လက်တွေ့အရေးယူဖို့အတွက် ဘယ်လိုမြင်ကွင်းမျိုး ထပ်မြင်ဖို့ လိုသေးလဲ ဟု ဒေါက်တာဆာဆာ နိုင်ငံတကာကို မေးခွန်းထုတ်ပြီ

မြန်မာနိုင်ငံ “တပ်မတော်နေ့” လူသတ်ပွဲနှင့် ပတ်သက်ပြီး ဒေါက်တာဆာဆာ၏ ထုတ်ပြန်ချက်ယနေ့သည် “စစ်တပ်အတွက် ရှက်ဖွယ်လိလိ ဂုဏ်သိက္ခာကင်းမဲ့သည့်နေ့”၊ ယနေ့သည် မြန်မာတစ်နိုင်ငံလုံးတွင် ယောက်ကျား၊ မိန်းမ၊ ကလေး အနည်းဆုံး ၉၁ ယောက်ကို သတ်ဖြတ်ပြီး တရားမဝင် စစ်အာဏာရှင်များက တပ်မတော်နေ့ကို ဆင်နွှဲသည့်နေ့ ဖြစ်သည်။

ကျွန်တော်ရှင်းအောင် ပြောပါမည်။ ဤစစ်ဗိုလ်ချုပ်များသည် သူတို့ဘာလဲဆိုသည်ကို ထပ်မံပြသလိုက်ခြင်း ဖြစ်သည်။ သူတို့သည် လူသတ် သမားများဖြစ်သည်ဆိုသည်ကို ပေါ်ပေါ်ထင်ထင် ပြသလိုက်ခြင်းပင် ဖြစ်သည်။မြန်မာနိုင်ငံသည် စစ်ဗိုလ်ချုပ်များ မသက်ဆိုင်ပါ။ ကျွန်တော်တို့၏ နိုင်ငံသည် မြန်မာပြည်သူများနှင့်သာ သက်ဆိုင်ပါသည်။

ဤစစ်ဗိုလ်ချုပ်များသည် မြန်မာနိုင်ငံကို သူတို့နိုင်ငံဟု ခေါ်ဆိုခွင့် မရှိတော့ပါ။ ကျွန်တော်တို့၏ ပြည်သူများအား ကာကွယ်ရမည့်အစား ဤလူသတ်သမားများက ဆိုးရွားလွန်းသော ရာဇဝတ်မှုကို အကြိမ်ကြိမ် ကျူးလွန်သောကြောင့် နိုင်ငံ၏ စစ်တပ်ဟု ၎င်းတို့က ခေါ်ဆိုသုံးနှုန်းခွင့် မရှိတော့ပါ။

၎င်းတို့၏ လုပ်ရပ်များနှင့် ၎င်းတို့၏ ပြောဆိုချက်များက ၎င်းတို့သည် အကြမ်းဖက် အဖွဲ့အစည်း ဖြစ်ကြောင်းကို သူတို့ကိုယ်တိုင် သက်သေပြနေပါသည်။

တပ်မတော်နေ့ လူသတ်ပွဲမတိုင်မီ စစ်အာဏာရှင်များက မြန်မာပြည်သူများအား ဦးခေါင်းနှင့် နောက်ကျောမှ ပစ်ခတ်ခံရနိုင်သည်ဟု ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်ခဲ့သည်။ ယနေ့တွင် သူတို့ ခြိမ်းခြောက်ခဲ့သလိုပင် လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် ဤသို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ဤ သရဲဘောကြောင်လှသော အဖွဲ့အစည်း၏ အမြင့်ဆုံး အာဏာပိုင်အဆင့်က အစီအစဉ်ချမှတ် ချိတ်ဆက်ပြီး ကျူးလွန်ခဲ့သည် ဆိုသည်မှာ လုံးဝ သံသယဖြစ်ဖွယ် မရှိပါ။

တိုက်ပွဲသုံး လက်နက်ကြီးများ အသုံးပြု၍ အကြမ်းဖက်သည့် စစ်အာဏာရှင်များ၏ သရဲဘောကြောင်သည့် လုပ်ရပ်ဖြင့် ကျွန်တော်တို့၏ ငြိမ်းချမ်းစွာ ဆန္ဒပြလှုပ်ရှားမှုကြီး ရပ်တန့်သွားရန် မစွမ်းဆောင်နိုင်ကြောင်းကို ကျွန်တော်တို့ မြန်မာလူထုက တုံ့ပြန်ပြီး ပြသကြပါဦးမည်။

ကျွန်တော်တို့၏ လက်နက်များဖြစ်သည့်မျှော်လင့်ချက်နှင့် ငြိမ်းချမ်းစွာဆန္ဒပြခြင်းတို့က၎င်းတို့၏အကြမ်းဖက်မှုများကြားတွင် ဂုဏ်ယူဝင့် ကြွားစွာ ရပ်တည်နိုင်ခြင်းက မြန်မာနိုင်ငံ၏ အနာဂတ်အတွက် မျှော်လင့်ချက်ရှိသေးသည် ဆိုသည်ကိုပြဆိုနေခြင်းဖြစ်သည်။

စစ်အာဏာရှင်များ၏ ဆိုးရွားလှသည့် လုပ်ရပ်များကိုရင်ဆိုင်နေချိန်တွင် ကျွန်တော်တို့သည်ရပ်တည်ချက် ခိုင်မာပြီးကျွန်တော်တို့၏ ဆုံးဖြတ်ချက်များကို အားကောင်းခိုင်ခံ့အောင် လုပ်ရပါမည်။

ကျွန်တော်တို့သည် လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှုကြီးကို ထပ်လောင်း၍ အခိုင်အမာ ဆွဲကိုင်ကြပြီး လူသတ်ကောင် စစ်အာဏာ ရှင်များကို လွတ်လပ်စွာ ဆန့်ကျင်ဆန္ဒပြပိုင်ခွင့်ကိုကျင့်သုံးရပါမည်။ ကျွန်တော်တို့သည် သူတို့ကိုပါးပါးနပ်နပ်နှင့် ပညာပြပြီးသူတို့အပေါ် အနိုင်ယူကြပါမည်။

ယနေ့တွင် မြန်မာတစ်နိုင်ငံလုံး၌ အတိအကျအားဖြင့် အပြစ်မဲ့ပြည်သူ အနည်းဆုံး ၈၉ ဦး သတ်ဖြတ်ခံရပြီးသည့် အချိန်ခန့်တွင် မင်းအောင် လှိုင်၊ သူ၏ သစ္စာခံများနှင့်အတူယှဉ်တွဲပြီး အခန်းအနား တက်ရောက် ဆင်နွှဲနေသည့် အချို့ နိုင်ငံခြား သံတမန်များကို မြင်တွေ့ရသည့် အတွက် မြန်မာပြည်သူများ မည်မျှအထိ နာကျင်ခံစားရမည်ကို သိစေချင်လှပါသည်။

ရှက်ဖွယ်လိလိ ဂုဏ်သိက္ခာကင်းမဲ့နေသည့် တပ်မတော်နေ့ကို တက်ရောက်ကြသည့် နိုင်ငံခြားသံတမန်များသည် မိမိတို့နိုင်ငံမှ ပြည်သူများ နှင့် မိမိတို့အစိုးရများကို သိက္ခာကျစေပြီး နိုင်ငံတကာအသိုင်းအဝိုင်းတွင် ရှက်စရာ ကောင်းလှပါသည်။

မြန်မာစစ်တပ်သည် မြန်မာပြည် သူများအပေါ်တွင်သာမက အာဆီယံဒေသတစ်ခုလုံးနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကို ခြိမ်းခြောက်နေ သည့် မတည်ငြိမ်မှုတည်းဟူသည့် မျိုးစေ့ကိုချပေးနေခြင်း ဖြစ်သည်။

နိုင်ငံတကာ အသိုင်းအဝိုင်း အနေနှင့် ယခုအချိန်သည် ၎င်းတို့အား အရှိအတိုင်း အကြမ်းဖက်သမားများ အဖြစ် ဆက်ဆံရမည့်အချိန် ဖြစ်ပါသည်။ မည်သို့သော သက်သေ အထောက်အထားများ လိုအပ်နေပါသနည်း။

သူတို့သည် အကြမ်းဖက် အဖွဲ့အစည်းကဲ့သို့ ပြုမူလုပ်ဆောင်နေကြောင်း သူတို့ကိုယ်တိုင် ကမ္ဘာကို ပြသလိုက်ပြီးဖြစ်သည်။ ယခုအ ချိန်သည်လက်တွေ့တုံ့ပြန်ရမည့် အချိန် ဖြစ်ပါသည်။ ဤအကြမ်းဖက်သမားများသည်မြန်မာ့ဘဏ္ဍာကို ရယူခွင့်မရှိသင့်ပါ။

သူတို့သည် နိုင်ငံတကာ လက်နက်ခဲယမ်းစျေးကွက်၊ ငွေကြေး အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးမှု အထောက်အပံ့များကို လက်လှမ်းခွင့်မရှိသင့်ပါ။ ကျေးဇူးပြု၍ သင်တို့တွင်ရှိသော လုပ်ပိုင်ခွင့်အာဏာများသုံးပြီး ငွေကြေးထောက်ပံ့မှုများ၊ လုပ်ငန်းများနှင့်သင်တို့၏အုပ်ချုပ်မှုဒေသ အတွင်းရှိ တရားမဝင် မြန်မာစစ်အာဏာရှင်များ ပိုင်ဆိုင်သည့် ငွေကြေးစျေးကွက်များသို့ ဝင်ရောက်ခွင့်များကိုပိတ်ပင်ပေးပါ။

မြန်မာပြည်သူများ ပိုင်ဆိုင်သည့် ဘဏ္ဍာငွေကြေးများကို ဤအကြမ်းဖက် အဖွဲ့အစည်း၊ အာဏာသိမ်း စစ်ကောင်စီ ဦးဆောင်သည့် တပ်မတော်၊ ဤလူသတ်ကောင်များ၏ လက်သို့ ထပ်မံ မရောက်ရှိပါစေနှင့်။ ကျွန်တော်တို့အမှန်တကယ် အကူအညီလိုအပ်ချိန်တွင် မိတ်ဆွေအဖြစ် ရပ်တည်ပေးကြသူများကို ၅၄ သန်းသော မြန်မာပြည်သူများက အစဉ်အမြဲအမှတ်ရနေကြမည်ဖြစ်ပါသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းကို ကျွန်တော် မေးပါမည်- သင်တို့က လက်တွေ့ အရေးယူ ဆောင်ရွက်နိုင်ရန် အတွက် ဘာတွေကိုများ ထပ်မြင်ရဖို့ လိုပါသေးသလဲ။ တဖြည်းဖြည်းချင်း တစ်ဆင့်ချင်းသာတုံ့ပြန်နေရာမှ အမှန်တကယ်အရေးယူဆောင်ရွက်ချက်အဖြစ် ပြောင်းလဲသွားရန် ကျွန်တော်တို့ နောက်ထပ် ဘယ်နှယောက်များထပ်ပြီးသေကြရဦးမှာပါလဲ။

Dr.Sasa

Crd

Likes:
0 0
Views:
839
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *