အတို့အဆိတ် ခေတ်ကို စခဲ့တဲ့ ယောက်ျားမင်းသမီး”မယ်အောင်ဗလ”

အတို့အဆိတ် ခေတ်ကို စခဲ့တဲ့ ယောက်ျားမင်းသမီး”မယ်အောင်ဗလ”

ယောက်ျားမင်းသမီး မယ်အောင်ဗလ မရှိတာ အနှစ် (၁၀၀) ကျော်ပါပြီ။ သူ ဝင်စားတယ်လို့ ယူဆကြတဲ့ မိန်းမ-မင်းသမီး ဗလပြန်လည်း ၁၉၈၇ မှာ ကွယ်လွန်ခဲ့ ပါတယ်။သူ့နာမည်ယူပြီး စာရေးခဲ့တဲ့ ကြေးမုံဦးသောင်း ခေါ် အောင်ဗလလည်း ၂ဝဝ၈ ခုနှစ် က ဆုံးပါတယ်။

ဒါပေမဲ့ မြန်မာပြည်မှာ အောင်ဗလမုန့် ဆိုပြီး သူ့နာမည် အစွဲပြုတဲ့ မုန့်တစ်မျိုး ကျန်ရစ်ခဲ့သလို အရင်ခေတ်က မန္တလေးသံဖြူတန်းမှာ သစ်သားရောင် ဆေးသုတ်ထား တဲ့ သံဖြူသေတ္တာကို အောင်ဗလသေတ္တာဆိုပြီး ခေါ်တယ် လို့ မြန်မာ့စွယ်စုံကျမ်း မှာ ရေးထားပါတယ်။

အောင်ဗလဟာ ရှားရှားပါးပါးအဖြစ် ယောက်ျားက မိန်းမ အသွင်ယူပြီး ကခဲ့လို့ နာမည်ကြီးခဲ့တာ သာမက မိန်းမနဲ့တူအောင် သရုပ်ဆောင်ခဲ့လို့လည်း ကျော်ကြား ခဲ့ပါတယ်။ ဒီလို ယောက်ျားက မိန်းမလို ကတာဟာ ဆရာပု၊ ဦးဖူးညို စတဲ့ ရုပ်သေးမင်းသမီး ဆရာကြီးတွေ ရဲ့ အမွေကိုဆက်ခံတယ် ဆိုနိုင်သလို ယဉ်ကျေးမှုမှာ တီထွင်ဆန်းသစ်မှု တစ်ခု ဖြစ်ပါတယ်။

သူ့အရင် သီပေါမင်း နန်းတက်တဲ့အချိန်က ကိုစိန်ဒိုင် ဆိုတဲ့ ယောက်ျားမင်းသမီးတယောက် ပေါ်ခဲ့ဖူးပေမယ့် နာမည်ကြီးပြီး ကျန်ခဲ့တာတော့ မြန်မာ့သဘင်မှာ အောင်ဗလ တစ်ယောက်ပဲ ရှိပါတယ်။

မြန်မာဇာတ်သဘင်မှာ အသက်ရှင်တုန်းရော မရှိတော့ တဲ့နောက်မှာပါ ကျော်ကြားကျန်ရစ်ခဲ့တဲ့အနုပညာသည် ဆိုလို့ ဆိုင်းဆရာကြီး စိန်ဗေဒါ၊ ဇာတ်မင်းသားကြီး ဦးဖိုးစိန်နဲ့ ယောက်ျား မင်းသမီး မယ်အောင်ဗလ တို့သာ ရှိတယ်လို့လည်း လူထုဒေါ်အမာက ၁၉၆၇ ကထုတ်တဲ့ အောင်ဗလ ဖိုးစိန် စိန်ကတုံး စာအုပ်မှာ ရေးသားခဲ့ ပါတယ်။

အဲဒီအချိန်က ဇာတ်မင်းသား ရွှေမန်းတင်မောင် အသက်ရှိဆဲ ကနေဆဲ ဖြစ်ပါတယ်။

အမေနဲ့စျေးရောင်းခဲ့ရ

အောင်ဗလကို ၁၈၈၃ ခုနှစ်က မြန်မာပြည်အလယ်ပိုင်း က ဆင်ဖြူကျွန်းမြို့မှာမွေးပြီး ငယ်စဉ်ကဆင်းရဲလို့ အမေ နဲ့ စျေးလိုက်ရောင်းရပါတယ်။ ကလေးဘဝကတည်း က သူများသနားအောင်ပြောတတ်လို့ စျေးရောင်း ကောင်း ခဲ့တယ်လို့ အဆို ရှိပါတယ်။ ငယ်နာမည် အောင်ဘ က ဘုန်းကြီးပေးတဲ့ အောင်ဗလ နာမည်ယူပြီး ဘုန်းကြီးပျံ ဇာတ်ပွဲမှာ မင်းသမီး လုပ်ရာကနေ နာမည်ထွက်လာခဲ့ တာပါ။

ပညာစုံအောင် မန္တလေးတက်ပြီး နာမည်ကျော် မထွေးလေး ထံမှာ ဖိုးစိန်နဲ့အတူ အက သင်ပါတယ်။ သူ့ သဘင်ဘဝမှာ မိန်းမမင်းသမီးတွေထက် ထူးခြားပြီး အက၊ အဆိုနဲ့ အမူအရာမှာ အောင်ဗလရယ်လို့ တွင် ကျန်ရစ်အောင် ထွန်းပေါက်ခဲ့ပါတယ်။သူ့အသံက နှာသံ ပါပြီး မခို့တရို့ဆိုတတ်ပြောတတ်လို့ ပရိသတ်က အလွန် စွဲခဲ့တာပါ။

အငို အနွဲ့ အချွဲမှာ မိန်းမတွေ လိုက်မမီ…လို့ အဆိုတော် ဒေါ်ကြည်အောင်က ဦးအောင်ဗလရဲ့ အမူ အရာတွေရယ် ခုကာလထက် နွဲ့တယ် နွဲ့တယ် လို့ အောင်ဗလ အလွမ်းပြေသီချင်းမှာ ဆိုခဲ့ဖူးပါတယ်။

တုတ်ကြိုးအက၊ စည်းသုံးကြိုး ဝါးသုံးကြိုးအကတွေကို အောင်ဗလ တီထွင်ခဲ့ပါတယ်။သူ ထဘီအနားကို ဆန်ကောဝိုင်း ဝိုင်းပြီး ညီညီ ညာညာ ပြန့်ဝဲနေအောင် ဝိုင်းကတာဟာ ကြည့်ဖူးသူတွေ မျက်စိထဲ စွဲကျန်ရစ် ခဲ့တယ် လို့ မြန်မာ့စွယ်စုံကျမ်းက ဖော်ပြပါတယ်။ ကလေးမွေးတဲ့အခန်းကို သရုပ်ဆောင်ရင် တကယ်မွေး တဲ့ သူကို မရမက ချောင်းကြည့်၊ လေ့လာပြီးမှ ကတယ် လို့လည်း ဆိုပါတယ်။

အောင်ဗလနဲ့ တင်တု ရင်တု

အောင်ဗလဟာ လည်စလုတ်ထွက်ပြီး နှာခေါင်းကြီး ပေ မယ့် သူကရင် အဲဒါတွေ အကုန်ပျောက်ပြီး ပွဲကြည့်သူ က သူ့ကို မိန်းမလို့ပဲ မြင်လာစေတာပါ။ အဲဒီခေတ်က မိန်းမတွေ ပြင်သလိုပဲ ရင်ကိုမောက်အောင်တင်းအောင် ကြိုးထိုးကိုယ်ကျပ် အင်္ကျီထဲ လက်ကိုင်ပုဝါ နှစ်ထည်ကို ထည့်၊ အောက်ခံဘောင်းဘီအပေါ်မှာ ယောလုံချည်ကို အထပ်ထပ်ခေါက်ပြီး ကြိုးစည်းပြီး ဝတ်ပါတယ်။

အသားညိုစိမ့်စိမ့်နဲ့ အရပ်သေးသေးပျပ်ပျပ်မှာ မျက်လုံး မျက်ခုံး လှတဲ့အပြင် ပြင်တာ ဆင်တာလည်း ဝါသနာ ပါ တဲ့အတွက် မင်းသမီးအဖြစ် အောင်မြင်ခဲ့တာပါ။ ပြီးတော့ အောင်ဗလရဲ့ တဆစ်ချိုး မျက်ခုံးမျိုးလည်း အဲဒီခေတ် အမျိုးသမီးတွေကြား ခေတ်စားခဲ့ပါတယ်။

အောင်ဗလ ဆံပင်က တံကောက်ကွေးအထိ ရောက် အောင် ရှည်ပါတယ်။ပွဲခင်းထဲမှာ သူထွက်လာရင် ထဘီ အစကို လက်တဘက်က ဆွဲပြီး ပုဝါနဲ့ ယပ်တောင်ကို နောက်လက်တဘက်က ဆုပ်ကိုင်ကာ ကပိုကရိုဟန်နဲ့ ထွက်လာတတ်ပါတယ်။

ရှစ်ရတီလောက် စိန်နားကပ်ကို ဝတ်ပြီး ဇာပုဝါပါးကိုခြုံ၊ ခြေတဆတ်ဆတ် မေးတဆတ် ဆတ် နဲ့ အချက် ၅ဝ လောက်လှုပ်ကရင် သူမတူအောင် ကောင်းတယ်လို့ သိရပါတယ်။ လက်ကောက်၊ လက်စွပ် စတဲ့ လက်ဝတ်လက်စားတွေလည်း ဝတ်ပါတယ်။

အဲဒီ ခေတ်က မြန်မာယောက်ျားတွေမှာ အနေအထိုင်သိမ်မွေ့ တာ ခေတ်စားတဲ့အတွက် အောင်ဗလရဲ့ နဂို နူးညံ့မှုဟာ တခြားယောက်ျားတွေနဲ့ တယ်ပြီး မထူးခြားလှဘူး လို့ လည်း လူထုဒေါ်အမာက ရေးခဲ့ပါတယ်။”လူကမင်းသား လိုပဲ”…လို့ အပြောခံရတာကို ဂုဏ်ယူကြပြီး မြန်မာအထက်တန်းနဲ့ အလတ်တန်းစား ယောက်ျားတွေ ကျားကျား လျားလျားဖြစ်အောင် အင်္ဂလိပ်ခေတ် ကုန်ခါ နီးကမှ အတင်းပညာပေးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

မြန်မာပြည်မှာ အိုးစည်စိန်ဆင်စတဲ့ ယောက်ျားလိုဝတ် ပြီး အိုးစည်တီးကတဲ့ မိန်းမမင်းသမီးတွေ ရှိခဲ့သလို “ကျော်ဗလ”ဆိုတဲ့ ယောက်ျားလိုဝတ်ပြီး ကတဲ့မင်းသမီး လည်း အောင်ဗလ ကွယ်လွန်ချိန်မှာ ပေါ်ခဲ့ပါတယ်။ မင်းသမီး ယောက်ျား ယောင်ဆောင်ရတဲ့ အခန်းတွေမှာ ဒေါ်ကျော်ဗလ ကျွမ်းကျင်လှတယ် လို့ သိရပါတယ်။ အရပ်ယိမ်းတွေမှာ မိန်းကလေးတွေ ယောက်ျားလို ဝတ် ပြီး မင်းသားက ကတာကတော့ ခုထိ တွေ့နိုင်ပါတယ်။

နိုင်ငံတကာမှာလည်း အောင်ဗလလိုပဲ ယောက်ျားက မင်းသမီးလို သရုပ်ဆောင်သူတွေ ရှိကြပါတယ်။ အထူး သဖြင့် အမျိုးသမီးတွေ စင်ပေါ်တက်ဖျော်ဖြေတာကို ခွင့် မပြုတဲ့ဂျပန်က ကာဘူကီဇာတ်ကြီးတွေမှာပါ။ တရုတ် ပြည်က ပီကင်းအော်ပရာမှာလည်း “မေ့လန်ဖန်း” လို ထင်ရှားတဲ့ ယောက်ျား မင်းသမီး ရှိပါတယ်။

ဖိုးစိန်နဲ့ အတို့အဆိတ်

အောင်ဗလနဲ့တွဲခဲ့တဲ့ မင်းသား တစ်ဒါဇင်ကျော်ထဲမှာ ဖိုးစိန်နဲ့ သူနဲ့အတွဲက အထင်ရှားဆုံး ဖြစ်ပါတယ်။ နာမည်ကြီးမင်းသား စိန်ကတုံးနဲ့လည်း တွဲဖူးပါတယ်။ အောင်ဗလကို ဖိုးစိန်က သူနဲ့ရွယ်တူပေမယ့် “ဆရာ ကိုဗလ” လို့ ခေါ်ပါတယ်။

သူတို့ နှစ်ယောက်လက်ထက် မြန်မာဇာတ်သဘင်ကို နိုင်ငံခြားက လာကတဲ့ “ဖာရစီ” ဇာတ်တွေနဲ့အပြိုင် ခမ်းနားအောင် ပြင်ဆင် တိုးချဲ့ခဲ့ကြ သလို ပုဝါတကမ်း လက်တကမ်း ကတဲ့ခေတ်ကနေ အတို့အဆိတ်တွေ စပြီး ပါလာခဲ့ပါတယ်။

မင်းသမီးက ယောက်ျားမှန်း သိရက်နဲ့ တို့ဆိတ်တာတွေ လုပ်တော့ ပရိသတ်က သဘောကျပါတယ်။အဲဒီည ရန်ကုန်သံစျေး ရုံမှာ အတို့အဆိတ်တွေ ပွဲထဲမှာ ပထမဆုံး စလုပ်တော့ လူတယောက် ပြတင်းပေါက်က နောက်လန်ကျအောင် ရယ်…လို့ ဇက်ကျိုး သေခဲ့ဖူးပါတယ်။

အောင်ဗလနဲ့ ဖိုးစိန်တွဲတဲ့ခေတ်က အောင်ဗလကို ယောက်ျားပရိသတ်ကော မိန်းမပရိသတ်ပါ ကြိုက်ခဲ့ကြ ပါတယ်။ဖိုးစိန်ကိုတော့ မိန်းမတွေက ကြိုက်ပြီး ယောက်ျားတွေက မုန်းတယ်လို့ ဆိုပါတယ်။ နောက် အောင်ဗလကို ယောက်ျားမှန်းသိရက်နဲ့ ကြိုက်လို့ လိုက် ပြီးပိုးသူတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ အောင်ဗလမှာ မိန်းမရှိပြီး သူကိုယ်တိုင်ကြိုက်လို့ တောင်းရမ်း ယူခဲ့တာ ဖြစ်ပါတယ်။

အောင်ဗလနဲ့ ဖိုးစိန် တွဲဖက်ကခဲ့ကြတဲ့အထဲက ကာကဝလ္လိယဇာတ်ဟာ နာမည်ကြီးပြီး ၁၉ဝ၉ ခုနှစ်က ဓာတ်ပြားသွင်းခဲ့ပါတယ်။ ဒီဇာတ်ဓာတ်ပြားမှာ မင်းသမီး က စိတ်ဆိုးနေတဲ့ယောက်ျားကို ကြောက်ကြောက်နဲ့ တော် လို့ ထူးတဲ့အသံဟာ တော်နဲ့တော့ကြားက တော့် ဆိုတဲ့အသံမျိုးလို့ ဒီဓာတ်ပြားကို နားထောင်ဖူးတဲ့ လူထု ဒေါ်အမာက ရေးခဲ့ပါတယ်။

နောက် အောင်ဗလနဲ့ ဖိုးစိန် စုံတွဲသီချင်းတပုဒ်ထဲက တောလမ်းခရီးမှာ မင်းသမီးက မလှမ်းနိုင်လို့ ဆိုတဲ့ သီချင်းက စာသားတွေ ဟာလည်း နှစ်ခွ အဓိပ္ပာယ် ထွက်တယ်လို့ ပြောကြပါတယ်။ခြေဖဝါး ဆူး စူးလို့ မင်းသမီးက အော်တဲ့အခါ အလယ် လယ် နာတယ် နာတယ်၊ နှုတ်ပါအုံး နှုတ်လှည့်ပါအုံး… စတဲ့ စကားပြောတွေထည့်ပြီးစပ်လို့နာမည်ကြီးခဲ့တာပါ။

အောင်ဗလက အပြာရောင်ကို ကြိုက်သူဖြစ်လို့ စစ် မဖြစ်ခင်က အပြာရောင်ကို အောင်ဗလသွေး အောင်ဗလရောင် ခေါ်တယ်လို့လည်း သိရပါတယ်။ အောင်ဗလပန်းဆိုတဲ့ စက္ကူပန်း အပြာရောင်တစ်မျိုး တောင် ရှိခဲ့ဖူးပါတယ်။ ဇာတ်ထွက်ရင် ထဘီ၊ ပုဝါ၊ စည်းကြိုးနဲ့ ပန်းက အစ အပြာရောင် တစ်ရောင်တည်း ဝတ်ပြီး ကတဲ့အဆင်အပြင်ကို အောင်ဗလ စခဲ့တယ် ဆို ကြပါတယ်။

၁၉၁၃ က မန္တလေးမှာ အောင်ဗလဆုံးတဲ့အချိန်မှာတော့ အမြောက်ပစ်ဖောက်ပြီး အခမ်းနားဆုံး ဧည့်မသာအဖြစ် သင်္ဂြိုဟ်ခဲ့ကြပါတယ်။ သူ့အလောင်းကိုလည်း သူကခဲ့ တဲ့ မောင်မစ္စက ဇာတ်ထဲကလိုပဲ ယောက်ျားတလှည့် မိန်းမတလှည့် ပြင်ပေးထားပါတယ်။

အဲဒီစျာပနမှာ အောင်ဗလကို မိန်းမပရိသတ်တွေက လွမ်းတာကို မကျေနပ်တဲ့ ကာလသားတွေနဲ့ မိန်းမတွေ အပြန်အလှန် ဆဲရေးစပ်ဆိုတဲ့ တေးထပ်တွေလည်း ကျန်ရစ်ခဲ့ပါတယ်။သူ့ဆရာ မင်းသမီး မထွေးလေးက တော့ ပွဲကရင်း တပည့်ကိုလွမ်းကြောင်း သီချင်းစပ်ငိုလို့ ပရိသတ်တွေပါ ငိုခဲ့ရပါတယ်။

အောင်ဗလမရှိတဲ့နောက် ကျော်ဗလ၊ဆယ်ဗလ၊ ဗလခင်၊ ဗလကြင်၊ အောင်စီဗလ၊ စိန်ဗလနဲ့ ဗလစိန် စတဲ့ မင်းသမီး မင်းသားတွေပေါ်ခဲ့သလို သူဝင်စားတယ် ဆိုတဲ့ ဗလပြန်လည်း ဒုတိယကမ္ဘာစစ်ကြီး မဖြစ်ခင်နဲ့ စစ်ပြီးခေတ်မှာ ထင်ရှားခဲ့ပါတယ်။

နာမည်ကျော် ဇာတ်မင်းသမီး ပဲခူးမယ်ကျော့ဟာလည်း အောင်ဗလတပည့်ဖြစ်ပြီး ဆရာ မူသလို မူပြတတ် ပါတယ်။နောက် အောင်ဗလခေတ်ကောင်းစဉ်က ပျဉ်းမနားမြို့မှာ ညဇာတ်ကအပြီး မနက်ကျတော့ သူ့ကို မိန်းမလိုဝတ်ပြီး သက်သက် စျေးထဲမှာ ရုံသွင်းပြခဲ့ဖူးပါတယ်။ဒါကိုလည်း လူတွေက အားပေးကြတယ်လို့ သိရပါတယ်။

Likes:
0 0
Views:
540
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *