အင်္ဂလိပ်တို့ပင်အလေးပြုရသည့် စစ်သူကြီး မဟာဗန္ဓုလအကြောင်း

အင်္ဂလိပ်တို့ပင်အလေးပြုရသည့် စစ်သူကြီး မဟာဗန္ဓုလအကြောင်း

 

 

အထက်မြန်မာနိုင်ငံ အောက်ချင်းတွင်းနယ် တပယင်းတွင်
(ငပယင်းလည်း ဟူ၏) လယ်ယာကိုင်းကျွန်း လုပ် ကိုင်စားသောက်ရ၍ ပစ္စည်းဥစ္စာ ချို့တဲ့ရှာသော ဦးပေါက်တော ၊မယ်မိငြိမ်တို့မှ မောင်ရစ် ၊ မောင်အေး ၊ မယ်ဒုတ် ၊ မောင်မြတ်နေ တို့ကို မွေးဖွားရာ မောင်ရစ်ကား နောင်အခါ မဟာဗန္ဓုလ စစ်သူကြီးဟု ထင်ရှားကျော်စောသူ ဖြစ်လာလေသည်။

မောင်ရစ်၏ ဖွားသက္ကရာဇ်ကား ၁၁၄၄ ခု ၊ တန်ဆောင်မုန်းလဆန်း ၂ ရက် ၊ တနင်္လာနေ့ နံနက် တစ်ချက် တီးအချိန် ဖြစ်သည်။

ရန်ကုန်မြို့ ကွယ်လွန်သူ ဗေဒင်ဆရာ ဦးထွန်းငြိမ်းထံမှ ရသော ဇာတာပုံအရဖြင့် ကန်တွင် ၁-၂-၃-၆ ၊ တူ တွင် ၄ လ ၊ ဗြိစ္ဆာတွင် -၀ ၊ ဓနုတွင် – ၅ ၊ မိန်တွင် – ၈ တည်နေလေသည်။

ထိုဗေဒင်ကိန်းအရ မည်သည့် နေရာမဆို ပြုလုပ်ဆောင်ရွက်လျှင် ထူးထူးချွန်ချွန် သူများထက် ကဲလွန်အောင် ကောင်းသည့်နေရာ၌ လည်းကောင်း ၊ ဆိုးသည့်နေရာ၌ လည်းကောင်း ပြုတတ်၏။

အလွန် ထက် မြက် သော စိတ်လည်း ရှိတတ်၏။မောင်ရစ် ၁၃ နှစ်ကျော်ခန့်တွင် ဖခင် အနိစ္စရောက်လေရာ ဤလူမမည်သည် သားကြီးဖြစ်သည့်အလျောက် အမိ မုဆိုးမနှင့် ညီငယ် နှမငယ် များကို မိမိပင်လျင် ပင်ပန်းကြီးစွာ လုပ်ကိုင်ရှာဖွေ ကျွေးမွေးရ၏။ အမိကို အလွန်ရိုသေ၏။

 

အရွယ်ရောက်သော် အိမ်ထောင်ပြု၏။ ရှေးရှေး နှောင်းနှောင်း ယူသော မယားများကား မယ်ဟေမံ ၊ ရှင်မင်းဘူး ၊ မယ်သီလ သုံးယောက် ရှိကြောင်း သိရသည်။မယ်ဟေမံမှ မအိုဘူး ၊ မကြီးဘူး သမီးနှစ်ယောက် မွေးသည်။ ရှင်မင်းဘူးမှ မောင်ကျန်ကြီးကို ဖွားသည်။ မယ်သီလမှ မရွှေစု ၊ မတုတ်တုတ် ၊ဦးကြီး (ဦးမောင်ကြီး) ၊ ဦးချုံ ၊ ခင်ချစ်မယ် တို့ကိုဖွားသည်။

မစ္စတာကောက် ရေးသော ရာဇဝင်ဖတ်စာမှ ရသော ဓာတ်ပုံအရ ဦးမောင်ကြီးမှာ တပယင်းမင်းကြီး ဖြစ်သည်။ ကောလင်းမင်းသား၏ မြေး ဦးမောင်မောင်တင် မှတ်တမ်းအရ ဦးချုံမှာ တပယင်းဝန် ဖြစ်သည်။ ခင်ချစ်မယ်မှာ မင်းတုန်းမင်း တရားကြီး၏ ညီတော် အိမ်ရှေ့မင်း (ကနောင်မင်း)၏ကိုယ်လုပ်တော် ဖြစ်သည်။

မောင်ရစ်သည် အကြမ်းအတမ်းဘက် ၊ စစ်ဘက်၌ ဝါသနာပါ၍ ဘိုးတော် ဦးဝိုင်း၏မြေး အိမ်ရှေ့မင်း စစ်ကိုင်း မင်းထံမှာ ကိုယ်ရံတော်တပ်သား အဖြစ်နှင့် ဝင်ရောက် ထမ်းရွက်လေသည်။

ဤသို့ ထမ်းရွက်နေစဉ် ဓားရေး ၊ လှံရေး တို့၌ များစွာလေ့လာလျက် အရှင့်အမှုတော်ကို သက်စွန့် ကြိုးပမ်းထမ်းရွက် ၊ ရဲရဲရင့်ရင့် ရက်ရက်စက်စက် ပြုတတ်သောကြောင့် အိမ်ရှေ့မင်း အိမ်တော်ကို ဘီလူးစောင့်သည်ဟု လူတို့ ဆိုစမှတ် ပြုကြကုန်သည်။

အိမ်ရှေ့မင်း စစ်ကိုင်းမင်းသည် ၁၁၈၁ ခု၌ နန်းတက်ရ၏။ နောင်အခါ ဘကြီးတော် ဟုတွင်သည်။ မောင်ရစ်မှာ အိမ်တော် ပါကျွန် ဖြစ်၏။ အမှုတော်ကို သက်စွန့်ကြိုးပမ်း ထမ်းပါသော်လည်း ပေါ်ပေါ်ထင်ထင် မရှိ ၊ အချီးအမြှောက် မခံခဲ့ရလေ။

 

 

ယခု မိမိအရှင် ဘုရင်အဖြစ်၌ ထင်ပေါ် အချီးအမြှောက်ခံရအောင် ပြုအံ့ဟု တစ်နေ့ ညီလာခံ၌ မိမိနှင့်အတူ ခစားနေသော နန္ဒဗလ အမည်ရှိသော မင်းချင်းငယ် တစ်ယောက်ကို အကြောင်း တစ်စုံတစ်ရာ မရှိဘဲ ရုတ်တရက်ထ၍ ထောင်းထုလေ၏။ထိုအခါ မောင်ရစ်ကို ဖမ်းဆီး၍ ၎င်း၏ ထူးခြားသော အမူအရာကို စစ်ဆေးလေ၏။

လျှောက်သည်ကား ” မှန်လှပါ ၊ ထားလျှင်လည်း ရှင်ရမည် ၊ သတ်လျှင်လည်း သေရမည် ၊ ကျွန်တော်မျိုးသည် အမှုတော်ကို သက် စွန့်ကြိုးပမ်း ထမ်းရွက်လာသည်မှာ ကြာလှပါပြီ ဖြစ်သော်လည်း ထင်ထင်ပေါ်ပေါ် မရှိ ၊ အချီးအမြှောက် မခံရပါ သောကြောင့် အရှင့်ရှေ့တော်၌ ထင်ပေါ်လို၍ ဤသို့ပြုမူခြင်း ဖြစ်ပါကြောင်း လျှောက်ဝံ့ပါသည် ဘုရား ” ဟု ရဲဝံ့စွာ လျှောက်လေ၏။

 

ဘကြီးတော်လည်း များစွာနှစ်သက် သဘောကျတော်မူ၍ သံတော်ဆင့် အရာကို ပေးတော်မူသည်။ ထိုအခါ အသက် ၃၇ နှစ်ရှိပြီ။ထို့နောက် မကြာမီ အလုံဝန် ခန့်တော်မူသည်။
၁၁၈၁ ခုတွင် မဏိပူရ မကျိုးနွံ၍ ဤအလုံမြို့ဝန်ကို ကြီးကြပ်စေလွှတ် တိုက်ခိုက်စေ၏။ အမှုတော်ကို နာမည်ရလောက်အောင် ကျေပွန် ချောမောစွာ ဆောင်ရွက်ခဲ့၍ ပြန်ရောက်သောအခါ ‘ မဟာဗန္ဓုလ ‘ ဟူသော ဘွဲ့ကို ရလေသည်။

၁၁၈၃ ခုတွင် အာသံစော်ဘွား မကျိုးနွံ၍ မဟာဗန္ဓုလကို စေလွှတ်နှိမ်နင်းစေသည်။ စော်ဘွားကို နန်းချနှင်ထုတ် ၊ အာသံကို သိမ်းလေသည်။ ၁၁၈၄ ခုတွင် ပြန်ရောက်ပြီးနောက် အဂ္ဂမဟာ သေနာပတိဝန်ကြီး ခန့်တော်မူသည်။

၁၁၈၅ ခု ရခိုင်ပြည် ရှင်မဖြူကျွန်းသို့ စစ်တကောင်းတို့ လာရောက် အလံစိုက်သည်ကို နုတ်ပစ်မှုကစ၍ အင်္ဂလိပ်တို့နှင့် အချင်းဖြစ်ပွားရာ ဘင်္ဂလားအထိ သိမ်းပိုက်ရန် မဟာဗန္ဓုလ ကြီးမှူး၍ ရခိုင်သို့ ချီရသည်။ ဤသို့ချီစဉ်က ‘ ဗိုလ်မှူးဝန်ကြီး သတိုးမင်းကြီး မဟာဗန္ဓုလ ‘ ဟု ဘွဲ့တပ်တော်မူသည်။

ရောက်ပြီးနောက် ဂေါ်တော့ပလ္လင်အထိချီ၍ တိုက်ခိုက် စစ်ရေးသာနေလေသည်။ ဤအတောအတွင်း အင်္ဂလိပ်တို့က ရန်ကုန်သို့ ပင်လယ်လမ်းက လှည့်သွား၍ တိုက်ခိုက် သိမ်းယူလေသဖြင့် အထက်သို့ မတက်နိုင် အောင် ကာကွယ်နိုင်ရန် အမိန့်တော်နှင့် ပြန်ခေါ်သောကြောင့် မဟာဗန္ဓုလ ပြန်လာရလေ၏။

ဤသို့ တပ်ပြန်၍ သိမ်းခဲ့ရာ၌ မလွယ်ကူချေ။ တပ်ကို အစုစုခွဲ၍ ဧရာဝတီသို့အရောက် တစ်လမ်းစီ လာကြပြီးသော် ဓနုဖြူ၌ဆုံရန် အမိန့်ပေး ခဲ့၏။ လမ်း၌ လူအသေအပျောက် အလွန်များပြားစွာ၏။

ဤသို့ ပြန်ရောက်ကြသော် ၁၁၈၆ ခု ၊ ကဆုန်လတွင် ရန်ကုန် ကြည့်မြင်တိုင် (ကြေးမြင်တိုင် ဟု ရှိသင့်သည်) တို့၌ လာရောက် တိုက်ခိုက်ကြ ရ၏။ အင်္ဂလိပ်များက ရွှေတိဂုံကုန်းတော်ကို အခြေပြု၍ တိုက်၏။ ထိုသက္ကရာဇ် တော်သလင်းလပ ဘုရင်က ပြန်ခေါ်၍ ‘ သတိုးသုဓမ္မ မဟာဗန္ဓုလ ‘ ဘွဲ့တော်နှင့် စစ်သူကြီး အရာကို ထပ်မံချီးမြှင့်၍ စစ်တောင်းမြို့ကို ပေးတော်မူသည်။ နောက် ရန်ကုန်သို့ ပြန်လာရ၏။

ထိုသက္ကရာဇ် ပြာသိုလတွင် မြန်မာတို့ အရေးနိမ့်၍ ရန်ကုန်က ခွာပြီးလျှင် ဓနုဖြူသို့ ရွှေ့ခဲ့ရ၏။ ဓနုဖြူသို့ရောက်သော် ကြီးကျယ်ခိုင်ခံ့သော ခံတပ်များကို နှစ်လတိတိ ဆောက်တည် ပြင်ဆင်လျက် နေ၏။ ဤအခါ မြန်မာတို့မှာ စစ်သား ၁၀,၀၀၀ ကျော်လောက်သာ ရှိတော့သည်။

အင်္ဂလိပ်တို့က ခံတပ်မြောက်ဘက်တွင် တပ်စွဲနေ၏။ အင်္ဂလိပ်ရေတပ်ကမူကား ဓနုဖြူအောက်နားက ကျောက်ချနေ၏။
၁၁၈၆ ခု ၊ နှောင်းတန်ခူးလဆန်း ၁၄ ရက် (၁၈၂၅ ခု ၊ ဧပြီလ ၁ ရက်နေ့) နံနက်တွင် အင်္ဂလိပ်တပ်က ဗုံးအမြောက်ဖြင့် ကြဲပစ်လေသည်။ မြန်မာတို့က အတန်ငယ်သာ ပြန်၍ ပစ်ခတ်နိုင်လေတော့၏။

နံနက် ၉ နာရီလောက်တွင် ဗန္ဓုလသည် မိမိ ကြည့်ရှုစီမံနေကျအတိုင်း တပ်ကို လှည့်၍ ကြည့်ရှုလာရာ မျှော်စင်သို့ရောက် ၍ ခေတ္တထိုင်နားလျက် အချို့ ဗိုလ်မှူးတို့အား အမိန့်ပေးနေစဉ် အင်္ဂလိပ်တပ်မှ ဗုံးဆန်တစ်ခု အနားသို့ ကျရောက်ပေါက်ကွဲ ထိမှန်လေသဖြင့် ပွဲချင်းပြီး အနိစ္စရောက်လေ၏။

အလောင်းကို ချက်ချင်းသင်္ဂြီုဟ်လေသည်။ အရိုးကိုယူ၍ မလွန်တွင် အရိုးအိုးစေတီ တည်သည်ဟု အင်္ဂလိပ်တို့ မှတ်တမ်းတွင် တွေ့ရသည်။စစ်သူကြီးကျလျှင် ညီ မင်းထင်မင်းခေါင်ကို အုပ်ချုပ်ရန် အပ်နှင်းကြသော်လည်း လက်မခံဘဲ ထွက်ပြေးသည်။

 

တပ်ကစဉ့်ကလျား ဖြစ်၍ ပျက်လေသည်နှင့် အင်္ဂလိပ်တို့က အလုံးစုံ သိမ်းလေသည်။ ထွက်ပြေးလာသော မင်းထင် မင်းခေါင် ကိုလည်း ဤသို့ ပြုရာသည်လောဟု ဘုရင်က ကွပ်မျက်လိုက်လေ၏။

 

ဤသို့လျှင် မဟာဗန္ဓုလသည် အသက် ၄၂ ကျော် ၄၃ နှစ်အတွင်း၌ အနိစ္စရောက်ရလေသည်။ အရပ်မြင့်မြင့် ၊ နားထင်ကျယ်ကျယ် ၊ အချိုးအစား ကျန၍ သန်စွမ်းသန်မာသည်။
အသား အတန်ပင် ညိုသည်။ မျက်စိ စပါးကြည့် ရှိသည်။ စစ်ကိုင်းမင်းထံ ခစားစဉ်က ‘ မောင်မင်းမျက်စိ စောင်းယောင်တကား ‘ ဟု မိန့်တော် မူသည်ကို ” မှန်ပါ ၊ သည်မျက်စိမျိုးမှ တိုင်းပြည်ကို ကြည့်နိုင်ပါသည် ” ဟု ပြန်လျှောက်ဖူးသော ဟူ၏။

အရည်အချင်းနှင့် ပြည့်စုံစွာ၍ ဘွဲ့အမည်များစွာ ရသည်။
(၁) ငယ်မည် မောင်ရစ် ။
(၂) အသက် ၃၇ နှစ်တွင် ဗြဲတိုက်သံတော်ဆင့် ဖြစ်သည်။
(၃) နောက် အလုံမြို့ဝန် ဖြစ်သည်။

(၄) မဏိပူရကို အောင်ခဲ့၍ ပြန်လာသောအခါ ‘ မဟာဗန္ဓုလ ‘ ဘွဲ့ကို ရသည်။
(၅) အာသံကို နိုင်ခဲ့၍ အပြန်တွင် အဂ္ဂမဟာ သေနာပတိ ဝန်ကြီး ခန့်တော်မူသည်။

(၆) ရခိုင်သို့ ချီခါနီး၌ ‘ ဗိုလ်မှူးဝန်ကြီး သတိုးမင်းကြီး မဟာဗန္ဓုလ ‘ ဘွဲ့ ထပ်၍ရသည်။
(၇) နောက်ဆုံး အင်္ဂလိပ်နှင့် တိုက်နေစဉ် ‘ သတိုးသုဓမ္မ မဟာဗန္ဓုလ ‘ ဘွဲ့ စစ်သူကြီးအရာ စစ်တောင်းမြို့ တို့ကို ရသည်။

ဤစစ်သူကြီးမျိုး ရှားပေသည်။ ရိုသေသင့်သူကို ရိုသေ၍ ဝတ္တရားကို ကျေပွန်စွာ ဆောင်ရွက်လေ့ရှိ၏။ သစ္စာကြီး၏။ ဆင်းရဲနွမ်းပါးရှာသော အမိမုဆိုးမနှင့် ညီငယ်တို့ကို မိမိသည် သားကြီး ဖြစ်သည့်အတိုင်း အသက် ၁၃ နှစ် ၊ ၁၄ နှစ် ရွယ်ကပင်စ၍ ပင်ပန်းစွာ လုပ်ကျွေးခဲ့ရ၏။ အမိကို အထူးသဖြင့် ရိုသေ၏။ အမှုတော်ကို ထမ်းစဉ်ကလည်း ခိုကတ်ခြင်း မရှိ ၊ စိတ်ပါလက်ပါ အလွန်ကျေပွန် ကောင်းမွန်စွာ ဆောင်ရွက်ပေ၏။

ရဲရင့်ခြင်းလည်း ရှိ၏။ မိမိကိုယ်ကို ထင်ပေါ်စေလို၍ အခြား မင်းချင်းတစ်ယောက်ကို ထ၍ ထောင်းထုသည်မှာ သူရဲဘော နည်းသော သာမည လူတို့၏ ပြုမူခြင်း မဟုတ်ပေ။ မဏိပူရ ၊ အာသံ ၊ စစ်တကောင်း ၊ ရခိုင် ၊ ရန်ကုန် ၊ ဓနုဖြူ စစ်ပွဲတို့တွင် တွန့်ရွံ့ခြင်း မရှိ ၊ မိမိသာလျှင် ရှေ့က တက်လေ့ရှိ၏။

အချို့က ဗန္ဓုလ ရက်စက်သည်ဟု ပြောကြသည်။ ဤသို့ ရက်စက်သည်မှာ အလုပ်ဝတ္တရားကြောင့် လည်းကောင်း ၊ ခေတ်ကာလအလျောက် ဓလေ့ထုံးစံကြောင့် လည်းကောင်း ဖြစ်ရ၏။ ဝတ္တရား မကျေပွန်သော တပ်သားကို မိမိကိုယ်တိုင် တစ်ခါတစ်ရံ နှိပ်ကွပ်ခြင်း စသည်တို့မှာ စစ်သားတို့သည် နည်းစနစ်ကျန ၊ ဝတ္တရားမပျက် ကြိုးစားလေအောင် ဤသို့ပြုမှပင် ဖြစ်တော့မည့် ခေတ်အခါ ထုံးစံလည်း ရှိလေသည်။

 

အပြစ်အလျောက် နောက်လူတို့ သတိရစေရန် ပြုလုပ်ခြင်းလည်း ဖြစ်လေသည်။ သက်သက်စော်ကား မတရားပြုသည် မဟုတ်ပေ။စင်စစ်သော်ကား ဤစစ်သူကြီး သဘောထားမသေးချေ။ ရန်ကုန်စစ်ပွဲ၌ အင်္ဂလိပ်တို့က မြန်မာသုံ့ပန်းများကို ဆေးရုံတွင်ထား၍ ကောင်းစွာ ပြုစုကုမသည်ဟု ကြားလျှင် အင်္ဂလိပ် သုံ့ပန်းများကို ညှဉ်းဆဲကလူ မပြုဘဲ ကောင်းစွာ ကုသကြည့်ရှုရန် ဗန္ဓုလက အမိန့်ပေးလေသည်။

.ဓနုဖြူတွင် အရေးပျက်ရသည်မှာ အကြောင်းမညီညွတ် အခွင့်မသာသောကြောင့် ဖြစ်ရသည်။ အထက်က စစ်ကူများလည်း မရောက် ၊ ရခိုင် ၊ စစ်တကောင်း ကတစ်ဆင့် ကူးခဲ့ရသဖြင့် စစ်သည်များ အလွန်ပန်းနေလေပြီ။ စစ်သည် အရေအတွက်မှာလည်း များစွာ လျော့သွားလေပြီ။ တစ်ဖန် မြစ်ကျဉ်းသောနေရာက ခံတပ်မပြုဘဲ မြစ်ကျယ်သောနေရာက ခံတပ်ပြုမိလေသည်။ ဤသည်တို့ကြောင့် အရေးမလှ ရှိရသည်။

တစ်ကြောင်းလည်း ဗန္ဓုလ ကျဆုံးရခြင်းမှာ ရေတိမ်တွင် နစ်သကဲ့သို့ ရှိသည်။ တပ်ကို လှည့်လည်ကြည်ရှုနေစဉ် ဗုံးထိ၍ ရုတ်တရက် ကျဆုံးရသည်။ မကျရှုံးပါမူကား မနိုင်သော်လည်း မရှုံးဟု ထင်ဖွယ်ရှိသည်။အထူးသဖြင့် ထိုနောက်ဆုံးအချိန်၌ ကျွန်ုပ်တို့၏ စစ်သူကြီးသည် မည်ကဲ့သို့ သဘောထား မြင့်မြတ်ပုံ ၊ မည်ကဲ့သို့ မြွက်ဆိုသွားပုံများကို အောက်တွင်ပါသည့်အတိုင်း မှတ်သားသတိပြုရာသည်။

 

” ငါတို့မှာ အကြောင်းမညီညွတ်သဖြင့် အရေးတို့သည် ပျက်ယောင်တကား။ သို့ပင်ဖြစ်စေကာမူ ငါတို့သည် သတ္တိကိုလည်းကောင်း ၊ ဝီရိယကို လည်းကောင်း မလျှော့အပ်ချေ။ မြန်မာတို့၏ ဂုဏ်ကို ငါတို့ ဆယ်ရမည်။ ထိုမှတစ်ပါးလည်း မြန်မာပြည်ဖွား စစ်သူကြီးသည် သေသင့်သည့် နေရာ၌ မတွန့်တို သေဝံ့ခဲ့ကြောင်းကို ငါတို့သည် ထင်ရှားစေအံ့ ”
” တစ်ကြောင်းလည်း စစ်သူကြီးရှိလျက် အရေးပျက်သော် ရာဇဝင်ညှိုးရာသည်။

စစ်သူကြီး ကျဆုံး၍ အရေးပျက်သော်ကား မြန်မာတို့ကို လည်းကောင်း ၊ အသင်စစ်သားတို့ကို လည်းကောင်း အပြစ်ဆိုကြလိမ့်မည် မဟုတ်။ အပြစ်ဆိုဖွယ်ရာလည်း မရှိတော့ချေ။ သို့ကြောင့် ငါသည် မြန်မာနိုင်ငံ၏ ဂုဏ်ကို ဆယ်ခဲ့ပေအံ့ ၊ အမွမ်းလည်း တင်ခဲ့အံ့။ အသင်တို့လည်း ယခု ငါ စွန့်စားသကဲ့သို့ ရဲရင့်တည်ကြည်စွာနှင့် အရေးအရာ ရှိက မတွန့်မတို စွန့်စားကြရန် ငါသည် လက်ငင်းအမှန် ပုံစံပြခဲ့ပေတော့အံ့။

လိုက်နာကြပါကုန်လော့ ” ဟု စိတ်ထားဖြင့် လည်းကောင်း ၊ ပြောဆိုခြင်းဖြင့် လည်းကောင်း ၊ ပြုမူခြင်းဖြင့် လည်းကောင်း အသက်ကို စွန့်လျက် အဓွန့်ကြာရှည် အမြဲတည်အောင် ဤမြန်မာပြည်၏ အကျိုးကို သယ်ပိုးဆောင်ရွက်သွားခဲ့ ရှာလေသတည်း။

စစ်သူကြီး မဟာဗန္ဓုလဘွဲ့လေးချိုးကြီး(စာဆိုတော် ဦးမင်း ရေးစပ်သည်။)တောင်ခပဲတင်မှ ၊ အောင်ပွဲတော်သစ်လို့ ၊ ကျော်ရစ်စေ ပေါ်ထွန်းတဲ့ မော်ကွန်းပုံ။

မြေမိုးငယ်စောင်းတောင် ၊ ဗိုလ်ခြေငယ်ဆောင်သည် ၊ အခေါင်သမ္ဘိန် ကျည်းနှင့် ကြိမ်ဟု ၊ ကလိင်္ကရာဇ်သို့ ၊ သည်စစ်ကို ဖြစ်ဖြစ်ကယ်ညက်ကျေ ၊ နန္ဒိသေလို ။ အောင်မြေသိဉာဏ် ၊ သူ့ထက်ကယ် သန်တော့တယ် ၊ ဆဒ္ဒန်ရ ကျိန်ဝင်မှာ ၊ ရုံးညာတင် သေနဂုတ်ပေမို့ ၊ ချုပ်တိုင်းအောင် ဖန်များပါဘိ ၊ ခြားသန့်တစ်ဂုဏ်။

ဆယ့်နှစ်ဖြာငယ် ၊ ဘင်္ဂါဘိလပ် ၊ ကာလကတ်ကို ၊ အမှတ်ကယ်နွံရုံ ၊ ချိုးခဲ့တုံမှ ၊ တိဂုံ ဒလ ၊ မုခ်သုံးဝမှာ ၊ မိစ္ဆာ့အယူ ၊ ကုလားဖြူကို ၊ လွယ်ကူသုံ့ပန်း ၊ ရွှေလက်ရ ဖမ်းမယ်လို့ ၊ အောင်ခန်းစံတည် ၊ မင်းဝံပြည်က ၊ ဇာနည်ကြီးနောင် ၊ ညာရုံးတော်ထောင်ဆဲမို့ ၊ အောင်ပွဲဘုံမှာ ၊ ဝသုန်မြေလေးလို့ ထူးပါဘိ။

 

ဒေဝါငယ်ဒေ၀ ၊ အာဠာဝကနှင့် ၊ ယက္ခကုမ္ဘဏ် ၊ အတန်တန်လည်း မာရ်ပုဏ္ဏက ၊ မျက်ရှိန်ပြက ၊ ကြောက်ရသောတွင် ၊ ရာတပြင်မှာ ၊ တိုက်ဆင်သန်ကြွား ၊ ခြောက်ဆယ်အားနှင့် ၊ ဗိုလ်များမြုတေ ၊ ပင်လယ်ဝေအောင် ၊ တက်နေနှုန်းတူ ၊ ရွှေဘုန်းတော်ကြူခိုက်မို့ ၊ ဇမ္ဗူတိုက်ခရိုင်မှာ ၊ စစ်မြေပိုင် ဘုရင့်သီးပေမို့ ထီးဓိပတိ။

 

Credit

 

Leave a Reply

Your email address will not be published. Required fields are marked *