” ကပ္ပိယ ” ဆိုသူမှ

” ကပ္ပိယ ” ဆိုသူမှာ ဘုန်းကြီးကျောင်း တစ်ကျောင်းတွင် ရှိ ဘုန်းကြီး ၊ ရဟန်း ၊ သာမဏေ တို့ ၏ စောင့်ထိန်းလိုက်နာ ရမည့် ဝိနည်း ၊ ကျင့်ဝတ် များကို အခက်အခဲ မရှိ ကျင့်ဆောင်နိုင်ရန် ဖြည့်ဆည်း ပြုလုပ် ဆောင်ရွက်ပေး ရသူ ကို ခေါ် သည် ။ ” ကပ္ပိယ နှင့် တာဝန် ” (အကျဉ်း) ပါဠိ – မြန်မာ အဘိဓာန်အရ ကပ္ပိယ၏ အဓိပ္ပါယ်မှာ ‘ရဟန်းတို့အား အပ်သည်။ ရဟန်းတို့အား အပ်သည်ကို ပြုသောသူ’ဟု ဖော်ပြပါသည်။

ရဟန်းတော်များအတွက် ပစ္စည်း လေးပါးကို အပ်စပ်အောင် (ဝိနည်းပြစ် မဖြစ်အောင်) ဆောင်ရွက်ပေးသူ, လူ, သာမဏေကို ကပ္ပိယ-ဟု ခေါ်သည်။ (Kappiya = Lay Attendant in a Monestry) သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့ မည်သည် ကိစ္စများမြောင် လူ့ဘောင်လောကမှ ခွာရှောင်နေသူများ ဖြစ်ပြီး နေ့စဉ်နှင့်အမျှ ပရိယတ်၊ ပဋိပတ် သာသနာ့တာဝန်များကို အချိန်ပြည့် ထမ်းဆောင်နေရသူများ ဖြစ်သည်။

လူဒါယကာများကဲ့သို့ စားဝတ်နေရေးကို မိမိကိုယ်တိုင် ပြုလုပ်ဖန်တီးသုံးစွဲ၍ မသင့်တော်ပေ။ သာသနာ့ဝန်ထမ်းတို့ ရွှင်လန်း,ကျန်းမာ,ချမ်းသာစွာဖြင့် ဝိနည်းတော် ကျင့်ဝတ်များကို ကျင့်သုံးနိုင်ပါမှ ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီး အဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲပေမည်။ သာသနာ့ဝန်ဆောင် ရဟန်း, သာမဏေတို့ အခက်အခဲ မရှိ ဝိနည်း ကျင့်ဝတ်များကို ဖြည့်ဆည်းရန်အတွက် ကပ္ပိယကာရက ခေါ် ကပ္ပိယ တို့ လိုအပ်နေသည်။ ရဟန်းတော်များသည် မိမိပိုင် ပစ္စည်းကို ဖြစ်စေ၊ သူတစ်ပါးပိုင် ပစ္စည်းကို ဖြစ်စေ လူ, သာမဏေ, တိရစ္ဆာန် တစ်ဦးဦးက ဆက်ကပ်မှသာ ဘုဉ်းပေးသုံးဆောင် ကောင်းသည်။ ရေနှင့် ဒန်ပူ မှတစ်ပါး အခြားသော မည်သည့်ပစ္စည်းကိုမျှ မကပ်မခံဘဲ မသုံးဆောင်ကောင်းပေ။

ရှင်သာမဏေများမှမူ ဆက်ကပ်ခံရန် မလိုအပ်ပါ။၁။ ဆွမ်း – သံဃာတော်များအတွက် နေ့စဉ် လိုအပ်ချက် ဖြစ်သည်။ ကပ္ပိယများ သတိရှိရန်မှာ …(က) အပြောအဆို(က-၁) မိမိကိုယ်ကို ကျွန်တော်, ကျွန်မ၊ သား, သမီး စသည့် နာမ်စား မသုံးရ။ တပည့်တော်-ဟု သုံးရမည်။(က-၂) သံဃာတော်ကို – အရှင်ဘုရား – ဟု သုံးနှုန်းရမည်။(က-၃) ထမင်း၊ ဆန်ပြုပ်၊ ကြက်သားဟင်း၊ ကော်ဖီ၊ ဖျော်ရည် … ဟု – မသုံးရ။ ဆွမ်း၊ ဆွမ်းပြုပ်၊ ကြက်ဆွမ်းဟင်း၊ မုန့်ဟင်းခါးဆွမ်း၊ ခေါက်ဆွဲဆွမ်း၊ ငါးကြော်ဆွမ်း၊ ငါးဆွမ်းဟင်း၊ လက်ဖက်သုတ်ဆွမ်း၊ ကော်ဖီဖျော်ရည် – စသည်ဖြင့် အသုံးအနှုန်း မှန်ကန်စေရန် သတိပြုရပေမည်။(က-၄) စားပါ၊ သောက်ပါ၊ လာပါ – ဟု မပြောရ။

ဘုဉ်းပေးပါ၊ သုံးဆောင်ပါ၊ ကြွပါ – ဟု လျှောက်ထားရမည်။(ခ) အချိန်အခါ(ခ-၁) နံနက် အရုဏ်တက်မှ မွန်းတည့်အထိ အပ်စပ်သော ပစ္စည်းများ – ပဲ၊ ပြောင်း၊ ဆန်၊ ဂျုံ၊ အသား၊ နို့ … စသည်များ။(ခ-၂) အပင်ပေါက်နိုင်သော အစေ့၊ အမြစ်၊ အဆစ်ပါသော သစ်သီး၊ သစ်မြစ်များကို ကပ္ပိ ပေးရမည်။(ခ-၃) မွန်းတည့်မှ နောက်နေ့ အရုဏ်တက်အထိ မအပ်စပ်သော ပစ္စည်းများ – ဘူး၊ သခွား-သုံးမျိုး၊ ပိန္နဲအမျိုးမျိုး၊ အုန်း၊ ထန်း-တို့၏ အရည်များ၊ မန်ကျီးရွက်နု၊ ကင်ပွန်းရွက်နု၊ လ္ဘက် … စသော ဟင်းရွက်ကြိတ်ရည်များ။(ခ-၄) မွန်းလွဲပိုင်း၌ အပ်စပ်သော ဖျော်ရည်များ – သရက်၊ ငှက်ပျော၊ မန်ကျီး၊ ဇောင်းလျား … စသော အသီးတို့၏ အရည်၊ ကြံရည်၊ ထန်းလျက်၊ ကြံသကာ၊ သကြားရည်များ။

(ဂ) နေရာ ယူပုံ၊ လုပ်ဆောင်ပုံအကပ်ခံ မြောက်ရန်အတွက် အင်္ဂါ(၅)ပါး ရှိသည်။(ဂ-၁) ကပ်မည့် ကပ္ပိယကာရကက ရှေးရှုယူဆောင်လာခြင်း၊ လက်ဖြင့် ရှေ့တိုးပေးခြင်း၊ ဦးခေါင်း – စသည်ဖြင့် ရွက်ထားသော စားဖွယ်ခွက်ကို လှူလို၍ ဦးခေါင်း အနည်းငယ် စောင်းပေးခြင်း တို့ကို ပြုလုပ်ရမည်။(ဂ-၂) အလှူခံ သံဃာ၏ လှူသူနှင့် အဝေးဆုံး ခန္ဓာကိုယ်အစွန်း (သံဃာ၏ ကျောဘက်) နှင့် ကပ်လှူသူ၏ အနီးဆုံး ခန္ဓာကိုယ် အစိတ်အပိုင်းသည် ပတ္ထဘသ် – နှစ်တောင်ထွာ (၄၅-လက်မ) အတွင်း ရှိရမည်။(ဂ-၃) သာမာန် အင်အားရှိသူ တစ်ယောက် မြှောက်ချီမ,နိုင်သော ဝတ္ထုပစ္စည်း ဖြစ်ရမည်။

စားပွဲခုံ အကြီးကြီးများဖြင့် ဆက်ကပ်ရာ၌ အလွန်လေးလံလျှင် ဟင်းခွက်များကို တစ်ခွက်ချင်း ဆက်ကပ်ရမည်။ တစ်ခွက်ချင်း အကပ်ခံပြီးသောအခါ မိသားစုအားလုံး (သို့) အဖွဲ့ဖြင့် ကပ်လိုပါက စားပွဲခုံကြီးကို ညီညာစွာမ,ပြီး ထပ်မံ ကပ်နိုင်သည်။(ဂ-၄) ကြားတွင် နံရံခြားသော်လည်း အကွာအဝေးသည် ဟတ္ထဘသ်မိပါက ပစ်မြှောက်၍ ဆက်ကပ်နိုင်သည်။ (သို့သော် ပစ်ပေးခြင်းသည် အလွန်ရိုင်းပြသဖြင့် ကပ္ပိယတို့အနေဖြင့် ရှောင်ကြဉ်ရပေမည်။)

(ဂ-၅) ကိုယ်၏ အစိတ်အပိုင်း၊ လက်- စသည်ဖြင့် ဖြစ်စေ၊ ကိုယ်နှင့် စပ်သော ကိုင်ထားသည့် ခွက်၊ တုတ်၊ ခုံ – စသည်ဖြင့် ခံ၍၊ ထိ၍ ဖြစ်စေ ဤ (၂)မျိုးတွင် တစ်မျိုးမျိုးဖြင့် အကပ်ခံသော ရဟန်းက ခံယူရမည်။ဤ အင်္ဂါ (၅)ပါး နှင့် ပြည့်စုံမှသာ အကပ်ခံခြင်း မြောက်လေသည်။(ဃ) ဆွမ်း၊ ဘောဇဉ်-တို့၏ သဘာဝနှင့် ဝိနည်း ဆက်စပ်မှု(ဃ-၁) ဆွမ်း၊ ဆွမ်းဟင်း … စသည်တို့ကို နေလွဲသောအခါ မအပ်သော သဘာဝကြောင့် ဆွမ်းပွဲအတွက် ပြင်ဆင်မည့် ပုဂံ၊ ခွက်၊ ယောက်၊ အိုး – တို့ကို သန့်ရှင်းအောင် ဆေးကြောရမည်။(ဃ-၂) နေရောင်ခြည်တွင် မြင်တွေ့ရသော မြူထက်ကြီးသည့် လှည်း၊ ရထား၊ ကားတို့ကြောင့် ထသော ဖုန်မှုန့် (ရထရေဏုမြူ) တို့သည် ဆွမ်းပွဲတွင် ကျရောက်လျှင် အကပ်ပျက်သည်။

(ထို့ကြောင့် ရဟန်းတော်တို့ ဘုန်းပေးသုံးဆောင်နေသောအခါ တံမြက်စီးလှည်းခြင်း၊ ဖုန်ခါခြင်း – စသည်တို့ကို ဆွမ်းဝိုင်းအနီး၌ မပြုလုပ်ရပါ။ ထိုမြူမှုန်မျိုးကျလျှင် ထိုမြူမှုန်နှင့်တကွ ဆွမ်းအနည်းငယ် ယူပစ်ရမည်။ ပို၍ ကောင်းသည်မှာ ထပ်၍ အကပ်ခံရမည်။)

(ဃ-၃) ကပ်လှူထားသော ဆွမ်းပွဲကို သံဃာက အာလျ မပြတ်သေးပါက ထိခြင်း၊ ရွေ့ခြင်း-တို့ကြောင့် အကပ်မပျက်ပါ။(ဃ-၄) ပြည့်စုံပါပြီဟု ပိုင်းဖြတ်ထားသော သံဃာအား ဣရိယာပုထ် ပြောင်းမိပါက ထပ်မံ၍ ဆွမ်း-စသည်တို့ကို ဘုန်းပေးဘို့ မဆောင်ရွက်အပ်ပါ။(ခဲဖွယ်ဖြစ်သော အသီးအနှံတို့ကို ဆက်ကပ်ရာ၌ ထိုအသီးအနှံတို့၏ မျိုးစေ့မှ အပင်ပေါက်လောက်သော သစ်သီးများ၊ ကြံများ – စသည်တို့ကို ဆက်ကပ်သောအခါ ရဟန်းတော်က “ကပ္ပိယံ ကရောဟိ” (ရဟန်းတော်တို့အား အပ်စပ်အောင် ပြုလော့) ဟု ဆိုပြီးနောက် ကပ္ပိယတို့က “ကပ္ပိယံ ဘန္တေ” (အရှင်ဘုရားတို့အား အပ်စပ်သည်ကို ပြုပါ၏) ဟု ဆိုလျှက် (ဆိုတုန်းဖြစ်စေ၊ ဆိုပြီး ချက်ချင်းဖြစ်စေ) မီးဖြင့်သော်လည်းထိုး၊ ဓားဖြင့်သော်လည်းခုတ်၊ လက်သည်းဖြင့်သော်လည်း ဆိတ်လိုက်ရသည်။ ဓားရာ၊ လက်သည်းရာ၊ အပေါက်ရာ-အဖြစ် ထင်ရှားဖြစ်လျှင် အပ်စပ်ပြီ။)(သပိတ်၊ ပန်းကန်-တို့၌ ထည့်၍ စားပြီးနောက် စင်ကြယ်စွာ မဆေးလျှင် ဆီ-စသော စားစရာကလေးများသည် ငြိကပ် ကျန်

နေတတ်၏။ ထိုငြိကပ် ကျန်နေသော ဆီ-စသော စားစရာကလေးများသည် နက်ဖြန်နံနက်၌ ဆွမ်းပူ၊ ဟင်းပူနှင့် ရောမိကာ ရဟန်းတော်များ၌ ခံတွင်းသို့ ဝင်သွားလျှင် အပြစ်သင့်လေသည်။ ထို့ကြောင့် သပိတ်၊ ပန်းကန်တို့၌ ဆီ-စသော စားစရာများ မကျန်ရအောင် စင်ကြယ်စွာ ဆေးကြောရသည်။ ထိုဆီများ ကျန်နေခဲ့သော သပိတ်၊ ပန်းကန်တို့ကို အသုံးပြုလိုလျှင် အကပ်ခံရမည်၊ အကပ်မခံဘဲ ကိုင်တွယ်လျှင် အပြစ်ရှိနိုင်သည်။ ကပ္ပိယကာရကတို့က အမြဲတမ်း ဆက်ကပ်သင့်ပေသည်။)(င) ကာလ, ဒေသတို့၏ အခြေအနေ(င-၁) လူသား၊ ဆင်သား၊ မြင်းသား၊ ကျား (သစ်၊ ဝံ)သား၊ မြွေသား – တို့ကို သံဃာတော်များ မဘုဉ်းပေးရပါ။ ထို့ကြောင့် လိုအပ်ပါက လျှောက်ထားရမည်။

၂။ ဆေး – နာမကျန်းသော ဂိလာန သံဃာတော်များကို ပြုစုရာတွင် -(က) ကာလနှင့် အပ်စပ်သော အဟာရ(က-၁) ဝိကာလဘောဇနာ သိက္ခာပုဒ်သည် ဂိလာန ဖြစ်သဖြင့် လျှော့ပေါ့ခြင်း မရှိခြင်းကြောင့် သတိရှိရမည်။(က-၂) ထန်းလျက်ခဲ၊ ကြံသကာ၊ သကြား-တို့ကို ဘုန်းပေးရန် လိုအပ်သော ရောဂါဝေဒနာအတွက် မွန်းလွဲ့ပိုင်းတွင် ဘုန်းပေးနိုင်သည်။(က-၃) လေနာ၊ ဆီးကျဉ်နာ ရောဂါ-တို့အတွက် ဆီ၊ ငရုပ်သီး၊ ဂျင်းတို့ကို မွန်းလွဲပိုင်းတွင် ကပ်လှူနိုင်သည်။ ရောဂါ မရှိပါက မအပ်။(က-၄) နွားကျဉ်ငယ်ရည်ဖြင့် စီမံထားသော သျှစ်သျှားသီးကို လိုအပ်မှသာ ဆေးအဖြစ် မှီဝဲရသည်။

(ခ) ဝိနည်းတော်က အပိုင်းအခြား မရှိ ခွင့်ပြုသော ဆေး။(ခ-၁) ဆား၊ သစ်မြစ်၊ သစ်ခေါက်-တို့ဖြင့် ဖော်စပ်သော ဘယဆေးတို့သည် တစ်ခါ ကပ်လျှင် တစ်သက် အပ်၏။(ဂ) ခုနစ်ရက်သာ သိုမှီးခွင့် ရှိသော ဆေး။(ဂ-၁) ထန်းလျှက်၊ ကြံသကာ၊ သကြား၊ ဆီဦး၊ ထောပတ်၊ တင်လဲ၊ ပျားရည်၊ စတုမဓု၊ ဆေးဝါးပစ္စည်းများ၊ ငါကြီးဆီ – စသည်များကို ကပ္ပိယကာရကတို့သည် (၇)ရက်စာလောက်သာ မှန်း၍ ဆက်ကပ်ရမည်။ ပုလင်းလိုက်၊ ဘူးလိုက်၊ မဆက်ကပ်သင့်ပေ။ ဆာလောင် မွတ်သိပ်ရုံသက်သက်ဖြင့် ရဟန်းတော်များ မသုံးဆောင်ကောင်းပေ။

အားနည်းသောရောဂါ၊ ပိန်ခြောက်သောရောဂါ၊ လေနာရောဂါ – စသည်ရှိမှသာ သုံးဆောင်ကောင်းသည်။(ဆွမ်းဆန်စိမ်း လောင်းလှူပွဲ၊ သိမ်ဆင်းပွဲ – စသည့် ပွဲကြီးများ၌ အလှူရှင်တို့သည် သာဟတ္ထိကဒါန (ခေါ်) ကိုယ်ထိလက်ရောက် ဆက်ကပ်လိုသော စေတနာဖြင့် ဆွမ်း, ဆန်- စသည်တို့ကို ဆက်ကပ်လေ့ရှိကြ၏၊ ထိုသို့ ဆက်ကပ်လိုက်သဖြင့် ထိုဆွမ်း, ဆန်- စသော အရာဝတ္ထုများကို နောက်နေ့များ၌ သံဃာတော်များ မသုံးဆောင်ကောင်းပေ။)(ဃ) မွန်းမလွဲမီသာ အပ်စပ်သော ဆေး။(ဃ-၁) လူး၊ ဆပ်၊ ပဲ၊ ပြောင်း- တို့ဖြင့် ယှဉ်တွဲ ဆက်စပ်နေသော ဆေးများ၊ အသား၊ အသွေး-တို့ဖြင့် ဖော်စပ်ထားသော ဆေးများ၊ အပ်စပ်သည့် အသီးအရွက်တို့ပင် ဖြစ်စေကာမူ မီးဖြင့် ကျိုချက်ထားသော ဆေးများသည် မွန်းလွဲပိုင်းတွင် မအပ်စပ်ပါ။(င) သီတင်းသုံးမည့် ကျောင်းနေရာ၏ အပြစ် ကင်းမှုတို့အတွက် ဂရုစိုက်ရသည်။

(င-၁) ဂိလာနရဟန်း သီတင်းသုံး ကျိန်းစက်မည့် ကျောင်းတွင်ပင် ညဉ့်အခါ အမျိုးသမီး ရှိပါက မအပ်စပ်ပါ။၃။ သင်္ကန်း ဝိနည်း ပြစ်ရောက်နေသော သင်္ကန်းကို ဝတ်ရုံသော သံဃာတော်မှာ သာသနာတော်တွင်သာ ရနိုင်သည့် မဂ်၊ ဖိုလ်ကို မရနိုင်တော့ပါ။ ယခု သင်္ကန်း ပေါများသောခေတ်တွင် အခြား လိုအပ်သော စာအုပ်စာပေ အသုံးအဆောင် ဖန်တီးနိုင်ရန်အတွက် ကပ္ပိယတို့၏ လိမ်မာရေးခြားရှိမှုသည် အလွန် အရေးပါလှသည်။ရဟန်း အသုံးအဆောင်ဖြစ်၍ သင်္ကန်း-အမည်ဖြင့် ခေါ်ဝေါ်လေ့ရှိသော သင်္ကန်း (၉)မျိုး -(၁) သင်းပိုင် (၂) ဧကသီ၊ (၃) ဒုကုဋ်၊ (၄) အိပ်ရာခင်း၊ (၅) မျက်နှာသုတ်ပုဝါ၊(၆) ပရိက္ခာရစောဋ္ဌ (သင်္ကန်းပရိက္ခရာ အဝတ်များ ဖြစ်သော ပိတ်တိုဖျင်စ သင်္ကန်း မချူပ်ရသေးသော အထည်များ) (၇) နိသီဒိုင်၊ (၈) မိုးရေခံသင်္ကန်း၊ (၉) အမာလွှမ်းသင်္ကန်း – တို့ ဖြစ်ကြသည်။

(ထို ၉-မျိုးကို သင်္ကန်း ၉-ထည် ဟု ခေါ်ကြသည်။ ရဟန်းတော်များ၏ အသုံးအဆောင် အခေါ်အဝေါ် ဝေါဟာရတို့ကို ကပ္ပိယကောင်းတို့သည် နားလည်သဘောပေါက်ထားပါမှ သံဃဝေယျာဝစ္စ ဆောင်ရွက်ရာ၌ ပိုမိုအဆင်ပြေနိုင်သဖြင့် အကျဉ်းမှ ဖော်ပြထားပါသည်။)၄။ ကျောင်း ပုဂ္ဂလိက၊ သံဃိက- ဟူ၍ ကျောင်းနှစ်မျိုး ရှိသည်။ သံဃိက ပစ္စည်းကို ညစ်ပေအောင်၊ ပျက်စီးအောင် ပြုမိက အလွန်အပြစ်ကြီးသည်။ ထိုသို့ မဖြစ်အောင် မိမိကိုယ်တိုင်လည်း ဆောင်ရွက်ပြီး သံဃာတော်များအတွက်လည်း အရံအတားများ ဆောင်ရွက်ပေးရမည်။

ဥပမာ – ခြေသုတ်ခုံ ခြေဆေးခြင်း … စသည်။၅။ ရွှေ, ငွေ ရတနာ-ပစ္စည်းများသာသနာတော်အား လှူဒါန်လာသော ရွှေငွေပစ္စည်းများကို ရဟန်းတော်များမှ ကိုယ်တိုင် ကိုင်တွယ် သုံးစွဲမှု မပြုဘဲ အပ်စပ်အောင် ကပ္ပိယကာရက ညွှန်း၍ စီမံခန့်ခွဲသုံးစွဲနိုင်ပါသည်။ဒကာလုပ်သူက သံဃာ၊ ဂိုဏ်း၊ ပုဂ္ဂိုလ်ကို သီးခြား မသုံးသပ်ဘဲ ‘ဤရွှေငွေများကို စေတီတော်အတွက် လှူဒါန်းကြပါကုန်၏၊ ကျောင်းအတွက် လှူဒါန်းကြပါကုန်၏၊ နဝကမ္မအတွက် လှူဒါန်းကြပါကုန်၏’ဟု ပြောဆို လှူဒါန်းကြပါလျှင် မတားမြစ်ကောင်းကြောင်း ဝိနည်းအဋ္ဌကထာ၌ ဖွင့်ဆိုထားပါသည်။

သို့သော် မည်သည့်နည်းနှင့်မျှ ကိုယ်တိုင် ကိုင်တွယ်၍ တိုက်ရိုက် အလှူမခံကောင်းပေ။ ကပ္ပိယနှင့်သာ ဆက်သွယ်လှူဒါန်းခြင်းသည်သာ အကောင်းဆုံးဖြစ်ပေသည်။ ကပ္ပိယ အနီးနားတွင် မရှိပါက အလှူရှင်ကိုယ်တိုင် ‘တပည့်တော်ထံ (၁၀,၀၀၀) ကျပ်တန် အပ်စပ်သော ပစ္စည်းများကို တောင်းခံတော်မူပါဘုရား၊ လုံခြုံရာ အရပ်ကိုလည်း ညွှန်ပြတော်မူပါဘုရား’ ဟု လျှောက်ထားရမည်။ထိုအခါ ထိုငွေနှင့် တန်သလောက် အလိုရှိရာအပ်သော ပစ္စည်းများကို တောင်းကောင်း၏၊ ငွေကိုလည်း မည်သည့်နေရာ၌ လုံခြုံသည်ဟု ပြောကောင်းလေသည်။

‘မည်သည့်နေရာမှာ ဝှက်ထားလိုက်’ ဟုကား မပြောကောင်းပေ။မြတ်စွာဘုရားသည် ရဟန်းတို့အား ငွေဖြင့် ကိုယ်တိုင်ဖြစ်စေ၊ ကပ္ပိယကို ခိုင်း၍ ဖြစ်စေ စျေးသည်တို့၏ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးပစ္စည်း ဝယ်ယူခြင်းတို့ကို တားမြစ်တော်မူသည်။ ကပ္ပိယဖြင့် စျေးဆိုင်သို့ သွားပြီး ‘သင်္ကန်း ဝယ်ပေးပါ၊ သပိတ် ဝယ်ပေးပါ’ ဟု မပြောကောင်းပေး၊ “အလိုရှိကြောင်း”သာ ပြောကောင်းသည်။‘စျေးသည်ထံက ထိုသပိတ်ကို လိုချင်သည်၊ ဤ သင်္ကန်းဖြင့် လဲပေးစမ်း’ဟုကား ကပ္ပိယကို ပြောကောင်းသည်။ ကျောင်းသား ကပ္ပိယ မရှိလျှင် မိမိကိုယ်တိုင် စျေးဆိုင်သို့ သွား၍ စျေးသည်မှ တစ်ပါး စျေးသည်၏ သားသမီး စသူကိုပင် ‘ငါ့မှာ သင်္ကန်း ရှိသည်၊ ဤသင်္ကန်းဖြင့် ထိုသပိတ်ကို လဲပေးပါ’ ဟု စေခိုင်း၍ လဲကောင်း၏။

၆။ အပြောအဆို ကပ္ပိယကောင်းသည် စကားကို -(က) ပြေပြစ်စွာ။ (ခ) အပြစ်ကင်းစွာ။ (ဂ) ယဉ်ကျေးစွာ အလေးအမြတ်ထား ပြောဆိုရသည်။၇။ အဝတ်အဆင် ကပ္ပိယ၏ အသွင်အပြင်မှာ သာသနာကို ကိုယ်စားပြုသည်။ ဝတ်စားဆင်ယင်ရာတွင် -(က) ခေတ်နှင့် အညီ ဖြစ်ခြင်း၊ (ခ) ယဉ်ကျေး လုံခြုံခြင်း၊ (ဂ) လုပ်ငန်းဆောင်ရွက်ရန်အတွက် သင့်လျှော်ခြင်း တို့ ရှိရမည်။၈။ ဟန်ပန် ကပ္ပိယ တာဝန် ထမ်းဆောင်မည့် သူသည် -(က) ကူးစက်လွယ်သော ရောဂါ မရှိရ၊ (ခ) ကြီးသူကို ရိုသေရမည်၊ (ဂ) ရွယ်တူကို လေးစားရမည်၊ (ဃ) ငယ်သူကို ဖေးမပေးရမည်။

၉။ အသိဉာဏ် သာသနာကို စောင့်ရှောက်မည့် ကပ္ပိယသည် -(က) စိတ်ကောင်း ရှိရမည်၊ (ခ) သီလ ရှိရမည်၊ (ဂ) ဝိနည်းကို အထိုက်အလျှောက် နားလည်ရမည်။“သာဂါရာ အနာဂါရာစ၊ ဥဘော အညောညနိဿိတာ” ဟူ၍ ဘုရား ဟောတော်မူသည်။ သာသနာတော်၌ ရဟန်းသံဃာတော်များနှင့် လူဝတ်ကြောင် ဒကာများသည် အချင်းချင်း အမှီသဟဲပြု၍ နေကြရသည်။ ဆရာက တရားဓမ္မဖြင့် ဒကာကို ချီးမြှောက်သည်။ ဒကာက ဆရာကို ပစ္စည်းလေးပါးဖြင့် လှူဒါန်း ထောက်ပံ့သည်။ကပ္ပိယကာရက၊ ဝေယျာဝစ္စကာရက – စသော သာသနာတော်၏ အသုံးအနှုန်းများသည် အဆင့်မြင့် ဝေါဟာရများ ဖြစ်သည်။

သာသနာတော် သုံးရပ်ကို အဆက်မပြတ် ရှင်သန်တိုးတက်နေရေးအတွက် သာသနာ့ ဝန်ထမ်းရဟန်းတော်တို့သည် အဓိက တာဝန်ယူ ထမ်းဆောင်နေကြသကဲ့သို့ပင် ထိုသာသနာ့ဝန်ထမ်းတို့ ရွှင်လန်းတက်ကြွ အာပတ်ကင်းစင်ရအောင် ကူညီဆောင်ရွက် ပေးနိုင်သူ သာသနာပြုဖက်တို့မှာ ကပ္ပိယတို့ပင် ဖြစ်ပေသည်။ကပ္ပိယတို့ ဝိနည်းအရာ လိမ္မာကျွမ်းကျင်လေလေ သံဃာတော်တို့မှာ အာပတ် ကင်းစင်လေလေ ဖြစ်သည်။

သံဃာတော်တို့ အာပတ် ကင်းစင်လေလေ မြတ်စွာဘုရား၏ သာသနာတော်ကြီး စင်ကြယ် သန့်ရှင်းလေလေ ဖြစ်သည်။ သာသနာတော်ကြီး စင်ကြင်လေလေ သာသနာ့ အရောင်ထွန်းပြောင် ထိန်လင်းကာ တိုးတက်လေလေ ဖြစ်လေသည်။ဘုရားရှင်လက်ထက်တော်ဝယ် စိတ္တသူကြွယ်၊ အနာထပိဏ်သူဌေး၊ ဗိမ္ဗိသာရမင်း၊ အဇာတသတ်မင်း၊ ကောသလမင်း – စသော သာသနာပြု ပုဂ္ဂိုလ် ကပ္ပိယကောင်းတို့ကြောင့် ရဟန်းတော်များသည် ဆင်းရဲငြိုငြင်မှု မရှိဘဲ သာသနာ့တာဝန်ကို ထမ်းဆောင်ခဲ့ကြပါသည်။

ကပ္ပိယကောင်း – ဟူသည် စေတနာ, သဒ္ဓါ, ဉာဏ်ပညာနှင့် ဘုန်းကံကောင်းများ ရှိသူသာ ဖြစ်ပါသည်။

Other Dhamma

PostsSource :ကပ္ပိယကောင်း တစ်ယောက် – သာသနာရေးဝန်ကြီးဌာနသာသနာ့ဝန်ဆောင်ကျောင်းတိုက် – မှော်ဘီ*** ခပ်သိမ်းသော ရဟန်း, ရှင်, လူ, နတ်, ဗြဟ္မာ, သတ္တဝါအားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်, စိတ် နှစ်ဖြာ ကျန်းမာ, ချမ်းသာကြပါစေ… ။

Credit : Thiha

Likes:
0 0
Views:
276
Article Categories:
BooksHistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *