သင်္ကြန်

သင်္ကြန်ကိုမြန်မာတနိုင်ငံထဲမဟုတ်ပဲအိမ်နီးချင်းနိုင်ငံတွေမှာလည်းကျင်းပကြပါတယ်။ကမ္ဘောဒီးယား၊လာအို၊ထိုင်းနဲ့တရုပ်နိုင်ငံယူနန်ပြည်နယ်တို့မှာမြန်မာလိုပဲရိုးရာသင်္ကြန်ရေကစားပွဲတော်ကျင်းပကြတယ်။ဥရောပတိုက်အရှေ့ပိုင်းအာမေးနီးယားနိုင်ငံမှာမြန်မာသင်္ကြန်နဲ့အလားတူရေပက်ပွဲတော်ရှိတယ်။
ဘင်္ဂလားဒေ့ခ်ျနိုင်ငံအရှေ့တောင်ဘက်တောင်တန်းဒေသမှာနေထိုင်ကြတဲ့ရခိုင်မြန်မာအနွယ်ကျေးရွာတွေမှာရိုးရာသင်္ကြန်ပွဲကိုနှစ်စဉ်ကျင်းပကြတယ်။နှစ်သစ်ကူးဘုရားကျောင်းကန်သွားကြတယ်။
ငယ်ငယ်ကကြီးဒေါ်အိမ်မှာရေချိုးကြေးဖလား ၃-၄ လုံးရှိတယ်။ကြေးဖလားဆိုတော့တိုက်ထားရင်ပြောင်လက်နေတယ်။သင်္ကြန်ရောက်ရင်ကြေးဖလားထဲပိတောက်ခက်နဲ့နံ့သာရည်ထည့်ပြီးဘုရားစင်ပေါ်တင်ထားတယ်။
၁၉၇၀ ပလတ်စတစ်ခွက်မပေါ်သေးဘူး။သင်္ကြန်တွင်းအမကြီးတွေကဒန်ဖလားနဲ့ရေပက်လေ့ရှိတယ်။လူငယ်တွေကနို့ဆီခွက်သားရည်ကွင်းအကြီးပတ်ပြီးခွက်စောင်းခုပ်ကြတယ်။ရေပြွတ်ထိုးကြတယ်။တမနက်လုံးရေဆော့ပြီးအဝတ်စိုအကုန်ခြံထဲလှမ်းထားလိုက်တယ်။နေ့လည် ၃ နာရီမဏ္ဍပ်တခေါက်ပြန်ထွက်ရင်အဝတ်အကုန်ခြောက်နေပြီ။
အခုခေတ်မြို့နယ်ထွေ/အုပ်ခေါ်တဲ့ရန်ကင်းမြို့နယ်ကောင်စီဦးစီးကျင်းပတဲ့မဟာသင်္ကြန်ရေကစားနဲ့ဆုပေးမဏ္ဍပ်ကိုရန်ကင်း ၁၂ လုံးတန်းဒေသန္တရဆေးပေးခန်းရှေ့မှာနှစ်တိုင်းကျင်းပခဲ့တယ်။မှတ်မိသလောက် ၈၈၈၈ အရေးတော်ပုံမဖြင်ခင် ၁၉၈၅-၈၆ အထိရန်ကင်းမြို့နယ်မဟာသင်္ကြန်ရေကစားနဲ့ဆုပေးမဏ္ဍပ်များရှိခဲ့တယ်။
ညနေပိုင်းကစပြီးပြိုင်ပွဲဝင်အလှပြကားတွေမဏ္ဍပ်တစီးပြီးတစီးပြိုင်ပွဲဝင်တာနောက်နေ့မနက် ၃ – ၄ နာရီအထိ။ရန်ကင်းမှာဝန်ကြီးဋ္ဌာနအဆင့်ရိုးရာမဟာသကြန်ရေကစားမဏ္ဍပ်များရှိခဲ့ဖူးတယ်။
ရန်ကင်းကံဘဲ့ဆရာအတတ်သင်သိပ္ပံ (ရန်ကင်းပညာရေးကောလိပ်)မှာပညာရေးဝန်ကြီးဋ္ဌာနရေကစားမဏ္ဍပ်၊ဘဓရ (ရန်ကင်းကလေးဆေးရုံ)မှာသတ္တူတွင်းဝန်ကြီးဋ္ဌာနရေကစားမဏ္ဍပ်၊ရန်ကင်းတိုက်‌လေးလုံးသစ်ဆိုင်မှာသစ်တောဝန်ကြီးဋ္ဌာနရေကစားမဏ္ဍပ်(နဝတစစ်အစိုးရခေတ်)၊အနောက်ရန်ကင်းလမ်းနီလေးအမှတ်(၁)စက်မှုဝန်ကြီးဋ္ဌာနမဟာသင်္ကြန်ရေကစားမဏ္ဍပ်ရှိခဲ့ကြတယ်။
သက်ဆိုင်ရာဝန်ကြီးကိုယ်တိုင်အင်ဒိုနီးရှားပါတိတ်ပြောင်ပြောင်လက်လက်အင်္ကျီဝတ်ပြီးရေကစားမဏ္ဍပ်လာချီးမြှင့်ရင်ဝန်ကြီးဋ္ဌာနအ ချောအလှဆုံးမမတွေကငွေဖလားကိုယ်စီကိုင်ပြီးသူတို့ဝန်ကြီးကိုသင်္ကြန်ရေနဲ့ဂါရဝပြုလေ့ရှိကြတယ်။
ရေကစားတဲ့ပုံသဏ္ဍာန်နိုင်ငံအလိုက်အနည်းငယ်ပြောင်းလဲပေမယ့်အားလုံးတူတာတစ်ခုရှိတယ်။နှစ်ဟောင်းအညစ်အကျေးကိုရေနဲ့ဆေးကြောပြီးနှစ်သစ်ကိုစိတ်သစ်လူသစ်နဲ့ကြိုဆိုတဲ့သဘောနဲ့တစ်ဦးနဲ့တစ်ဦးရေလောင်းကြတာနိုင်ငံတိုင်းတူညီကြတယ်။လာအိုနဲ့ထိုင်းနိုင်ငံမှာသင်္ကြန်ကို Songkran ပွဲတော်ခေါ်တယ်။ကမ္ဘောဒီးယားမှာသင်္ကြန်ကို Chaul Chnam Thmey ပွဲတော်ခေါ်တယ်။
မြန်မာ့ရိုးရာပြက္ခဒိန်အရနှစ်စဉ် ဧပြီ ၁၃-၁၅ မှာသင်္ကြန်ကျတယ်။ကမ္ဘောဒီးယား၊လာအို၊ထိုင်းနိုင်ငံမှာလည်းနှစ်စဉ် ဧပြီ ၁၃-၁၅ ကိုသင်္ကြန်ပွဲတော်သတ်မှတ်ထားတော့ရက်တူညီကြတယ်။တရုတ်နိုင်ငံမှာလူမျိုးစု ၅၅ မျိုးရှိတဲ့အထဲကမြန်မာနဲ့နယ်ခြင်းကပ်ရက်ရှိတဲ့ယူနန်ပြည်နယ်က Dai လူမျိုးစုလည်းသင်္ကြန်ကျတယ်။
၁၉၇၅-၁၉၈၀ ရန်ကင်းအိမ်နားက “ပိတောက်ချစ်သူ” ရေကစားမဏ္ဍာပ်ကိုသတိရမိတယ်။ဆရာပညာရေးကောလိပ်ဘက်ကရန်ကင်းထဲဝင်လာရင်ညာဘက်မှာ ပထမဆုံးတွေ့ရမယ့်ရေကစားမဏ္ဍာပ်ပါ။အုန်းလက်နဲ့အလှဆင်ထားတဲ့သစ်သားမဏ္ဍာပ်။အပေါ်မှာတာလပတတ်အုပ်ထားတယ်။ရိုးရာအတိုင်းအချောအလှရန်ကင်းသူအများကြီး။ရေကစားမဏ္ဍာပ်မှာရေတိုင်ကီတွေတန်းစီချထားတယ်။ဝါညစ်ညစ်ပိတ်ပေါ်မှာမဏ္ဍာပ်နာမည် “ပိတောက်ချစ်သူ” ကိုသင်္ဘောဆေးအမဲနဲ့မညီမညာရေးထားတယ်။တချိန်ကရန်ကင်းလမ်းမပေါ်ကသင်္ကြန်ရေကစားမဏ္ဍပ်တခု။
Repost
လွင်ဦး(ရန်ကင်း)
Likes:
0 0
Views:
17
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *