အင်းဝ မှာ “ရေ” ၊ မြေ မှာ “ပဲခူး” ဆိုတဲ့ ဆိုရိုးစကားအဓိပ္ပာယ် နှင့် ပေါ်ပေါက်လာပုံ

အင်းဝ မှာ “ရေ” ၊ မြေ မှာ “ပဲခူး” ဆိုတဲ့ ဆိုရိုးစကားအဓိပ္ပာယ် နှင့် ပေါ်ပေါက်လာပုံ

 

 

အင်းဝမှာရေ ၊ မြေမှာပဲခူး ဟူသောစကားကိုရှေးလူကြီးများမှတစ်ဆင့် ကြားဖူးကောင်းကြားဖူးနိုင်ပါတယ်။ ဒီလိုဆိုရခြင်းမှာ အင်းဝသည် ရေကြီးခြင်း ၊မိုးခေါင်ခြင်းစသည့် ရေနှင့်ပတ်သတ်သော ဒုက္ခများကြောင့် မြို့ပါပျက်ခဲ့ရသည်ဟု ဆိုလို့ရသော ကြောင့်ပင်။

သက္ကရာဇ် ၁၇၄၁ ခုနှစ် မဟာဓမ္မရာဇာဓိပတိလက်ထက်တွင် ဖြစ်ခဲ့သည့်အဖြစ်များဖြစ်သည်။ထိုမင်းသည် မင်းဆိုးဟုမဆိုထိုက်သော်လည်း မင်းကောင်းမင်းမြတ်ဟုလည်း မဆိုထိုက်ပြန်။ တိုင်းပြည်ရေးကို သိပ်စိတ်မဝင်စားခဲ့။

 

နန်းတက်သည့် နှစ်အတွင်း၌ပင် အင်းဝအား ဧရာဝတီမြစ်ရေ အဆမတန် မြင့်တက်ခဲ့ပြီး လနှင့်ချီ၍ ပြန်မကျခဲ့တာကြောင့် “ရေရူးကြီး” ဟုပင်နာမည် တွင်သွားသည်။ရေကိုတားဖို့ ဆည်ဖို့ကြသော်လည်း ရေအားကိုမလှန်နိုင်ခဲ့ပဲ မြစ်ရေသည် မြို့တွင်းသာမက ဘုရင့်နန်းတော် ကြမ်းပြင်အထိတက်ခဲ့သည်။

ရှိသမျှစိုက်ခင်းအားလုံးနီးပါး ပျက်စီးသဖြင့် ရေကျသည်နှင့် အလျှင်အမြန် စိုက်ပျိုးကြရသည်။ နောက်တစ်နှစ် ၁၇၄၂ ခုနှစ်တွင်ကား ရေမကြီးတော့ပဲ မိုးခေါင်ပြန်သည်။လယ်ယာ ကိုင်း ကျွန်း စိုက်ပျိုးရေးလုပ်ငန်းများ ပျက်စီးရပြန်သည်။

နှစ်နှစ်ဆက်တိုက် ရေကြီးခြင်း ၊မိုးခေါင်ခြင်းကို ခံရသောအခါဆန်ဈေးလည်း အဆမတန်တက်လာတော့သည်။ မူလက ၁ တင်း ၃မူးဈေးရှိခဲ့ရာမှာ ၅ကျပ် ၃မူးကျော် အထိအဆမတန် ကြီးမြင့်သွားခဲ့သည်။ အစာရေစာ ခေါင်းပါးလွန်းသဖြင့် ပြည်သူများပျက်စီးကြရသည်။ မြို့ရွာအနှံ့၌လည်း ခိုးဆိုးလုယက်သူများပေါများလာခဲ့သည်။

နောက် ၂ နှစ်အကြာ ၁၇၄၄ ခုနှစ်တွင် ၁၂နာရီကြာသော မီးကြီးလောင်ရာ တစ်မြို့လုံးနီးပါး ပျက်စီးရပြန်သည်။ လူဆိုး ၊ သူခိုးများမှာ နယ်စားမြို့စားများနှင့်ပေါင်းကာ ဝေမျှစားသဖြင့်တရားဥပဒေလည်းမရှိတော့။ ဘုရင်ကလည်း ဖိဖိစီးစီး မနှိမ်နှင်းနိုင်သဖြင့် အဓိကဒုက္ခဆင်းရဲခံရသူများမှာ ဆင်းရဲသား ပြည်သူများသာဖြစ်သည်။ နောက်ဆုံးလူဆိုးသူခိုးဒဏ်ကို မခံနိုင်သော ပြည်သူများမှာ ဘုရင့်ဆွေတော်မျိုးတော် များထံတွင် အသီးသီးကပ်မှီ၍ ကျွန်ဘဝနှင့်နေကြတော့သည်။

ထိုအတွင်း ကသည်းအရေး ၊ ဟံသာဝတီအရေးနှင့် ကွေ့အရေး တို့ ပေါ်လာပြန်ရာ ဘုရင်အဖို့ အရူးမီးဝိုင်းသလို ဖြစ်ခဲ့ပြန်သည်။ ပြည်သူတို့မှာ စစ်ရေးစစ်ရာကိုလည်း မပြင်နိုင် ၊ စိုက်ပျိုးရေးလည်း ကောင်းစွာမလုပ်နိုင်သဖြင့် အငတ်ဘေးပိုမို ကြီးမားလာခဲ့သည်။

ဆန်ဈေးမှာလည်း ၁၆ ကျပ်အထိ မြင့်တက်သွားရာ မနေနိုင်သူများမှာ ဧရာဝတီမြစ်ကိုစုန်၍ အောက်ပြည်သို့ ပြေးကြလေသည်။ ဘုရင့်ခမျာမှာလည်း ၂နှစ်ကျော် ၃နှစ်ကြာ ကျီတော်ထဲမှစပါးများကို ပြည်သူများထံဝေမျှပေးခဲ့သည်။

ကျီတော်ထဲမှ စပါးများ ကုန်သွားသော် ရွှေငွေတို့အားထုတ်ပေးကာဝယ်စားစေခဲ့ပြန်သည်။ဆန်ဈေးမှာ ၈၀ ကျပ် အထိ ရှိသွားခဲ့သည်။သို့သော်ဈေးသာရှိသော်လည်း ဝယ်စားရန် ဆန်ကားလုံး၀မရှိတော့။ အင်းဝပြည်သူ ပြည်သားတို့မှာဘာကိုမျှမတွေးတော့မဆင်ခြင်နိုင်တော့။

ရှိသမျှကျွဲ နွားမြင်းတို့ကိုသတ်စားကြလေသည်။ ကျွဲနွားမရှိသူတို့ကား လူသေကောင်များကိုစားကြသည်အထိအငတ်ဘေးကြီးထွားခဲ့သည်။ကြာသော်လူအချင်းချင်းပင် သတ်ဖြတ်ခုတ်ထစ်တော့မည်အထိဖြစ်လာမည်မှာမလွဲတော့ပေ။

ထိုအချိန်တွင် ဟံသာဝတီ စစ်သည်တို့က အင်းဝပြည်အား ပိတ်ဆို့ဝန်းရံလိုက်သည့်အခါအင်းဝဘုရင် မဟာဓမ္မရာဇာဓိပတိသည် ၁၇၅၂ နှစ်တွ င် တိုင်းပြ ည် ကို လက်လွှတ်ကာ ဟံသာဝတီသို့ ပါသွားရတော့သည်။အင်းဝပြည်ကြီးလည်းပျက်စီး သွားခဲ့ရသည်။ မိုးခေါင်ခြင်း ၊ ရေ ကြီးခြင်းမှ အစပြု ၍ အင်းဝပြည်ကြီးပျက်စီးခဲ့ရသောကြောင့် “အင်းဝမှာ ရေ” ဟူသောစကားလည်း ပေါ်ပေါက်လာတော့သည်။

မြေမှာပဲခူး – အင်း၀မှာရေ ၊မြေမှာပဲခူး ဟူသော ဆိုရိုးစကားအရ အင်း၀သည် ရေဖျက်၍ ပျက်ခဲ့ရသလို ပဲခူးသည်လည်း ငလျှင်ဒါဏ်ကြောင့် မြို့ပျက်မတတ်ကြုံတွေ့ခဲ့ရပါတယ်။မြန်မာနိုင်ငံတွင် ငလျှင်ဒါဏ် အခံရဆုံးနေရာကိုပြပါဆိုလျှင်ပဲခူးကိုပင်ပြရမှာပါ။ ပဲခူးမြို့ကို သက္ကရာဇ် ၁၈၇ ခုနှစ်မှာမဟာသ မလမင်းကစတင်တည်ထောင်ခဲ့ပါတယ်။

အဲဒီနောက် ညီတော်ဝိမလမင်း ၊ အသားမင်းသားခေါ် အဿကုမ္မာတင်း ၊ အရိန္ဒမမင်း နှင့် မဟိံသရာဇာမင်းထိမင်း ၅ ဆက်စိုးစံ ပြီးချိန် မှာ ငလျှင်နဲ့ စတင် ကြုံရပါတယ်။သမိုင်းမှတ်တမ်းများ အရ မဟိ့သရာဇာမင်းလက်ထက်မှာ တော်လဲသံကြီး မြည်ဟီးစွာကြားရခြင်း၊ ဥက္ကာပျံများကျခြင်း ၊ လေမု န်တိုင်း ပြင်းထ န် စွာ တိုက်ခြင်း နှင့် မြေငလျှင် ကြီးစွာလှုပ်ခြင်းစသည်တို့နှင့် ရင်ဆိုင်တွေ့ရတယ်လို့ဆိုပါတယ်။

 

အဆိုးဆုံးမှာ မင်းအဆက်ဆက် ကိုးကွယ် လာခဲ့တဲ့ ရွှေမော်ဓော စေတီကြီး ထီးတော်မြေခခဲ့သည့် အပြင်ရွဲလုံးတော်အထိပြိုကျခဲ့တာပါပဲ။ပဲခူးဟာ ငလျှင်ကြီးငယ်ဒါဏ်ကို ၃၂ကြိမ်ခန့် အကြိမ်ကြိမ် ခံ စားခဲ့ရကြောင်း ရွှေမော်ဓောသမိုင်း နှင့် သထုံရာဇဝင်အဆိုအရသိရပါတယ်။အကြီးဆုံးငလျှင် ၅ ကြိမ် ကြုံတွေ့ခဲ့ပါတယ်။သက္ကရာဇ် ၂၃၇ ၊ ၁၁၉၄ ၊ ၁၂၇၄ ၊ ၁၂၇၉ ၊ ၁၂၉၂ ခုနှစ်တွေမှာလှုပ်ခဲ့တဲ့ငလျှင်တွေပါပဲ။

နောက်ဆုံး ၁၂၉၂ (အေဒီ ၁၉၃၀) မှာ လှုပ်ခဲ့တဲ့ငလျှင်က တော့ မြန်မာ့သမိုင်းမှာ အကြီးမားဆုံးလို့ ဆိုရမယ့် ငလျှင်ပါပဲ။ငလျှင်ပြင်းအား အဆင့် ၁၀ ရှိပြီးစတုရန်းမိုင် ၂၂၀၀၀၀ ပတ်လည်ထိလှုပ်ခတ်စေခဲ့ပြီး လူပေါင်း ၅၀၀ ကျေ ာ် သေဆုံးကာ ပဲခူးတစ်မြို့လုံးနီးပါးပျက်စီးခဲ့ရပါတယ်။ထိုငလျှင်ကြီးကြောင့် နှစ်ပေါင်း ၂၅၀၀ကျော်သက်တမ်းရှိတဲ့ရွှေမော်ဓောစေတီကြီးမှာ အောက်ပထမ ပစ္စယံအထိ အကြီးအကျယ် ပျက်စီးပြီးမြေခခဲ့ရပြန်ပါတယ်။

ငလျှင်ကြောင့် တစ်မြို့လုံးပျက်စီး ခဲ့ရုံသာမက ငလျှင်ပြီးတဲ့နောက်မှာလည်း မီလောင်မှုများဆက်လက် ဖြစ်ပွားခဲ့ပါသေးတယ်။ထိုငလျှင်ကြောင့် ပဲခူးသာမက ရန်ကုန်မြို့လည်းအတော်အတန်ပျက်စီးခဲ့ရပါတယ်။ရွှေတိဂုံစေတီစိန်ဖူးတော်ပင် မြေခစေခဲ့ရတဲ့ ငလျှင်ပါ။အင်း၀ သည် ရေကြောင့် ပျက်စီးခဲ့ရသလိုပဲခူးသည်လည်း မြေကြောင့်အကြိမ်ကြိမ်ပျက်စီးခဲ့ရပြီး အကြိမ်ကြိမ်ပြန်လည်ထူထောင်ခဲ့ရပါတယ်။

ဒါကြောင့်လ ည်း ရှေး လူကြီးတွေက “အင်းဝမှာရေ ၊ မြေမှာပဲခူး” ဆိုသော စကားကို ဆိုရိုးပြုသွားကြခြင်း ဖြစ်ပါတော့တယ်။

Crd, သန်းထွန်း (လှည်းကူး) မြန်မာ့စွယ်စုံကျမ်း

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *