ရွှေမိရေး “မင်းဘို့ပဲ”

ထို့အပြောကလေးမျိုးကို မိန်းမတိုင်း နှစ်သက်သည်။ မိန်းမထဲမှ မိန်းမတဦးဖြစ်သော အတင့်မှာ လင်တော်မောင် ကိုမြင့်က ပြောလိုက်တိုင်း ပီတိအထပ်ထပ်နှင့် နှစ်သိမ့်ပြီး ကျေနပ်နေရှာတော့သည်။ ယနေ့လည်း လခထုတ်သည့်​နေ့ ဖြစ်သဖြင့် ကိုမြင့်ပေးသော အိမ်သုံးစရိပ်ငွေ ၁၅၀-ကို ကြည့်ခါ “ဒီမှာကိုမြင့်ရဲ့၊

စားကုန် သောက်ကုန်တွေက ​စျေးကြီးလာတော့ တလတလ ကိုမြင့်ပေးတဲ့ ငွေဟာ မလောက်ငှဘူး၊ လခ ၃ဝ၀ ထဲက ကိုမြင့်က ၁၅၀ ယူထားတော့ များအားကြီးနေပြီ ထင်တယ်”ဒီလိုမေးလျှင် ဒီလို အဖြေပေးရန် အသင့်တွက်ထားပြီးသော ကိုမြင့်မှာ အတင့်အနားသို့ ထပ်မံကပ်သွားရရှာပြန်တော့သည်။

“စဉ်းစားများ ကြည့်ပါအုံး မရွှေတင့်ရယ်၊ ကိုမြင့်အထဲက အသက်အာမခံအတွက်လဲ ထည့်ပေးရသေးတယ်။ ဒီအသက်အာမခံငွေဟာလဲ ကိုမြင့် စားဘို့ မဟုတ်ပါဘူး၊ ကိုမြင့်သာ သေသွားရင် မင်းဘို့တွေဘဲ မဟုတ်လား၊ တွေးများကြည့်ပါအုံး”စိတ်ဆိုးနေပေမင့် သေသည့်အထိတောင် တွေးတောပြီး ပူပန်တတ်ရှာသည့် လင်တော်မောင်ကို ကြည့်ပြီး အတင့်မှာ ပီတိအထပ်ထပ်နှင့် ​ကြေ​အေးလိုက်ရပြန်သည်။

ပေးသမျှ ငွေကလေးကို ဆုပ်ကိုင်ပြီး အိမ်စရိတ် လောက်ငှအောင် ချွေတာသုံးစွဲရမှာပဲဟု ဆုံးဖြတ်ခါ အိပ်ခန်းအတွင်းသို့ ဝင်လိုက်​လေတော့သည်။ ကုတင်ပေါ်တွင် အဖြန့်သားထားသည့် ဘန်ကောက်လုံချီကြောင့် အတင့်စိတ်ထဲ တွင် မခံချိမခံသာကလေးဖြစ်လာခါ လုံချီကို ဆွဲယူပြီး ကိုမြင့် ထိုင်နေသော စာပွဲအနားသို့ ပြန်ရောက်သွားပြန်တော့၏။

“ကိုမြင့်ပိုးပုဆိုးတွေ ပေါသားနဲ့ အသစ်တထည် နောက်ထပ် ဝယ်သေးတယ်ပေါ့လေ၊ ဟုတ်လား” ကိုမြင့်မှာ သတင်းစာကို ကြည့်နေရာမှ အတင့်မျက်နှာသို့ လှမ်းကြည့်ရာ ဒေါသခိုးတွေ့ ဝေနေသည်ကို မြင်လိုက်သည့်အတွက် မျက်နှာချိုကလေးသွေးလိုက်ပြန်တော့သည်။

“ထိုင်စမ်းပါအုံး အတင့်ရာ၊ ထိုင်စမ်းပါအုံး၊ ကိုမြင့် အေးအေးဆေးဆေး ရှင်းပြပါ့မယ်၊ ဒေါသ​တွေဘာတွေ ထမနေစမ်းပါနဲ့။ ဟို..ဘန်ကောက်လုံချီကလဲ မင်းမြင်တဲ့အတိုင်း မှင်ကလေး စွန်းသွားတယ်မဟုတ်လားကွဲ့။ ဟိုအထည်တွေကလည်း ဝတ်လို့​ ကြေလှပြီ။ ဟိုတထည်ကလဲ အဆင်သိတ်မကောင်းလို အတင့်တောင် သိတ်မကြိုက်ဘူးလို့ ပြောသေးတယ်။ ဒီမှာ အတင့် ကိုယ်လဲ ဂုဏ်နဲ့ သရေနဲ့နေတဲ့ လူတ​ယောက်ဆိုတော့ အတင့်ဘဲ စဉ်းစားကြည့်​လေ။

စာရေးကြီးတယောက်လုပ်ပြီး ဘိမ်းစားလောက်မှ လူမွှေးမပြောင်ရင် အရပ်ထဲက ဘာပြောကြမယ်၊ အတင့်ဟာ အသုံးအဖြုံးကြီးလို့ သူ့ယောက်ျားမှာ ခါးပေါ် တာင် ပိုးပုဆိုး မတင်နိုင်ဘူးလို့ မေးငေါ့ကြမယ်။ ဒါကြောင့် ကိုမြင့် ဝတ်ရစားရတာဟာ စင်စစ် စဉ်းစားကြည့်ရင် မင်းကောင်းဘို့တွေသာ မှတ်ထားစမ်းပါကွယ်”ကိုမြင့်က မဆိုင်သည့်ခရမ်း ဘူးတန်းလန်း သီးပြလိုက်သဖြင့် ရိုးရိုးအအနေတတ်သည့် အတင့်မှာ စကားဆုံးသည်နှင့် မျက်နှာတွင် ဒေါသရောင် ထမနေတော့ဘဲ “ဟုတ်ပေသားဘဲ”ဟူ၍ ​ကြေအေးမှုတမျိုးကြောင့် မျက်နှာကလေး လန်းသွားပြန်သည်။

လက်ထဲတွင် ကိုင်ထားသော ဘန်ကောက်လုံချီကို ကြည့်ခါ စိတ်တွင်းက ဝတ်ချင်စိတ်ပင် ပေါ်ပေါက်လာရှာပြန်သည်။”တလ တလလဲ ကိုမြင့်ရယ်၊ အတင့်မှာ အင်္ကျီဖြင်မှလဲ မဝယ်နိုင်၊ လုံချီတထည်မှလဲ လပ်လပ်ကလေး ပြစရာမရှိအောင် ဖြစ်နေတယ်။ ဝယ်မယ် ဝယ်မယ်နဲ့ အားခဲပေမဲ့ မဝယ်နိုင်ဘူး”အတင့်မျက်နှာကလေးမှာ ဝမ်းနည်းယောင် သန်းတက်လာရှာတော့သည်။ လိုလိုချင်ချင်နှင့် ဘန်ကောက်လုံချီက​လေးကို စိုက်ကြည့်နေရှာသည်ကိုလည်း ကိုမြင့်က ကြည့်၍ သနားသွားပြန်​တော့သည်။

သို့သော် စိတ်တွင်းကသာ သနား​ပေမင့် လက်ကပါလို့ မဖြစ်နိုင်သည့်အတွက်ကြောင့် ဖြီးလုံးကို ကြံဖန်တွေးတောပြီး ပြောမှသာ အတင့် စိတ်သက်သာရာ ရနိုင်မည် မဟုတ်ပါလော။ သို့အတွက် ကြံဖန်တွေးတော စီစဉ်ပြီးမှ…“ကိုမြင့် လုပ်ကိုင်ရှာ​ဖွေသမျှဟာ ဘယ်သူဘို့မှ မဟုတ်ဘူး အတင့်၊ မင်းဘို့ဘဲသာ မှတ်ထား။ ကိုမြင့်အဘို့မှာတော့ မနက် ကာဖီတခွက်၊ တနေ့ ထမင်း နှစ်နှပ် အပြင် ဘာများ တိုးထူးကုန်အောင် သုံးနိုင်အုံးမှာလဲ။

ရာထူးတက်လို့ ငွေပိုလာရင် ကြံသမျှငွေဟာ ဝတ်ဘို့ရော၊ စားဘို့ရော၊ သုံးဘို့ရော အကုန်လုံးဟာ မင်းဘို့ဘဲမဟုတ်လားကွ၊ မဝယ်နိုင်သေးတဲ့အခါ သီးခံပြီး စောင့်အုံးပေါ့။ ကိုမြင့်ကတော့ လူတောထဲ သွားတာ မသင့်တော်လို့ ဝတ်နေရတာ”ကိုမြင့်မှာ ပိုးပုဆိုးထည်လဲနှင့် ဝတ်နိုင်သလောက် အတင့်ခမြာမှာ ထမီ သုံးလေးထည်နှင့်သာ လှည့်ခါ ပတ်ခါ နေ့စဉ် စခမ်းသွားနေရရှာသော်လည်း ကိုမြင့် အပြောကြောင့် ကြည်ကြည်နူးနူး ကြည်ဖြူစွာ အူရော အသဲပါ ကျေနပ် နှစ်သိမ့်သောအပြုံးဖြင့် ပြုံးခါ ကြည့်နေနိုင်တော့သည်။

ကိုမြင့် ဆွေတွေမျိုးတွေမှာလည်း လာစားနေစရာမရှိ၊ ပေးစရာကမ်းစရာလည်းမရှိ၊ ရသမျှငွေမှာ အတင့်အပြင် ဘယ်သူမှ သုံးစရာမရှိပြီ မဟုတ်ပါလော။ သို့အတွက် စဉ်းစား ရင်း လှိုက်လှိုက်လှဲလှဲ ကျေနပ်နှစ်သိမ့်သည့်အပြုံးကို ထပ်မံ၍ ပြုံးလိုက်ပြန်တော့၏။ ထိုအပြုံးမျိုးကြောင့် ကိုမြင့် ရင်တွင်း အေးသွားနိုင်တော့၏။* * * အတင့်မှာ စားရမှာလည်း ငပိရေကြဲ၊ ဝတ်ရတာလည်း ထမီပြဲနှင့်သာ နေရပေမင့် စိတ်ညစ်ညူးမှု တခုမှမရှိ။

နေ့စဉ်နေ့တိုင်း မစားရဝခမန်းဖြစ်ခါ တွင်တွင်သာ ကြိုက်ဆေးတခွက်ဖြစ်သော “မင်းတို့ဘဲ” အလုံးကြောင့်သာ သာယာကြည်နူး​နေနိုင်ရှာတော့၏။ ကိုမြင့်ကလည်း အတင့်ကြိုက်ဆေးတခွက်ကို လက်ကိုင်ထားကာ နေ့ရှိတိုင်း နေရာတကာတွင်သာ သုံးပေး​နေသဖြင့် သူ့အတွက် စိတ်သက်သာမှုတမျိုး ဖြစ်နေခဲ့တော့သည်။အတင့်မှာ ကိုမြင့်အပေါ်အင်္ကျီကို ခေါက်ရန် ရှိသမျှအိတ်များကို နှိုက်ခါ ရှာဖွေကြည့်နေရာမှ တစုံတခုကို ဆွဲထုတ်လိုက်တော့သည်။

ရေမွှေးနံ့တသင်းသင်းနှင့် မိန်းမလက်ကိုင်ပုဝါတထည် မြင်လိုက်သည်နှင့် ရင်ထဲတွင် အေးကနဲ ဖြစ်သွားတော့၏။ အစစ အရာရာ ကိုမြင့်က သူ့အပေါ်တွင် ကြင်နာမှုအမျိုးမျိုးကို တွေးမိရာမှ သူထင်သလို မဟုတ်တန်ဘူးဟု အဖြေပေးပြီး၊ ကိုမြင့်နားသို့ ကပ်ခါသွားတော့သည်။ အတင့်လက်တွင် ကိုင်ထားသော လက်ကိုင်ပုဝါကို မြင်လိုက်မိသော ကိုမြင့်မှာ မျက်နှာတခုလုံး နီရောင်သန်းပြီးမှ တဖန် ပြန်မျက်နှာချိုသွေးလိုက်ပြန်တော့သည်။

“ဩော် ဒီလက်ကိုင်ပုဝါလား၊ ကိုမြင့် ရုံးက လှေခါးမှာ ကောက်ရတာပေါ့။ ဘယ်သူ့ပစ္စည်းလဲလို့ စာရေးမတွေ ရှောက်မေးကြည့်တော့လဲ တယောက်မှ သူတို့ဟာမဟုတ်ဘူးလို့ ပြောကြတယ်၊ ဒါနဲ့ ကိုမြင့်လဲ ယူလာခဲ့တာ။ ပိုင်ရှင်မပေါ်တော့ မင်းဘို့ ဖြစ်သွားပြန်တာပေါ့”အတင့်က ယုံကြည်လိုက်မိပြန်သည်။ ကိုမြင့်ကလည်း အပြောကောင်း ရုပ်ချောတယောက် ဖြစ်သဖြင့် မယုံကြည်ဘဲ မနေနိုင်။ ပြောသမျှ အဟုတ်၊ ဆိုသမျှ အကောင်းတွေသာ မှတ်ထင်ပြီး နေလိုက်ပြန်တော့သည်။

“ကိုမြင့် မနက်လေ အတင့် ဈေးသွားတော့ အထည်ရောင်းတဲ့ အဒေါ်ကြီးက ဆီးပြောတယ်၊ ညီးယောက်ျားက ညီးကိုတောင် မပြောပါနဲ့တဲ့၊ မနက်က မိန်းမဝတ်လုံချီတထည် လာဆစ်တယ်။ ​၁ိ/ ကွာတာနဲ မယူတော့ဘူးဆိုပြီး ထွက်သွားတယ် ပြောတယ်။ ကိုမြင့်ကြိုက်တဲ့ အဆင်ကိုတောင် ပြလိုက်သေးတယ်”ကိုမြင့်မှာ နဖူးကျောကြီးများပင် ရှုံ့တွပြီး အံ့အားသင့်သွားပြန်တော့သည်။ ပြီးမှ စကားစ ရှာဖွေလိုက်တော့သည်။“

ကိုမြင့်က မင်းဘို့ ဝယ်ပေးမလို့၊ ဒါကြောင့် မဝယ်ရသေးခင် မသိပါစေနဲအုံးလို့ ပြောခဲ့တာ”ကိုမြင့်အသံကြီးမှာ ပြောသာ ပြောလိုက်ရပေမင့် ချောက်ခမ်းခမ်းကြီးနိုင်လှတော့၏။“ကိုမြင့်ကလဲ သူ့မိန်းမကို ၁၆-နှစ်- ၁၇ လောက်များ အောက်မေ့နေသလား မပြောတတ်ဘူး၊ ရွေးထားတဲ့အဆင်ကလဲ ဝါဝါနုနုကလေးရယ်။ အတင့်အသက်ဟာ မငယ်တော့ဘူးတော့၊ မငယ်တော့ဘူး။ အသက် ၃ဝ-ကျော်လို့ ၄၀ နားနီးနေပြီရှင့်” အတင့်က အားရဝမ်းသာ ဟက်ဟက်ပက်ပက်ကလေး ပြောလိုက်သော်လည်း ကိုမြင့်မှာ အဝေးသို့ ငေးပြီး သူ့စိတ်ကူးနှင့်သူ လွင့်ချင်တိုင်း လွင့်နေတော့၏။“

ဒီမှာကိုမြင့် ဒီလုံချီကြီးကိုလဲ သွားဆစ်မနေပါတော့၊ ဝါနုနုကလေးကိုလဲ မဝတ်ချင်ပါဘူး၊ အသက်ကလဲ ရလာပြီမဟုတ်လား။ ကိုမြင့်မှာ စွပ်ကျယ်အင်္ကျီ နဲနေတယ်၊ ကိုမြင့်ဘို့ဘဲ စွတ်ကျယ် ထပ်ဝယ်ခဲ့ပါတော့ ကိုမြင့်ရယ်”ထိုအခါမှ ကိုမြင့်မှာ အသက်ပြန်ဝင်လာသည့်အလား လှုပ်ရှားလာပြီး”ကိုမြင့်ဘို့တော့ အရေးမကြီးပါဘူး၊ မင်းဘို့ဘဲ ကိုမြင့်ဝယ်ပေးချင်တယ်”အတင့်မှာ ပီတိအထပ်ထပ်နှင့် ကျေနပ်နှစ်သိမ့်ပြီး နေမိပြန်တော့၏။

“ကိုမြင့် ဟောဒီကြက်သားကိုလေ ကိုမြင့်အကြိုက် ချက်ထားတယ်၊ စားစမ်းပါကိုမြင့်ရယ်”ဗိုလ်ဆံတောက်ကို ကော့နေအောင် ဖီးထားပြီး ပေါင်ဒါနံ့ တသင်းသင်း ထွက်နေသော လင်တော်မောင်ကို ကြည့်ပြီး အတင့်မှာ အနားတွင် ထိုင်ခါ တတွတ်တွတ်နှင့် ကြည်နူးမှုအဖြာဖြာ ဖြစ်နေရှာတော့၏။ ကြက်သားကလေးတတုံးကို ဇွန်းကလေးဖြင့် ခပ်ပြီး ကိုမြင့်ထမင်းပုဂံထဲသို့ ထည့်ပေးလိုက်ပြန်တော့သည်။“မင်းကော မစားသေးဘူးလား၊ စားလေ” ကိုမြင့်က ပြောလိုက်သော်လည်း အတင့်မှာ ခေါင်းကလေး တခါတခါနှင့်သာ အဖြေပေးနေရှာတော့သည်။

“နော့ မင်းဘို့ ဘာရှိသေးလို့လဲ”“နေပါစေ ကိုမြင့်ရယ်၊ ကိုမြင့်တို့က ရှာရဖွေရတဲ့သူတွေပါ။ အတင့်တို့ကတော့ ဘာနဲ့စားရစားရ ဝင်တာပါဘဲ၊ ကိုမြင့်သာ ဝအောင်စားသွားပါ”ယနေ့အဘို့ ကိုမြင့်ကိုကြည့်ရသည်မှာ ပို၍ချော ပို၍လှပြီး ကျက်သရေရှိလှသည်ဟု အတင့်စိတ်ထဲတွင် တွေးထင်နေမိတော့၏။ ဘန်ကောက်လုံချည်ကလေးမှာလည်း သူ့အသားအရေနှင့် အဆင်ပြေနေရှာတော့သည်။ ဤကဲ့သို့ အချိုးကျကျ ဝတ်ဆင်ထားသည့် လင်တော်မောင်ကို ကြည့်မငြီးနိုင်တိုင်း ရုံးသို့ ထွက်သွားသည့်အထိ နောက်က တကောက်ကောက်နှင့် လိုက်ကြည့်ယုံတွင်မက​သေး၊ လူလုံးပျောက်သည့်အထိ အိမ်ပေါက်မှ ငေးမောကြည့်နေမိပြန် သေးသည်။

“ဟင် ကိုမြင့်”မမြော်လင့်ဘဲ ကိုမြင့်ကို တွေ့လိုက်သည်နှင့် အတင့်မှာ အံအားသင့်စွာ ခေါ်လိုက်တော့သည်။ကိုမြင့်တကိုယ်လုံးမှာ တခဏခြင်း သွေးများ ဆုပ်သွားသလောက် ကြက်သေသေပြီး ကြောင်အမ်းအမ်းကြီးနှင့် အတင့်ကို စိုက်ကြည့်လိုက်တော့သည်။“လမ်းမတော်က ဖွားဖွားက လူကြုံနဲ အလည်လိုက်လာတယ် ကိုမြင့်ရဲ့၊ ဒီနေ့ အတင့်တို့အိမ်မှာ တနေ့လုံး အလည်လာနေတာ၊ ညနေစောင်းမှ အတင့် လိုက်ပိုရင်း အိမ်မှာလဲ ဟင်းမရှိတာနဲ့ ကိုမြင့်ဘို့ ဝက်သားကင် ဝယ်လာတယ်။

ဒီဘက်နား ရှောက်လာတော့ ကိုမြင့်ကြိုက်တတ်တဲ့ “အီကွေး” တွေ့တာနဲ့ ဟောဒီမှာ ကိုမြင့်ဘို့ ဝယ်လာသေးတယ်”ပါလာသည့်အထုပ်ကလေးများကို တထုပ်ပြီးတထုပ် ထုတ်ပြရင်း တွင်တွင်သာ စကားပြောနေသော ဇနီးသည်ကို ကိုမြင့်က စိုက်၍သာ ကြည့်နေမိတော့၏။

“ဒါနဲ ကိုမြင့် ရုံးကအပြန် ဘာတွေ ရှောက်ဝယ်နေတာလဲ၊ လက်ထဲက အထုပ်ကြီးနဲ့”ကိုမြင့်မှာ လက်ထဲမှ အထုပ်ကြီးကို ပေးရကောင်းနိုး ယူသွားရကောင်းနိုးနှင့် ချီတုချတုံ လုပ်နေရာမှ မျက်နှာပျက်ပျက်နှင့်…. “ရော့…ရော့ မင်းဘို့ ဝယ်လာတာ”ကိုမြင့်ပေးသော အထုပ်များကို အားရပါးရ လှမ်းယူခါ စာအိပ်ထဲသို့ ကြည့်လိုက်မိသည်တွင် တမိုက်လောက်မြင့်သည့် ခုံမြင့်ဘိနပ်တရံ၊ နှုတ်ခမ်းဆိုးဆေး တဘူး၊ လက်သဲဆိုးဆေး တပုလင်းနှင့် ကိုယ်လိမ်းပေါင်ဒါ တဘူးကို မြင်လိုက်ရသည်နှင့် တဖြေးဖြေး ပြုံးပြီး ကိုမြင့်ကို ပြန်မော့ကြည်လိုက်တော့သည်။

ထိုအပြုံးကို ရသောကိုမြင့်မှာ နေ့စဉ်နေ့တိုင်း ကျေနပ်နှစ်သိမ့်ပြီး ပီတိအထပ်ထပ် ရစ်နေရှာသည့် ပြုံးပုံနှင့် လုံးဝမတူဘဲ၊ အဓိပ္ပါယ်ပါလှသည့် အပြုံးကြောင့် …“ဒီမှာ အတင့်၊ မင်းသွားရင် သွားနှင့်တော့၊ ကိုမြင့် သွားစရာအလုပ်ကိစ္စကလေး ရှိသေးတယ်၊ မင်းဘို့ ပြန်စရိပ် ကားခ ယူအုံးမလား”အိပ်တွင်းမှ မတ်​စေ့က​လေးတ​စေ့ ထုတ်ခါ ပေးနေသော်လည်း အတင့်က ခေါင်းကလေး တခါခါ ရမ်းပြီး ပြုံးကြည့် ကြည့်နေသဖြင့် ကိုမြင့်မှာ ကြာ​ရှေ အနားမှာ မနေရဲ​တော့ဘဲ၊ လျှင်မြန်စွာ ထွက်ခွါသွားတော့သတည်း။

ရွှေမိ တိုင်းရင်း​မေ၊ တွဲ ၉၊ မှတ် ၂ (၁ သြဂုတ်၊ ၁၉၅၈)

Likes:
0 0
Views:
244
Article Categories:
BooksKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *