခန့်မှန်းကြသည်။

အရှည်ကြာဆုံး စစ်ပွဲ

ကမ္ဘာသမိုင်းတွင်ဖြစ်ပွားသော စစ်ပွဲကြီးများအနက်ကာလအရှည်ကြာဆုံး စစ်ပွဲမှာအင်္ဂလန်နှင့် ပြင်သစ်တို့ ဖြစ်ပွားခဲ့ကြသော နှစ်တရာစစ်ပွဲဖြစ်သည်။သက္ကရာဇ် ၁၃၃၈ မှ ၁၄၅၃ ထိ ၁၁၅ နှစ်တိုင်တိုင်ဖြစ်ပွားခဲ့သည်။

ထို့အတူပြတ်တောင်းပြတ်တောင်း ဖြစ်ပွားခဲ့သောခရူးဆိတ်စစ်ပွဲမှာလည်း ပထမခရူးဆိတ်စစ်ပွဲ (၁၀၉၆-၁၁၀၄) မှ နဝမခရူးဆိတ်စစ်ပွဲ (၁၂၇၀-၁၂၉၁) အထိသက်တမ်းအားဖြင့် ၁၆၅ နှစ်ကြာမြင့်ခဲ့သည်ဟုဆိုနိုင်သည်။

အတိုဆုံး စစ်ပွဲ

ကမ္ဘာအတိုဆုံးစစ်ပွဲမှာဗြိတိန်နိုင်ငံနှင့် အာဖရိကတိုက်မှ ဇန်ဇီဘာ (ယခု တန်ဇန်နီးယားနိုင်ငံ၏တစ်စိတ်တစ်ဒေသ) တို့ ဖြစ်ပွားသောစစ်ပွဲ ဖြစ်သည်။ ၁၈၉၆ ခုနှစ်သြဂုတ်လ ၂၇ ရက်နေ့ နံနက် ၉ နာရီ ၂ မိနစ်မှ ၉ နာရီ ၄၀ မိနစ် အထိသာကြာသည်။

ဗြိတိသျှရေကြောင်းဗိုလ်ချူပ် ဟယ်ရီဟိုးဝပ်ရော်ဆင် ဦးစီးသောဗြိတိသျှရေတပ်ဖွဲ့သည်ကိုယ့်ကိုယ်ကို ဘုရင်မြှောက်ပြီးနန်းတက်နေသော ဆူလတန်ဆစ်ခါလစ်ကို နန်းတော်မှထွက်၍လက်နက်ချရန်ရာဇသံပေးသည်။ မလိုက်နာသောကြောင့် တပ်ဖွဲ့မှ ၃၈ မိနစ်ကြာအမြှောက် များဖြင့်ပစ်ခတ်ပြီးသောအခါမှလက်နက်ချသည်။

အသေအပျောက် အများဆုံး စစ်ပွဲ

စစ်အတွင်းသေဆုံးကြသောလူသားတို့၏ အရေအတွက်နှင့် တိုင်းတာမည်ဆိုလျှင် ကမ္ဘာပေါ်တွင် အသေအပျောက်အများဆုံး စစ်ပွဲမှာ ဒုတိယကမ္ဘာစစ်ကြီး (၁၉၃၉-၁၉၄၅) ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း သေဆုံးကြရသော စစ်သည်နှင့်အရပ်သားစုစုပေါင်းမှာ ၅၆ သန်း ၄ သိန်း ခန့်ရှိမည်ဟု ခန့်မှန်းကြသည်။

ယင်းတို့အနက် ဆိုဗီယက်ပြည်ထောင်စု တစ်ခုတည်း၏အသေအပျောက်မှာ ၂၆ သန်း ၆ သိန်း ရှိသည်ဟု ဆိုသည်။ တရုတ်နိုင်ငံသား ၇ သန်း ၈ သိန်းစစ်ပွဲအတွင်းအသတ်ခံခဲ့ရသည်။

လူဦးရေအချိုးအစားအရ စစ်ဒဏ်အခံရဆုံး နိုင်ငံမှာပိုလန်နိုင်ငံ ဖြစ်သည်။ စစ်အတွင်းပိုလန်လူမျိုး ၆၀၂၈၀၀၀ ခန့် သေဆုံးခဲ့ရာထိုပမာဏ မှာ နိုင်ငံလူဦးရေ စုစုပေါင်းဖြစ်သော ၃၅၁၀၀၀၀၀၀ ၏ ၁၇.၂% ပင် ဖြစ်သည်။ ပထမကမ္ဘာစစ်အတွင်းတိုက်ပွဲတွင် ကျဆုံးသောဦးရေမှာ ကိုးသန်းကျော် (၉၇၀၀၀၀၀၀) ဦးသာရှိပြီး ဒုတိယကမ္ဘာစစ်အတွင်းတိုက်ပွဲတွင် ကျဆုံးသောဦးရေမှာ ၁၅ သန်းကျော် (၁၅၆၀၀၀၀၀) ဦးခန့် ရှိသည်။

အဆိုးရွားဆုံး ပြည်တွင်းစစ်

သမိုင်းစဉ်တွင် လူအသေအပျောက် အများဆုံး ပြည်တွင်းစစ်မှာတရုတ်ပြည်တွင်မန်ချူးအစိုးရလက်ထက် ၁၈၅၁ ခုနှစ်မှ ၁၈၆၄ ခုနှစ်အထိ ဖြစ်ပွားခဲ့သော တိုင်ပင်သူပုန်ထသမျှ ဖြစ်သည်။ ထိုကာလအတွင်းသေဆုံးသူစုစုပေါင်းမှာ သန်း ၂၀ မှ သန်း ၃၀ ခန့် အတွင်းရှိမည်ဟု ခန့်မှန်းထားကြသည်။

စရိတ်အကြီးဆုံး စစ်ပွဲ

ဒုတိယကမ္ဘာစစ်ကြီး၏ ကုန်ကျစရိတ်မှာကမ္ဘာပေါ်တွင်ဖြစ်ပြီးသမျှစစ်ပွဲအားလုံး ကုန်ကျစရိတ် စုစုပေါင်းအမေရိကန်ဒေါ်လာ ၁.၆ ထရီလီယံ(သန်းပေါင်း ၁၅၀၀၀၀၀၀) ရှိမည်ဟု သိရသည်။ ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်ပြည်ထောင်စု၏ကုန်ကျစရိတ်မှာ ဒေါ်လာသန်းပေါင်း ၂၈၀၀၀၀ ရှိပြီး အမေရိကန်ပြည်ထောင်စု၏ ကုန်ကျစရိတ်မှာသန်းပေါင်း ၅၃၀၀၀၀ ရှိသည်ဟုခန့်မှန်းသည်။

သွေးချောင်းအစီးဆုံး တိုက်ပွဲ

သမိုင်းစဉ်တွင် စစ်သည်အသေအပျောက်အများဆုံး တိုက်ပွဲမှာ ပထမကမ္ဘာစစ်အတွင်း ၁၉၁၆ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှ နိုဝင်ဘာလ (၁၉) ရက်နေ့အထိ ဖြစ်ပွားခဲ့သော “ဆွမ်း” တိုက်ပွဲဖြစ်သည်။ ထိုတိုက်ပွဲတွင်နှစ်ဦးနှစ်ဘက်ကျဆုံးသူပေါင်း (၁)သန်းကျော် (၁၀၄၃၈၉၆) ရှိသည်။ မဟာမိတ်တို့ဘက်မှ ကျဆုံးသူဦးရေ ၆၂၃၉၀၇ ဦးရှိပြီးဂျာမနီဘက်မှကျဆုံးသူဦးရေ ၄၁၉၉၈၉ ဦး ရှိသည်ဟုဆိုသည်။

အရပ်သားများ အပါအဝင် လူအသေအပျောက်အများဆုံးတိုက်ပွဲမှာ ဒုတိယကမ္ဘာစစ်အတွင်း ဖြစ်ပွားခဲ့သော “စတာလင်ဂရက်” တိုက်ပွဲ ဖြစ်သည်။ ထိုတိုက်ပွဲတွင်နှစ်ဦးနှစ်ဘက် ကျဆုံးသူစုစုပေါင်း တသန်းသုံးသိန်း ခန့် ရှိမည်ဟုခန့်မှန်းထားသည်။ ဂျာမန်ဗိုလ်ချူပ်ကြီး ဖီးမာရှယ် “ဖရက်ဒရစ်ဖွန်ပါလပ်” က ၁၉၄၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂ ရက်နေ့တွင် လက်နက်ချခြင်းဖြင့်ထိုတိုက်ပွဲပြီးဆုံးခဲ့သည်။

အကြီးဆုံး ရေကြောင်းတိုက်ပွဲ

သမိုင်းစဉ်တွင် သင်္ဘောနှင့်လေယာဉ် အရေအတွက် အများဆုံး ပါဝင်တိုက်ခိုက်ခဲ့သော ရေကြောင်းတိုက်ပွဲမှာ ဖိလစ်ပိုင် ကျွန်းစုအနီး ဖြစ်ပွားခဲ့သည့် ဓလတီပင်လယ်ကွေ့ တိုက်ပွဲဖြစ်သည်။ ထိုတိုက်ပွဲတွင် စစ်သင်္ဘော ၂၃၁ စီးနှင့်လေယာဉ် ၁၉၉၆ စင်းတို့ ပါဝင်တိုက်ခိုက်ခဲ့ကြသည်။

ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၄ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့မှ ၂၇ ရက်ထိ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ ထိုတိုက်ပွဲကြီးတွင် မဟာမိတ်စစ်သင်္ဘော ၁၆၆ စီး ၊ စစ်လေယာဉ် ၁၂၈၀ စင်းတို့နှင့်ဂျပန်စစ်သင်္ဘော ၆၅ စီး ၊ စစ်လေယာဉ် ၇၁၆ စင်းတို့ရင်ဆိုင်တိုက် ခိုက်ခဲ့ကြသည်။ ဂျပန်စစ်သင်္ဘော ၂၆ စင်းနှင့် အမေရိကန်စစ်သင်္ဘော ၆ စင်းနစ်မြုပ်ခဲ့သည်။

ပထမကမ္ဘာစစ်အတွင်း ၁၉၁၆ ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် ဗြိတိသျှစစ်သင်္ဘော ၁၅၀ စီးနှင့် ဂျာမန်စစ်သင်္ဘော ၁၀၁ စီးတို့သည်ဂျူလင်း ရေကြောင်း တိုက်ပွဲကြီးတွင် ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသည်။ ထိုတိုက်ပွဲကြီးတွင်ဗြိတိသျှစစ်သင်္ဘော ၁၄ စီးနှင့် စစ်သည် ၆၀၉၇ ဦးဆုံးရှုံးခဲ့ပြီး ဂျာမန်ဘက်မှ စစ်သင်္ဘော ၁၁ စီးနှင့်စစ်သည် ၁၅၄၅ ဦးဆုံးရှုံးခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၄ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင်ပြင်သစ် “နော်မန်ဒီ” ကမ်းရိုးတန်းတလျှောက် ထိုးစစ်ဆင်ခဲ့သော မဟာမိတ် တို့၏ ကြည်း ၊ ရေ ၊ လေစစ်ဆင်မှုသည် သမိုင်းတွင်အကြီးဆုံး ရေကြောင်းချီ စစ်ဆင်မှု ဖြစ်သည်။ ပထမသုံးရက်အတွင်းသင်္ဘော ၇၄၅ စီးသည် သင်္ဘောအုပ်စုအဖြစ်ဖွဲ့စည်းပြီးကမ်းထိုးယာဉ် ၄၀၆၆ စီး၏ အကူအညီဖြင့် စစ်သည်ပေါင်း ၁၈၅၀၀၀ ဦးနှင့်ယာဉ်ပေါင်း ၂၀၀၀၀ ကို သယ်ယူ ပို့ဆောင်ပေးခဲ့သည်။

ထိုးစစ်ဆင်မှုတွင်လေထီးစစ်သည် ၁၈၀၀၀ ကို လေယာဉ် ၁၀၈၇ စင်းမှ ချပေးခဲ့သည်။ တပ်မ ၄၂ ခုကို လေကြောင်းမှ လေယာဉ် ၁၃၁၇၅ စင်းဖြင့် အကူအညီပေးခဲ့သည်။ တစ်လအတွင်း စစ်သည် ၁၁၆၀၀၀၀ ၊ စစ်ယာဉ်ပေါင်း ၂၀၀၀၀၀ နှင့် လက်နက်ပစ္စည်း တန်ချိန် ၈၄၀၀၀၀ ကို ဥရောပကမ်းခြေသို့ အရောက် ပို့ဆောင်ပေးနိုင်ခဲ့သည်။

အကြီးဆုံး လေကြောင်းချီ စစ်ဆင်မှု

အကြီးဆုံး လေကြောင်းချီ စစ်ဆင်မှုမှာ ၁၉၄၄ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့တွင် နယ်သာလန်နိုင်ငံ အင်ဟမ်အနီး ၊ အင်္ဂလိပ်နှင့် အမေရိကန်တပ်မ ၃ ခု (စစ်သည်၃၄၀၀၀) ကို လေယာဉ်အစီး ၂၈၀၀၊ စက်မဲ့လေယာဉ် ၁၆၀၀ တို့ဖြင့် လေကြောင်းမှ ပေးပို့တိုက်ပွဲဝင်ခဲ့ခြင်း ဖြစ်သည်။

ဆုတ်ခွာမှု အကြီးဆုံး

သမိုင်းစဉ်တွင်အကြီးဆုံးဆုတ်ခွာမှုမှာ ၁၉၄၀ ပြည့်နှစ်မေလ ၂၇ ရက်နေ့မှ ဇွန်လ ၄ ရက်နေ့အတွင်းပြင်သစ်နိုင်ငံ“ဒန်းကပ်”မှ အင်္ဂလန်ကျွန်းသို့ဗြိတိသျှနှင့်ပြင်သစ်စစ်သည် ၃၃၈၂၂၆ ဦးတို့ပြန်လည်ဆုတ်ခွာမှု ဖြစ်သည်။ထိုသို့ဆုတ်ခွာရာတွင်အရပ်ဘက်နှင့် စစ်ဘက်ရေယာဉ်ပေါင်း ၁၂၀၀ တို့က သယ်ယူပို့ဆောင်ပေးခဲ့ရသည်။

အဆိုးရွားဆုံး ပိတ်ဆို့မှု

သမိုင်းစဉ်တွင် အဆိုးရွားဆုံး ဝိုင်းဝန်းပိတ်ဆို့မှုမှာ ဒုတိယကမ္ဘာစစ်အတွင်းဆိုဗီယက်ပြည်ထောင်စုရှိလီနင်ဂရက်မြို.ကို ဂျာမန်တပ်များက ရက်ပေါင်း ၈၈ ရက်ကြာဝိုင်းဝန်းပိတ်ဆို့ထားမှုဖြစ်သည်။

ဂျာမန်တပ်များသည် ၁၉၄၁ ခုနှစ်၊ သြဂုတ်လ ၃၁ရက်နေ့မှ ၁၉၄၄ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့အထိပိတ်ဆို့ထားရာလီနင်ဂရက်မြို့ အတွင်းရှိစစ်သည်များနှင့်အရပ်သားစုစုပေါင်း ၁.၃ သန်းမှ ၁.၅ သန်းအထိသေဆုံးခဲ့ကြသည်ဟုသိရသည်။

ခရီးအဝေးဆုံး သွားရောက်တိုက်ခိုက်မှု

လေကြောင်းစစ်သမိုင်းတွင်ခရီးအဝေးဆုံး သွားရောက်တိုက်ခိုက်မှုမှာ ဖော့ကလန်စစ်ပွဲအတွင်းကဖြစ်သည်။ ထိုစစ်ပွဲတွင် ဗြိတိသျှလေ တပ်မှ ဗော်လကန်အမျိုးအစားဗုံးကြဲလေယာဉ်တစ်စင်းသည်အက်ဆက်ရှင်းကျွန်းမှ ဖော့ကလန်ကျွန်းရှိပို့စတင်လီမြို့သို့သွားရောက်ဗုံးကြဲ တိုက်ခိုက်ခြင်း ဖြစ်သည်။ ထိုခရီးမှာအသွားအပြန် မိုင် ၈၀၀၀ ကျော်ကွာဝေးသည်။

Guinness Book of World Records စာအုပ်မှ War ကိုမောင်ဝင်းဟန်ကဆီလျှော်အောင်ဘာသာပြန်ဆိုသည်။

(၁၉၈၆ ခုနှစ် ဧပြီလ၊ သုတပဒေသာစာစောင် အတွဲ ၁၃၊ အမှတ် ၂)

Credit : thutazone

Likes:
0 0
Views:
2458
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *