ကနောင်မင်းသားကြီး လုပ်ကြံမခံရမီက ကြိုတွေ့ခဲ့ရသော နိမိတ်များ

အတိတ် နိမိတ်ဆိုတာ မြန်မာလူမျိုးများနဲ့ မစိမ်းတဲ့အရာဖြစ်ပါတယ်။ ရှေးအစဉ်အဆက်ယုံကြည်ခဲ့ကြသလို ယခုတိုင်အောင်ယုံ ကြည်နေကြသူ အများအပြားရှိပါတယ်။ အတိတ် ဆိုသည်မှာ ဖြစ်ခဲ့၊ ဖြစ်ဆဲသော အခြင်းအရာတို့ဟာ နောက် တစ်ချိန်တွင် တစ်ကျော့ပြန်ဖြစ်နိုင်တယ် ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။

နိမိတ် ဆိုတာကတော့ နောက်ဖြစ်လာမယ့် အကြောင်းကို ကြိုတင်၍ပြတဲ့ အဓိပ္ပါယ်ပါ။ ဥပမာ တခုခုကျကွဲတာမျိုး၊ စိတ်တွေလေး နေတာမျိုး ဆိုလျင် ဒီနေ့တော့ အဆင်မပြေတာ တခုခုဖြစ်ဦးမယ်လို့ ထင်တတ်ကြသလို ၊ ဘုရားအလောင်း က သူအို၊ သူနာ၊ သူသေ၊ ရဟန်း စတဲ့ နိမိတ်ကြီးလေးပါကို မြင်သလို စတာတွေဟာ နိမိတ်ပါ။

ဒီလိုနိမိတ်ကို မယုံတာကြောင့် သူ့ခေတ်သူ့အခါက ခေတ်မီပညာရှင်လို့ ဆိုရမယ့် အိမ်ရှေ့မင်းသားကြီးတစ်ပါး အသက်ဆုံးခဲ့ရပါတယ်။နိမိတ်ကို မယုံ၍ အသက်ဆုံးရှုံးခဲ့ရသော အိမ်ရှေ့စံဆိုသည်မှာ စက်မှုမြန်မာနိုင်ငံကိုတည်ထောင်ရန် ကြိုးစားခဲ့သူ ၊ မင်းတုန်းမင်းတရားကြီး၏ ညီတော် ကနောင်မင်းသားကြီး ဖြစ်သည်။

ကနောင်မင်းသားကြီးသည် မန္တလေးတောင်ခြေရှိ မဟာလောကမာရဇိန်ဘုရား (ကုသိုလ်တော်ဘုရား) ပရိဝုဏ်အတွင်းတွင် နောင်တော်ဘုရား နှင့် အစ်မတော်ဘုရားတို့ ပိဋကတ်တော်ကျောက်ထက် အက္ခရာတင်ရေးကိစ္စကို ကြီးကြပ်ရန်ရောက်ရှိနေမည် ဖြစ်သဖြင့် ထိုနေရာသို့ နံနက်စောစောသွားရန် ခပ်သုတ်သုတ်ပြင်ဆင်ခဲ့သည်။

ပြင်ဆင်ပြီး အိမ်တော်မှ အဆင်း အိမ်တော်အောက်ဘက်သို့ ရောက်သည်နှင့် လှိုင်ထိပ်ခေါင်တင်မင်းသမီးက

” မောင်တော်ဘုရား ဒီကိစ္စအတွက် မသွားပါနဲ့လား” ဟူ၍ လက်အုပ်ချီ၍ လျှောက်သည်။ အိမ်ရှေ့စံက နောက်လိုက်နောက်ပါများရှေ့တွင် ဖြစ်၍ “လှိုင် သတိထားလေ ။ ဘယ်လိုကြောင့် ခုလိုတားဆီးနေရတာလဲ” ဟု အမေးတော်ရှိလိုက်သည်။

ထိုအခါ လှိုင်မင်းသမီးက-

“နှမတော်ရဲ့ အိပ်မက်ထဲမှာ မောင်တော့်ဗောင်းတော်ပြုတ်ကျတယ်လို့ မြင်ပါတယ်။ ပြီးတော့မောင်တော့်ဦးခေါင်းတော်ရိပ်ကိုလည်း မမြင်ပါ။ အတိတ် နိမိတ်မကောင်း၍ မသွားဖို့ တားရခြင်းဖြစ်ပါတယ် ဘုရား” လို့ ပြန်လျှောက်သော် ကနောင်မင်းသားလည်း-

” နှမတော် ညက မအိပ်နိုင်လို့ အမြင်တွေမှောက်မှားနေတာ ဖြစ်မှာပါ။ စိတ်အေးအေးထားပါ နှမတော် ။ မောင်တော်ဘာမှမဖြစ်နိုင်ပါဘူး ။ နောင်တော့်ဆီကို မောင်တော်မသွားလို့ မဖြစ်ဘူး။ လှိုင်လည်းအိမ်ပေါ်တက်တော့ ၊ မောင်တော်လည်း ဆင်တော်ပေါ်တက်တော့မယ်၊

မောင်တော့်ကို လုပ်ကြံသတ်ဖြတ်နိုင်မယ့်သူ မမွေးသေးဘူးလို့ သာမှတ်” ဟူ၍ ပြောဆိုကာ ကြွမြန်းလာခဲ့ပါသည်။တစ်ဖတ် လမ်းခုလတ်ရှိ ချောင်းတစ်ချောင်းကို ဖြတ်ကူးရာ ဗောင်းတော်ကျွတ်ကျသဖြင့် လိုက်ပါလာသော ပညာရှိအမတ်တို့က-

“ကိုယ်တော်ကြီးဘုရား …ဗောင်းတော်ကျွတ်ကျသည်မှာ မကောင်းသော ပုဗ္ဗနိမိတ်ဖြစ်ပါသည်။ ရှေ့ဆက်သွားရန် မသင့်တော်ပါ။ နောက်သို့သာ ပြန်လှည့်သင့်ပါသည် ဘုရား” ဟူ၍ ဝိုင်းဝန်းလျှောက်တင်ကြ၏။ သို့ရာတွင် ကနောင်မင်းသားကြီးမှာ ယုံကြည်မှုမရှိဘဲ တားသည့်ကြားမှ သွားဖြစ်အောင်သွားခဲ့သောကြောင့် ကြိုတင်ကြံစည်ထားသော မြင်ကွန်း ၊ မြင်းခုံတိုင်မင်းသားတို့၏ လက်ချက်ဖြင့် လုပ်ကြံ သတ်ဖြတ်ခြင်းကို ခံခဲ့ရရှာသည်။

ကျွန်တော်တို့နေထိုင်သော ကမ္ဘာကြီးမှာ တောင်ကျွန်းဖြစ်သည်ဟု မှတ်သားရသည်။ ဇဗ္ဗူဒိပ် နိမိတ်ထွန်း ဟူသောစကားနှင့် အညီ နိမိတ် ၊ တဘောင် ၊ စနည်း ၊ ဘဝေါ တို့မှာ ရှေးအစဉ်အဆက် သာဓကများ ရှိခဲ့ပေရာ မယုံလို့လည်းမရ ။ ရှေ့ပြေးကြိုတင်ထင်မြင်လာသော ပုဗ္ဗနိမိတ်သည်ကား မှန်ပဲ မှန်နိုင်လွန်းလေစွ။

Credit : Thutazone

Likes:
0 0
Views:
1623
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *