လက်ဖွဲ့ငွေ

အဟင်း မင်္ဂလာတော့ဆောင်ပြီးပြီ ချစ်ပါတယ်ကြိုက်ပါတယ်ဆိုတဲ့ ကိုရင်ဖိုးထောင်နောက် ကောက်ကောက်ပါအောင်တော့လိုက်လာပြီ။ “ခင်တုတ်ရေ..စိတ်မပူနဲ့ စိတ်မပူနဲ့ ညည်း “လင်ကံ” ကောင်းမှာပါ”ဒါကတော့ ခင်တုတ်သူ့ဘာသာသူ အားပေးလိုက်ခြင်းဖြစ်သည်။”ကိုရင်ဖိုးထောင် ရှင်ရေမချိုးဘူးလားတော့”

“အေးဆေးပေါ့ အတုတ်ရယ် “”ရှင်အဲ့သလိုကြီး ကျုပ်မခေါ်ပါနဲ့လား အသည်းယားပြီး ကြက်သီးထလို့ပါတော်”ခင်တုတ်သူပခုံးသူ လှုပ်၍ ကြက်သီးထသယောင် လုပ်ပြလိုက်လေတော့ “အဟင်း ခင်တုတ်ရယ် မင်းမလဲ ခင်တုတ်သာ ပြောတယ် အရိုးချည်းပဲ အရိုးချည်း”

“သမီးရည်းစား ဘဝကတော့ မင်းခန္တာကိုယ်လေးက ကြားရိုးလေးလိုပါဆို အခုကျ လေသံက ပြောင်းလို့ပါလားတော့””အယ် ဒါကတော့ ၊ နာမည်တခြား လူတခြားမို့ ကြုံလို့ပြောပြာယုံပါ မိန်းမရယ် “”ဒါက ကျုပ်အမေပြောဖူးတယ်တော့ ၊ ငယ်ငယ်က ဖြူဖြူတုတ်တုတ်လေးမို့ ခင်တုတ်လို့ပေးခဲ့တာတဲ့ ၊

ရှင့်ကျ ဖိုးထောင်လို့ဘာကြောင့် ရှင့်အမေ ဒွေးလေး တင်မြိုင်က ပေးခဲ့တာလဲ””ဒါကတော့ အဟင်း” ကိုရင်ဖိုးထောင်ခေါင်းလေးအသာကုပ်လို့ စဥ်းစားရခက်သလိုလုပ်နေပြီးမှ….”အမ်း ဒါကတော့ ခင်တုတ်ရယ် ငယ်ငယ်က သူများကလေးနဲ့မတူ စောစောစီစီး ထပြီးထောင်နိုင်လို့ အဲလေ ထိုင်နိုင်တာကိုပြောတာ ဒါကြောင့်ဖိုးထောင် လို့ပေးခဲ့တာနေမယ်”

“ဒါဆို ဖိုးထိုင်ဖြစ်ရမှာလေ ဘယ်နှယ့်ဖိုးထောင်တုန်း ကဲထားပါ၊ ရှင်ရေချိုးတော့လေ””နောက်နေ့မှ ချိုးပါမယ် ခင်တုတ်ရယ် ၊ ဒီနေ့မင်္ဂလာပွဲကြောင့် ငါပင်ပန်းနေပြီ””သမီးရည်းစားဘဝ ကောက်ရိုးပုံဘေးမှာပြောတော့ ရေမချိုးရတဲ့ နေ့ဆို မသိုးမသန့် ဖြစ်လို့ မနေတတ်ဘူးဆို””ဒါကတော့ အဟင်း၊ “”ကဲပါရှင်မချိုးလည်း ကျုပ်တော့ သွားချိုးမယ် ၊”ပြောပြောဆိုဆို ရေနှစ်ထမ်းပုံးကြီးကိုထမ်း၍ ရေချိုးကန်သို့သယ်သွားသောခင်တုတ်အား ဖိုးထောင် ပါးစပ်အဟောင်းသားဖြင့် ကြည့် နေမိတော့သည်။

ပြီးတော့ လှမ်းအော်ပြောလိုက်သည်က”ဟဲ့ခင်တုတ် သမီးရည်းစားဘဝကညနေရေခပ်ဆင်းချိန်တိုင်း သယ်တဲ့ ရေသန့်ဘူးသေး ငါးဘူးဖြည့်တောင် မပြည့်တဲ့ အိုးလေးကျ သယ်ရင် လက်တွေရဲလာလို့ဆို၊ အခုကျ ဘယ့်နှယ့်ကြောင့် ၊ ရေထမ်းပုံးကြီးသယ်သွားတာများ ဂျက်မ ပေါင်ထဲ ကြောင်မျက်ရှင်ကြီး ထည့်ထား တဲ့အတိုင်း ပေါ့နေရတာတုန်းဟဲ့”

“အဟင်းဒါတော့ရှင်”————”စားစား ကိုရင်ဖိုးထောင် ရေ ၊ မင်္ဂလာထမင်းလေးကျန်တာ ကျုပ်တို့နှစ်ယောက် အဝတွယ်လိုက်ကြရအောင်””ကောင်းပါ့ ခင်တုတ်ရယ် ကောင့်ပါ့” စားနေစဥ် ကွမ်းတစ်ယာ ညက် လောက်တွင်…..ကိုရင်ဖိုးထောင် ထပ်မံအံ့ဩရပြန်သည်။

“ခင်တုတ် သမီးရည်းစား ဘဝကတော့ ငါ့ဝယ်လာတဲ့ ရွာထိပ်က မပုမဆိုင်က ဇီးထုပ်လေး နှစ်ထုပ်လောက်စားရင်ကို ဗိုက်ဝပြီ ဗိုက်ဝပြီ တဲ့ အမလေး အခုများတော့ နို့ဆီဘူး နှစ်လုံးလောက်ကို မှ လက်မှာ ကပ်နေတဲ့ ထမင်းတောင် လျှက်နေလိုက်သေး သဗျ””ကြောင်စာပါတော့ ကြောင်စာလောက်ပဲစားတာပါတော်””အင်း ကြောင်စာပါဗျာ ကြောင်စာ ၊ ဆန္ဒန်ဆင်မင်းကို ခုန်ပြန်ကျော်လွှားပြီးခုတ်မယ့် ကြောင်နေမယ်ဗျာ”————”မင်္ဂလာ လက်ဖွဲ့ကို ကျုပ်တို့ ဘက်ကို ပေးရမယ်နော် ကိုရင်ဖိုးထောင် “”ဘာကွ ၊ မင်္ဂလာစားရိတ် ကို ငါ့ဒွေးလေး ခင်မြိုင် နွားတစ်ရှဥ်း ပေါင် လုပ်ပေးရတာကွ၊ အခုတောင် ရှုံးမလား မြတ်မလားမသိ””ဟယ် အဲ့တာမျိုးဘယ်မှာရှိသလဲဟင် ၊

မင်္ဂလာဆောင်ရင် သတို့သမီးဘက် တင်တောင်းတဲ့သဘောမျိုး အကုန်ပေးရတာ ရှင်တို့ ညောင်ပင်သာ သားတွေ မသိရော့လေသလား””မင်္ဂလာ ဆောင်စရိတ်ထုတ်ပေးတဲ့သူက ရသင့်တယ်ဆိုတာလည်း မခင်တုတ်တို့လို့ ဇီးကုန်း ရွာသူတွေ မသိရော့လေသလား””အမယ်လေး ကပ်ပြောနေလိုက်တာ ၊ အမေပြောတာ မှန်ချက်တော် ၊ ယောကျ်ားတွေများ မရခင် ဖျာလိုလိပ်ငယ်ထိပ်ပေါ်တင်၊ ရပြီးရင်တော့ ဖျာလိုတန်းခင်းပြီးအသားကုန်ကို နင်းတာတဲ့၊ အမေရေ ကျုပ်တော့ လင်ရွေး မှားပြီ တော့””ခင်တုတ်နင်တို့ မိန်းမတွေလည်း ဘာထူးတုန်းဟ၊ မရခင်တော့ ၊ ထမင်းရည်ပဲ လျှက်ရ လျှက်ရ ၊ ကိုရင်ဖိုးထောင်နဲ့ဆို ရပါတယ်ဆို””ရှင်ကရော ၊ ဘာထူးတုန်းတော့ ၊

ငါ့ရည်းစား ခင်တုတ်လိုချင်ရင်တော့ လမင်းကြီးတောင်ဖမ်းပေးမတဲ့၊ ။ “မင်းအမျိုးတွေများဗျာ မင်္ဂလာဆောင်က ထမင်းပိုတွေယူသွားပြီး ရွာထဲ ပြန်ရောင်းစားသတဲ့ဗျာ ကြားလို့မှကောင်းလို့လား””ရှင့်အမျိုးတွေလဲ ဘာထူးတုန်းတော့ မင်္ဂလာပွဲများစားနေလိုက်ကြတာ၊

ရှင် ညီမနှစ်ဝမ်းကွဲ နှင်းမြိုင်ဆို မျက်ဖြူကြီးကိုလန်နေအောင်စားတာ ကျုပ်တော့ ကြည့်ရင်းနဲ့မသတီလာလို့ အမြန် မဏ္ဍာတ် အပြင်ဘက် ထွက်ရတယ်၊ တကယ်အနိဌာရုံကြီးဟင်းဟင်း””မင်းအစ်ကိုဝမ်းကွဲ သာကျော်လည်း ဘာထူးတုန်းဟ၊ နှမ မင်္ဂလာ ပွဲတောင်မရှောင် သောက်နေလိုက်တာများကွာ ၊

လူကြားထဲ ယောက်ဖလို့ပြောရမှာတောင်ရှက်သဟ””ရှင့်ဒေါ်လေးလည်းဘာထူးတုန်းတော့ မင်္ဂလာပွဲမတိုင်ခင် ဘုန်းကြီး ဆွမ်းကပ်ပွဲတောင် အတင်းထိုင်တုတ်နေပုံများ နှုတ်ခမ်းကြီးက စရွေးချောင်နေသလို ရွဲ့ဆောင်းနေပုံများ မယ်ကုဝဏ် အချဥ်ပေါင်း ကျွေးထားတဲ့အတိုင်းပါပဲလား”

“ခင်တုတ် နင် သူများသာပြောနေ၊ နင့်ဦးလေး မသာ အိမ်ဖဲ ရိုက်တာတောင် ပုဆိုး ခါးပုံစ(ကဘုံစ) ထဲ ဖဲ နှစ်ချပ်လောက်တော့ အသာထည့်ထားတာ၊ တကယ်ကို ကလိမ်ကကျစ်မျိုး ၊ကျုပ် တို့အမျိုးထဲတော့ အဲ့လိုမရှိပေါင်ဗျာ””တော့် ဒေါ်လေး နှစ်လုံးသုံးလုံးရှုံးပြီး အကြွေးတွေပတ်ရှောင်တာ ကျုပ်တို့ ဇီးကုန်းရွာဘက်တောင် ရောက်တယ်တော်ရေး။

ဒီကြားထဲ ကျုပ်အမေဆီတောင် ထဘီပေါင် အင်္ကျီပေါင်၊ ခြင်ထောင်ပေါင်နဲ့ မရွေးနိုင်ရင် ဒီညတော့ ကလေးတွေ ခြင်ကိုက်မဆိုးလို့ တစ်ညတော့ ခြင်ထောင်လေး ပြန်ပေးလိုက်ပါလုပ်သေးတယ် ၊ ရှင့်ဒွေးလေး အဲ့အကြောင်းပြန်မပြောပြဘူးလား” ” ခင်တုတ် ခင်တုတ် ကပ်ကပ်လန်ပြန်ပြောနေပုံများ မီးသတ်ပိုက်နဲ့ ထိုးထည့်တောင် မင်းပါးစပ်ထဲ ရေဝင်မယ်မထင်ဘူး “”ရှင့်ကို ယောကျ်ားမတန်ဘဲ ကပ်ကပ်လန်နေတဲ့ လူလည်း မသိလို့ယူမိတာပါတော် မှားပြီ မှားပြီ။ “

” ရည်းစားဘဝတော့ စကားပြောရင် လေဝေ့ရင် တောင်မကြားရတဲ့ အသံလေးနဲ့ ၊ အခုများတော့ ရွာဘုရားပွဲက အော်လန်တောင် နင်လောက်မပြဲဘူး””ဘာရယ်””အသံပြောပါတယ် အသံ အသံ””ဒီညတော့ ကျုပ်ကို ထိဖို့ ကြိုးစားမယ်မထင်နဲ့ ရှင်ရေ ၊ တွေ့သလား ဘေးက ထန်းလှီးဓား ၊ ငယ်သံပါအောင် လုပ်ပစ်လိုက်မယ် သိရဲ့လား””အဲ့သလိုတော့ ဖြစ်မလား ခင်တုတ်ရဲ့ ၊ လာလာ ဒီလိုလေးညှိကြည့်ကြမလား””……….”

“ဟက်ဘွိုင်ဟက်ဆိုလားဟာ မြို့ကြီးသားတွေပြောကြတာလေ””အော် သိပြီ ဘယ်ကသာ ဟက်ဘွိုင်ဟက်တုန်းတော့ ရှင်မလဲ တုံးရန်ကော ဟက်ပိုင်ဟက်( Half by half) လို့ခေါ်တယ်တော့ တစ်ယောက်တစ်ဝက်ခွဲ ကြတာလေတော် “”အေးအေး နင်ပြောတဲ့ ဟာကြီးလုပ်ကြမယ်လေနော်””ဟွန်းအစကတည်းက အဲ့လိုပျော်လေ ကိုရင်ဖိုးထောင် ကလည်း””အေးပါဟာ ငါ့အမှားပါ ငါ့အမှား “

TheEnd Thwe

Likes:
0 0
Views:
680
Article Categories:
Booksဝတ္ထုတို

Leave a Reply

Your email address will not be published. Required fields are marked *