ရှင်မဟာရဋ္ဌသာရ

ရှင်မဟာရဋ္ဌသာရသည် ရဟန်းပုဂ္ဂိုလ် ဖြစ်လင့်ကစား ငယ်ရွယ်စဉ်အခါကပင် နန်းတွင်း၌ ကြီးပြင်းခဲ့ရသူဖြစ်၏။ ဇာတိအားဖြင့်လည်း မင်းအမျိုးအနွယ် ဖြစ်၏။ အဘမှာ ဟံသာဝတီ မွန်ဘုရင်မ ရှင်စောပု၏တူ၊ ဗညားအိန်၏ မြေး၊ ဓမ္မပါလ အမတ်ဖြစ်၍၊ အမိမှာ အင်းဝမြို့တည် သတိုးမင်းဖျား သမီးတော်၏ မြစ်ဖြစ်သည်။ သူ၏ ငယ်မည်မှာ မောင်မောက်ဖြစ်၍ သက္ကရာဇ် ၈၃ဝ ပြည့်နှစ်တွင် အင်းဝမြို့၌ ဖွားမြင်ခဲ့သည်။

စာဆိုကျော် ရှင်မဟာရဋ္ဌသာရသည် သက်တော် ၁ဝ နှစ်အရွယ်ကပင် ကဗျာလင်္ကာများကို စပ်ဆိုခဲ့သည်ဟု အဆိုရှိ၏။ သူ၏ အသက် ၁၆ နှစ်အရွယ် သက္ကရာဇ် ၈၄၆-ခုနှစ်တွင်ကား ဘူရိဒတ်လင်္ကာကြီးကို ဖွဲ့နွဲ့စပ် ဆိုတော်မူ လေသည်။ ထိုဘူရိဒတ် လင်္ကာကြီးသည် မြန်မာစာပေ ဂန္ထဝင်တွင် အဟောင်းဆုံး လင်္ကာရှည်ကြီး ဖြစ်သည်ဟု ဆိုသင့်လေသည်။

စာဆိုကျော်သည် မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော မဟာနိပါတော်လာ ဇာတ်တော်ကြီး ၁ဝ ဘွဲ့ အဝင်အပါ ဘူရိဒတ် ဇာတ်တော်ကြီးကို ပင်ကိုဉာဏ်ရွှင်ရွှင်ဖြင့် အလင်္ကာတန်ဆာ ဆင်ကာ မြန်မာဘာသာသို့ ဖွဲ့နွဲ့ပြန်ဆိုထားခြင်း ဖြစ်သည်။ ဤနေရာ၌ ဘုရားဟော ဇာတ်တော်ကြီး များကို အလင်္ကာတန်ဆာဆင်ကာ ဖွဲ့နွဲ့ရေးသားရာတွင် ရှင်မဟာရဋ္ဌသာရသည် အဦးဆုံး ဖြစ်သည်ဟု ဆိုသင့်၏။

ယင်းလင်္ကာကြီး၌ စာဆိုကျော်သည် အနေအထိုင်အားဖြင့် နန်းတွင်း၌ ကြီးပြင်းခဲ့ ရသူ၊ ဇာတိအားဖြင့် ငယ်ရွယ်သေးသူ ဖြစ်သည့်အလျောက် လောကဓမ္မတာ လူမှုရေးရာများကို ဖွဲ့နွဲ့ရေးသားရာတွင် သိကျွမ်းပိုင်နိုင်လှခြင်းကြောင့် နှောင်းစာဆိုတို့ အတုယူရလောက် အောင်ပင် ကောင်းမွန်လှပေသည်။ ယင်းလင်္ကာကြီး၌ ဘူရိဒတ်နဂါးမင်း မယ်တော်သည် သားတော်ကို မမြင်မတွေ့ရသဖြင့် လွမ်းမှိုင်တွေဝေပုံကို –

တရှိုက်မက်မက်၊ တသက်သက်လျှင်၊ စက်လက်မျက်ရည်၊ ဆည်လည်းမတတ်၊ မိန်းသေပြတ်မျှ၊ ကြင်ဆွတ်လေလေ၊ အောက်မေ့ချေသော်၊ မပြေတို့နိုင်၊ ကမ်းနှယ်ယိုင်လျက်၊ ရိပ်မြိုင် နန်းထဲ၊ နေစမြဲသား၊ သွေးခဲဘုန်းခေါင်၊ မယ်တော့်မောင်ကို၊ ပြောင်ပြောင်ဝင်းဝင်း၊ ဗိမာန်တွင်း၌၊ ဟင်းလင်းအချည်း၊ မြင်ကတည်းက၊ အူသည်းငြိမ့်ငြိမ့်၊ ကြောခြင်စိမ့်မျှ၊ နှစ်သိမ့်လွမ်းရူး၊ ပတ်ပတ်မူးလျက်၊ အထူးရှေ့နောက်၊

တောင်မြောက်မသိ၊ မျက်စိ မိုက်မိုက်၊ မှောင်တိုက်အသွင်၊ ယခုထင်ခဲ့၊ တိုင်ပင်နှိုင်းချက်၊ သားဝမ်းထွက်နှင့်၊ ဆိုတက်မနီး၊ တဖျင့်ကြီး သို့၊ ကိုယ်ထီးကျန်စွာ၊ ငါ့ကြမ္မာကား၊ ဇာတာဂြိုဟ်တန့်၊ မသန့်စန်းလဂ်၊ ရှေးဝိပါက်ကြောင့်၊ ရွှေငှက်ဟင်္သာ၊ ရေမဲ့ရာ၌၊ မျက်နှာအောက်ချ၊ မှိုင်လည်တသို့၊ သားလှလုလင်၊ မျိုးလွန်းကြင်ကို၊ ဖူးချင်တောင့်တ၊ မတွေ့ရ၍၊ ကြောင့်ကြညှိုးချုံး၊ မရွှင်ပြုံးသည်၊ ကိုယ်လုံးသမ်းတို့စွတကား။

ဟု ထိထိငြိငြိ၊ ဖွဲ့ဆိုနိုင်ခဲ့သဖြင့် ဘုရင် မင်းမြတ်နှင့်တကွ တစ်နိုင်ငံလုံး၏ မြှောက်စားခြင်းကိုပင် ခံရလေသည်။

စာဆိုကျော် ရှင်မဟာရဋ္ဌသာရ ဆရာတော်သည် ဘူရိဒတ် လင်္ကာကြီးကိုသာ မဟုတ်၊ ယင်း၏ နိဂုံးဖြစ်သော ဘူရိဒတ် ဇာတ်ပေါင်းပျို့ကိုလည်း သက်တော် ၂၆ နှစ်အရွယ် သက္ကရာဇ် ၈၅၆ ခုနှစ်တွင် လက်စသတ် ဖွဲ့ဆိုခဲ့ပေသေးသည်။ ထို့နောက် ၂ နှစ်မျှအကြာ သက္ကရာဇ် ၈၅၈ ခုနှစ်တွင် တံတားဦးတည် မော်ကွန်းကို ပြုစု စီရင်ပြန်လေသည်။

ဆရာတော်နှင့် အပြိုင်စာဆိုဖက်ဖြစ်သော တောင်တွင်းမြို့ဇာတိ ရှင်မဟာသီလဝံသ ဆရာတော်သည်လည်း တံတားဦးတည် မော်ကွန်း တစ်စောင်ကို ရှင်မဟာရဋ္ဌသာရနည်းတူ ရေးသားသေးသော်လည်း ၁၂ ပုဒ်မျှဖြင့် ရပ်တန့်စေခဲ့သည်။

အကြောင်းမှာ ရှင်မဟာရဋ္ဌသာရသည် ထိုမော်ကွန်းကို ရေးသားလျက် ဘုရင်မင်းမြတ်ထံ သွင်းပြီးဖြစ်ကြောင်း ကြားသိရ၍ ဖြစ်သည်။ ယင်းမော်ကွန်းနှင့် စပ်လျဉ်း၍ ရှင်မဟာသီလဝံသသည် မိမိရေးပြီးသမျှကို တပည့်များအား ဖျက်ဆီးစေသော်လည်း တပည့်များက စာကို မြတ်နိုး၍ သိမ်းဆည်းထားသဖြင့် ယနေ့အထိ တွေ့ရှိရသေးကြောင်း အဆိုရှိသည်။

စာဆိုကျော်နှစ်ပါး၏ စာကို နှိုင်းခိုင်းရာ၌ ရှင်မဟာရဋ္ဌသာရ၏ စာတို့သည် ရှင်မဟာသီလဝံသ၏ စာများလောက် မနက်နဲ၊ နုရုံယဉ်ရုံမျှသာရှိ၏။ ထို့ကြောင့် ရှေးဆရာကြီးများက ရှင်မဟာရဋ္ဌသာရ၏ စာများသည် တူရိယာ ၅ ပါးကို တစ်ပြိုင်နက်တည်း တီးသကဲ့သို့ကြားရ သူတို့၏ နား၌ လွန်စွာ သာယာနာပျော်ဖွယ် ဖြစ်ပေ၏။

သို့သော် မလေးနက်လှ၊ အဝေးသို့လည်းမရောက်။ ရှင်မဟာသီလဝံသ၏ စာများကား စည်တော်ကြီး ရွမ်းသည်နှင့် တူလှစွာ၏။ နား၌ သာယာနာပျော်ဖွယ် မဖြစ်လှသော်လည်း နက်နဲလှ၏။ အဝေးသို့လည်း ရောက်၏ဟု ဆိုကြသည်။

ရှင်မဟာရဋ္ဌသာရ၏ အကောင်းဆုံးသော လက်ရာကား သက္ကရာဇ် ၈၈၅ ခုနှစ်ခန့်တွင် ပြီးစီးသော စတုဓမ္မသာရ ကိုးခန်းပျို့ဖြစ်သည်။ ထိုပျို့သည် ဘုရားဟော ဝီသတိနိပတ် ဟတ္ထိပါလ ဇာတ်တော်ကို အလင်္ကာ တန်ဆာဆင်ကာ မြန်မာဘာသာသို့ပြန်ဆိုဖွဲ့နွဲ့ထားသော ပျို့ဖြစ်ခြင်းကြောင့် ဟတ္ထိပါလပျို့ဟုလည်း အမည်တွင် သည်။

ဆရာတော် ရှင်မဟာရဋ္ဌသာရသည် လောကအကြောင်း၌ နိုင်နင်းသူ ဖြစ်သည့်အလျောက် ဓမ္မကြောင်းကို လောကကြောင်းဖြင့် အမွှမ်းတင်ကာ ဖွဲ့ဆိုရေးသားရာတွင် အထူးပင် ကျွမ်းကျင် ပိုင်နိုင်လှပေသည်။ ဤကိုးခန်းပျို့ သည် လောက၊ ဓမ္မ၊ ရာဇကြောင်း သုံးပါးစလုံး ပြည့်ဝစုံလင်လှ၏။ သို့သော် သက္ကရာဇ် ၈၈၆ ခုနှစ်တွင် မိုးညှင်းစား စော်ဘွားစလုံနှင့် ပြည်ဘုရင် သတိုးမင်းစောတို့အင်းဝနေပြည်တော်ကို တိုက်ခိုက်ကြပြီးနောက် ပြည်ဘုရင် က ရှင်မဟာရဋ္ဌသာရ အစရှိသော ပညာရှင်များကို ပြည်မြို့သို့ ပင့်ဆောင်သွားလေသည်။

ရှင်မဟာရဋ္ဌသာရလည်း ပြည်မြို့သို့ရုတ်တရက် လိုက်ပါသဖြင့် တပည့်များထံမှ ကိုးခန်းပျို့၏ ရှေ့၈ ခန်းကိုသာ သိမ်းယူနိုင်ခဲ့ပြီးလျှင် ဇာတ်ပေါင်းခန်းကိုမူ စုံစမ်းရှာဖွေရာ မရသေး ကြောင့် အသစ်ထပ်မံ ရေးရလေသည်။ သို့သော် ဇာတ်ပေါင်းခန်းကို အသစ် ပြန်လည်ရရှိခဲ့ပေသည်။ ကိုးခန်းပျို့ကား အလွန်ခန့်ညား၍ အနှစ်သာရနှင့် ပြည့်စုံသော ပျို့ကြီးဖြစ်သည်။

ယင်းပျို့တွင် ကိလေသာတည်းဟူသော မိုးကြီး စီးယိုကျသည့်ဘေးမှ လွတ်မြောက်အောင် ဘာဝနာဉာဏ်တည်း ဟူသော သံပြား ပျဉ်ပြားများဖြင့် ကာကွယ်ထားသည့် စိတ်နှစ်လုံးတည်း ဟူသော ကျောင်းသင်္ခမ်းကို ပြဆိုရာ၌ – အာပေါ်ကမ္ဘာ၊ ပျက်ပြုန်းခါ၌၊ ရူပါဝစရ၊ သောဋ္ဌသတွင်၊ သုဘကိဏ်အောက်၊ ဘုံတစ်လျှောက်ကို၊ လင်းပျောက်နိုင်အောင်၊ ပြည့်လျှမ်းဆောင်သည်၊ ရေတောင်မောက်ဖြိုး၊ ရွာသည့်မိုးထက်၊

ထမ်းပိုးလှင်ကန်၊ အပြန် ပြန်တည့်၊ သည်းထန်လှစွာ၊ ကိလေသာဟု၊ မဟာမေ၊ ဖြိုးဖြိုးကျလျက်၊ သောကစိမ့်ဧး၊ ယိုသားဘေးမှ၊ ဟန့်ထေးလို့ငှာ၊ ဘာဝနာဉာဉ်၊ သံပြားပျဉ်တိ၊ မြဲယှဉ်ပတ်ကုံး၊ လွှမ်းပိတ်ဖုံးသား၊ နှလုံးသင်္ခမ်း၊ ကျောင်းသားဝှမ်း၌ ဟူ၍ ဥပမာ ဥပစာစကားတို့ဖြင့် တန်ဆာဆင်ကာ ဖွဲ့နွဲ့ စီခြယ်ခဲ့ပေသည်။

ထို့နောက် စာဆိုကျော် ရှင်မဟာရဋ္ဌသာရ ဆရာတော်သည် အမျိုးလေးပါးတို့အား သွန်သင်ဆုံးမဩဝါဒ စကား မှာကြားခဲ့ရန် ကျင့်ဖွယ်ရာ ဝတ္တရား အမျိုးမျိုးတို့ကို ကျမ်းအစောင်စောင်တို့မှ ထုတ်နုတ်၍ အလွန် နက်နဲစွာလှ အနှစ်သာရနှင့် ပြည့်စုံအောင် အလင်္ကာတန်ဆာဆင်ကာ ဂမ္ဘီသာရပျို့တစ်စောင်ကိုလည်း ပြုစုခဲ့ပေ သေးသည်။

အထက်ပါပျို့၊ မော်ကွန်းများအပြင်၊ ဆရာတော်သည် ပုံတော်နိုင်မော်ကွန်း၊ ရဲရည်တက် မော်ကွန်း၊ ရတနာပူရမြို့တည် မော်ကွန်း၊ ဝတ်ရုံကျောင်းဖွဲ့မော်ကွန်း စသည်တို့နှင့် သဘာဝ၏ ကြည်နူးစဖွယ် သာယာ ဆန်းကြယ်ပုံတို့ကို ဖွဲ့နွဲ့ထားသော ရွှေစက်တော်သွား တောလားကဗျာ၊ ဝဏ္ဏပဘာ ချီအလှဖွဲ့၊ တောင့်တဲတွန့်ရတုတို့ကိုလည်း ပြုစုရေးစပ်ခဲ့ပေသေးသည်။
ရှင်မဟာရဋ္ဌသာရ နောက်ဆုံးရေးသား ပြုစုခဲ့သော ပျို့မှာကား ၈၉၁ ခုနှစ်ရေး သံဝရပျို့ပင် ဖြစ်သည်။

ယင်းပျို့တွင် ဧကာဒသနိပါတ် သံဝရဇာတ်တော်လာ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း၏ သားတော်တစ်ရာတွင် အငယ်ဆုံး သံဝရမင်းသားသည် ဘုရားလောင်း အမတ်ကြီး၏ ဩဝါဒကို ခံယူကာ အရာရာ၌ လုံ့လပြုခြင်းကြောင့် ခမည်းတော်၏အမွေကို ဆက်ခံ၍ မင်းပြုရကြောင်း၊ အခြားနောင်တော်များ အားလုံးက ကျေနပ်ကြကြောင်းတို့ကို အဖိုးတန်သော စာသားများ၊ ဆုံးမစကားများဖြင့် ဖွဲ့နွဲ့ဆိုခဲ့လေသည်။

စာဆိုကျော် ရှင်မဟာရဋ္ဌသာရ သည် ထိုပျို့ကိုပြုစုပြီး နောက်တစ်နှစ် သက္ကရာဇ် ၈၉၂ ခု သက်တော် ၆၂ နှစ်တွင် ပြည်မြို့၌ ပျံလွန်တော်မူသည်။

Likes:
0 0
Views:
644
Article Tags:
Article Categories:
BooksHistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *