“ကျနော်တို့ငယ်ငယ် ကလေးဘဝ”

ကျနော်တို့ငယ်ငယ်က နွားကျောင်းရင်း နွားကျောင်းဖော်သူငယ်ချင်းတွေစုပြီး လောက်စာလုံးကြေး ဖဲရိုက် ၊ သရက်သီးကြေးဖဲရိုက် ဒီလိုနဲ့ ကျနော်တို့ဘဝတွေ အခြေခံအုတ်မြစ်မခိုင်ခန့်စွာနဲ့ ကြီးပြင်းလာခဲ့ရတယ်။ အတန်းပညာအရည်ချင်း ညံ့လိုက်တာ ။ ကျနော်ဘယ်လောက်ထိ အတန်းစာညံ့သလဲဆိုရင် ကျနော့်တစ်တန်း နှစ်တန်းဆရာမတွေ အခုချိန်ထိကျနော့်ကိုမြင်ရင် မှတ်မိနေကြတုန်း။ အတန်းထဲမှာတော့ ဖင်အပေါ့ဆုံးကျောင်းသားလက်ညိုးထိုးပြပါဆိုရင် လက်ညိုးအားလုံးက ကျနော့်ဆီမှာပဲ။ သုံးတန်းနှစ် အတန်းပိုင်ဆရာမရဲ့ဆွဲခြင်းလေး ကူဆွဲ။

စာညံ့ပေမဲ့ အချစ်ခံခဲ့ရတဲ့ သက္ကရာဇ်တွေပေါ့။ အိမ်ကစည်းပွားရေးအရမ်းကြပ်တည်းတဲ့အချိန် ကျောင်းကိုလာရင် ဘောင်းဘီဂွပြဲနဲ့ မနက်ကျောင်းသားတွေတန်းစီပြီး နိူင်ငံတော်အလံအလေးပြု နိူင်ငံတော်သီချင်းဆိုရရင် ကျနော်က အရပ်အရှည်ဆုံးကျောင်းသားဆိုတော့ ရှေ့ဆုံးကအော်ရတယ်။ ရှေ့ကအော်ခဲ့ရတာတွေတော့မေ့နေပါပြီ။ အလေးပြု နေမြဲ နိူင်ငံတော်သီချင်းစဆို ဘာညာစသည်အားဖြင့်ပေါ့။

ဆိုလိုချင်တာက ရှေ့ဆုံးကဆိုတော့ နောက်ကသူငယ်ချင်းတွေ ကျနော့်ကိုကြည့်ပြီးရယ်ရင် ကျနော့်နောက်ကျောသေးသေးလေးကသိတယ် ဒီကောင်တွေငါ့ဘောင်းဘီအပြဲတွေ့ကြပြန်ပြီ။ ကလေးဆိုပေမဲ့ ရှက်တယ်ဗျာ ။ အမေမရှိတဲ့သားတစ်ယောက် မပြည့်စုံတဲ့မိသားစုရဲ့ မြေစာပင် ဘဝဟာငယ်စဉ်ကတည်းကနေ လမ်းလျှောက်တက်စကလေးငယ်လို ခဏခဏလဲပြိုခဲ့ရတယ်။ အိမ်ပြန်ရောက်ရင် မမကြီးကိုပူဆာရတယ်။ မမငါ့ဘောင်းဘီပြဲလေး ချုပ်ပေးပါအုံး ။ မမကလည်းအိမ်မှုကိစ္စအဝဝနဲ့ ငါမအားဘူး နင့်အကိုတွေဟာယူဝတ်သွား။

ပေါင်တွေလက်တွေမှာ ဝဲတွေစွဲတော့ မမကရေချိုးပေးတယ် ဆပ်ပြာခဲနီနီကြီးတွေမြင်ရင်အလိုလိုလန့်ခဲ့ရတယ်။ ကာပေါ်လစ်ခေါ်တာပေါ့။ အင်္ကျီကော်လံမှာချေးအထပ်ထပ်နဲ့ တချို့ဆရာတွေအနားမကပ်တဲ့ သိမ်ငယ်စွာကာလတွေပေါ့။ ကျနော်မှတ်မိသေးတယ် ခဲတံလက်တစ်ဆစ်လောက်အတိုလေးနဲ့ ကျောက်သင်ပုန်းက စာလေးကူးရေးနေတုန်း ဆရာကြီးဦးတင်ဝင်းက နောက်ကနေ တံမြတ်စည်းအရိုးနဲ့ နောက်ကျောကိုအဆက်မပြက်ရိုက်ခဲ့တာ။ စာရေးချင်ဟန်ဆောင်နေတယ်လို့ထင်တာပါ လက်ထဲမှာပျောက်နေတဲ့ ခဲတံတိုတိုလေးကိုဆရာကြီးမမြင်လို့ပေါ့။ အမှန်တရားဆိုတာနောက်ကျမှ ရောက်လာတတ်ရင် ဘာမှအသုံးမဝင်တော့မှန်းကျနော်ငယ်စဉ်ကနေသိခဲ့ရတယ်။

အခန်းထဲမှာစုပေါင်းဘုံကထိန်တွေအတွက် ပိုက်ဆံကောက်မှာကျနော်အကြောက်ဆုံးပဲ။ စာအုပ်တစ်အုပ်ထဲ သုံးဘာသာလောက်ပေါင်းရေးနေရတဲ့ကျနော့်အတွက် ဘုံကထိန် ဝါဆိုသင်္ကန်း ဆရာကန်တော့ကြေး အားလုံးဟာငရဲပဲ။ အလှူငွေမထည့်နိူင်လို့ ခုံပေါ်တက်မက်တတ်ရပ်ခဲ့ရတာတွေ နတ်မောက်မြို့ထဲ ထုံးအိတ်တွေထမ်းပြီး ကျောတွေပေါက်နေတဲ့ အဖေကြီးကို မပြောရက်ခဲ့ဘူး။ တစ်အိမ်လုံးပဲကြီးလှော်ဆီဆမ်းပြီး ဟင်းလုပ်စားနေရတဲ့ မိသားစုကိုမပြောရက်ခဲ့ဘူး။ ကျောင်းစုံညီပွဲတိုင်း ပါဝင်ခွင့်မရခဲ့တာနှစ်စဉ်နှစ်တိုင်း။ အသီးတစ်ရာအညှာတစ်ခု သီချင်းနဲ့သရုပ်ဖော်ကနေကြတဲ့ သူငယ်ချင်းတွေကိုငေးကြည့်နေရတဲ့အခန်းမှာ ကျနော်နှစ်တိုင်းသရုပ်ဆောင်ရတယ်။

သူတို့ပါးက သနပ်ခါးလေးတွေ ဘယ်သူလိမ်းပေးလဲ ကျနော်မမေးရဲပါဘူးဗျာ။ လေ့ကျင့်ခန်းစာအုပ်အဖုံးမှာ အမေလို့ခဲတံတိုလေးနဲ့ရေးပြီး ကျောင်းအိမ်သာမှာခိုးပြီးငိုခဲ့ဖူးတယ်။ ကွင်းစကွင်းပိတ်ထဲရောက်နေတဲ့အမေ ဘယ်သိပါ့မလဲ။ မမကြီးသူများလယ်ထဲ စပါးအငှါးရိတ်ရင်း မြွေကိုက်တော့ ကျနော်က သုံးတန်းကျောင်းသားအရွယ်။ စာသင်ခန်းထဲအကိုလာခေါ်တော့ ဘာကြောင့်မှန်းမသိပေမဲ့ မျက်ရည်တွေသွင်သွင်စီးရင်း ဖိနပ်မပါခြေဗလာနဲ့ အိမ်အထိငိုပြန်ဖူးတယ်။ အမိအရာပီသတဲ့မမကြီးကို ဆုံးရှုံးရမှာငယ်စဉ်ကတည်းက ကြောက်ခဲ့မိတာ။

အဖေကမမကြီးဆီမသွားနိူင်သေးဘူး ဆေးကုသဖို့ငွေတိုးလည်ရှာနေတုန်း ။ ကျောမွဲမိသားစုရဲ့ အနာပေါ်တုတ်ကျတဲ့ သက္ကရာဇ်တွေပေါ့။ တိုင်းပြည်ဆုံးရှုံးရတဲ့ စစ်သားတစ်ယောက်ရဲ့ကြေကွဲခြင်းတွေပေါ့။ မမကြီးဆီထမင်းပို့သွားတော့ နတ်မောက်ဆေးရုံလိုက်သွားတယ် ပိုက်တန်းလန်းနဲ့ မမကြီးကိုတွေ့တော့ လက်ကိုပါးစပ်နဲ့ကိုက်ပြီး ကြိတ်ငိုခဲ့ရတယ်။ ဒဏ်ရာတွေများလွန်းတဲ့ ငယ်ဘဝတွေပါ။ မမကြီးဆေးရုံကဆင်းတော့ မိခင်ပြန်တွေ့တဲ့ နို့စိုခွေးပေါက်လေးလို တအီအီနဲ့ အနားကမခွါခဲ့ဘူး ။ မမကြီးသည် ကျနော်၏သမ္မတကြီးဖြစ်ပြီး ကျနော်သည် မမကြီး၏ပြည်သူဖြစ်ခဲ့ရတဲ့ ငယ်ဘဝတွေပါ။ အမိမဲ့သားဖြစ်ပေမဲ့ မမကြီးမေတ္တာတွေနဲ့ ကျနော်ကရေနည်းငါးမဖြစ်ခဲ့ဘူး။

မမကြီးမင်္ဂလာဆောင်တော့ သတိုးသားအိမ်က အသံချဲ့စက်ကို ပုဆိုးကွင်းသိုင်းပြီး ခဲနဲ့ထုခဲ့ဖူးတယ်။ ဆောင်းဘောက်မဲမဲကြီးတွေက နာတယ်လို့မအော်ပေမဲ့ ကျနော့်ရင်ဘတ်သေးသေးလေးက မမကြီးကိုပေးရတော့မှာမို့ ရင်နာခဲ့ရဖူးတာပေါ့။ ကျနော်တို့ငယ်ငယ် အဖေကရှင်ပြုပေးတော့ မမကြီးငိုတယ်။ အဖေ့မျက်နှာအိုတယ်။ ဘာကြောင့်တုန်း ကျနော့်ခေါင်းသေးသေးလေး မစဉ်းစားတတ်ခဲ့ဘူး။ မမကြီးငိုသံထဲမှာ “အမေရေ..”တဲ့။ အဖေ့တောက်ခက်သံတွေထဲမှာတော့ “မိဝင်းကြည်ရေ..နင့်သားသမီးတွေ ရှင်ပြုပေးတာ နင်မြင်ချင်စမ်းရဲ့ဟာ” တဲ့။ မောင်ရှင်လောင်းပါးကွက် မျက်ရည်နဲ့ပျက်ခဲ့ရတယ်။

မုန့်ဖိုးမပါတဲ့ မုန့်စားကျောင်းဆင်းချိန်တွေမှာ မုန့်စျေးတန်းနဲ့ အဝေးဆုံးနေရာမှာကျနော်အမြဲတမ်းရှိခဲ့တယ်။ ကျောင်းဆင်းလို့အိမ်ပြန် ထုံးစံအတိုင်း နွားတင်းကုတ်ထဲဝင် နွားချေးကျုံ ရေထမ်း ။ ညဘက်ရောက်ရင် ညီကိုတတွေ ဖယောင်းတိုင်တစ်တိုင်ထွန်းပြီး စာတွေအော်ဖတ်ခဲ့ရတယ်။ ခဏနေရင် အဖေကြီးရဲ့ “စာကြောင်းဖြောင့်အောင်ဖတ်တက်ရင် တော်ရော့ပေါ့ကွာ မနက်စော မင်းတို့အမ ချက်ဖို့ပြုတ်ဖို့လုပ်ရင်လည်း မီးလိုသေးတယ် ဖယောင်းတိုင်အတိုလေးချန်ထားကြအုံး “။ ဘယ်သူမှ ဘယ်တုန်းကမှ စောဒကမတက်ခဲ့ကြပါဘူး။ ဘဝက “အင့်ဟင်” လို့ကိုငြင်းခွင့်မရှိတဲ့ ဘဝတွေပါ။

ဆန်ကြမ်းနီနီကြီးတွေနဲ့ပြောင်းဖူးရောစားခဲ့ရဖူးတယ်။ ကျနော်တို့ငယ်ဘဝတွေက ဒီလိုနဲ့ပဲ ကြီးပြင်းလာခဲ့ရတယ်။ ယာခင်းထဲမှာ တဲလေးဆောက် ရေတွင်းလေးတူး သီးပင်စားပင်လေးတွေစိုက်ပျိုးပြီး ကျနော်တို့ညီကိုနှစ်ယောက် နေခဲ့ရဖူးတယ်။ နှုမ်းရာသီနဲ့ မြေပဲပေါ်ချိန်မှာတော့ အဖေကောလာစောင့်ပေးတာပေါ့။ အမေ့အကြောင်းပြောပြဖို့ တောင်းဆိုတိုင်း ရေဒီယိုအစုတ်လေးကို တဂျစ်ဂျစ်နဲ့ လိုင်းဖမ်းနေတဲ့အဖေ။ အတိတ်ကိုပြန်မသွားချင်ဘူး ငါ့သားရေတဲ့။ ဘုရားဇာတ်တော်ကြီးတွေ စိတ်ဝင်စားဖွယ်ပြောပြခဲ့တဲ့အဖေ။ နှုမ်းရိုးတွေ မီးရှို့ပြီး ဓားသိုင်းဆော့နေတဲ့ သားနှစ်ယောက်ကို မီးဖိုကြီးဖိုလို့ ဘေးကတဟားဟားရယ်မောပြီး ကြည့်နေတဲ့အဖေ ။ တကယ်ပျော်ရဲ့လား။

အဖေ့လက်မောင်းဟာ ကျနော့်အတွက်တော့ တန်ဖိုးမဖြတ်နိူင်တဲ့ခေါင်းအုံး။ အဖေ့အသံဟာ အသံတကာတို့ထက်ချိုသော အသံ။ အဖေ့ဆုံးမစကားတွေဟာ သက်ရှိဘုရားတစ်ဆူရဲ့ တရားထူးတွေပေါ့။ ကျနော်တို့ဘဝတွေ ဒီလိုနဲ့ကြီးပြင်းလာခဲ့ကြရတာပါ။ ကျနော်ဆယ်တန်းနှစ်က မှတ်မှတ်ရရကျနော့်ဘော်ဒါကြေးအတွက် အကိုတွေကဝက်နှစ်ကောင်မွေးထားတာ။ တစ်နေ့မှာတော့ အဖေနဲ့မျက်မှန်းတန်းမိရုံလူတစ်ယောက် အဖေအိမ်မှာ တစ်ယောက်ထဲရှိတဲ့အချိန် ဝက်နှစ်ကောင်ကို အကြွေးဝယ်ပြီး သုံးဘီးပေါ်တင်သွားခဲ့တယ်။

အဖေကအရမ်းအားနာတတ်တာကို အခွင့်ကောင်းယူသွားခဲ့တာပါ။ ဝက်ဖိုးတွေတစ်ပြားမှ့မရခဲ့တော့ ဆယ်တန်းဘော်ဒါကြေးကို ထုံးစံအတိုင်းအကြွေးရှာပြီးဆပ်ရပါတယ်။ အကိုတွေကလူကိုရှာသတ်ဖို့အထိ ဒေါသကြီးခဲ့ကြပေမဲ့ ရန်သူအပေါ်ကိုခွင့်လွှတ်နိူင်တဲ့ အဖေ့မေတ္တာတရားတွေလည်း ကြီးမားခဲ့ပါတယ်။ အကိုတွေရဲ့တိုက်တွန်းမှုနဲ့ နတ်မောက်ရဲစခန်းကို အဖေကအမှုဖွင့်ဖို့သွားခဲ့ပေမဲ့ ရပ်ကွက်ရုံးတောင်မရောက်ဖူးတဲ့အဖေ ရဲစခန်းကိုတရားလိုနဲ့သွားရမဲ့အရေး တရားခံသဖွယ်ကြောက်ရွံနေလို့ အဆင်မပြေခဲ့ပါဘူး။ နတ်မောက်စခန်း ဂတ်စာရေးကြီးက အဲဒီတရားခံကို သူသိတဲ့အကြောင်း ၊ နေရာစုံပတ်လိမ်ထားသူဖြစ်ကြောင်း ၊ အမှုဖွင့်ပါက ရစရာဝက်ဖိုးထက်မက ပိုက်ဆံကုန်မည်ဖြစ်ကြောင်း ၊ တရားခံမိပါကလည်း ၄င်းအမှုက အချုပ်ထဲမရောက်နိူင်ကြောင်း အမျိုးမျိုးပြောဆိုခဲ့လို့ အဖေလှည့်ပြန်လာခဲ့ရတယ်။

အိမ်ရောက်မှအဖေပြန်ပြောပြလို့သိခဲ့ရတဲ့စကားတွေပါ။ ရဲကိုပြည်သူဘာကြောင့်မုန်းလည်း ကျနော်ရဲထဲမရောက်ခင်ကနေ သိခဲ့ရပါတော့တယ်။ ရဲဆိုတာတကယ်တွေးကြည့်တော့ ရဲလုပ်ငန်းအစစ်အမှန်ကိုလုပ်နေရင် အင်မတန်ချစ်စရာကောင်းတဲ့ တပ်ဖွဲ့ပါ။ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများဆောင်ရွက်ရေး ၊မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး တဲ့။ အမှုအခင်းတွေမဖြစ်အောင် ကြိုတင်ကာကွယ်တားဆီးပေးတယ် ဖြစ်လာခဲ့တဲ့အမှုအခင်းတွေကို ဖော်ထုတ်ဖမ်းဆီးပေးတယ်။ ပြည်သူတွေအိပ်စက်နားနေချိန်မှာ အဖွဲ့အမျိုးမျိုးခွဲပြီး လှည့်ကင်း ၊ ရပ်ကင်း ၊ ဝပ်ကင်းတွေနဲ့ မအိပ်မနားတာဝန်ထမ်းဆောင်ကြရတယ်။

ခေတ်ကိုနောက်ပြန်မဆွဲကြပါနဲ့။ တပ်ဖွဲ့ဆိုတာ တစ်ယောက်မကောင်းအများပဲ။ အခုနတ်မောက်ကရဲမကောင်းလို့ ကျနော်ဆဲလိုက်တယ်ဆိုပါဆို့ ရဲဆိုတာနဲ့ယူနီဖောင်းဝတ်ထားတဲ့လူ အားလုံးထိပြီပေါ့။ ကျနော်တို့ရဲကတော့ ခေါင်မှန်ရင်အကုန်လဲတာပါပဲ။ ရာထူးတိုးကိစ္စလိုင်းပေါ်တက်လာတော့ ကျနော်လိုင်းပေါ်မတက်ရဲဘူး။ ကျနော်မှာအရှက်ရှိတယ်။ ရဲဘော်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာရှိတယ်။ ကျနော်ဆယ်တန်းဖြေပြီးတော့ အောင်စာရင်းတွေမထွက်သေးပါဘူး။ ကျနော်ခေါင်းထဲမှာ ဝက်ကိုအကြွေးဝယ်တဲ့ကိစ္စ ခေါင်းထဲကထုတ်မရဘူး။

ငါတို့ဥပဒေမသိလို့ ခံရတာပါလား။ ငါသိအောင်လုပ်ရမယ် လေ့လာရမယ်။ နောက်ထပ်ရဲအလိမ်မခံရဖို့ ရဲထဲဝင်မှဖြစ်မယ်။ ဆုံးဖြတ်ချက်ကိုမပြင်ဘူး ကျနော်ရဲထဲဝင်ခဲ့တယ်။ ကျနော်ရမည်းသင်းရဲလေ့ကျင့်ရေးသင်တန်းကျောင်းမှာ သင်တန်းတက်ရပါတယ်။ မိဘဆွေမျိုးနဲ့ ဘယ်တုန်းကမှမခွါဖူးတဲ့ ကျနော့်အဖို့အင်မတန်ခက်ခဲတဲ့ ကာလတွေပေါ့။ နေညိုချိန်ရောက်တုန်း သင်တန်းကျောင်းထဲက ရေကန်ဘောင်ပေါ်ငိုခဲ့ရတယ်။ အဖေ့ကိုလွမ်းတဲ့အကြောင်းတွေ မမကြီးကိုလွမ်းတဲ့အကြောင်းတွေ နေ့တိုင်းစာအုပ်လေးထဲမှာ မျက်ရည်တွေနဲ့ရေးခဲ့ရတယ်။ စည်းကမ်းတွေနဲ့ မရင်းနှီးသူ့အဖို့ အဖေ့အိမ်ကိုပဲ အချိန်ပြည့်သတိရနေမိတာမထူးဆန်းပါဘူး။ သင်တန်းမှာအရမ်းကိုပင်ပန်းဆင်းရဲခဲ့ရတယ်။

အစားအသောက်အနေအထိုင်ဘာတစ်ခုမှကို အဆင်မပြေခဲ့ပါဘူး။ ညဆိုဂျပိုးတွေ ကိုက်တာအစပိုင်းကျင့်သားမရတဲ့အချိန်အိပ်မပျော်ပေမဲ့ နောက်တော့တဖြေးဖြေးပင်ပန်းဆင်းရဲတဲ့ ဒဏ်ကြောင့်အိပ်ပျော်ခဲ့ရတယ်။ လေ့ကျင့်ရင်းလဲကျသွားရင် ဆရာနှစ်ယောက်လောက်ရောက်လာတယ် ဆွဲမထူပါဘူး ဆောင့်ကန်ခဲ့တာပါ။ ဘယ်ညာမညီလို့ ကျောက်ခဲသေးသေးလေးတွေကြား ဘောင်းဘီတိုနဲ့ ဒူးထောက်ပြီး သွေးရဲနေအောင်လျောက်ခဲ့ရဖူးတယ်။

ထမင်းထဲ ခဲတွေ့တယ်တင်ပြမိတော့ နောက်နေ့သဲကော ခဲကော ပါလာလို့ စားမရအောင်ဖြစ်ခဲ့ရဖူးတယ်။ သတိရချင်စရာမကောင်းတဲ့အမှတ်တရတွေပေါ့။ အဖေနဲ့အကို ကျနော်ရှိတဲ့ရမည်းသင်းသင်တန်းကျောင်းကို ရောက်လာခဲ့ပါတယ်။ စနေနေ့လာမယ်ပြောလို့ အဲနေ့တစ်နေ့လုံး ထမင်းစားဆောင်မဝင်ခဲ့ဘူး ကန်ဘောင်ပေါ်ကအဖေ့ကိုမျှော်နေတာ ရောက်မလာခဲ့ဘူး။ ဒါပေမဲ့ ကျနော်ကအဖေ့ကိုယုံတယ်။ ည၁၂ထိုးလောက်မှ အဆောင်မှူးကျနော့်ကိုလာနိူးတယ် ဧည့်တွေ့လာလို့တဲ့။ တစ်နေ့လုံးကျနော့်ကို ဝိုင်းကြပ်နေကြတာ ဟိုမှာဧည့်တွေ့ရောက်ပြီ ပြေးကြည့်တယ်မဟုတ်ဘူး ။

တစ်နေ့လုံးကျနော်အလှောင်ခံခဲ့ရတာ။ အခုလည်း ဧည့်တွေ့လာပြန်ပြီ။ ဒီတစ်ခါတော့သေချာခဲ့ပါပြီ ကျနော်ဟာအဖေ့ကို အမြဲကြည်ယုံခဲ့တဲ့သားပေါ့။ ကျနော်ပြေးထွက်သွားတော့ တပ်ခွဲရုံးမီးတိုင်အောက်က အဖေနဲ့အကို။ ကျနော်တို့ကမိဘနဲ့ခွဲပြီး ဘယ်ခရီးမှမထွက်ဖူးပါဘူး။ နောက်ပြီး ညီကိုတတွေအရမ်းစည်းလုံးခဲ့ကြတယ်။ အားလုံးတူညီတဲ့စိတ်က မဟုတ်မခံဖြစ်သလို မိသားစုနဲ့ပတ်ပက်လာရင် မျက်ရည်လွယ်တတ်ကြတာပါပဲ။

ဟောအခုကြည့် အကိုကကျနော်ပြေးလာတာမြင်ပြီး ငိုတယ်။ ကျနော်ကအဖေ့နဲ့အကို ကိုတွေ့ပြီးငိုတယ်။ မငိုဖို့တားနေတဲ့အဖေ့ကျောပြင်ကလည်း တသိမ့်သိမ့်။ အဖေဝက်ဖိုးရပြီလားဆိုတော့။ မေ့လိုက်ပါတော့သားရယ်တဲ့။ အမှန်တော့ကျနော်က ပိုက်ဆံကြောင့်မဟုတ်ပါဘူး။ ရိုးသားမှုကိုစော်ကားတဲ့အတွက် ဒဏ်ရာပြန်ပေးချင်ခဲ့တာပါ။

ကျီးကန်း(မကွေး)

Likes:
0 0
Views:
698

Leave a Reply

Your email address will not be published. Required fields are marked *