တောင်ငူခေတ်က မထင်ပေါ်ခဲ့သော သူရဲကောင်းတစ်ဦး (သို့) စစ်ကိုင်းစည်သူကျော်ထင်

တောင်ငူခေတ်က မထင်ပေါ်ခဲ့သော သူရဲကောင်းတစ်ဦး (သို့) စစ်ကိုင်းစည်သူကျော်ထင်

 

 

မြန်မာနိုင်ငံ၏ ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း ကုန်းဘောင် ဟူသော ပဒေသရာဇ် ခေတ်အစဉ်အရစည်သူကျော်ထင်သည် အင်းဝခေတ် ပျက်သုဉ်းကာနီးတောင်ငူခေတ် နိဒါန်းကာလတွင် ပေါ်ပေါက်ခဲ့သည့် ထီးဆောင်းမင်းတစ်ပါးဖြစ်သည်။

စည်သူကျော်ထင်ကို ရာဇဝင်များ၌ စစ်တိုက်ရာတွင် ကျင်လည်သူ၊ ကြင်နာတတ်သူ၊ပြည်သူများအပေါ် သနားညှာတာတတ်သူ၊ ဘာသာတရားကိုင်းရှိုင်းသူ အဖြစ်ဖော်ပြကြသည်။

တောင်ငူဘုရင် တပင်ရွှေထီးမင်းနှင့် ယောက်ဖတော် ဘုရင့်နောင်တို့က ဒုတိယမြန်မာနိုင်ငံတော်အဖြစ်စုစည်းတည်ထောင်ရန် ကြိုးပမ်းနေစဉ်တွင် စည်သူကျော်ထင်သည် စလင်းမြို့၌ မင်းအဖြစ် စိုးစံနေသည်။

တပင်ရွှေထီး၏ တပ်များ စလင်းမြို့သို့ လာရောက်တိုက်ခိုက်သည့်အခါ စည်သူကျော်ထင်သည် အညံ့မခံဘဲ ခုခံတိုက်ခိုက်ခဲ့သည်။

သို့ရာတွင် အင်အားချင်းမမျှသဖြင့် စည်သူကျော်ထင်သည် ဆင်တစ်စီးဖြင့် အလွတ်ဆုတ်ခွာထွက်ပြေးခဲ့သည်။လောင်းရှည်ကြောင်းအတိုင်း မြန်မာပြည်အထက်ပိုင်းသို့ ထွက်ပြေးရာ ခရီးကြမ်းလှသည်။

(ထိုစဉ်က မြန်မာပြည်အထက်ပိုင်း အင်းဝ နှင့် မိုးညင်းတို့တွင် ရှမ်းမင်းများ သီးခြားအုပ်ချုပ်နေသဖြင့် စစ်ကူရရှိရန် သွားရောက်ဟန်တူသည်။)လမ်းခရီးတွင် ရေငတ်သဖြင့် ဆင်ပေါ်မှဆင်းကာ ရေအိုင်တစ်ခုတွင် ရေသောက်သည်။

ထိုသို့ ရေသောက်နေစဉ် စီးတော်ဆင်သည် ရုတ်တရက် မုန်ယိုကာ စည်သူကျော်ထင်ကို လိုက်ဝှေ့သဖြင့် ဝါးရုံတောသို့် ပြေးကာ ဝါးရုံပင်ကြားထဲ ဝင်နေရသည်။

 

 

ထို့နောက် ဆင်သည် တောထဲသို့ ဝင်သွားတော့သည်။စစ်ရှုံးရသည့်အထဲ စီးတော်ဆင်ကပါ လိုက်ဝှေ့သော ကံဆိုးရှာသူ စည်သူကျော်ထင်သည်စိတ်မပျက်ဘဲ ခြေကျင်ဖြင့် မြန်မာပြည်အထက်ပိုင်းသို့ ဆက်သွားရာ မျက်စိလည်လမ်းမှား၍ ချင်းတောင်ဘက်သို့ရောက်ရှိသွားပြီး ချင်းလူမျိုးများ၏ ဝိုင်းဝန်း ဖမ်းဆီးခြင်းကို ခံရပြန်သည်။

သို့ရာတွင် ထိုသို့ ဖမ်းဆီးခံရသည်မှာ အဆိုးထဲမှ အကောင်းဖြစ်သည်။အကြောင်းမှာ ချင်းလူမျိုးများက စည်သူကျော်ထင်ကို မိုးညင်းမင်း စလုံထံ ခေါ်ဆောင်သွားသောကြောင့် ဖြစ်သည်။

မိုးညင်းစလုံသည် စလင်းစည်သူကျော်ထင်ကို ခင်မင်ရင်းစွဲ ရှိသူဖြစ်သဖြင့် တွေ့တွေ့ချင်းပင် -စလုံ -သွေးသောက်အဘယ် ကြောင့် တစ်ပါးတည်း ရောက်လာသနည်း စည်သူ စစ်ပျက်၍ ရောက်လာသည် သွေးသောက်၊ လမ်းခရီးတွင်ဆင်တော်ကလည်း ဖောက်ပြန်ကာ လိုက်ဝှေ့သည်၊။

ထို့နောက် သည်နောင်ကြီးများဖမ်းခေါ်လာ၍ သွေးသောက်ထံ ရောက်တော့သည်စလုံ မစိုးရိမ်လင့် သွေးသောက်၊ ငါ အင်းဝကို လုပ်ကြံ၍ သင့်ကို နန်းတင်ပေးမည်၊ အင်းဝဘုရင် အုန်းဘောင်ခုံမှိုင်းသည်

အင်အားကြီးလှသည်၊ ငါတို့ ရုတ်တရက် တိုက်၍ မရနိုင်၊ သို့ကြောင့် စစ်ကိုင်းကို အခြေပြု၍ လူစုပါ၊ ထို့နောက်မှ အင်းဝကို
လုပ်ကြံကြမည်စည်သူ သွေးသောက် ဆင်မြင်း အလုံးအရင်းသာ ငါ့ကိုပေးလော့၊ သင့်အကြံအတိုင်း စစ်ကိုင်းကို အရပ်အနေပြုကာ အင်းဝကို လုပ်ကြံမည်။

ထို့နောက် မိုးညင်းစလုံက စည်သူကျော်ထင်ကို ဆင် ၆၀၊ မြင်း ၈၀၀၊ သူရဲ ငါးသောင်းပေးအပ်သည်။အေဒီ ၁၅၄၅ တွင် စည်သူကျော်ထင်သည် စစ်ကိုင်းကို မြို့သစ်တည်ထောင်၍ မင်းပြုသည်။

ထိုအခါ စလင်းစည်သူကျော်ထင်မှသည် စစ်ကိုင်းစည်သူကျော်ထင်ဟု တွင်သည်။ထိုနှစ်တွင် အင်းဝ၌ အုန်းဘောင်ခုံမှိုင်း အနိစ္စရောက်သဖြင့် သားတော် မိုးဗြဲနရပတိက ဆက်ခံသည်။

ခြောက်နှစ်ခန့်အကြာ အေဒီ ၁၅၅၁တွင် စစ်ကိုင်းစည်သူကျော်ထင်သည် အင်းဝကို ဝင်ရောက်တိုက်ခိုက်ရာ မိုးဗြဲနရပတိ မခံနိုင်ဘဲ ပြည်မြို့သို့ ထွက်ပြေးသည်။

သို့ဖြင့် ထိုနှစ်မှာပင် စစ်ကိုင်းစည်သူကျော်ထင်သည် နရပတိဘွဲ့ခံ၍ အင်းဝကို မင်းပြုသည်။စစ်ကိုင်းစည်သူကျော်ထင်သည် အင်းဝတွင် သုံးနှစ်သာ နန်း
စံလိုက်ရသည်။

အကြောင်းမှာ အေဒီ ၁၅၅၄ တွင် ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်မင်းကြီးက အင်းဝကို ရေအားကြည်းအားဖြင့် ချီတက်သိမ်းယူခဲ့သောကြောင့် ဖြစ်သည်။

ဘုရင့်နောင်မင်းကြီးသည် စည်သူကျော်ထင်၏ အရည်အချင်းကို ရှေးယခင်ကပင် သိသဖြင့် ကွပ်မျက်ခြင်း၊ အကျဉ်းချခြင်း မပြုဘဲ သစ္စာပေးကာ ဟံသာဝတီသို့ ခေါ်ဆောင်သွားသည်။

ဟံသာဝတီ ဒေတမဥယျာဉ်အရှေ့တွင် စကြောသုံးထပ်အိမ်တော်ဖြင့် အလုပ်အကျွေး ၃၀ ပေးကာ ကောင်းစွာထားသည်။

စည်သူကျော်ထင်သည် ဘုရင့်နောင်၏ သြဇာကို အာခံခြင်း မပြုဘဲ စိတ်အေးချမ်းသာစွာနေထိုင်ခဲ့သည်။သို့သော် ဘုရင့်နောင် အဝေးရောက်ခိုက် ပေါ်ပေါက်လာသော သူပုန်ရန်ကိုနှိမ်နင်းရာတွင်မူ စည်သူကျော်ထင်သည်ဘုရင့်နောင်နှင့် ဟံသာဝတီအကျိုးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်ပေးခဲ့သည်။

ဘုရင့်နောင်မင်းကြီး ဇင်းမယ်သို့ စစ်ချီနေစဉ် ဟံသာဝတီ၌ သူပုန်ထကြသည်။(အဆိုပါ သူပုန်များမှာ ဘုရင့်နောင်မင်းကြီး အနယ်နယ်အရပ်ရပ်မှ ဖမ်းယူလာသော သုံ့ပန်းများဖြစ်ကြပြီး သူပုန်ထသည့် အကြောင်းရင်းမှာ ဆန်ရှားသောကြောင့် ဖြစ်သည်။)

 

သူပုန်များသည် အကြီးအကျယ် သောင်းကျန်းကြသည်။ နေပြည်တော် အနီးတဝိုက်ရှိ တန်ဆောင်း ကျောင်းကန်များကို မီးရှို့ ဖျက်ဆီးကြသည်။ထိုအခါ နေပြည်တော် မြို့စောင့်အဖြစ် ကျန်ရစ်သော အမတ်လေးဦးက ဘုရင့်နောင်၏ မိဖုရားများကို တောင်ငူသို့ ပို့ရန် ကြံစည်ကြသည်။

သူပုန်ရန်ကို ကြောက်သောကြောင့် ဖြစ်သည်။ ထို မြို့စောင့်အမတ်များအနက် အငယ်ဆုံးဖြစ်သော တာနောအမတ်က -မင်းတရားကြီး အမိန့်မရဘဲ မိဖုရားများကိုရွှေ့ပြောင်းလျှင် ရာဇဝတ်ဘေး မလွတ်နိုင်၊ အင်းဝဘုရင်ဟောင်း စည်သူကျော်ထင်ကို တိုင်ပင်မှ ဖြစ်မည် ဟု ဆိုကာ စည်သူကျော်ထင်ထံသွားရောက်တိုင်ပင်သည်။

စစ်မတိုက်ရသည်မှာ ကြာမြင့်နေသော်လည်း စစ်သွေးစစ်မာန် ရှိသော စည်သူကျော်ထင်သည် ယခု သူပုန်များသည် အဆင့်နိမ့်သော မုဒိန်းတန္တမျှသာ ရှိသည်။

သူပုန်အကြီးစား မဟုတ်။ ဟုဆိုကာ မြို့စောင့်တပ်ကို ဦးဆောင်၍ နေပြည်တော်အနီး ဝန်းရံထားသော သူပုန်များကို ဝင်တိုက်သည်။မြို့ပတ်လည်မှ သူပုန်များသည် အစုစုကွဲကာ ပျက်သည်။ အသေအပျောက်များသလို အဖမ်းခံရသူလည်းများသည်။ သူပုန်များသည် ယာယီသစ်တပ်များသို့ ဝင်ပြေးသည်။

စည်သူကျော်ထင်လည်း သစ်တပ်များကို ဆင်ဖြင့် တိုက်ဖျက်ကာ ဝင်ရောက် သတ်ဖြတ်သဖြင့် သူပုန်များ တောထဲသို့ ဝင်ပြေးသည်။တောထဲသို့ ဝင်ပြေးသော်လည်း မလွတ်ပေ။ စည်သူကျော်ထင်သည် တောနင်းကာ လိုက်လံ တိုက်ခိုက်ပြန်သည်။

သူပုန်များသည် ဒလသို့ ထွက်ပြေးရသည်။ ထိုအချိန်တွင် ဘုရင့်နောင်မင်းကြီး ဇင်းမယ်မှ ပြန်ရောက်လာသည်။နေပြည်တော်အနီးရှိ ဓမ္မစေတီမင်းကောင်းမှုတော် စေတီများ၊ ကျောင်းကန်တန်ဆောင်းများ၊ သြင်္ကန်ရေသဘင်ဆင်နွှဲရာပြသာဒ်များကို သူပုန်တို့ မီးရှို့ထားသည်ကို မြင်လျှင် အမျက်ကြီးစွာ ထွက်ကာ နေပြည်တော်သို့ မဝင်တော့ဘဲ ဒလသို့ ချီသည်။

သူပုန်ခေါင်းဆောင် ၃၀ နှင့်ငယ်သားများကို လက်ရဖမ်းမိသည်။
ဘုရင့်နောင်မင်းကြီးသည် သူပုန်ရန်ကို နှိမ်နင်းပေးသော စည်သူကျော်ထင်ကို များစွာ ချီးကျူးသည်။ရွှေအတိပြီးသော ဆင်က ၊ မြင်းက များကို ဆုလာဘ်အဖြစ် ချီးမြှင့်သည်။

အေဒီ ၁၅၆၈ မတ်လ ၁၆ ရက်နေ့တွင်ကျင်းပသော ကမ္ဘောဇသာဒီ နန်းသစ်တက်ပွဲ၌ သစ္စာတော်ခံသုံ့ပန်းဘုရင် လေးပါးကိုဂုဏ်ပြုရာတွင် အင်းဝဘုရင် စည်သူကျော်ထင်သည် အခြား သုံ့ပန်းမင်းများဖြစ်သော မိုးဗြဲနရပတိ၊ ဇင်းမယ်ဘုရင် မေကုတိ၊ ယိုးဒယားဘုရင် မဟာချက္ကရာဖတ် တို့နှင့်အတူ ပါဝင်ခဲ့သည်။

စည်သူကျော်ထင်သည် ထက်မြက်သော်လည်း သမိုင်းမှတ်တမ်းတွင် မထင်မရှား ဖြစ်ရခြင်းမှာ တောင်ငူဘုရင် တပင်ရွှေထီးနှင့်
ဘုရင့်နောင်တို့ နှင့် ခေတ်ပြိုင် ပေါ်ပေါက်ခဲ့သောကြောင့်ဖြစ်သည်။

ထိုမင်းနှစ်ပါးသည် ဒုတိယမြန်မာနိုင်ငံတော်ကြီးကို စုစည်း တည်ထောင်ရာတွင် အဓိကပါဝင်ခဲ့သူများဖြစ်သဖြင့် နှောင်းလူများ၏ အထင်ကရ မှတ်တမ်းတင်ခြင်းကို ခံရသည်။

နောက်ဆက်တွဲ

စည်သူကျော်ထင်၏ သဘောထားကြီးမှုများစစ်ကိုင်းတွင် နန်းစံနေစဉ် ရန်သူဖြစ်သော အင်းဝဘုရင်ခုံမှိုင်းက မုနောလင်ပန်းဖြင့် ပို့သော ထမင်းပွဲကို သံသယမရှိဘဲ စားတော်ခေါ်သည်။

(မှူးမတ်များက ပြောသည့်အခါ စစ်တိုက်သည့်အခါ တိုက်သော်လည်း ချစ်ခင်မှုဖြင့် ပေးလာသည့်အခါ မငြင်းစကောင်းဟု မိန့်သည်)အင်းဝခုံမှိူင်းနှင့် စစ်တိုက်ရင်း ရန်သူသုံ့ပန်းဖမ်းမိသည့်အခါ ဒဏ်ရာများကို ဆေးကုပေးပြီး ပြန်လွှတ်သည်။

( နီးရာဓား ကြောက်ရသည့် ဒေသခံများကို စာနာသောကြောင့်ဖြစ်သည်။)အင်းဝတွင် နန်းစံနေစဉ် ရွာသူမတစ်ဦးက ယက္ကန်းစင်ဆောက်ရန် တွင်းတူးရာ ရွှေအိုးရသဖြင့် နန်းတော်သို့ လာဆက်သည်။

 

(စည်သူကျော်ထင်သည် ဘာသာတရားကိုင်းရှိုင်းသူဖြစ်ပြီး နေ့စဉ် နံနက်ပိုင်း၌ ဥဒေတယံ ဂါထာ တစ်ထောင်၊ညနေပိုင်း၌ အပေတယံ ဂါထာ တစ်ထောင် ရွတ်လေ့ရှိရာ ရွာသူမ ရွှေအိုးလာဆက်ချိန်၌ ဂါထာရွတ်နေချိန်နှင့် ဆုံကာ တွေ့ခွင့်မရလိုက်ပေ)

မှူးမတ်များက ရွှေတစ်ဝက်ယူထားပြီး တစ်ဝက်ကို ပြန်ပေးလိုက်သည်။စည်သူကျော်ထင် ဂါထာရွတ်ပြီးမှ လျှောက်တင်သည့်အခါ ရွှေများကို မယူဘဲ ရွာသူမကို အားလုံးပေးလိုက်သည်။

(သူမ၏ ကုသိုလ်ကံကြောင့် ရသည်ဖြစ်၍ မယူသင့်၊ မြို့ရိုးပတ်လည် ကျင်းတစ်ထောင် တူးသော်လည်း ကုသိုလ်ကံမရှိလျှင် မရနိုင် ဟု မှူးမတ်များကို မိန့်သည်)စိတ်သဘောထားနူးညံ့သဖြင့် မိဖုရားက စားတော်ထမင်းတွင် စပါးစေ့များ တမင်ထည့်ချက်စေသည်။

စပါးလုံးများသည်ဟု မင်းကြီးက ညည်းသည့်အခါ မိဖုရားက စားတော်ကဲကို ကွပ်မျက်သင့်သည် ဟုဟန်ဆောင် လျှောက်သည်။ထိုအခါ စည်သူကျော်ထင်က မသတ်ပါလင့်၊ အမှုထမ်းဟူသည် အရှင်မျက်နှာရအောင်သာ ပြုလိုကြသည်။ဆန်အနီးတွင် ကြက်များယက်၍ သာဖြစ်မည် ဟုဆိုကာ သည်းခံတော်မူသည်။

Credit

 

 

Leave a Reply

Your email address will not be published. Required fields are marked *