မြန်မာဘုရင်များ နှင့် အယုဒ္ဓယမြို့တော် သမိုင်းကြောင်း

မြန်မာဘုရင်များ နှင့် အယုဒ္ဓယမြို့တော် သမိုင်းကြောင်း

 

 

အယုဒ္ဓယအယုဒ္ဓယ သည် ထိုင်းနိုင်ငံ၊ အယုဒ္ဓယတိုင်း၏ ရှေးမြို့တော်ဟောင်းဖြစ်၍ ဗန်ကောက်မြို့မှ မြောက်ဘက်သို့ မိုင်၅ဝ ခန့်အကွာ၊အောက်မဲနမ် (ချောင်ဖယား) မြစ်အတွင်းရှိ ကျွန်းပေါ်တွင် တည်ရှိသည်။

အယုဒ္ဓယ မြို့ဟောင်းကို ခရစ် ၁၃၅ဝ ပြည့်နှစ်၌ ပထမ ရာဇာဓိပတိဘွဲ့ခံ ဖယားအုထုံအမည်ရှိ ယိုးဒယားဘုရင်တစ်ပါးက
စတင် တည်ဆောက်ခဲ့ရာမှ ခမ်နားကြီးကျယ်သော မင်းနေပြည်တော်ကြီး ဖြစ်ခဲ့ဖူးသည်။ တဖြည်းဖြည်း အင်အား ကောင်းလာပြီး ရှေးဦးပိုင်း ထိုင်းမြို့ပြနိုင်ငံများ ဖြစ်ကြသည့် သောက္ကတဲ၊ ပိဿလောက် စသည်တို့ကို သိမ်းယူခဲ့သည်။

ယင်းသို့ ယိုးဒယားမင်း အဆက်ဆက် စိုးမိုး အုပ်ချုပ်ခဲ့၍ နှစ်ပေါင်း ၄၁၇ နှစ်တိုင်တိုင် မားမားမတ်မတ် တည်တံ့ခဲ့သော အယုဒ္ဓယ နေပြည်တော်ကြီး သည် မြန်မာသက္ကရာဇ် ၁၁၂၈ ခုနှစ်၌ နောက်ဆုံးဖြစ်ပွားခဲ့ သော ယိုးဒယား-မြန်မာစစ်ပွဲတွင် မြန်မာတို့လက်သို့ကျရောက်၍ ရာဇဝင်တင်လောက်အောင် ဆုံးရှုံး ပျက်စီးခဲ့ရလေသည်။

ယခုအခါ၌ကား ယခင်ကလောက် စည်ကားခြင်း မရှိတော့ဘဲ ဘုရားပျက် ကျောင်းပျက်များသာ ရှိနေပေသည်။မြန်မာသက္ကရာဇ် ၉၁ဝ ပြည်နှစ် တောင်ငူခေတ် တပင်ရွှေထီး လက်ထက်မှ စ၍ ယိုးဒယားနှင့် မြန်မာတို့သည် မကြာခဏ တိုက်ခိုက်လာခဲ့ကြရာ တစ်ခါတစ်ရံ မြန်မာတို့က အယုဒ္ဓယမြို့ကိုရောက်ခဲ့ကြ၍ တစ်ခါတစ်ရံ ယိုးဒယားတို့ကတနင်္သာရီ၊ ထားဝယ်၊ မုတ္တမထိ ရောက်ခဲ့ကြသည်။

တပင်ရွှေထီးလက်ထက်တွင် အယုဒ္ဓယမြို့ကို တစ်လခန့် လုပ်ကြံသော်လည်း မြို့စီးပြစီး ထူထပ်လှသဖြင့် မအောင်မြင်ချေ။ဘုရင့်နောင်(ဟံသာဝတီ ဆင်ဖြူများရှင်မင်းတရား) လက်ထက်၊ သက္ကရာဇ် ၉၂၅ ခုနှစ်တွင် တစ်ကြိမ်၊

၉၃ဝ ပြည့်နှစ်တွင် တစ်ကြိမ် နှစ်ကြိမ်တိုင်တိုင် အယုဒ္ဓယမြို့ကို အလုံးအရင်း ကြီးစွာဖြင့် လုပ်ကြံတိုက်ခိုက်ရာ အောင်မြင်သဖြင့် မြို့နှင့်တကွ ရွှေငွေရတနာ ဘဏ္ဍာများစွာကို သိမ်းယူပြီးလျှင်
မင်းညီ မင်းသားများနှင့် မြို့စားမှူးမတ်များ အပါအဝင်
သုံ့ပန်း အမြောက်အမြားကို ဟံသာဝတီသို့ ယူဆောင်လာခဲ့သည်။ သို့သော် မြို့ကြီးကား အပျက်အစီးများစွာ မရှိခဲ့ချေ။

အလောင်းမင်းတရားကြီး လက်ထက် သက္ကရာဇ်၁၁၂၁ ခုနှစ်တွင် အယုဒ္ဓယမြို့ကို ဝန်းရံလုပ်ကြံသော် လည်း မရလေ။ ဤသို့ လုပ်ကြံစဉ်တွင် ကိုယ်တော် မကျန်းမာသည်နှင့် ပြန်လာရာ မုတ္တမနယ် ကင်းရွာသို့ အရောက်တွင် နတ်ရွာစံတော်မူသည်။

သက္ကရာဇ် ၁၁၂၈ ခုနှစ် အလောင်းမင်းတရားကြီး သားတော်ဆင်ဖြူရှင်မင်းတရား လက်ထက်တွင် တစ်ဖန် အယုဒ္ဓယမြို့ကြီးကို လုပ်ကြံ တိုက်ခိုက်ပြန်ရာ ဤအကြိမ်သည် အယုဒ္ဓယမြို့၏ ပျက်စီးခြင်းအကြောင်း နောက်ဆုံးအကြိမ်ပင်တည်း။

အယုဒ္ဓယမြို့ကြီးကို ဝိုင်းရံ တိုက်ခိုက်ရာ၌ မြန်မာတို့က ယိုဒယားမြို့အောက်သို့ ရောက်အောင် ဥမင်ကြီးများ ဖောက်၍ ထင်း၊ လောင်စာ အပြည့်သွင်း၍ မီးခိုးလျှံပြင်းလှသဖြင့် မြို့ရိုးပြိုသည်နှင့် မြန်မာရဲမက်များ ဝင်နိုင်သည်တွင် အယုဒ္ဓယမြို့ တစ်မြို့လုံးကိုရ၍ ယိုးဒယားမြို့သား မိန်းမ ယောက်ျားတို့ကို သုံ့ပန်းအဖြစ် ဖမ်းယူသည်။

အိမ်ရာ၊ ကျောင်း၊ ကန်၊ ဇရပ်၊ တန်ဆောင်းများကို အနှံ့အစပ် မီးတိုက်ရှို့သည်။ဤတွင် ယိုးဒယားဘာသာ ရာဇဝင်စာပေ အမြောက်အမြား ပျက်စီးဆုံးရှုံးသည်ဟု ဆိုသည်။ အယုဒ္ဓယမြို့မှာ မြို့ပျက်ကြီး အဖြစ်သို့ ရောက်သွား၍ နောက်ထပ်မြို့ကို မထူထောင်တော့ဘဲ ဗန်ကောက်မြို့သို့ ပြောင်း၍ မြို့နန်း ထူထောင်လေတော့သည်။

အယုဒ္ဓယမြို့သည် ကျွန်းပေါ်တွင် တည်ဆောက်ထားသည် ဖြစ်ရကား မြစ်ကမ်းနားတလျှောက်ရှိ အဆောက်အအုံများမှာ မိုးရာသီ မြစ်လျှံတက်မှုမှ လွတ်ကင်းရန် တိုင်များဖြင့် အမြင့် ဆောက်လုပ်ထားကြသည်။ မြို့တွင်း၌ မဲနမ်မြစ်မှနေ၍ မြို့ကို ဖြတ်သန်းဖောက်လုပ်ထားသော တူးမြောင်း အမြောက်အမြားကို မြို့တွင်း ကူးသန်းသွားလာရေးအတွက် အသုံးပြုကြသည်။

ကမ်းနားတလျှောက်နှင့် တူးမြောင်းများထဲတွင် သာမန်လူတန်းစားများ နေထိုင်ကြသော လှေအိမ်နှင့် ရေပေါ်ဈေးဆိုင် အမြောက်အမြားရှိရာ ဈေးဝယ်ရာ၌ လည်းကောင်း၊ တစ်အိမ်နှင့်တစ်အိမ် ကူးသန်း သွားလာကြသည်။

မြို့အတွင်းဘက်၌ကား လမ်းကြီး လမ်းငယ် အသွယ်သွယ် ဖောက်လုပ်ထားသဖြင့်ကုန်းလမ်းခရီးဖြင့်လည်း အခြားမြို့များသို့ လွယ်ကူစွာ သွားလာနိုင်သည်။ အယုဒ္ဓယမြို့သည် ယိုးဒယားနိုင်ငံ၏ ဆန်စပါး အများဆုံးထွက်ရာ ဗဟိုဌာန ဖြစ်သည်။ ဆန်နှင့် ကျွန်းသစ်များကို အမြောက်အမြား လုပ်ကိုင်ကြ၍ နိုင်ငံခြားသို့ တင်ပို့ ရောင်းချသည်။

ငါးဖမ်းခြင်း အလုပ်ဖြင့်လည်း အရေးပါသောမြို့ ဖြစ် သည်။ အယုဒ္ဓယမြို့မှ ဗန်ကောက်နှင့် အခြားရေလမ်း ခရီးမြို့ များသို့ မော်တော်သင်္ဘောများဖြင့် အဆက်မပြတ် ကူးသန်းသွားလျက် ရှိကြသည်။

 

ထင်ရှားသော ရှေးမြို့ဟောင်းကြီး ဖြစ်သည့်ပြင် ပျက်စီးလျက်ရှိသော ဘုရားပျက်၊ ကျောင်းပျက် နှင့် အဆောက်အအုံပျက်များကို ရှေးကအတိုင်း လက်ရာမပျက် ယခုတိုင် တွေ့နေရသေးသောကြောင့် ကမ္ဘာအရပ်ရပ်မှ ခရီးသည်များနှင့်ရှေးဟောင်း ပစ္စည်းနှင့် ကမ္ဗည်းကျောက်စာ လေ့လာလိုက်စားသူ အမြောက်အမြား လာရောက်လည်ပတ် ကြည့်ရှုကြသည်။

 

Credit

 

Zawgyi

 

ျမန္မာဘုရင္မ်ား ႏွင့္ အယုဒၶယၿမိဳ႕ေတာ္ သမိုင္းေၾကာင္း

 

 

အယုဒၶယအယုဒၶယ သည္ ထိုင္းနိုင္ငံ၊ အယုဒၶယတိုင္း၏ ေရွးၿမိဳ႕ေတာ္ေဟာင္းျဖစ္၍ ဗန္ေကာက္ၿမိဳ႕မွ ေျမာက္ဘက္သို႔ မိုင္၅ဝ ခန႔္အကြာ၊ေအာက္မဲနမ္ (ေခ်ာင္ဖယား) ျမစ္အတြင္းရွိ ကြၽန္းေပၚတြင္ တည္ရွိသည္။

အယုဒၶယ ၿမိဳ႕ေဟာင္းကို ခရစ္ ၁၃၅ဝ ျပည့္ႏွစ္၌ ပထမ ရာဇာဓိပတိဘြဲ႕ခံ ဖယားအုထုံအမည္ရွိ ယိုးဒယားဘုရင္တစ္ပါးက
စတင္ တည္ေဆာက္ခဲ့ရာမွ ခမ္နားႀကီးက်ယ္ေသာ မင္းေနျပည္ေတာ္ႀကီး ျဖစ္ခဲ့ဖူးသည္။ တျဖည္းျဖည္း အင္အား ေကာင္းလာၿပီး ေရွးဦးပိုင္း ထိုင္းၿမိဳ႕ျပနိုင္ငံမ်ား ျဖစ္ၾကသည့္ ေသာကၠတဲ၊ ပိႆေလာက္ စသည္တို႔ကို သိမ္းယူခဲ့သည္။

ယင္းသို႔ ယိုးဒယားမင္း အဆက္ဆက္ စိုးမိုး အုပ္ခ်ဳပ္ခဲ့၍ ႏွစ္ေပါင္း ၄၁၇ ႏွစ္တိုင္တိုင္ မားမားမတ္မတ္ တည္တံ့ခဲ့ေသာ အယုဒၶယ ေနျပည္ေတာ္ႀကီး သည္ ျမန္မာသကၠရာဇ္ ၁၁၂၈ ခုႏွစ္၌ ေနာက္ဆုံးျဖစ္ပြားခဲ့ ေသာ ယိုးဒယား-ျမန္မာစစ္ပြဲတြင္ ျမန္မာတို႔လက္သို႔က်ေရာက္၍ ရာဇဝင္တင္ေလာက္ေအာင္ ဆုံးရႈံး ပ်က္စီးခဲ့ရေလသည္။

ယခုအခါ၌ကား ယခင္ကေလာက္ စည္ကားျခင္း မရွိေတာ့ဘဲ ဘုရားပ်က္ ေက်ာင္းပ်က္မ်ားသာ ရွိေနေပသည္။ျမန္မာသကၠရာဇ္ ၉၁ဝ ျပည္ႏွစ္ ေတာင္ငူေခတ္ တပင္ေ႐ႊထီး လက္ထက္မွ စ၍ ယိုးဒယားႏွင့္ ျမန္မာတို႔သည္ မၾကာခဏ တိုက္ခိုက္လာခဲ့ၾကရာ တစ္ခါတစ္ရံ ျမန္မာတို႔က အယုဒၶယၿမိဳ႕ကိုေရာက္ခဲ့ၾက၍ တစ္ခါတစ္ရံ ယိုးဒယားတို႔ကတနသၤာရီ၊ ထားဝယ္၊ မုတၱမထိ ေရာက္ခဲ့ၾကသည္။

တပင္ေ႐ႊထီးလက္ထက္တြင္ အယုဒၶယၿမိဳ႕ကို တစ္လခန႔္ လုပ္ႀကံေသာ္လည္း ၿမိဳ႕စီးျပစီး ထူထပ္လွသျဖင့္ မေအာင္ျမင္ေခ်။ဘုရင့္ေနာင္(ဟံသာဝတီ ဆင္ျဖဴမ်ားရွင္မင္းတရား) လက္ထက္၊ သကၠရာဇ္ ၉၂၅ ခုႏွစ္တြင္ တစ္ႀကိမ္၊

၉၃ဝ ျပည့္ႏွစ္တြင္ တစ္ႀကိမ္ ႏွစ္ႀကိမ္တိုင္တိုင္ အယုဒၶယၿမိဳ႕ကို အလုံးအရင္း ႀကီးစြာျဖင့္ လုပ္ႀကံတိုက္ခိုက္ရာ ေအာင္ျမင္သျဖင့္ ၿမိဳ႕ႏွင့္တကြ ေ႐ႊေငြရတနာ ဘ႑ာမ်ားစြာကို သိမ္းယူၿပီးလွ်င္
မင္းညီ မင္းသားမ်ားႏွင့္ ၿမိဳ႕စားမႉးမတ္မ်ား အပါအဝင္
သုံ႕ပန္း အေျမာက္အျမားကို ဟံသာဝတီသို႔ ယူေဆာင္လာခဲ့သည္။ သို႔ေသာ္ ၿမိဳ႕ႀကီးကား အပ်က္အစီးမ်ားစြာ မရွိခဲ့ေခ်။

အေလာင္းမင္းတရားႀကီး လက္ထက္ သကၠရာဇ္၁၁၂၁ ခုႏွစ္တြင္ အယုဒၶယၿမိဳ႕ကို ဝန္းရံလုပ္ႀကံေသာ္ လည္း မရေလ။ ဤသို႔ လုပ္ႀကံစဥ္တြင္ ကိုယ္ေတာ္ မက်န္းမာသည္ႏွင့္ ျပန္လာရာ မုတၱမနယ္ ကင္း႐ြာသို႔ အေရာက္တြင္ နတ္႐ြာစံေတာ္မူသည္။

သကၠရာဇ္ ၁၁၂၈ ခုႏွစ္ အေလာင္းမင္းတရားႀကီး သားေတာ္ဆင္ျဖဴရွင္မင္းတရား လက္ထက္တြင္ တစ္ဖန္ အယုဒၶယၿမိဳ႕ႀကီးကို လုပ္ႀကံ တိုက္ခိုက္ျပန္ရာ ဤအႀကိမ္သည္ အယုဒၶယၿမိဳ႕၏ ပ်က္စီးျခင္းအေၾကာင္း ေနာက္ဆုံးအႀကိမ္ပင္တည္း။

အယုဒၶယၿမိဳ႕ႀကီးကို ဝိုင္းရံ တိုက္ခိုက္ရာ၌ ျမန္မာတို႔က ယိုဒယားၿမိဳ႕ေအာက္သို႔ ေရာက္ေအာင္ ဥမင္ႀကီးမ်ား ေဖာက္၍ ထင္း၊ ေလာင္စာ အျပည့္သြင္း၍ မီးခိုးလွ်ံျပင္းလွသျဖင့္ ၿမိဳ႕ရိုးၿပိဳသည္ႏွင့္ ျမန္မာရဲမက္မ်ား ဝင္နိုင္သည္တြင္ အယုဒၶယၿမိဳ႕ တစ္ၿမိဳ႕လုံးကိုရ၍ ယိုးဒယားၿမိဳ႕သား မိန္းမ ေယာက္်ားတို႔ကို သုံ႕ပန္းအျဖစ္ ဖမ္းယူသည္။

အိမ္ရာ၊ ေက်ာင္း၊ ကန္၊ ဇရပ္၊ တန္ေဆာင္းမ်ားကို အႏွံ႕အစပ္ မီးတိုက္ရွို႔သည္။ဤတြင္ ယိုးဒယားဘာသာ ရာဇဝင္စာေပ အေျမာက္အျမား ပ်က္စီးဆုံးရႈံးသည္ဟု ဆိုသည္။ အယုဒၶယၿမိဳ႕မွာ ၿမိဳ႕ပ်က္ႀကီး အျဖစ္သို႔ ေရာက္သြား၍ ေနာက္ထပ္ၿမိဳ႕ကို မထူေထာင္ေတာ့ဘဲ ဗန္ေကာက္ၿမိဳ႕သို႔ ေျပာင္း၍ ၿမိဳ႕နန္း ထူေထာင္ေလေတာ့သည္။

အယုဒၶယၿမိဳ႕သည္ ကြၽန္းေပၚတြင္ တည္ေဆာက္ထားသည္ ျဖစ္ရကား ျမစ္ကမ္းနားတေလွ်ာက္ရွိ အေဆာက္အအုံမ်ားမွာ မိုးရာသီ ျမစ္လွ်ံတက္မႈမွ လြတ္ကင္းရန္ တိုင္မ်ားျဖင့္ အျမင့္ ေဆာက္လုပ္ထားၾကသည္။ ၿမိဳ႕တြင္း၌ မဲနမ္ျမစ္မွေန၍ ၿမိဳ႕ကို ျဖတ္သန္းေဖာက္လုပ္ထားေသာ တူးေျမာင္း အေျမာက္အျမားကို ၿမိဳ႕တြင္း ကူးသန္းသြားလာေရးအတြက္ အသုံးျပဳၾကသည္။

ကမ္းနားတေလွ်ာက္ႏွင့္ တူးေျမာင္းမ်ားထဲတြင္ သာမန္လူတန္းစားမ်ား ေနထိုင္ၾကေသာ ေလွအိမ္ႏွင့္ ေရေပၚေဈးဆိုင္ အေျမာက္အျမားရွိရာ ေဈးဝယ္ရာ၌ လည္းေကာင္း၊ တစ္အိမ္ႏွင့္တစ္အိမ္ ကူးသန္း သြားလာၾကသည္။

ၿမိဳ႕အတြင္းဘက္၌ကား လမ္းႀကီး လမ္းငယ္ အသြယ္သြယ္ ေဖာက္လုပ္ထားသျဖင့္ကုန္းလမ္းခရီးျဖင့္လည္း အျခားၿမိဳ႕မ်ားသို႔ လြယ္ကူစြာ သြားလာနိုင္သည္။ အယုဒၶယၿမိဳ႕သည္ ယိုးဒယားနိုင္ငံ၏ ဆန္စပါး အမ်ားဆုံးထြက္ရာ ဗဟိုဌာန ျဖစ္သည္။ ဆန္ႏွင့္ ကြၽန္းသစ္မ်ားကို အေျမာက္အျမား လုပ္ကိုင္ၾက၍ နိုင္ငံျခားသို႔ တင္ပို႔ ေရာင္းခ်သည္။

ငါးဖမ္းျခင္း အလုပ္ျဖင့္လည္း အေရးပါေသာၿမိဳ႕ ျဖစ္ သည္။ အယုဒၶယၿမိဳ႕မွ ဗန္ေကာက္ႏွင့္ အျခားေရလမ္း ခရီးၿမိဳ႕ မ်ားသို႔ ေမာ္ေတာ္သေဘၤာမ်ားျဖင့္ အဆက္မျပတ္ ကူးသန္းသြားလ်က္ ရွိၾကသည္။

 

ထင္ရွားေသာ ေရွးၿမိဳ႕ေဟာင္းႀကီး ျဖစ္သည့္ျပင္ ပ်က္စီးလ်က္ရွိေသာ ဘုရားပ်က္၊ ေက်ာင္းပ်က္ ႏွင့္ အေဆာက္အအုံပ်က္မ်ားကို ေရွးကအတိုင္း လက္ရာမပ်က္ ယခုတိုင္ ေတြ႕ေနရေသးေသာေၾကာင့္ ကမာၻအရပ္ရပ္မွ ခရီးသည္မ်ားႏွင့္ေရွးေဟာင္း ပစၥည္းႏွင့္ ကမၺည္းေက်ာက္စာ ေလ့လာလိုက္စားသူ အေျမာက္အျမား လာေရာက္လည္ပတ္ ၾကည့္ရႈၾကသည္။

 

Credit

 

Leave a Reply

Your email address will not be published. Required fields are marked *