ရွှေဘိုနှင့် ကုန်းဘောင်အမွေအနှစ်များ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၃၇ မြို့နယ်အနက် ရွှေဘိုမြို့သည် ကုန်းဘောင်မင်းဆက် (ခရစ်နှစ် ၁၇၅၂- ၁၈၈၅) စတင်အခြေတည်ခဲ့သည့်နေရာအဖြစ် သမိုင်း စဉ်ဆက်ထင်ရှားခဲ့သည်။ မူလရွှေဘိုသည် ကုန်းဘောင်ခေတ် မတိုင်မီက အင်းဝဘုရင်များနှင့် ဘုရင့်နောင်မင်းတရားတို့၏ လက်အောက်ခံနယ်မြေဖြစ်ခဲ့သည့် မုဆိုးဘိုရွာဖြစ်သည်။ ညောင်ရမ်းခေတ်ကုန်ဆုံးပြီးနောက် ခရစ်နှစ် ၁၇၅၃ ခုနှစ်တွင် မုဆိုးဘိုရွာသူကြီးဦးအောင်ဇေယျသည် မုဆိုးဘိုရွာကို ကုန်းဘောင်နန်းမြို့တော်အဖြစ် ကုန်းဘောင်၊ ရန်ကြီးအောင်၊ ရတနာသိင်္ခ၊ မုဆိုးဘိုနှင့် ရွှေဘိုဟူ၍ အမည်ငါးမျိုးဖြင့်တည် ထောင်ခဲ့ပြီး ငါးမည်ရပြည်ရွှေဘိုကို ”ရန်ကြီးအောင် ကုန်း ဘောင်ခ၊ ငါးမည်ရပြည်ရွေဘို၊ မုဆိုးဘို၊ ရန်ပြိုတဲ့ နာသိင်္ဃ၊ ဘိုးတော်ဒေသ”ဟု မှတ်သားခဲ့ကြသည်။

အတိတ်ကုန်းဘောင်

ဦးအောင်ဇေယျသည် မုဆိုးဘိုအနီးဝန်းကျင်ရှိ ရွာ ၄၆ ရွာကိုစုစည်း၍ ထန်းလုံးခံတပ်ဆောက်ကာ တတိယမြန်မာနိုင်ငံ တော်ကုန်းဘောင်မင်းဆက်ကိုထူထောင်၍ မြန်မာသက္ကရာဇ် ၁၁၁၅ ခုနှစ် ပထမဝါဆိုလပြည့်ကျော် ၆ ရက် ကြာသပတေးနေ့ (ခရစ်နှစ် ၁၇၅၃ ခုနှစ် ဇွန် ၂၁ ရက်)တွင် ရွှေဘိုမြို့ကိုတည်ခဲ့ပြီး မြို့တည်နှစ် မြန်မာသက္ကရာဇ်ကို ”ဥသြအော်မည်၊ ကုန်း ဘောင်တည်”ဟု အမှတ်အသားပြုခဲ့ကြောင်း မြန်မာ့စွယ်စုံ ကျမ်းတွင် ဖော်ပြထားသည်။ ဦးအောင်ဇေယျတည်ထောင် ခဲ့သည့် ကုန်းဘောင်နေပြည်တော်ကို အစွဲပြုလျက် ခရစ်နှစ် ၁၇၅၂ ခုနှစ်မှ မြန်မာနိုင်ငံ လွတ်လပ်ရေးဆုံးရှုံးခဲ့သည့် ၁၈၈၅ ခုနှစ်အထိ ၁၃၃ နှစ်ကြာရှည်ခဲ့သည့်ကာလကို ကုန်းဘောင် ခေတ်ဟု ခေါ်တွင်ခဲ့သည်။

ဦးအောင်ဇေယျမတိုင်မီက ရှေးမင်းဆက်များသည် ရန်သူ တို့ဖျက်သဖြင့် အနွယ်ပြတ်ခဲ့သည်။ ကမ်းနှစ်ခုအကြား ရေပြင် ကိုကျော်ရန် ကုန်းဘောင်ပေါ်မှ ဖြတ်ကူးရသကဲ့သို့ ပြတ်သွား သောအနွယ်များကို ကုန်းဘောင်ဖြင့်ပြန်ဆက်သည်ဆိုသည့် အဓိပ္ပာယ်ဖြင့် ရွှေဘိုကို ကုန်းဘောင်ဟု ခေါ်တွင်ခဲ့သည်။ အချို့ က ရွှေဘိုမြို့အနီးတွင် တောင်မြောက်တန်းနေသည့် ကုန်း ဘောင်တောင်ကိုအစွဲပြုလျက် ကုန်းဘောင်ဟု အမည်တွင် ခဲ့ကြောင်းလည်း ဆိုကြသည်။

ဦးအောင်ဇေယျသည် မြန်မာပြည်အရပ်ရပ်ကို တိုက်ခိုက် သိမ်းပိုက်ပြီးနောက် မုဆိုးဘိုတွင် ရတနာအပေါင်း လာရောက် စုစည်းသည်ဟု ရည်ညွှန်းလျက် ရတနာသိင်္ဃဟု မှည့်ခေါ်ခဲ့ သည်။ မုဆိုးဘိုအမည်မှာမူ ရှေးယခင်ကပင်ရှိခဲ့သည်။ ပုဂံ နရပတိစည်သူမင်း တိုင်းခန်းလှည့်လည်စဉ် မုဆိုးငပိုအား ယခု ရွှေဘိုဒေသ၌ ပိုမြေအပိုင်းအခြားနယ်နိမိတ်ကို ပေးခဲ့ရာမှ ငပိုက မုဆိုးပိုရွာကို ထူထောင်ခဲ့သည်။ ကာလရွေ့လျောသော အခါ မုဆိုးပိုမှ မုဆိုးဘိုဖြစ်လာခဲ့ပြီး မုဆိုးပိုကို နားဝင်ချိုသာ စေရန် ရွှေပိုဟုခေါ်ဆိုကြရာမှ ရွှေဘိုဖြစ်လာခဲ့သည်။

ဒေါက်တာ ဂျေအက်စ်ဖာနီဗဲလ်နှင့် ဦးဖေမောင်တင်တို့ တည်းဖြတ်သည့် ဇမ္ဗူ့ဒီပဥဆောင်းကျမ်းတွင် ရတနသိင်္ဃနယ် ၏ နယ်နိမိတ်ကို ”အရှေ့ကိုလားသော် စည်လှ အင်ပင်မြစ်ညာ၊ တောင်ကိုလားသော် မလ္လာဂီရိ၊ အနောက်ကိုလားသော် ဇေတဝန်ကျောင်းကြီး၊ မြောက်ကိုလားသော် အက္ကပတ်ဌာ နေ”ဟု ဖော်ပြထားသည်။

ဘိုးတော်ဘုရားဗဒုံမင်းသည် မြို့ဝန်းအတိုင်းအတာ အမျိုး မျိုးကွဲပြားနေသည့် ရွှေဘိုမြို့ကို မြန်မာသက္ကရာဇ် ၁၁၇၇ ခုနှစ် တွင် အလုံမြို့ဝန် သီရိဓမ္မာသောက၊ ရတနာသိင်္ဃမြို့ဝန် ဇေယျ သင်္ခ၊ မြို့သူကြီး ဇေယျမဟာဗိုလ်၊ မြို့စာရေးငကောင်း၊ ငဝန်၊ စက်ဘောသစ်နှင့် စာရေးကြီး ကျော်ထင်နန္ဒမိတ်တို့အား တိုင်း တာစေခဲ့သည်။ ယင်းအဖွဲ့တိုင်းတာချက်အရ ရွှေဘိုမြို့သည် အရပ်တစ်မျက်နှာလျှင် ၁ဝဝ၁ တာရှိပြီး မြို့လေးမျက်နှာသည် တာဝန်း ၄ဝဝ၄ ရှိသဖြင့် တာဝန်း ၂ဝဝဝ ရှိသည့် အမရပူရ မြို့၊ တာဝန်း ၂၄ဝဝ ရှိသည့် မ္တလေးမြို့တို့ထက် ကြီးမားကျယ်ဝန်း ကာ ကုန်းဘောင်ခေတ်တွင်တည်ခဲ့သည့် စတုရန်းပုံမြို့များတွင် အကြီးဆုံးမြို့ဖြစ်ခဲ့သည်။

မင်းနေပြည်ရွှေဘိုသည် အလောင်းမင်းတရားဦးအောင် ဇေယျ (ခရစ်နှစ်၁၇၅၂- ၁၇၆ဝ)နှင့် သားဖြစ်သူ တပယင်းမင်း (ခရစ်နှစ် ၁၇၆ဝ-၁၇၆၃)တို့ လက်ထက်တွင် ဘုရင်နန်းစိုက်ရာ နေပြည်တော်ဖြစ်ခဲ့သည်။ ဆင်ဖြူရှင်မင်း(ခရစ်နှစ် ၁၇၇၃-၁၇၇၆)သည် ရွှေဘိုတွင် နှစ်နှစ်သာနန်းစံပြီး ခရစ်နှစ် ၁၇၇၅ ခုနှစ်တွင် အင်းဝသို့ ပြောင်းရွှေ့နန်းစိုက်ခဲ့သဖြင့် ရွှေဘိုသည် ဘုရင့်နန်းမြို့အဖြစ်မှ အဆုံးသတ်ခဲ့သည်။

ကုန်းဘောင်မင်းဆက်

မြန်မာနိုင်ငံ၏ သမိုင်းတစ်လျှောက် နိုင်ငံတော်အား ညီညွတ်စွာစုစည်းနိုင်ခဲ့သည့် ကာလများကို သမိုင်းပညာရှင် များက ပထမ၊ ဒုတိယနှင့် တတိယ မြန်မာနိုင်ငံတော်ဟု သတ် မှတ်ခဲ့ရာ တတိယမြန်မာနိုင်ငံတော်ဖြစ်သည့် ကုန်းဘောင် ခေတ်သည် ခရစ်နှစ် ၁၇၅၂ ခုနှစ်မှ ၁၈၈၅ ခုနှစ်အထိ ၁၃၃ နှစ် ရှည်ကြာခဲ့သည်။ ကုန်းဘောင်ခေတ်တွင် အလောင်းမင်း တရား ဦးအောင်ဇေယျမှ သီပေါမင်းအထိ (ဖောင်းကစား မောင်မောင်မပါ) မင်း ၁ဝ ပါးအုပ်စိုးခဲ့ရာ အလောင်းမင်းတရား ဦးအောင်ဇေယျက ရှစ်နှစ်၊ နောင်တော်ကြီးက သုံးနှစ်၊ ဆင်ဖြူ ရှင် မြေဒူးမင်းက ၁၃ နှစ်၊ စဉ့်ကူးမင်းက ငါးနှစ်၊ ဖောင်းကား စားမောင်မောင်က ခုနစ်ရက်၊ ဘိုးတော်ဘုရား ဗဒုံမင်းက ၃၇ နှစ်၊ ဘကြီးတော် စစ်ကိုင်းမင်းက ၁၉ နှစ်၊ သာယာဝတီမင်းက ကိုးနှစ်၊ ပုဂံမင်းက ခြောက်နှစ်၊ မင်းတုန်းမင်းက ၂၆ နှစ်နှင့် သီပေါမင်းက ခုနစ်နှစ် အုပ်ချုပ်ခဲ့သည်။ ကုန်းဘောင်ခေတ် မြန်မာမင်းများတွင် စွမ်းရည်သတ္တိ၊ ဉာဏ်အမြော်အမြင် ပြည့်စုံသောမင်းများ ရှိသကဲ့သို့ မင်းသာမာန်များ၊ မင်းညံ့များ လည်း ရှိခဲ့သည်။

