ဆိုကရေးတီး(SOCRATES)

ဆိုကရေးတီး(SOCRATES)

ဘီစီ ၅၀ဝ ပြည့်နှစ်ခန့်က ဂရိနိုင်ငံ အေသင်မြို့တော်၌ ဆိုကရေးတီး အမည်ရှိသော ပညာရှင်တစ်ဦးပေါ်ပေါက်ခဲ့သည်။

ဆိုဖစ်

ထိုခေတ်က အေသင်မြို့သားများသည် ပညာကို အထူးလိုလား ကြသဖြင့် အကြောင်းသင့်ရာသင့်ရာ စုဝေးတိုင်ပင်ဆွေးနွေးလေ့ ရှိကြသည်။ ထိုသို့စုဝေးကြသော လူတစ်စုကို “ ဆိုးဖစ် ” ဟုခေါ် ၏။ ဆိုးဖစ်တို့သည် စကား၏ပရိယာယ်၌ လိမ်မာ၍၊ ဆွေးနွေးရာတွင် အကျိုးသင့်အကြောင်းသင့် ငြင်းခုံသည်ထက် စကားနိုင်လု၍ ငြင်းခုံလေ့ရှိကြသည်။

ယုံမှားသံသယမှ ဆန်းစစ်ခြင်းသို့

သို့သော်လူတို့၏ စကားများမှာ ပရိယာယ်ကြွယ်ဝသလောက်အနှစ်သာရကင်းမဲ့လေသည်။ ဆိုကရေးတီးက ဤသို့ အပေါ်ယံရွှေမှုန်ကြဲသည့် ပညာမျိုးသည် လူတို့အားပညာအလင်းရောင် မပေးသည်သာမက၊ ယုံမှားသံသယ ဖြစ်စေပြီးလျှင်၊ ပို၍ရှုပ်ထွေးစေသည်ဟု ယူဆသဖြင့် ယင်းကို ရှောင်ကြဉ်လေသည်။ ဆိုကရေးတီး၏ဝါဒသည်ကား၊ မိမိ၏ ကိုယ်ကျင့်တရားကို လေ့လာစီစစ်ခြင်းဖြင့် အမှန်တရားကို ရှာဖွေခြင်းပင် ဖြစ်ပေသည်။ ဆိုကရေးတီး၏ဩဝါဒမှာ မိမိကိုယ်ကို မိမိသိအောင် ဆန်းစစ်ကြည့်ခြင်းပင်ဖြစ်၏။ ဆိုကရေးတီး၏အလို၌ ပညာရှိလျှင် သီလရှိသည်ဟူ၏။ ပညာရှိသူသည် အစစအရာရာ၌ ခြိုးခြံ၍၊ မဇ္ဈိမပဋိပဒါတည်းဟူသော အလယ်အလတ်လမ်းကို လိုက်သည်။ မယုတ်မလွန် ကျင့်ခြင်းပင်လျှင် စိတ်၏တည်ငြိမ်ချမ်းသာမှုကို ရနိုင်သည်ဟု ဆိုကရေးတီးသည် ယူဆခဲ့၏။ ထိုခေတ်အခါက လူတို့၏ ပြုမူကျင့်ကြံပုံတို့သည် မည်မျှ လမ်းလွဲနေသည်ကို ထုတ်ဖေါ်ပြသခဲ့သည်။ သူကိုယ်တိုင်လည်း မတရားမှုကို စိုးစဉ်းမျှမပြု၊ တရားသော အမှုအတွက်ကား အသက်ကိုပင် စွန့်လွှတ်ရန် ဝန်လေးသူမဟုတ်ချေ။ စင်စစ်လူတို့သည် ပင်ကိုယ်ကဆိုးသွမ်း သော မျိုးစေ့ရှိကြသည်မဟုတ်၊ မသိနားမလည်မှုပေါ်တွင် အခြေခံ၍ ဆိုးသွမ်းမှုဖြစ်ကြ၏။ ပညာဗဟုသုတပေါ်တွင် အခြေတည်သောအခါ ကိုယ်ကျင့်တရား ကောင်းမွန်လာကြသည်ဟု ဆိုကရေးတီးသည် ယုံကြည်၏။

ဆိုကရေးတီးသည် သူ၏အယူအဆများကို စာဖြင့်တစ်လုံးတစ်ပါဒမျှ မရေးသားခဲ့ချေ။ သူ၏တပည့်များဖြစ်ကြသော သမိုင်းဆရာကြီး ဇင်းနိုဖန်နှင့် ပညာရှိကြီး ပလေတိုတို့က မိမိတို့ဆရာ၏ ဩဝါဒကထာကို နောင်လာ နောင်သားတို့ လေ့လာနိုင်စေရန် မှတ်တမ်းတင်ခဲ့ခြင်းသာ ရှိ လေသည်၊ ထိုသူနှစ်ဦးကြောင့် ဆိုကရေးတီး၏ အယူအဆ အတွေးအခေါ်နှင့် ဩဝါဒတို့သည် ဂရိတို့၏ ယဉ်ကျေးမှုကို ထင်ရှားကျော်စောစေခဲ့သည်။

ငယ်ဘဝ

ဆိုကရေးတီးသည် အေသင်မြို့တော်၏ ဆင်ခြေဖုံးရပ်ကွက်၌ မွေးဖွား၍၊ သူ၏ဖခင်မှာ ပန်းပုဆရာဖြစ်သည်။ ပန်းပု ပညာကို သင်ကြားလေ့လာစဉ်က ပညာကိုကောင်းစွာမသင်ခဲ့ရချေ။ ဖခင်၏ ပန်းပုပညာကို သင်ယူလျက်၊ ပန်းပုဆရာအဖြစ် လုပ်ကိုင်ပြီးနောက် ထိုအလုပ်ကို စွန့်လွှတ်၍ အမှန်တရားကို စဉ်းစားကြံဆခြင်းဖြင့် ပျော်ပိုက်နေလေသည်။သူသည်နေရေး စားရေးအတွက် မပူပင်ချေ။ ရောင့်ရဲလွယ်သောစိတ်ဓာတ်ရှိ၏။ ကြံ့ခိုင်သောကိုယ်ခန္ဓာကြောင့် ခံနိုင်ရည်ရှိလေသည်။ အတန်ငယ် စားရုံအိပ်ရုံနှင့် နေနိုင်သော သတ္တိရှိရကား စီးပွားရှားဖွေခြင်းကို မပြုဘဲ အမှန်တရား ကိုသာ ရှာဖွေခြင်းဖြင့် အချိန်ကုန်လွန်စေခဲ့သည်။

ဆိုကရေးတီးသည် အေသင်မြို့တော်ရှိ လမ်းမကြီးများ ပေါ်တွင် ကြမ်းတမ်းသော အဝတ်ကိုဝတ်ဆင်လျက် ဖိနပ်ကို အလျင်းမစီးဘဲ သွားလာတတ်သည်။ အရပ်မှာပု၍ လမ်းလျှောက်ပုံမှာ ဘဲသွားသကဲ့သို့ဖြစ်ရကား အကြည့်ရဆိုးလေသည်။ ဝတ်မှုစားမှုကို ဂရုမစိုက်ခြင်းကြောင့် အမြဲညစ်ပတ်ပေရေ နေလေသည်။ သွားလာယင်း သူသိလိုသမျှကို တွေးတောကြံဆ၍နေတတ်၏။ လမ်း၌တွေ့ရသော မည်သူကိုမဆို လှမ်း၍ မေးမြန်းတတ်သည်။ ထိုခေတ်အခါက အေသင်မြို့သားတို့သည်အလွန်အလှကြိုက်၍ ဂုဏ်မက်သူများ ဖြစ်ရကား၊ အရုပ်ဆိုး၍အဝတ်အစုတ် အပြတ်ကို ဝတ်သော ဆိုကရေးတီးအားရှောင်လွှဲသွားတတ်ကြသည်။ သို့ရာတွင် အချို့ကမူ သူ၏ကိုယ်ကျင့်တရားနှင့်ဆိုင်သော ဟောပြောချက်များကို နားထောင်ကောင်းလှသဖြင့် ဝိုင်း၍နားထောင်ကြလေသည်။ လူတို့သည် ဆိုကရေးတီး၏ စကားများကို နာယူမှတ်သား ကြသည်။ အနှစ်သာရကင်းမဲ့သော အယူအဆများသည် ဆိုကရေးတီး၏ တိကျပြတ်သားသော အရိုးခံတရားနှင့် မယှဉ်နိုင်သဖြင့် ပျောက်ကွယ်ကြရသည်။ ရှေးကလူတို့၏ တွေးတော ယူဆချက်များကို ဆိုကရေးတီးသည် အမှန်သို့ရောက်အောင် ဟောပြောခဲ့သည်။

ဆိုကရေးတီး၏ ဩဝါဒကို မင်းမျိုးမင်းနွယ်တို့၏ သားသမီးများပင် ဆည်းကပ်နည်းယူကြရသည်။ ထိုအခါက စစ်သေနာပတိတစ်ဦးဖြစ်သူ အယ်လစီဗိုင်းအားဒီးသည် ဆိုကရေးတီးကို ကြည်ညိုသူဖြစ်ရာ သူ့ဆရာအကြောင်းကို ဆိုကရေးတီး၏ စိတ်မှာ အံ့ဩဖွယ်ကောင်းအောင် မွန်မြတ်လှ၍၊ သူ၏ဟောပြောချက်တို့သည် အာဏာစက်ကဲ့သို့ မနာခံဘဲ မနေနိုင်အောင် ဖြစ်တော့သည်ဟူ၍ မှတ်တမ်းတင်ခဲ့သည်။

ဆိုကရေးတီးသည် ပင်ပန်းညောင်းညာမှုကို ဂရုထားသူ မဟုတ်ချေ။ နံနက်စောစောကစ၍ တစ်နေရာတွင်ရပ်ကာ တစ်စုံ တစ်ခုကို စဉ်းစားနေလျှင် သူမည်မျှကြာမည်ကို စောင့်ကြည့်ကြသော လူများသာ ညောင်းညာနှုန်းရိပေသည်။ အိပ်လျက် စောင့်ကြရပေမည်။ သို့ရာတွင် ဆိုကရေးတီးကား ထိုနေရာမှ ရွေ့ရှားလိမ့်မည် မဟုတ်ချေ။ ဆိုကရေးတီး၌ ဤကဲ့သို့ အမူအကျင့်ရှိ သော်လည်း သူသည် အပေါင်းအသင်းဝင်ဆံ့၍ မိတ်ဆွေများအိမ်၌ကျင်းပသော ထမင်းစားပွဲများတွင် ရယ်စရာပျက်လုံးများနှင့်လည်း သောတတ်သည်။ ပညာရှိပီပီ နက်နဲသော အယူအဆ ပြဿနာများကိုလည်း ဆွေးနွေးတတ်သည်။ ဆိုကရေးတီးသည် ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း၊ အနှောင့်အရှက်ပေးခြင်းတို့ကို လုံးဝမှုသူမဟုတ်ချေ။ ယင်းသို့ စိတ်အနှောင့်အရှက်ကို ခံနိုင်ရည်ရှိခြင်းမှာ သူ၏နှုတ်သီးကောင်း သဘောဆိုးသော ဇနီးပီး၏ အနှောင့်အယှက်ပေးမှုကို ကျင့်သားရပြီးဖြစ်သောကြောင့်ဟု ဆိုရပေမည်။

စစ်မှုထမ်းဘဝ

ဆိုကရေးတီးသည် ကိုယ်ကျင့်တရားကိုသာ ဂရုစိုက်၍ ကြံဆသော ပညာရှိပုဂ္ဂိုလ်ကြီးမဟုတ်၊ လက်ရုံးရည်နှင့် ပြည့်စုံသော စစ်သည်တော်လည်း ဖြစ်ခဲ့ဖူး၏။ စစ်ပွဲပေါင်းများစွာ အောင်ပန်း ဆွတ်ခူးခဲ့ဖူးသူလည်း ဖြစ်၏။ သို့ရာတွင် စစ်တိုက်ခြင်းသည် သူ၏ ကိုယ်ကျင့်တရား ကောင်းမွန်ရေးဝါဒနှင့် ဖီလာဖြစ်နေသည်ဟု ယူဆလာသောအခါ အက်သင်းမြို့သားများက မည်မျှပင် တိုက်တွန်းသော်လည်း စစ်ကိုကြဉ်လိုက်လေသည်။ သူ၏ ကိုယ်ကျင့်တရား အယူအဆများသည် မတရားမှုများကို လက်သင့်မခံယူသဖြင့် ဆိုကရေးတီးသည် အက်သင်းအစိုးရ၏ မုန်းထားငြိုငြင်ခြင်းကို ခံရလေသည်။

ရုံးတင်စစ်ဆေးခြင်းနှင့် သေဆုံးခြင်း

ဤသို့ဖြင့် ဆိုကရေးတီးသည် အက်သင်းအစိုးရနှင့်တကွ မာနခက်ထန်၍ ကိုယ်ကျင့်တရား မရှိသော လူထုနှင့် အရာရာတွင် ဆန့်ကျင်ဖက် ဖြစ်နေရကား၊ နောက်ဆုံး၌ သူ့အား အလွန်မုန်းထားသည့် ရန်သူသုံးဦး ခေါင်းဆောင်သော လူတစ်စုသည် ဆိုကရေးတီး၏ အယူအဆသည် လူငယ်တို့၏ ကိုယ်ကျင့်တရားကို ပျက်ပြားစေသည်သာမက လူတို့၏ လက်ရှိယုံကြည်ကိုးကွယ်မှုကို စော်ကားသည်ဟု တရားစွဲဆိုခဲ့သည်။ ဆိုကရေးတီး၏ တပည့်များက ရှေ့နေငှားရမ်း၍ တရားဆိုင်ရန် ပြောသော်လည်း ရှေ့နေမငှားဘဲ သူကိုယ်တိုင် သူ၏ အယူအဆများကို ရှင်းလင်းဖြေဆိုခဲ့သည်။ ထိုသို့ ရှင်းပြချက်ကို ဆိုကရေးတီး၏ လျှောက်လဲချက်များဟု ယခုတိုင်အောင် ထင်ရှားလျက်ရှိသည်။ ရုံးတော်က သူ့အား အပြစ်ရှိသည်ဟု တစ်ဖက်သတ် ဆုံးဖြတ်ပြီးလျှင် သေဒဏ်အပြစ်ပေးခဲ့သည်။ သို့ရာတွင် ဆိုကရေးတီးကား အနည်းငယ်မျှမတုန်လှုပ်ချေ။ စီရင်ချက်အတိုင်း လာ၍ပေးသော အဆိပ်ခွက်ကို သတ္တိရှိရှိနှင့် မော့ချလိုက်လေသည်။

ကိုးကား

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)

ဆိုကရေးတီးရဲ့ အရိပ်များ
=======================

ဂရိအတွေးအခေါ်ပညာရှင် ဆိုကရေးတီးသည် ဖိနပ်မစီး။ ရာသီဥတုဒဏ် ခံနိုင်သော ၀တ်ရုံတစ်ထည်ရှိလျှင် သူ့အတွက် ပြည့်စုံလေသည်။

(၁)
တစ်နေ့မှာ လူသူရှုပ်ထွေးသော ဈေးထဲသို့ သူရောက်သွား၏။ လမ်းဘေးမှာ ချရောင်းသောပစ္စည်းများကို သူ စူးစူးစမ်းစမ်း လိုက်ကြည့်နေမိသည်။ သူက မသိသော်လည်း သူ့ကို သိထားပုံရသည့် လူငယ်လေးတစ်ယောက်က လာမေးသည်။
“ဆရာကြီး ဘာပစ္စည်းကို ရှာနေတာလဲ”
“ဘာပစ္စည်းကိုမှ မရှာပါဘူးကွယ်။ လူတွေအတွက် အမှန်တကယ်လည်း မလိုအပ်တဲ့ ပစ္စည်းတွေ ဘယ်လောက်များ များနေပြီလဲလို့ လိုက်ကြည့်တာပါ”

(၂) တစ်နေ့ လူတစ်ယောက်မှ ဆိုကရေးတီးအား
“ဆရာကြီး… ကျွန်တော် မိန်းကလေးတစ်ယောက်ကို ချစ်နေမိပြီ”
“ဟုတ်လား ဘယ်အချိန်က ချစ်သွားတာလဲ”
“မြင်မြင်ချင်း ချစ်မိတာပါပဲ၊ ဘယ်လိုလုပ်ရမလဲ”
“နောက်တစ်ခေါက် သေသေချာချာ ထပ်ကြည့်လိုက်”
“ဗျာ”
“နောက်တစ်ခေါက် သေသေချာချာ ထပ်ကြည့်လိုက်လို့”
လူငယ်လေးက နားမလည်ဘဲ ခေါင်းကုတ်၍ လှည့်ထွက်သွားသည်။ သူက နောက်တစ်ခါ ရွေးချယ်ခွင့် ပေးလိုက်သည့်သဘော ဖြစ်၏။ သူ့ဆုံးဖြတ်ချက်ကို သေချာစေရန် ဖြစ်သည်။

(၃)
တစ်ခါ သူ့ထံသို့ ကျောင်းတော်သားတစ်ယောက် ရောက်လာပြန်သည်။
“ဆရာကြီး ကျွန်တော် ပညာလိုချင်လို့ပါ”
“လာ… လိုက်ခဲ့”
မြစ်ကမ်းပါးတစ်ခုသို့ သူတို့ ရောက်သွားကြသည်။ သူက ထိုကျောင်းသားလေးကို ရေထဲ တွန်းချလိုက်၏။ ရေမကူးတတ်သော ကျောင်းတော်သားကလေးမှာ ယက်ကန်ယက်ကန်။ သူ ပြန်ဆယ်ပေးခဲ့ပါသည်။ စကားတစ်ခွန်းကိုတော့ မေးရ၏။
“မင်း… ရေထဲနစ်တုန်းက ဘာကို အတောင့်တဆုံးလဲ”
“လေ”
“အေး… ရေနစ်တဲ့အချိန်မှာ လေကို တောင့်တသလိုမျိုး ပညာကို မင်း တောင့်တရင် မင်း ပညာတတ်ကြီး ဖြစ်ရမယ်”

(၄)
ဆိုကရေးတီး သေခါနီး ဝေဒနာခံစားရသည်ကို မြင်သဖြင့် သူ့၏ တပည့်များက ငိုကြွေးကြလေသည်။ ထိုအခါ ဆိုကရေးတီးမှ ” ဘာလို့ငိုနေတာလဲ သေသွားတာပိုကောင်းလား ရှင်ကျန်နေတာ ပိုကောင်းလားဆိုတာ ဘုရားသခင်မှပဲ သိလိမ့်မယ် ” ဟု မငိုကြစေဖို့ ပညာစကားဖြင့် ဆုံးမခဲ့လေသည်။

ထိုအရာများသည် ဆိုကရေးတီး၏ အရိပ်အချို့ဖြစ်လေ၏

Credit to (တာရာမင်းဝေ)

Likes:
0 0
Views:
97
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *