အိမ်ရှေ့စံ စင်္ကြာမင်းသား(ခေါ်)ညောင်ရမ်းမင်းသား (ခေါ်) ဘိုးတော်အေး၏ ရာဇဝင်

စကြာမင်းသား(ခေါ်)ညောင်ရမ်းမင်းသား (ခေါ်) ဘိုးတော်အေး (1812-1838)”

စင်္ကြာမင်းသားလေး ကို 27.Oct.1812 တွင် ခမည်းတော် ဘကြီးတော် စစ်ကိုင်းမင်း ( ထိုစဉ်က အိမ်ရှေ့မင်းသား ) နှင့် မယ်တော် ပထမအိမ်ရှေ့မိဖုရား သီရိမဟာစန္ဒာဒေဝီ ( ဆင်ဖြူရှင်မယ် ) တို့မှ ဖွားတော်မူခဲ့သည်။

ဖွားမြင်ပြီး( ၇ ) ရက်အကြာတွင် မယ်တော်ကွယ်လွန်ခဲ့သဖြင့် ဖအေတူ မအေတူ မွေးချင်းအရင်းအချာမရှိခဲ့ပေ ။သက်တော် ( ၁၄ ) နှစ်တွင် အိမ်ရှေ့ စံ အရိုက်အရာကို ဆက်ခံ ခဲ့သည် ။ ငယ်စဉ်ကပင် ရိုးသားအေးချမ်းစွာ တရားဓမ္မ နှင့် နေထိုင်ခဲ့ပြီး ကိုယ်နှုတ် အမူအရာ ယဉ်ကျေးသိမ်မွေ့ခဲ့ သည် ဟု မှတ်သားရသည် ။

ယခုအချိန်ထိ မင်းသားနေထိုင်ခဲ့သော စင်္ကြာမင်း အိမ်တော် နေရာကို အင်းဝမြို့ဟောင်း အနောက်တောင် ထောင့်ရှိ မင်းကြီးစွာစော်ကဲ တည်ထားတော်မူခဲ့သည့် ရွှေစည်းခုံဘုရား ၏ အရှေ့ဘက်တွင်တွေ့နိုင်ပါ သည် ။

ထူးခြားချက်များ

မြန်မာသက္ကရာဇ် (၁၁၇၄) တွင် အမရပူရ မြို့တည် နန်းတည် ဗဒုံမင်း ခေါ် ဘိုးတော်ဘုရား ထူးခြားသောအိပ်မက်များမြင်မက်တော်မူ ပြီးသည်မှစပြီး တပို့တွဲလဆန်း(၅)ရက်နေ့မှစတင်ကာ ဖွားမြင်တော်မူသည့် ၈လ ကျော် ၉လ ပတ်လုံး မြေငလျင် လှုပ်ခြင်း ။

တော်သလင်းလပြည့်ကျော်(၄)ရက်နေ့တွင် နန္ဒဝန်ဥယျာဉ်တော် ရှိ ကသစ်ဖြူပင် နှင့် စံနန်းတော်မြောက်ဘက်ရှိ သီလာစန္ဒနပင် ၏ အကိုင်းအခက်အရွက်များ နှင့် ပင်စည်လုံးပတ်မှ ရေများရေပန်းဖြာသလိုထွက်ရှိလာခဲ့ခြင်း။သစ်တပ်အတွင်းရှိ ဗဟိုစည် ၊ နာရီတော်ခေါင်းလောင်း တို့ အလိုအလျောက်မြည်ဟိန်းလာခြင်း။

မနောဟရထီးဖြူတော် လည်း အလိုလိုပွင့်လာခြင်း။

ဆင်ဖြူတော်သည် အရှေ့ဘက်သို့မျက်နှာမူကာလက်နှစ်ဖက်ကိုမြှောက်ပြီး ဦးကင်းထက်သို့နှာမောင်းကိုတင်ပြီးလျှင် ကြိုး ကြာ သံနှင့်သုံးကြိမ်တိုင်တိုင် ကြွေးကြော်မြည်းဟည်း လာခဲ့ခြင်း။သီတင်းကျွတ်လပြည့်ကျော်၇ ရက် အင်္ဂါနေ့တွင် အထက်ပါ ထူးခြားချက်များနှင့် တကွ မနောဟရထီးဖြူတော် အလိုလျောက်ထပ်မံ ပွင့်လာချိန်တွင် ဖွားမြင်တော်မူလာခဲ့ခြင်း ။

ဖွားမြင်တော်မမူမီ ( ၂ ) ရက်အလို မဖွားမြင်နိုင်တော်မူသောကြောင့် ဘိုးတော်ဘုရားက ရွှေထီး ၈ လက် ၊ ထီးဖြူ ၆ လက် နှင့် နဝရက် ၉ ပါးချယ်ထားသော မနောလင်ပန်း ကို လက်ဖွဲ့တော်မူ မှဖွားမြင်တော်မူခြင်း ။အချင်းစလွယ်သိုင်း ပါရှိခြင်း။

လက်ျာလက်ဖဝါးတွင် လက်ျာရစ်ခရုသင်း သည် လက်ဝါးအပြည့် တည်လျက် အလယ်ခေါင်လက်ခလယ်သို့အဖျားထိအောင် တက်သွား၏ ။လက်ဝဲ လက်ဖဝါး အလယ်တည့်တည့် တွင် မြရောင် အဆင်းရှိကြည်လင်တောက်ပသည့် မှည့်ရှင်တော်
ပါလာခဲ့ခြင်း ။

မင်းသားမွေးသည့် တနာရီအတွင်း ဖွားဖက်တော်(၇)ဦး ( ငမှတ် ၊ ငရေး ၊ ငမြတ်ရာ ၊ ငရွဲ ၊ ငဝန်း ၊ ငဖူး ၊ ငချမ်းငြိမ်းရာ ) တို့တပြိုင်နက် ဖွားမြင်တော်မူခြင်း ။တချိန်တည်းပင် ဘိုးတော်ဘုရား၏ အိပ်မက်တော်အတိုင်း မင်္ဂလာမြင်းစောင်းတော် တောင်ဘက်အစွန်းနား တွင် မင်္ဂလာမြင်းမတစ်ကောင်သည် ကြန်အင်လက္ခဏာ နှင့်ပြည့်စုံ ပြီး လှပသော မြင်းဖြူလေးတကောင် ဖွားမြင်ထားခြင်း။

( ထိုမြင်းလေးမှာ နောင်တွင် စင်္ကြာမင်းသား၏ ဖွားဖက်တော် “ ရွှေလရောင် ” ခေါ်သော စီးတော်မြင်းဖြစ်သည် ။ )မယ်တော်မှာ ဖွားမြင်တော်မူပြီး (၇) ရက်အကြာတွင် ကံကုန်တော်မူခဲ့သည်

ထို့ကြောင့် ဘကြီးတော်ခေါ် အိမ်ရှေ့စံ စစ်ကိုင်းမင်းသားသည် ချစ်လှစွာသောမိဖုရားအတွက် ရည်စူး၍ မင်းကွန်းဒေသတွင် ( ၁၉ ) ရာစု ၏ အလှဆုံးလက်ရာ တစ်ခုဟု မှတ်တမ်း တင်ခဲ့ရသည့် မြသိန်းတန်( သို့) ဆင်ဖြူမယ်ဘုရားကို တည်ထားကိုးကွယ်ခဲ့ ခြင်းဖြစ်သည် ။

ထိုအချိန်တွင် နန်းမတော်မယ်နုမှာ ဘိုးတော်ဘုရား၏ မိဖုရားခေါင်ကြီး ထံတွင် ခစားနေရသည့် သာမန် အပျိုတော် ကလေးမျှသာ ရှိသေးသည် ။ စစ်ကိုင်းမင်းသားနှင့် ကား ရည်ငံနေကြရုံမျှသာ နှောင်တွင်မှ ဘကြီးတော်သည် ထို မယ်နု ခေါ် ဖလံခုံရွာသူ ကို မိဖုရားမြှောက်၍ နန်းသိမ်းခဲ့ခြင်းဖြစ်သည် ။

စကားချပ် ။ ။ နန်းမတော်မယ်နုကား မြန်မာ့သမိုင်းတွင် ပထမဆုံး သော ဘုရင် နှင့် ယှဉ်တွဲ ၍ ရာဇပလ္လင် ပေါ်တက်ပီး ညီလာခံဝင်သော မိဖုရားဖြစ်ခဲ့သည် ။ ။

ကွပ်မျက်ခံရခြင်း

ဘထွေးတော် သာယာဝတီမင်း နန်းတက်သောအခါ အစပထမ ကြည်ဖြူခဲ့သော်လည်း နောင်တွင် မလိုသူတို့ ကုန်းချောသဖြင့် လည်းကောင်း တစ်တိုင်းတစ်ပြည်လုံးက စင်္ကြာမင်းလောင်းဟုမှတ်ယူနေသောကြောင့် လည်းကောင်း တော်လှန်ပုန်ကန်ရန် ကြံစည်သည်ဟု အမျက်တော်ရှိသဖြင့် မြန်မာနှစ် (၁၂၀၀)ပြည့် တန်ခူးလပြည့်ကျော် (၆) ရက်နေ့တွင် စင်္ကြာမင်းသား ကို ကတ္တီပါအိပ်စွပ် ပြီး အမရပူရမြို့ ရွှေကြက်ယက် ဘုရားအနီးတွင် ရေချဖျောက်ဖျက်စေခဲ့သည် ။

ရေမချမှီ တန်ခူးလဆန်း( ၅ ) ရက်နေ့ ညဉ့် ( ၂ ) ချက်တီးတွင် ကြယ်ကြွေခြင်း ၊ တိမ်တံခွန်ထွက်ခြင်း ၊ ဥက္ကာပျံ ခြင်း ၊ ဧရာဝတီမြစ်ရေ အထက်သို့ ဆန်တက်ခြင်း…ရေချရန် မြစ်လယ်ခေါင် သို့ လှေရောက်သောအခါ မြေငလျင် ပြင်းထန်စွာလှုပ်ပြီး လေကြီးမိုးကြီးကျသည် ။ မိုးမှောင်ကြီး ရုတ်တရက် ကျလာပြီး လာရောက်ကြည့်သူ ပရိတ်သတ်တို့ တဦး နှင့် တဦး မမြင်ကြရတော့ပေ ။

ထိုအချိန် ဧရာဝတီမြင်းတဖက်ကမ်း ကောင်းကင်မှအလင်းတန်းကြီး ကျလာပြီး အထက်သို့ ပြန်တက်သွားသည်ဟု သိရသည်။ တချို့ မှတ်တမ်းများတွင် ထိုတဖက်ကမ်းတွင် မင်းသား နှင့် ဘိုးဘိုးအောင် အား စီးတော်မြင်း ရွှေလရောင်နှင့် အတူတကွမြင် လိုက်ရသည်ဟု ဆိုကြသည် ။

ထိုအချိန်တွင် တတိုင်းပြည်လုံး ရေတွင်းရေကန် တို့ သွေးအတိဖြစ်သည်။တိုက်ဆိုင်မှုမှာ မင်္ဂလာ မြင်းစောင်းတွင်ရှိသော ရွှေလရောင်မြင်းမှာ အလိုလျောက်ပျောက်ကွယ်ခဲ့သည်။ထိုသို့ သော ထူးခြားမှုများ ဖြစ်ကြောင်း ရာဇဝင်များအရလည်းကောင်း ၊ မှီလိုက်သည့် လူကြီးသူမ တို့မှတညီတညွတ်ထဲ ပြောဆိုကြသည်။

စင်္ကြာမင်းသား သေမသေ

ရေချပြီး နောက်တွင် မြင်းခံတော် မောင်ညို သည် မြသိန်းတန်ဘုရားတွင်(၇) ရက် ဥပုသ်စောင့်နေစဉ် စင်္ကြာမင်းသားလေးသည် ရွှေလရောင်မြင်းနှင့်တကွလာပြီး….” မောင်ညို ငါကားမသေ … ရသေ့ဦးအောင် ယူဆောင်သွားသဖြင့် ငါကိုယ်တော်မြတ်သည် ရဇိတတောင်တန်းမှာ စံမြန်းနေသည် ” ဟုမိန့်ကြားသည် ။

ထိုသတင်းကို သာယာဝတီ မင်း ကြားသိသောအခါ မြင်းခံမောင်ညို ကို ခေါ်ပြီး ” မောင်ညို မောင်မင်းအရှင်သခင် စင်္ကြာမင်းသည် နတ်စိမ်းဖြစ်ပြီး ကိုယ်ထင်လာပြသည်မဟုတ်လော ” ဟုစစ်မေးရာ ” ဘုန်းတော်ကြောင့် နတ်စိမ်း နတ်ဝါးမဟုတ်ပါ ။ကျွန်တော်မျိုး အရှင်သခင် စင်္ကြာမင်း အမှန်ဖြစ်ပါသည် ။ ကိုယ်တော်တိုင် ရွှေလရောင်မြင်းစီးလာသည်ကို ဖူးမြင်ရပါသည် ” ဟုလျှောက်တင်ရာ မင်းတရား သဘောတော် မတွေ့သဖြင့် ငညို ကို ထပ်သတ်သည်။

ထိုအချိန်မှစပြီး စင်္ကြာမင်း သားလေး အကြောင်း မည်သူမျှ မပြောဝံ့ ကြတော့ချေ ။( သမိုင်းလာစင်္ကြာမင်းသားအကြောင်းကား ယခုနေရာတွင် ပြီးလေ၏ )ကွပ်မျက်ခံရသောနှစ်တွင် အောက်ပါတဘောင်ထွက်ခဲ့သည်“ ဆင်ဖြူမသားရေသို့လား … နဂါးလည်းယူလတ္တံံ့ …သိကြားလည်းယူလတ္တံ့ ။

ရာကျော်မှ ဆောင်တော်ခင်… စောဦးမောင်ရင် ။ဘိုးတော်ကား တောင်နန်းမြင့်ကမျှော်… ရွှေဆက်တော်လာမည့်လမ်း နှင်းရည်နှင့် ဖျန်း ။တပေါင်းလရာသီ .. ဘောင်းဘီနှင့် ဖွေးဖွေး… ဓါးလွယ်ရွှေကွပ် နှင့် မြေညွတ်အောင်လာမည့်ရေး… ဘိုးတော်ရင်သွေး” ဟုဖြစ်ပါသည် ။

နောက်တဘောင်တစ်ခုမှာ …

“ ကတ္တီပါ ရွှေအိတ် နှို င့် ရေဆိပ်မှာ သေဟန်ဆောင် … စောဦးထိပ်ခေါင် ….ရာကျော်လျှင် ဖောင်တော်စီးပါလိမ့် … စောပုမောင်ကြီး” ဟုဖြစ်ပါသည် ။ထိုသို့သော တဘောင်များကို ယုံကြည်ကြသော… စင်္ကြာမင်းသားပြန်လာမည် ဟု မျှော်နေသော သူများကား ထိုခေတ်တွင် သာမက ယခုမျက်မှောက်ခေတ်ထိ ပင် ရှိနေသေးပါ သည် ။

ထိုနောက်ဆက်တွဲ သမိုင်းမူကား ယုံကြည်သူနှင့် မယုံကြည် သူများအကြား အဖြေရှာမရသော ပုစ္ဆာတစ်ပုဒ် ကဲ့သို့ ထူးဆန်းစွာ တည်ရှိနေပါကြောင်း ဗဟုသုတ အလို့ငှာ တင်ပြလိုက်သည်။စင်္ကြာမင်းသား လူ့လောကသို့ သာသနာပြုရန် ပြည်တော်ပြန်ဝင်ခြင်းနည်း သို့တည်းမဟုတ် စင်္ကြာမင်းသားဓါတ်အောင်ခဲ့တယ် သုံးသပ်ကြည့်လျှင်ဝိဇ္ဇာတို့ သဘောကို ကျနော်တို့လူပြိန်းများအဘယ်မှာအကုန်သိနိုင်ပါမည်နည်း။

Crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်

Likes:
0 0
Views:
1062

Leave a Reply

Your email address will not be published. Required fields are marked *