ပုဂံဝန်ထောက်ဦးတင် ရေးသားခဲ့သည့် မြန်မာမင်းအုပ်ချုပ် ပုံစာတမ်း၊ ဒုတိယတွဲတွင် မြန်မာရာဇဝင်၌ ညံ့ဖျင်းသောမင်းသုံး ပါး အုပ်စိုးစဉ် တိုင်းပြည်ပျက်ခဲ့ရပုံကို အကျယ်တဝင့် ရေးသား ထားသည်။ ကုန်းဘောင်မင်းဆက်များတွင် အလောင်းမင်း တရား၊ ဆင်ဖြူရှင်မြေဒူးမင်း၊ ဘိုးတော်ဘုရား ဗဒုံမင်းနှင့် မင်းတုန်းမင်းတို့သည် မြန်မာတို့ဂုဏ်ယူရသော မင်းများဖြစ် ကြောင်းနှင့် ကုန်းဘောင်ခေတ်ကို တစ်နေ့တာအချိန်နှင့် နှိုင်း စက်ပါက အလောင်းမင်းတရား ကုန်းဘောင်ကို စတင် ထူ ထောင်ချိန်သည် ကုန်းဘောင်နေထွက်ချိန်ဖြစ်ပြီး ဘကြီး တော်နန်းတက်ချိန်သည် မွန်းတည့်ချိန်ဖြစ်ကာ သီပေါမင်း ပါတော်မူချိန်သည် ကုန်းဘောင်နေဝင်ချိန်ဖြစ်ကြောင်း ဆရာကြီးညိုမြက ကုန်းဘောင်ရှာပုံတော်စာအုပ်တွင် သုံးသပ် ခဲ့သည်။

အင်းဝပျက်ပြီး ဒုတိယမြန်မာနိုင်ငံတော် ပျက်စီးသွားချိန် တွင် ဦးအောင်ဇေယျသည် မုဆိုးဘိုရွာတွင် ထန်းလုံးတပ် တည်ဆောက်ပြီး အချုပ်အခြာအာဏာကို ထူထောင်ကာ လက်ရွေးစင် တပ်သား ၆၈ ယောက် ဖြင့် ရန်သူများကို အောင် နိုင်ပြီး ရခိုင်ဒေသမှလွဲ၍ မြန်မာနိုင်ငံတစ်နိုင်ငံလုံးကို တတိယ မြန်မာနိုင်ငံတော်ကြီးအဖြစ် စည်းရုံးထူထောင်နိုင်ခဲ့သည်။ ထိုအချိန်က စည်းလုံးညီညွတ်မှုပြိုကွဲကာ တစ်စစီဖြစ်နေသည့် မြန်မာနိုင်ငံတော်ကို တစ်ပေါင်းတည်း ပြန်လည်စုစည်းခဲ့သည့် ဦးအောင်ဇေယျသည် ကုန်းဘောင်ခေတ်၏ ဦးကိုင်ပန္နက်ရှင် ဖြစ်ခဲ့ပြီး တတိယမြန်မာနိုင်ငံတော်ကိုထူထောင်ခဲ့သူ သူရဲ ကောင်းတစ်ဦးအဖြစ် မြန်မာ့သမိုင်းတွင် ထင်ရှားခဲ့သည်။

အလောင်းမင်းတရားလက်ထက်တွင် မြန်မာနိုင်ငံတော် သည် အရှေ့မြောက်တွင် ယူနန်နယ်အထိ၊ အရှေ့ဘက်တွင် ဇင်းမယ်အထိ၊ အရှေ့တောင်တွင် အယုဒ္ဓယအထိ၊ အနောက် မြောက်တွင် မဏိပူရ၊ အာသံအထိ ကျယ်ဝန်းခဲ့သော အင်ပါ ယာကြီးဖြစ်ခဲ့သည်။

လက်ရှိရွှေဘို

ရွှေဘိုမြို့သည် မြန်မာနိုင်ငံအနောက်မြောက်ပိုင်း မြောက် လတ္တီတွဒ် ၂၂ ဒီဂရီ ၁ဝ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄၇ မိနစ်တွင် တည်ရှိပြီး ၅၇၁၄ စတုရန်းမိုင် ကျယ်ဝန်းသည်။ မ္တလေးမြို့မှ ၇၉ မိုင်ကွာဝေးပြီး မန္တလေး-မြစ်ကြီးနားလမ်းပေါ် တွင် တည်ရှိကာ မီးရထား၊ မော်တော်ကားတို့ဖြင့် သွားနိုင် သည်။ ဧရာဝတီမြစ်ကမ်းပေါ်တွင်တည်ရှိသည့် ကျောက်မြောင်း မှ ၁၇ မိုင်၊ မူးမြစ်အနီးရှိ ရေဦးမြို့မှ ၂၄ မိုင် ကွာဝေးသည်။ မြို့၏မြောက်ဘက်နှင့် တောင်ဘက်တွင် ရွှေဘိုတူးမြောင်းရှိပြီး မြောင်းဘောင်ပေါ်တွင် မော်တော်ကားလမ်းဖောက်လုပ်ထား ရာ ကာဘိုးဆည်သို့သွားသည့်လမ်းကို မြောက်လက်ဟုခေါ်၍ ဝက်လက်သို့သွားသည့်လမ်းကို တောင်လက်ဟုခေါ်သည်။ ယင်းတူးမြောင်းကို ပုဂံဘုရင် အလောင်းစည်သူ (ခရစ်နှစ် ၁၁၁၃-၁၁၆ဝ)လက်ထက်က တူးဖော်ခဲ့သည်ဟု ဆိုကြသည်။

လက်ရှိရွှေဘိုမြို့သည် ရွှေဘို၊ ခင်ဦး၊ ဝက်လက်နှင့် ဒီပဲယင်း မြို့နယ်တို့ဖြင့် ဖွဲ့စည်းထားသည့် ရွှေဘိုခရိုင်၏ မြို့တော်ဖြစ်ပြီး ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ရွှေဘိုမြို့ပေါ်တွင် လူဦးရေ ၆၉ဝ၃၆ ရှိကာ ကျေးလက်များတွင်နေထိုင်သည့် လူဦးရေ သည် ၁၆၆၅ဝ၆ ဦးဖြစ်သည်။

ရွှေဘိုမြို့တွင် ကုန်းဘောင်ဆက်မင်းများတည်ထားခဲ့သည့် စေတီပုထိုးများ တည်ရှိနေရာ အလောင်းမင်းတရား ဦီးအောင် ဇေယျ တည်ခဲ့သည့် မော်ဓောမြင်သာစေတီခေါ် မြို့ထောင့် စေတီ၊ ရွှေချက်သိုစေတီနှင့် ရွှေတန်ဆာစေတီတို့သည် အထူး ထင်ရှားပြီး ချမ်းသာကြီး ချမ်းသာရ၊ ရွှေသိမ်ဦးနှင့် နိဗ္ဗာန် ဆိပ်ဦး စေတီတို့သည်လည်း ရွှေဘိုမြို့၏ ထင်ရှားသောဘုရား များ ဖြစ်ကြသည်။

ရွှေဘိုမြို့၏ မြောက်ဘက် တစ်မိုင်အကွာတွင်တည်ရှိပြီး ရွှေဘို မြို့နေပြည်သူများအား ရေပေးဝေသည့် မဟာနန္ဒာကန် သည် အလောင်းမင်းတရား ဆည်ဖို့ခဲ့သည့်ကန်ဖြစ်သကဲ့သို့ မြို့နေပြည်သူများ အနားယူအပန်းဖြေသည့် သာယာလှပ သော နေရာတစ်ခုလည်းဖြစ်သည်။ အလောင်းမင်းတရားသည် ရွှေဘိုမြို့ကို ”ကျံူး၊ မြို့၊ နန်းနှင့်၊ နတ်ကွန်း ပဟိုရ်၊ ရွှေချက်သိုက၊ ရေညိုမြဟန် နန္ဒကန်”ဟု အမှတ်အသားပြုသည့်အတိုင်း နန်းတော်၊ မြို့၊ ကျုံး၊ နတ်ကွန်း၊ ရေကန်၊ ပဟိုရ်စင်နှင့် ရွှေချက် သိုစေတီဟူသည့် မြို့နန်းတည်ခုနစ်ဌာနကို တစ်ပြိုင်တည်း တည်ခဲ့သည်။

အလောင်းမင်းတရား နတ်ရွာစံပြီးနောက် စစ်ကိုင်း၊ အမရ ပူရ၊ အင်းဝနှင့် မန္တလေးတို့သည် ကုန်းဘောင်မြို့တော်များ ဖြစ်လာခဲ့သည့်တိုင် ရွှေဘိုသည် အောင်မြေနင်းရာဌာနအဖြစ် ထင်ရှားခဲ့ကာ ဘိုးတော်ဘုရားဗဒုံမင်း၊ သာယာဝတီမင်းနှင့် မင်းတုန်းမင်းတို့သည် မင်းသားဘဝများတွင် ရွှေဘိုအောင်မြေ ကိုနင်းကာ ထီးနန်းကို ကြံစည်ခဲ့ကြသည်။ ယခုတိုင် ရွှေဘိုတွင် အောင်မြေကိုးဌာနရှိကာ အောင်မြေလာနင်းကြသူများကို နေ့စဉ်တွေ့မြင်နိုင်ကြပေသည်။ အောင်မြေများသို့ လာရောက် ကြသူများသည် မိမိတို့ယုံကြည်မှုများအရ အောင်မြေများ တွင်စိုက်ထူထားသည့် မဏ္ဍိုင်ကို ကိုးပတ်လှည့်၍ မြေကြီးကို နင်းကာ ဆုတောင်းလေ့ရှိကြသည်။

ရွှေချက်သိုနှင့် ပဟိုရ် ခေါင်းလောင်း

ရွှေဘိုမြို့နှင့်အတူ တစ်ပြိုင်တည်းတည်ခဲ့သည့် ရွှေချက်သို စေတီကို အလောင်းမင်းတရားသည် ၁၇၅၄ ခုနှစ် အောက်တို ဘာ ၃ဝ ရက်တွင် ရွှေထီးအထွတ်တင်လှူခဲ့သည်။ ရွှေချက်သို စေတီသည် ရွှေချက်ကျစေတီဟုလည်း ဘွဲ့မည်တွင်ခဲ့ပြီး Óဏ် တော် ၆၉ တောင်မြင့်သည်။

ရွှေချက်သိုစေတီသည် ယခုရွှေဘိုမြို့ အနောက်စျေး ရပ်ကွက်တွင် တည်ရှိပြီး စေတီတော်တည်ခဲ့သည့်နေရာသည် ၁၇၁၄ ခုနှစ် သြဂုတ် ၂၄ ရက်တွင် ဖွားမြင်ခဲ့သည့် အလောင်း မင်းတရားလောင်းလျာ မောင်အောင်ဇေယျ၏ ချက်မြှုပ်ခဲ့ သည့်နေရာဖြစ်သည်။ ရွှေချက်သိုစေတီတော်၏ အရှေ့တောင် ထောင့်တွင် ပဟိုရ်ခေါင်းလောင်းတော်ကို ယနေ့တိုင် မြင်တွေ့ ကြရသည်။ ပဟိုရ်ခေါင်းလောင်းသည် အစောက် သုံးပေ သုံးလက်မ၊ လုံးပတ် ခြောက်ပေနှင့် အထူ သုံးလက်မရှိကာ ခေါင်းလောင်းတော်ကို အုတ်ဖြင့်ပြုလုပ်ထားသည့် ပဟိုရ် ခေါင်းလောင်းစင်ပေါ်တွင် ချိတ်ဆွဲထားသည်။ ခေါင်းလောင်း တော်ကို အလောင်းမင်းတရားလက်ထက်မှ နောင်တော်ကြီး မင်း၊ ဆင်ဖြူရှင်မင်းတို့လက်ထက်တိုင် အချိန်လျှောက်ကြားရာ တွင် အသုံးပြုခဲ့သည်ဟု ဆိုကြသည်။

အလောင်းဘုရားဦးအောင်ဇေယျမှ သီပေါမင်းအထိ ကုန်း ဘောင်ဘုရင်များသည် မင်းကွန်းခေါင်းလောင်း အပါအဝင် သမိုင်းဝင်ခေါင်းလောင်းကြီးများကို သွန်းလုပ်ခဲ့ကြသည်။ ကုန်းဘောင်ဘုရင် ၁၁ ပါးအနက် ဘုရင်ခုနစ်ပါးသည် ခေါင်း လောင်းကိုးလုံးကို သွန်းလုပ်ခဲ့ကြပြီး ကမ္ပည်းစာများရေးထိုး၍ စေတီပုထိုးများတွင် လှူဒါန်းချိတ်ဆွဲထားခဲ့ကြရာ ရန်ကုန်မြို့ ရွှေတိဂုံစေတီတွင် နှစ်လုံး၊ မ္တလေးမြို့ အိမ်တော်ရာစေတီတွင် နှစ်လုံး၊ ရွှေဘိုမြို့ ရွှေချက်သိုစေတီ၊ စစ်ကိုင်းမြို့ အောင်မြေ လောကစေတီ၊ မြန်အောင်မြို့ ရွှေဘုံသာစေတီ၊ အမရပူရမြို့ မဟာဝိဇယရံသီ ပုထိုးတော်ကြီးစေတီနှင့် မင်းကွန်းတွင် တစ်လုံးစီကို ယနေ့တိုင် မြင်တွေ့လေ့လာနိုင်ကြပေသည်။

အလောင်းမင်းတရားနှင့် မိဖုရား ခေါင်းလောင်းတော်များ

အလောင်းမင်းတရားသွန်းလုပ်ခဲ့သည့် ခေါင်းလောင်းနှင့် အလောင်းမင်းတရား၏ မိဖုရားခေါင်ကြီး မယ်ယွန်းစံ လှူဒါန်းခဲ့သည့် ခေါင်းလောင်းတို့ကို ရွှေချက်သိုစေတီ အရှေ့ ဘက်ရင်ပြင်တွင် ချိတ်ဆွဲထားသည်။ ခေါင်းလောင်းတော် နှစ်လုံးကို တောင်မြောက်ယှဉ်လျက် ချိတ်ဆွဲထားရာ အလောင်း မင်းတရားခေါင်းလောင်းတော်သည် အမြင့်၂၈လက်မ၊ အချင်း ဝက် ၂၅ လက်မ၊ အထူ သုံးလက်မရှိပြီး ခေါင်းလောင်း လုံးပတ် သည် အောက်ခြေတွင် ၇၇ လက်မ၊ ခါးပတ်နေရာတွင် ၆၇ လက်မနှင့် ထိပ်တွင် ၅၇ လက်မရှိသည်။ ခေါင်းလောင်းချိတ်၌ ရှစ်လက်မစီအမြင့်ရှိသည့် ခြင်္သေ့ရုပ်နှစ်ရုပ် သွန်းလုပ်ထားသည်။

မိဖုရားခေါင် ခင်ယွန်းစံ၏ ခေါင်းလောင်းတော်သည် အလောင်းမင်းတရား၏ခေါင်းလောင်းထက် အနည်းငယ် သေးငယ်ကာ အမြင့် ၂၆ လက်မ၊ အချင်းဝက် ၂၃ လက်မ၊ အထူ နှစ်လက်မရှိပြီး ခေါင်းလောင်းလုံးပတ်အဝန်းသည် အောက်ခြေတွင် ၇၅ လက်မ၊ ခါးပတ်နေရာတွင် ၆ဝ လက်မနှင့် ထိပ်တွင် ၅၁ လက်မရှိသည်။ ခေါင်းလောင်းချိတ်၌ ၁၁ လက်မ စီ အမြင့်ရှိသည့် နယားရုပ်နှစ်ရုပ်နှင့် ၁၂ လက်မစီမြင့်သည့် မနုဿီဟရုပ်နှစ်ရုပ်ကို သွန်းလုပ်ထားသည်။

အလောင်းမင်းတရား၏ခေါင်းလောင်းသည် အခြားကုန်းဘောင်ဘုရင်များလှူဒါန်းသည့် ခေါင်းလောင်းများကဲ့သို့ မဂ်ဖိုလ်နိဗ္ဗာန်ကို တောင်းဆုပြုသည့် သဒ္ဒဒါနအလှူတော် မဟုတ်ဘဲ လောကီအကျိုးစီးပွားကို ရည်စူးလှူဒါန်းခဲ့သည့် ခေါင်းလောင်းဖြစ်သည်။ အလောင်းမင်းတရားသည် အတုလ ယသ မဟာဓမ္မရာဇာဓိရာဇာဂုရု ဘွဲ့တံဆပ်တော်ရ အတုလ ဆရာတော် အရှင်ယသ၏ အကြံÓဏ်များအတိုင်း တိုင်းရေး ပြည်မှုများကိုဆောင်ရွက်ခဲ့ရာ ခက်ခဲသောကိစ္စများတွင် အောင်မြင်မှုများရရှိခဲ့သည်။ ထို့ကြောင့် မိမိ၏ ဘုန်းတန်ခိုး အာဏာကြီးထွား၍ ရန်အပေါင်းကိုအောင်နိုင်ရန် ရည်ရွယ် လျက် အတုလဆရာတော်၏ ညွှန်ကြားမှုအတိုင်း ခေါင်း လောင်းကို သွန်းလုပ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ဆရာကြီးဦးစိန် မောင်ဦးက ကောက်ချက်ချခဲ့သည်။

အလောင်းမင်းတရား ခေါင်းလောင်းတော်တွင် သွန်းလုပ် သည့်သက္ကရာဇ်ကို ရေးထိုးထားခြင်းမရှိသော်လည်း မိဖုရား ခေါင်ကြီးခင်ယွန်းစံ၏ ခေါင်းလောင်းတွင် မြန်မာသက္ကရာဇ် ၁၁၂၈ ခုနှစ် တော်သလင်းလဆန်း ၆ ရက်တွင် သွန်းလုပ် လှူဒါန်းကြောင်း ခေါင်းလောင်းစာ ရေးထိုးထားသည်။ ခေါင်း လောင်းများကို အုတ်တိုင်များပြုလုပ်၍ သံတန်းတွင် ချိတ်ဆွဲ ထားသော်လည်း အမိုးအကာမရှိသဖြင့် ရေရှည်ကြံ့ခိုင်ရေး အတွက် စဉ်းစားဖွယ်ဖြစ်နေပေသည်။

ရွှေဘိုမြို့တွင် အလောင်းမင်းတရားနန်းတော်ကို နိုင်ငံတော် က ပြန်လည်တည်ဆောက်ခဲ့သည်။ ထို့အပြင် မြို့ထောင့်စေတီ၊ ရွှေတန်ဆာစေတီ၊ ရွှေချက်သိုစေတီနှင့် ပဟိုရ်နာရီစင်၊ အလောင်းမင်းတရားနှင့် မိဖုရားတို့၏ အလှူတော် ခေါင်း လောင်းတော်နှစ်လုံး၊ မဟာနန္ဒာကန်တို့သည် ကုန်းဘောင် ခေတ်ဦး အမွေအနှစ်များအဖြစ် ရွှေဘိုမြို့တွင် ကျန်ရှိနေရာ သုတေသီများ၏ သုတေသနဆောင်ရွက်မှုများကြောင့် ကုန်း ဘောင်သမိုင်းကို အပြည့်အစုံနီးပါး ဖော်ထုတ်နိုင်ခဲ့ကြပြီးဖြစ် သည်။ တတိယမြန်မာနိုင်ငံတော်၏ အဦးအစ သမိုင်းအမွေ အနှစ်များသည် ရွှေဘိုမြို့တွင် များစွာကျန်ရှိနေပေရာ မြန်မာ တို့၏ ဂုဏ်ယူဖွယ် ရှေးဟောင်းအမွေအနှစ်များအဖြစ် ထိန်း သိမ်းစောင့်ရှောက်လျက် ကျန်ရှိသည့် သုတေသနလုပ်ငန်း များကို ဆက်လက်ဆောင်ရွက်ကြရမည်သာဖြစ်ပေသည်။ ။

ကိုးကား

(၁) ကုန်းဘောင်ခေတ်လက်ရွေးစဉ် ခေါင်းလောင်းစာများ (ဦးစိန်မောင်ဦး)

(၂) မြန်မာ့ရက်စွဲသမိုင်း၊ကုန်းဘောင်ဆက် (ဦးတိက္ခဓမ္မာလင်္ကာရ၊ဒေါက်တာသန်းထွန်း)

(၃) ကုန်းဘောင်ဆက် မဟာရာဇဝင်ကြီး(ဦးမောင်မောင်တင်)

မောင်သာ(ရှေးဟောင်းသုတေသန)

Likes:
0 0
Views:
541
Article Categories:
BooksHistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *