မိတ်ဆွေသုံးဦး ရဲ့ မူရင်း စာမူပိုင်ရှင်

အသက်​​တွေကြီးပြီး..ဘွဲ့သာရလာတယ်​…စတုတ္ထတန်​းဖတ်​စာ မိတ်​​ဆွေသုံးဦး စာမူပိုင်​ရှင်​ဟာ အဖွား​ဒေါ်ညွှန်​့တင်​မှန်းအခုမှသိခဲ့ရတယ်​..။

မိတ်ဆွေသုံးဦး ရဲ့ မူရင်း စာမူပိုင်ရှင်

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်အတွင်းက လက်ပံတော (လက်ပဒေါ) ဟု အမည်တွင်သည့် မထင်မရှား ကျေးရွာကလေးတွင် စတုတ္ထတန်းသင်ကြားဖူးသည့်ကျောင်းသူ၊ ကျောင်းသားတိုင်း၏ ကျေးဇူးရှင် ဆရာမကြီးတစ်ဦးရှိသည်။ ဘွဲ့ရသူ၊ ဘွဲ့မရသူ၊ တက္ကသိုလ်ဝင်တန်း အောင်မြင်သူ၊မအောင်မြင်သူ အားလုံး အပါအဝင် မူလတန်းအဆင့် သင်ယူခဲ့သူတိုင်းအတွက် ဆရာမကြီး၏ ကျေးဇူးက မကင်းပေ။

သူ့ကို အမေ ဆရာမကြီးဟု လက်ပံတောရွာ ဒေသခံတို့က ခေါ်ဆိုကြသည်။စတုတ္ထတန်းမြန်မာစာပြဋ္ဌာန်းစာအုပ်ကိုလှန်လိုက်လျှင်ပထမဆုံး တွေ့မြင်ရမည့် သင်ခန်းစာမှာ “မိတ်ဆွေ သုံးဦး”ဟု အမည်ရသည့် ညီညွတ်ခြင်း အကျိုးပြ ပုံပမာဖြစ်သည်။ ထိမိတ်ဆွေ သုံးဦး၏ပိုင်ရှင်က ဆရာမ ဒေါ်ညွန့်တင်။“စတုတ္ထတန်း မြန်မာစာသင်ရိုး ပြောင်းမှာမို့လို့တဲ့။ မူလတန်းဆရာလောင်း ဆရာမလောင်းတွေ တစ်ယောက် တစ်ပုဒ် ရေးလိုက်ပါတဲ့။ အဲလို လာပြောတာပေါ့နော်။

ခေါင်းစဉ် မပေးပါဘူး။ ကိုယ်စွမ်းဆောင်နိုင်တာ ရေးတဲ့”ဟု ဆရာမကြီး ဒေါ်ညွန့်တင်က သူသိမ်းဆည်းထားသည့် စာရွက် စာတမ်း အဟောင်းနွမ်းများကို တစ်ရွက်ချင်း လှန်လှောရင်း ပြန်ပြောင်း ပြောဆိုနေသည်။၁၉၆၅-၁၉၆၆ ခုနှစ်တွင်အသက် သုံးဆယ်အရွယ် မညွန့်တင်သည် မူလတန်းပြ ကျောင်းဆရာမဘဝဖြင့် မိတ္ထီလာ ဆရာအတတ်သင် သိပ္ပံတွင် သင်တန်းတက်နေခိုက် မြန်မာဖတ်စာသစ် ပြုစုရေးအဖွဲ့က သင်တန်းကျောင်းသို့ ရောက်လာခဲ့သည်။

ထိုအဖွဲ့က လာရောက်ခြင်း အကြောင်းကိုရှင်းပြကာ သင်တန်းသူ သင်တန်းသားများကို တစ်ဦးလျှင် တစ်ပုဒ်နှုန်း ရေးသား ပေးပို့ကြရန် တိုက်တွန်းခဲ့သသည်​ိုမြန်မာဖတ်စာသစ် ပြုစုရေးအဖွဲ့ကို ပညာရေး အထူးအရာရှိ ဦးသံဗျင်နှင့် ဦးဘလှအောင်တို့က ဦးဆောင်ခဲ့ကြသည်။ ထိုအချိန်က မြန်မာနိုင်ငံတွင် မိတ္ထီလာ ဆရာအတတ်သင်သိပ္ပံ အပါအဝင် သင်တန်းကျောင်း ရှစ်ကျောင်းရှိသည်။ ထိုကျောင်းများ အားလုံးသို့ မြန်မာဖတ်စာသစ် ပြုစုရေးအဖွဲ့က လှည့်လည်ကာ မူလတန်းဆရာ ဆရာမများကို တိုက်တွန်း နှိုးဆော်မှုများ ပြုခဲ့သည်။

စတုတ္ထတန်း သင်ရိုးပြောင်းမည်ဖြစ်၍ သင်ခန်းစာ အသစ်များ ရရှိနိုင်ရန် ဆရာ ဆရာမများထံ ကွင်းဆင်း တိုက်တွန်းခြင်း ဖြစ်ပြီး စာမူများကို သင်တန်းကျောင်းရှိ မြန်မာစာ ကထိကများထံ အပ်နှံကြရမည် ဖြစ်သည်။ သို့သော်လည်း မညွန့်တင်အပါ အဝင် သင်တန်းသူ သင်တန်းသားအားလုံးမှာ“အော်၊ ပညာရှိကြီးတွေ၊ သူတို့ လုပ်ချင်ရင် အလွယ်လေးပဲ။ တို့လို သာမပုဂ္ဂိုလ်လေးတွေ ရေးတာတွေ အသုံးလည်း ချမှာ မဟုတ်ပါဘူး”ဟု တွေးတောမိကြ၍မည်သူမျှမရေးခဲ့ကြ။

သို့သော်သင်တန်းမှမြန်မာစာကထိကများကနောက်သုံးရက်ကြာလျှင် စာမူအပ်လျှင်အပ်၊ မအပ်လျှင် အိပ်ရာလိပ် ပြင်ထားဟု ရာဇသံပြုမှ ကျောင်းထုတ်ခံရမည်ကို ကြောက်၍ စဉ်းစားကာ ရေးကြရကြောင်း ဆရာမကြီး ဒေါ်ညွန့်တင်က အရယ်စွက်၍ ပြောပြသည်။ထိုအချိန်က မညွန့်တင်မှာ မြို့ကြီး ပြကြီးသို့အရောက်အပေါက် မရှိ။ စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊အနစ်နာခံခြင်း၊ ကူညီရိုင်းပင်းခြင်း စသည်တို့၏ အကျိုးရလဒ်တို့ကို ဇိနတ္တ ပကာသနီတို့၊ ဓမ္မပဒတို့ ဖတ်ရှုသည့် ဖခင်ဖြစ်သူ၏ ပြောဆိုမှုများကြောင့် နားရည်ဝနေသော်လည်း ပြင်ပဗဟုသုတမရှိ။

တောသူ တောင်သား ဖြစ်သော်လည်း ငှက်ပျောသီး ဘယ်လိုဖြစ်၊ ထန်းပင် ဘယ်လိုကြီး စသည်တို့ကိုပင် မသိရှိခဲ့ပေ။ထိုခေတ်က အုပ်ချုပ်သည့် အစိုးရအနေနှင့်​မွေးမြူရေးကို ဦးစားပေးနေသည့် အချိန်ကာလ ဖြစ်သည်။ သို့သော် မညွန့်တင်တို့၏ မိဘဘိုးဘွားဘကြီးဘလေးတို့ အားလုံးမှာ မွေးမြူရေးကို မလုပ်ကြ။ငရဲကိုကြောက်၍လည်းကောင်း၊ဘုရားဟောကြားသော မရောင်းအပ်သည့် ကုန်ပစ္စည်း ငါးပါးတွင် ပါဝင်၍လည်းကောင်း မွေးမြူခြင်း မပြုကြသဖြင့် ထိုအရာများနှင့် မညွန့်တင် မရင်းနှီးခဲ့။

“ကျေးလက်တွေမှာ ဆိတ်၊ ဝက်၊ ကြက်တွေ မွေးနေကြတာ။ သူတို့တွေလည်း အာရုံ မထားလို့ မရေးတတ်ဘူး။ ဝက်ကို ဝက်မှန်းတော့ သိတာပေါ့။ စာတစ်စောင် ပေတစ်ဖွဲ့ ဖြစ်အောင် ရေးရဦးမှာလေ။ အဲတော့ ဒီဥစ္စာလေး (မိတ်ဆွေ သုံးဦးအကြောင်း) ကတော့ တစ်ယောက်နဲ့တစ်ယောက် ကူညီတာလေး၊ ညီညွတ်တာလေးပဲ။ ညီညွတ်မှု ဆိုတာလေးတော့ အသုံးကျမယ် ထင်ပါတယ်လို့ အမေက စိတ်ကူးပြီးတော့ ရေးလိုက်တာ”ဟု ထိုစာမူလေး ရေးခဲ့စဉ်က အခြေအနေကို မှတ်မှတ်ရရ ပြောပြနေသည်။

စာရေးနည်းတွင် နိဒါန်း၊ စာကိုယ်နှင့် နိဂုံးဟူ၍ ရှိသည်။ နိဒါန်းကို ဘယ်လိုထား၊ စာကိုယ် ခပ်များများ၊ နိဂုံးပိုင်း နည်းနည်းတို စသဖြင့် သင်ခဲ့ဖူးသည်တို့ကို မညွန့်တင် မှတ်ထားသည်။ ယင်းအပြင် စာရေးနေသည့် အချိန်တွင်လည်း ထိုဇာတ်ကြောင်းကို ဆရာတော်များ တရားဟောသည်ကို နားကြားရသကဲ့သို့ ကြားယောင်နေမိပြီး နိဒါန်း၊ စာကိုယ်၊ နိဂုံး သုံးပါးလုံး ကျိုးကြောင်း ညီညွတ်စေရန်၊ အထားအသို မှန်ကန်စေရန် သေချာစဉ်းစား၍ ရေးလိုက်သည်။

ပြီးနောက်မိတ်ဆွေသုံးဦးဟုခေါင်းစဉ် ပေးလိုက်လေသည်။ရေးပြီးသောအခါ မြန်မာစာကထိက ဆရာဦးအောင်ထံ အပ်နှံလိုက်သည်။ ထိုအချိန်ကျမှ မညွန့်တင်တို့ သင်တန်းသူ သင်တန်း သားများမှာ တာဝန်တစ်ခု ပြီးမြောက်သည်ဟု ခံစားရကာ လူကော စိတ်ပါ ပေါ့ပါးသွားတော့သည်။

“ကိုယ့်တာဝန် ပြီးပြီလေ။ တာဝန်ကျလို့ ရေးတာလေ။ ရေးလို့ ပြီးသွားတဲ့အခါကျတော့ အပ်ပြီးတော့ အမေတို့က အာရုံထဲမယ် ဒီလို ရွေးလိမ့်မယ်လို့လည်း ထင်မနေတော့ဘူး။ တာဝန်ကျေပြီးပြီပေါ့နော့”ဟု အကြောင်း တိုက်ဆိုင်၍ ရေးခဲ့ရသော်လည်း သင်ရိုးတွင်ပါမည်၊ အရွေးချယ် ခံရမည်ဟု မျှော်လင့် မထားပုံကို ပြောပြသည်။

ရေးထားသည့် စာမူကို တာဝန်ရှိသူများဘက်ကမပြင်ဆင်ရပေ။ထို့ကြောင့် စာရေးစဉ်ကတည်းကပင် ကလေးနှင့်လည်း လျော်ညီစေရန်၊ မတိုလွန်း မရှည်လွန်း ဖြစ်စေရန် စဉ်းစား စိတ်ကူးခဲ့ရသည်။မိတ်ဆွေသုံးဦး ဇာတ်လမ်းမှာ အားလုံး သိကြပြီးသည့်အတိုင်းမိတ်ဆွေတစ်ဦးနှင့်တစ်ဦးကူညီကြသည့် ဇာတ်လမ်းဖြစ်သည်။ သမင်လေးက ကျော့ကွင်းတွင် မိ၊ လိပ်က ကျော့ကွင်းကိုဖြတ်ကာ ခေါက်ရှာငှက်က မုဆိုးကြီး ခရီးဖင့်စေရန် မျက်နှာကို တောင်ပံဖြင့် ရိုက်ရိုက်ပေးသည်။

ချစ်ခင်သည့် မိတ်ဆွေသုံးဦးတို့ အကြောင်းကို ဦးတည်၍ ရေးသားခဲ့ပြီး ညီညွတ်မှု အကြောင်းဖြစ်၍ ဖတ်ရှုသူတို့ လိမ္မာစေရန်၊ အသုံးကျစေရန်အတွက် စိတ်ကူးမိသည်၊ တိုင်းပြည် အုပ်ချုပ်သည့် ပုဂ္ဂိုလ်များမှလည်း သဘော ကျလိမ့်မည်ဟု ခံယူသည်ဟု စာရေးစဉ်က ခံစားချက်ကို ပြောပြသည်။

သင်တန်းဖော်များတွင် မည်သူတို့အရွေးချယ်ခံရသည်ကိုတော့မသိ။ သင်တန်းပြီး သုံးနှစ်ခန့်အကြာ ၁၉၆၉ ခုနှစ်တွင်မှ ဉာဏ် ပူဇော်ခ ချီးမြှင့်စရာ ရှိနေပါသည်ဟုဆိုကာ တောင်သာ စာတိုက်မှတစ်ဆင့် ဆုချသည့်ပိုက်ဆံကို လွှဲပေးခံရသည်။ ချီးမြှင့်ငွေ ၁၂၄ ကျပ် ၄၅ ပြားဖြစ်ပြီး ငွေလွှဲခ ပြားလေးဆယ် နှုတ်ယူထားသဖြင့် ၁၂၄ ကျပ် ငါးပြား ရရှိခဲ့သည်။

“အမေ့လို ဝလုံးတန်းတတ်တဲ့ မူလတန်း ဆရာမလေးကို လူကြီးမင်းလို့ ရေးထားတယ်ကော၊ (မြန်မာနိုင်ငံ ပညာရေး ညွှန်ကြားရေးဝန်ရုံးမှ ဉာဏ်ပူဇော်ခ ပေးပို့ကြောင်း အကြောင်းကြားသည့်စာတွင် ရေးသားထားသည်။) အမေတို့က မာန်လည်း မတက်ပါဘူး။ ကိုယ်လည်း ဘယ်လောက် တတ်တာမှတ်လို့နော့။ လူကြီးမင်း ပို့လိုက်တဲ့စာမူကို တွေ့ရပါသဖြင့်လို့ ပါတယ်လေ။ ကုသိုလ်တွေရပြီဆိုပြီး ဝမ်းသာသလို မှတ်တမ်း တင်ခံရလို့ ဝမ်းသာတာပေါ့”ဟု လူကြီးမင်းဟု ခေါ်ဆိုခံရသဖြင့် အံ့ဩဝမ်းသာခံရပုံကို ပြောပြသည်။

ဆရာမလေး မညွန့်တင်သည် ငယ်စဉ်ကတည်းက ငရဲကို ကြောက်သည်။ ဘာသာရေးကိုလည်း ကြားဖူးနားဝရှိသဖြင့် ဆရာအတတ်သင် သင်တန်းကျောင်းရှစ်ကျောင်းမှသင်တန်းသူ သင်တန်းသားများရေး သားသည့်စာမူများအထဲမှသူရေးသည့်စာမူ အရွေးချယ်ခံရပြီး ဆုငွေများ ချီးမြှင့်ခံရသောအခါ ကုသိုလ်များရပြီဟု တွေးတောကာ ပျော်ရွှင်ခဲ့ရသည်။

“ဗမာတစ်ပြည်လုံးမှာရှိတဲ့ စတုတ္ထတန်း ကျောင်းသူ ကျောင်းသား အရေအတွက် အများကြီး ရှိပေမယ့်လို့ တစ်ယောက်တည်း မှတ်ဦးတော့ ကုသိုလ်တွေ များပါတယ်။ ကုသိုလ်ကိုပဲ ဦးတည်ပြီးတော့ အမေက ဝမ်းသာတယ်”ဟု ပြောဆိုသည်။ ထိုမျှမကသေး။ ထိုရရှိသည့် ဆုငွေ ကို ဖခင်ဖြစ်သူ ဘုရားတည်ရာတွင်လည်း ထည့်ဝင်လှူဒါန်းခဲ့သေးသည်ဟု ဂုဏ်ယူ စွာ ပြောဆိုရင်း ကုသိုလ်မျှဝေခဲ့သည်။

မိတ်ဆွေ သုံးဦးပိုင်ရှင်မှာ ဆရာမဒေါ်ညွန့်တင်ဖြစ်သော်လည်းမူလဇာစ်မြစ်က ဘုရားဟော နိပါတ်တော်ဖြစ်သည်။ယင်းအကြောင်းများကို ဖခင်ဖြစ်သူကျေးဇူးကြောင့်ကြားဖူးခဲ့ရာမှ ပြန်လည် ရေးသားခဲ့ခြင်းဖြစ်သည်။ ထိုနိပါတ်တော်အရ သမင်မှာ ဘုရားလောင်း၊ မုဆိုးမှာ ဒေဝဒတ်လောင်း၊ ခေါက်ရှာငှက်နှင့် လိပ်တို့မှာ ညီတော်အာနန္ဒာနှင့် ရှင်သာရိ ပုတ္တရာလောင်းတို့ ဖြစ်ကြသော်လည်း မည်သူက ငှက်၊ မည်သူက လိပ်ဆိုသည်ကို သေချာ မမှတ်မိတော့ဟု ဆိုသည်။

မိတ်ဆွေသုံးဦးသည် ဒေါ်ညွန့်တင်၏ ပထမဆုံးနှင့် နောက်ဆုံး စာမူဖြစ်သည်။ ထိုတစ်ပုဒ်ကို မဖြစ်မနေ ရေးခဲ့ရသည်မှ လွဲ၍ အခြား ဘာမျှမရေးခဲ့ဖူး။ သို့သော် ဖတ်ရှုမိသော စာအုပ်များထဲမှ ကောင်းနိုးရာရာများကိုတွေ့လျှင် ဗလာစာအုပ်တွင် ကူးယူထားတတ်သည်။ ပင်စင်ထုတ်ချိန် တောင်သာမြို့သို့ တက်သောအခါ မိတ္တူ ကူးယူ၍ နီးစပ်ရာတို့ကို ကုသိုလ်ဖြစ် ဝေငှတတ်သည်။

မိတ်ဆွေသုံးဦးပိုင်ရှင် ဆရာမကြီး ဒေါ်ညွန့်တင်ကို ၁၉၃၇ ခုနှစ် ဇွန်လ ၂၅ ရက် (၁၂၉၇ နယုန်လဆုတ် ၁၀ ရက်)အင်္ဂါနေ့တွင် တောင်သာမြို့နယ် ပန်းအိုင်ရွာ၌ အဖ ဦးပတ်လည် (ခုံသမာဓိမင်း၊ အမိန့်တော်ရရှေ့နေ) နှင့် အမိဒေါ်မယ်နွဲ့တို့က မွေးဖွားခဲ့ပြီး ၁၈ နှစ်ကွာသည့် ဒေါ်ထွန်းဟုခေါ်သော မွေးချင်း အစ်မတစ်ဦးရှိသည်။

ငယ်ရွယ်စဉ်က မိဘများ စီးပွားရေး အဆင်ပြေသော်လည်း ဒုတိယကမ္ဘာစစ်နှင့် ကြုံတွေ့ရပြီး စစ်ဘေးရှောင်ရင်း လက်ပံတောရွာသို့ ရောက်ရှိခဲ့ကြသည်။ အသက် ရှစ်နှစ်အရွယ်အရောက် လက်ပံတောရွာနှင့် ကပ်လျက်ရှိ မန်ကျည်းကုန်း ဘုန်းတော်ကြီးကျောင်းတွင် စတင် ပညာသင်ကြားခဲ့ရပြီး မင်္ဂလာ စာမေးပွဲကို အောင်မြင်သဖြင့် မန်ကျည်းကုန်းဂိုဏ်းထောက် ဆရာတော် ပညာရေးအဖွဲ့ဟု ပါရှိသည့် ငွေဒင်္ဂါးဆုတံဆိပ်ကို ရရှိခဲ့သည်။

“ပြောရဦးမယ်။ အမေက ဉာဏ်ကောင်းသတဲ့။ အလယ်တန်း၊ ရှစ်တန်းထိ နေခဲ့ရတာကိုး။ မြန်မာစာ စစ်ပြီးလို့၊ စာစီစာကုံး စစ်ပြီးရင် အမေက ဆရာ့ခုံပေါ်၊ စားပွဲပေါ် တက်ရတယ်။ အောက်က လက်ခုပ်တီးရတဲ့ခေတ်။ မြန်မာစာချိန်ရယ်၊ ပုံဆွဲရယ်၊ သချင်္ာရယ်၊ အဲဒီအချိန်ဆိုရင် အမေက စားပွဲပေါ်တက်တက် ရပ်နေရတာ”ဟု ငယ်စဉ်က အခြေအနေကို တမ်းတမ်းတတ ပြောပြနေသေးသည်။

အသက် ၁၂ နှစ်တွင် မူလတန်း အောင်မြင်ပြီး နိုင်ငံရေး အခြေအနေအရ ခုနစ်နှစ်ခန့် စာပေ မသင်ကြားရဘဲ အသက် ၁၉ နှစ်အရွယ်တွင်မှ ပဥ္စမတန်းကို သင်ကြားရသည်။ အတန်းပညာ အဋ္ဌမတန်းထိ ဖြစ်သည်။ ၁၉၅၇ ခုနှစ် စက်တင်ဘာလ ၂၇ ရက်တွင် မလှိုင်မြို့နယ် ကူနီကျေးရွာတွင် မူလတန်းပြအဖြစ် စတင် လုပ်ကိုင်ခဲ့ပြီးနောက် နှောကန်ရွာသို့ အပြောင်းကျခဲ့ကာ အသက် ၂၅ နှစ်အရောက်တွင် ရုံးစည်ကြီး (ရုံးဇင်ကြီး) ရွာ စာတိုက်ခွဲမှူး ဦးအောင်နှင့် အိမ်ထောင်ကျပြီး သားကိုးဦး၊ သမီးတစ်ဦး မွေးဖွားခဲ့သည်။

အသက် ၆၀ တွင် ပညာရေးဝန်ထမ်းအဖြစ်မှ သက်ပြည့်ပင်စင် ယူခဲ့ပြီး ပင်စင်လစာ ခုနစ်သောင်းကျော် (ကျပ် ၇၄,၈၆၀) ရရှိသည်။ လက်ရှိ လက်ပံတောရွာတွင် သမီးကြီးဖြစ်သူ မကြည်လှိုင်နှင့် မြေစိုက်အိမ်လေးတွင် အတူနေထိုင်ရင်း တရားဘာဝနာ ပွားများလျက်ရှိသည်။ ဆရာမကြီး ဒေါ်ညွန့်တင်၏ဘဝတွင် ငယ်စဉ်က မင်္ဂလာ စာမေးပွဲအောင်သဖြင့် ရခဲ့သည့် ငွေဒင်္ဂါးဆု၊ မိတ်ဆွေသုံးဦး စာမူကြောင့် ရရှိခဲ့သည့် ချီးမြှင့်ငွေတို့အပြင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် ကြယ်တံဆိပ် ဝန်ထမ်းကောင်းဆုကိုလည်း ရရှိခဲ့ဖူးသေးသည်။

အမေ ဆရာမကြီးဟု ချစ်စနိုးခေါ်တတ်ကြသည့် ဆရာမကြီး ဒေါ်ညွန့်တင်သည် လက်ရှိတွင် အသက် ၈၂ နှစ်ရှိနေပြီဖြစ်သည်။ အသက် ၃၀ အရွယ်က ရေးသားခဲ့သည့် မိတ်ဆွေသုံးဦး၏ သက်တမ်းပင်လျှင် နှစ်ပေါင်း ငါးဆယ်ခန့်ရှိနေပြီ။ ထိုနှစ်ငါးဆယ်အတွင်း မိတ်ဆွေသုံးဦးကို လေ့လာသင်ယူကာ ပညာရင်နို့ သောက်စို့ခဲ့ဖူးသည့် တပည့်သားသမီးတို့မှာ သိန်းဂဏန်း များစွာ ရှိပေမည်။

မိတ်ဆွေသုံးဦးအကြောင်းကို ဖတ်မိတိုင်း အမှတ်ရမိတိုင်း အမေဆရာမကြီး၏ ကျေးဇူးဂုဏ်ကို အမှတ်ရသင့်သည်။မိတ်ဆွေများ ညီညွတ်လျှင် မည်သို့သော အကျိုးကျေးဇူး ရရှိသနည်း ဟူသည့် မေးခွန်းကို စတုတ္ထတန်း ကျောင်းသူ ကျောင်းသားတိုင်း ဖြေဆိုခဲ့ကြရသည်။

မြန်မာစာ ဖတ်စာအုပ်ထဲမှ သမင်၊ လိပ်၊ ခေါက်ရှာငှက်တို့ကို ဥပမာ ထား၍ ညီညွတ်ခြင်း အကျိုးကျေးဇူးကို သင်ယူ လေ့လာခဲ့ကြရသည်။ ညီညွတ်လျှင် မည်သို့ ခံစားရပြီး မညီညွတ်လျှင်တော့ မည်သို့ ခံစားကြရမည်ကို ကျောင်းပြင်ပ အပြင်လောကတွင် သင်ယူ လေ့လာခဲ့ကြရမည်။ ထိုသို့ အပြင်လောကတွင် သင်ယူရင်း စတုတ္ထတန်း ဖတ်စာမှ မိတ်ဆွေသုံးဦးအကြောင်းကို သတိရမိလျှင် အမေဆရာမကြီး ခေါ် ဆရာမဒေါ်ညွန့်တင်အတွက် ကုသိုလ်တရားများ တိုးပွားနေမည်သာ။

Crd#ရေးသားသူ – မြတ်(ကလေး)

Via : The Voice

Likes:
0 0
Views:
720
Article Categories:
BooksHistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *