ကမ္ဘာ့သမိုင်းထဲက အစောဆုံး တိုက်ပွဲ

လူသားတွေဟာ ယခုကာလမှာသာမက လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကတည်းက နယ်မြေတခု နဲ့ တခု ၊ လူမျိုးစု တခု နဲ့ တခုအကြား မတည့်ကြရာကနေ တိုက်ပွဲတွေကို တိုက်ခိုက်ခဲ့ကြပါတယ်။ ကမ္ဘာ့သမိုင်း မှတ်တမ်းတင်ခဲ့သမျှ တိုက်ပွဲတွေထဲမှာ ပြည့်ပြည့်စုံစုံမှတ်တမ်းတင်နိုင်ခဲ့တဲ့ အစောဆုံးတိုက်ပွဲကတော့ လွန်ခဲ့သောနှစ်ပေါင်း ၃၅၀၀ခန့်က အီဂျစ်နဲ့ Canaanites တွေအကြား တိုက်ခိုက်ခဲ့ကြတဲ့ မက်ဂီဒိုတိုက်ပွဲပဲ ဖြစ်ပါတယ်။ ဒီတခါတော့ အစောဆုံးတိုက်ပွဲဖြစ်တဲ့ ဒီတိုက်ပွဲအကြောင်းကို ဗဟုသုတ အနေနဲ့ ဝေမျှလိုက်ပါတယ်။

ဘီစီ(၁၅)ရာစုကာလအတွင်းဖြစ်ပွားခဲ့တဲ့ Megiddo မက်ဂီဒို တိုက်ပွဲဟာဆိုရင်ရှေးအီဂျစ်တွေရဲ့ အရှေ့အလယ်ပိုင်းဒေသညွှန့်ပေါင်းမဟာမိတ်စစ်သည်တွေအပေါ်အနိုင်တိုက်ခိုက်နိုင်ခဲ့တဲ့ စစ်ပွဲတစ်ခုဖြစ်ပါတယ်။

ယင်းအောင်ပွဲကြောင့် အီဂျစ်ဖာရိုဘုရင် Thutmose III တတိယသပ်မို့စ် ဟာ နောင်တချိန်မှာတန်ခိုးအာဏာထွန်းတောက်မယ့် အီဂျစ်အင်ပါယာကြီးကိုတည်ထောင်ဖို့ အကောင်းဆုံးသော အခြေအနေတစ်ရပ်ကိုပိုင်ဆိုင်သွားနိုင်ခဲ့ပါတယ်။

Thutmose III ဟာဖာရိုဘုရင်တွေရဲ့အစဉ်အလာအတိုင်း သူဖခင်ဖြစ်သူ Thutmose (2) ကွယ်လွန်ချိန်ဖြစ်တဲ့ (၁၄၉၇)ဘီစီမှာ ဘုရင်ဖြစ်လာခဲ့ပါတယ်။ နန်းတက်ချိန်က Thutmose III ဟာအလွန်ငယ်သေးတာကြောင့် သူရဲ့မိထွေးတော်ဖြစ်တဲ့ Hatshepsut ကရင်ခွင်ပိုတ်ဘုရင်အဖြစ်အုပ်ချုပ်ခဲ့ပါတယ်။

Thutmose III ဟာအမည်ခံသာဖြစ်ပြီး Hatshepsut ကသာအစိုးရအဖွဲ့ကိုဦးဆောင်ပြီးအီဂျစ်ထီးနန်းကို နှစ်ပေါင်း (၂၀) လောက်အုပ် ချုပ်သွားခဲ့ပါတယ်။ (၁၄၅၈)ခုနှစ်၊ သူမ ကွယ်လွန်သွားချိန်မှသာ Thutmose III ဟာအီဂျစ်ရဲ့အမှန်တကယ်အာဏာရတဲ့ဘုရင်ဖြစ်လာခဲ့ပါတော့တယ်။

နန်းတွင်းရဲ့ပုံစံအတိုင်းခေါင်းဆောင်မှုအပြောင်းအလဲနောက်မှာ Thutmose III ဟာ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ခဲ့ရပါတယ်။ အထူးသဖြင့်အီဂျစ်အင်ပါယာအရှေ့ဘက်ပိုင်းက Canaan နဲ့ Syria ဒေသတွေမှာနေထိုင်တဲ့ လူမျိုးစုတွေရဲ့ပုန်ကန်မယ့် အခြေအနေဟာ အီဂျစ်အင်ပါယာအတွက် အထူးစိုးရိမ်စရာ ကိစ္စဖြစ်လာနေပါတယ်။ ဒါအပြင်အစောပိုင်းက Thutmose IIIကို အင်အားချင်းဖက်ပြိုင်လိုနေတဲ့ စစ်အင်အားကြီး Mittani တွေနဲ့လည်း ငြိမ်းချမ်းရေးတည်ဆောက်နိုင်ခဲ့တယ်ဆိုပေမယ့် စိတ်ချရတဲ့အခြေအနေမှာ ရှိမနေပြန်ပါဘူး။

အခြားတဖက်မှာတော့ Kadesh မြို့တော်က ခေါင်းဆောင်တွေဟာ Canaan ဒေသတွင်းနေထိုင်ကြတဲ့ မျိုးနွယ်စုတွေကိုစုပေါင်းပြီး အီဂျစ်အင်ပါယာကို ပုန်ကန်မှုတွေရှိလာခဲ့ပါတယ်။ ယင်းနောက်မှာတော့ အီဂျစ်အင်ပါယာကို ဆန့်ကျင်မယ့် မဟာမိတ်တပ်စုဟာဆိုရင် Mittani (မူလကအီဂျစ်တွေနဲ့ငြိမ်းချမ်းရေးယူထားတဲ့)မျိုးနွယ်စုတွေနဲ့ ပူးပေါင်းပြီး ယင်းကာလဒေသတွင်း ကုန်စည်ရောင်းဝယ်မှုအချက်အခြာနေရာ နေရာလည်းဖြစ်၊ အရှေ့အလယ်ပိုင်းဒေသ မဟာမိတ်တပ်တွေရဲ့စုပေါင်းခံတပ်နေရာလည်းဖြစ်တဲ့ Canaan မြောက်ဘက်ပိုင်းက မက်ဂီဒို မြို့(ယခုအစ္စရေးနိုင်ငံ) နေရာမှာတပ်တွေကို စုစည်ထားခဲ့ပါတယ်။ မက်ဂီဒို မြို့ဟာဆိုရင် အီဂျစ်နဲ့မက်ဆိုပိုတေးမီးယားဒေသကို ကုန်သွယ်တဲ့ Via Maris လမ်းကြောင်းရဲ့အဓိကနေရာမှာရှိနေတာဖြစ်ပါတယ်။

Thutmose III ကတော့ မဖြစ်မနေရင်ဆိုင်ရမယ့် တိုက်ပွဲအတွက် သူရဲ့စွမ်းရည်ပြည့်စစ်တပ်အပေါ်ယုံကြည်မှုအပြည့်အဝထားရှိပြီး မက်ဂီဒိုမြို့တော်ကို ချီတက်တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ (၁၄၅၇)ဘီစီရောက်ချိန်မှာတော့ Thutmose IIIဟာသူရဲ့လက်ရွေး စင်အီဂျစ်တပ်မတော်ကို ဦးဆောင်ပြီး မက်ဂီဒို မြို့ကိုချီတက်တိုက်ခိုက်ခဲ့ပါတော့တယ်။

Thutmose III ကိုရင်ခွင်ပိုက်အုပ်ချုပ်ခဲ့တဲ့ ဖာရိုဘုရင်မ Hatshepsut လက်ထက်က အီဂျစ်စစ်တပ်ဟာ တိုက်ပွဲတွေကိုမတိုက်ခိုက်ရပဲ အင်အားတောက်လျှောက်ဖြည့်တင်းခဲ့တဲ့အပြင် စစ်ရေးသတိမပြတ်ပဲ အချိန်ပြည့်လေ့ကျင်ခဲ့တဲ့အကျိုးကြောင့် အီဂျစ်တပ်မတော်ဟာ တိုက်ရည်ခိုက်ရည်နဲ့အင်အားအလွန်တောင့်တင်းနေချိန်လည်း ဖြစ်ပါတယ်။

ဒါကြောင့်အီဂျစ်တွေဟာ စစ်ပွဲစတင်ပြီးမကြာခင်မှာပဲ ရန်သူနယ်မြေ ဖြစ်တဲ့ Hyksos ကိုသိမ်းပိုတ်နိုင်ခဲ့ပါတယ်။ စစ်ဆင်ရေးမူလလမ်းကြောင်းဖြစ်တဲ့ မက်ဂီဒိုကို သွားရောက်တိုက်ခိုက်နိုင်ဖို့ Thebes ကနေတဆင့်ချီတက်လာခဲ့တဲ့ Thutmose III ရဲ့ အီဂျစ်တပ်တွေဟာ Qina ချိုင့်ဝှမ်းတလျှောက်တစ်စုစည်းထဲပုံစံနဲ့ချီတက်လာခဲ့လျှင် Kadesh တပ်တွေဦးဆောင်တဲ့ အရှေအလယ်ပိုင်းဒေသမဟာမိတ်တပ်တွေကတော့သူတို့ရဲ့ခံတပ်မြို့မရောက်ခင်မှာပဲ သတ်ကွင်းများစွာဖော်ဆောင်ပြီး အီဂျစ်တပ်တွေကို ဖရိုဖရဲဖြစ်အောင်တိုက်ခိုက်ဖို့လျို့ဝှက်စီစဉ်ထားပါတယ်။

ဒါကိုရိပ်မိတဲ့အီဂျစ် ဧကရာဇ် Thutmose IIIကတော့ မက်ဂီဒိုကိုသွားရောက်မယ့် တတိယမြောက်လမ်းကြောင်းဖြစ်တဲ့ကျဉ်းမြောင်းတဲ့ တောင်ကြားတွေကနေ သူရဲ့စစ်တပ်ကိုစေလွှတ်ဖို့စီစဉ်ခဲ့ပါတယ်။

ယင်းအတွက် Thutmose III ဟာ အီဂျစ်စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ အစည်းအဝေးပြုလုပ်ခဲ့ပြီး သူ့အစီစဉ်ကိုချပြခဲ့ပါတယ်။ အီဂျစ်ဗိုလ်ချုပ်အများစုကတော့ ကျဉ်းမြောင်းတဲ့ တောင်ကြားတွေကိုဖြတ်သန်းရာမှာ စစ်သည်တွေအတွက် ပိုမိုခက်ခဲသွားနိုင်ကြောင်း၊ အထူးသဖြင့်စစ်တပ်နဲ့အတူပါဝင်လာတဲ့ မြင်းတွေကိုသယ်ဆောင်ရာမှာ အခက်တွေ့နိုင်ကြောင်းနဲ့ မလွှဲမရှောင်သာတိုက်ပွဲဖြစ်ပါက ရန်သူရဲ့သတ်ကွင်းဟာ တောင်ကြားတွေအတွင်း ပိုမိုထိရောက်သွားနိုင်တယ်ဆိုပြီး Thutmose III အကြံအပေါ်စောဒကတက်ခဲ့မှုတွေရှိခဲ့ပါတယ်။

Thutmose III ကတော့ ဗိုလ်ချုပ်ကြီးတွေရဲ့အကြံပြုစကားကိုလျစ်လျူရှု့ပြီး သူရဲ့အီဂျစ်တပ်တွေကို Aruna မြို့ကိုပို့ဆောင်ပြီး တောင်ကြားလမ်းတွေက ချီတက်စေပြီး ရန်သူရဲ့ကြိုတင်ခံစစ်ဗျူဟာအားလုံးကို ကျော်လွှားပြသွားခဲ့ပါတယ်။ အီဂျစ်တပ်မတော်ချီတက်ရာတောင်ကြားလမ်းတွေဟာ အလွန်ကျဉ်းတာကြောင့် ပူးတွဲပါဝင်လာတဲ့ စစ်လှည်းတွေကို ဖျက်သိမ်းခဲ့ရပြီး မြင်းသီးသန့်နဲ့ ချီတက်ခဲ့ရပါတယ်။

အရှေ့အလယ်ပိုင်းမဟာမိတ်တွေကတော့ Thutmose III မျှော်လင့်ထားသလို တောင် ကြားတွေကနေ ခံစစ်မပြင်ဆင်ပဲ အင်အားကြီးမားတဲ့တပ်မကြီးတွေချီတက်ရာလမ်းကြောင်းဖြစ်တဲ့ Qina ချိုင့်ဝှမ်းဒေသမှာခံစစ်အကြီးအကျယ်ပြင်ဆင်ထားတာကြောင့် အလွဲကြီးလွဲခဲ့ရတယ်လိုဆိုရမှာဖြစ်ပါတယ်။

Thutmose III ရဲ့တပ်မတော်ဟာစစ်သည်တော်သောင်းချီပါဝင်တဲ့အချက်ကြောင့် တောင်ကြားဒေသကိုဖြတ်သန်းရာမှာတော့ မူလထက် အချိန်များစွာကြာမြင့်ခဲ့ပြီး နောက်ဆုံးမှာတော့ Thutmose III ရဲ့ရည်ရွယ်ထားတဲ့ မက်ဂီဒိုမြို့အနောက်ဘက်ဒေသကိုအောင်မြင်စွာအခြေချ နိုင်ခဲ့ပါတယ်။

ရန်သူနဲ့ထိပ်တိုက်တွေ့တဲ့စစ်မြေပြင်မှာလည်း Thutmose IIIဦးဆောင်တဲ့အီဂျစ်တပ်တွေဟာ ရန်သူစစ်တပ်ကို တကွဲတပြားဖြစ်သွားတဲ့အထိ တိုက်ခိုက်နိုင်ခဲ့ပါတယ်။ အခြေမလှတဲ့အခြေအနေမှာတော့ Kadesh တွေဦးဆောင်တဲ့ အရှေ့အလယ်ပိုင်းအင်အားစု တွေဟာဆိုရင် မက်ဂီဒိုမြို့တော်အတွင်းပြန်လည်ဝင်ရောက်ကာ ခံစစ်ပြန်ထိုင်ခဲ့ပါတယ်။

မက်ဂီဒိုဟာမူလကတည်းက ခံတပ်ဆောက်ထားပြီး အနည်းငယ်များပြားတဲ့အင်အားနဲ့ လာရောက်တိုက်ခိုက်သူတွေကို ခုခံဖို့ အကွက်ချစီစဉ်ထားရှိတဲ့အချက်ကြောင့် အီဂျစ်တပ်တွေအတွက် ဝင်ရောက်တိုက်ခိုက်ဖို့ဆိုတာမလွယ်ကူပါဘူး။ အကျအဆုံးအလွန်များနိုင်ပြီး အခန့်မသင့်ရင်တိုက်ပွဲအခြေအနေပြောင်းလဲသွားနိုင်တာကြောင့် ဧကရာဇ် Thutmose IIIက ရေရှည်ဖြတ်တောက်ရေးတိုက်ပွဲဆင်နွှဲဖို့ ဦးတည်ခဲ့ပါတယ်။ ယင်းနောက်မှာတော့ အီဂျစ်တပ်တွေဟာ မက်ဂီဒို မြို့ရိုးရဲ့ ပတ်လည်မှာကျုံးတွေတူးဖော်ကာစစ်အင်အားအလုံးအရင်းနဲ့ဝိုင်းထားခဲ့ပါတယ်။

Thutmose III ဟာ အင်အားနဲ့ ဝင်တိုက်မယ့် အစား မြို့တွင်းနေသူအားလုံး ရိက္ခာ ပြတ်လပ်စေရန်အစီစဉ်တွေကို စနစ်တကျရေးဆွဲခဲ့ပါတယ်။ သူရဲ့အကြံအောင်မြင်ခဲ့ပြီး (၇)လကြာချိန်မှာတော့ မက်ဂီဒို မြို့တွင်းက အရှေ့အလယ်ပိုင်းမဟာမိတ်စစ် သည်တွေအားလုံးဟာ မြို့တံခါးကို ဖွင့်ပြီးအီဂျစ်တွေထံ လက်နက်ချခဲ့ရပါတယ်။ ယင်း တိုက်ပွဲကနေ Thutmose III ရဲ့တပ်တွေဟာ အလွန်များပြားတဲ့ ရွှေ၊ငွေ၊ရတနာတွေ၊ သောင်းနဲ့ချီတဲ့မြင်း၊ ရထား၊ထောင်နဲ့ချီတဲ့ လက်နက်နဲ့ သံချပ်ကာတွေ၊ ကြီးမားတဲ့ရိက္ခာ သိုလှောင်ရုံကြီးတွေကို ပိုင်ဆိုင်ခဲ့ပါတယ်။

Thutmose III ကတော့ ပုန်ကန်သူခေါင်းဆောင်တွေကို ဖမ်းမိခဲ့ရင်တောင်မသတ်ပဲ နောက်အလားတူပုန်ကန်ထကြွမှုမပြုပါဟု ကျိန်ဆိုစေခြင်းဖြင့် အီဂျစ်စစ်တပ်ရဲ့အရံအင်အားဖြည့်တင်းခြင်းကို ကောင်းမွန်စွာစီမံနိုင်ခဲ့ပါတယ်။ သို့သော် ပုန်ကန်သူခေါင်းဆောင်တွေရဲ့ ဘွဲ့၊ဂုဏ်တွေနဲ့စည်းစိမ်ပစ္စည်းတွေကိုတော့ ဖျက်သိမ်းခဲ့ပါတယ်။ အခြားသောစစ်ခေါင်းဆောင်တွေနဲ့မတူညီတဲ့အချက်ကတော့ Thutmose III ဟာ သိမ်းပိုက်ရရှိတဲ့ရန်သူနယ်မြေအတွင်းက မြို့တော်တွေကိုဖျက်ဆီးခြင်း၊ ပြည်သူတွေကိုသတ်ဖြတ်ခြင်းစတာတွေကို မပြုလုပ်ဖို့တားမြစ်ခဲ့ပါတယ်။

စစ်ပွဲမှာ ကျဆုံးသွားတဲ့ ရန်သူခေါင်းဆောင်တွေရဲ့ ကလေးတွေကို အီဂျစ်ပြည်ကို ခေါ်သွားခဲ့ကာ ကျွေးမွေးပညာသင်ကြားပေးပြီး နှစ်ပေါင်းများစွာအကြာမှာ သူတို့ရဲ့မူရင်းဒေသကို ပြန်လွှတ်ခဲ့ပါတယ်။ ဒီကလေးတွေဟာ အီဂျစ်ပြည်ရဲ့သစ္စာတော်ခံတွေဖြစ်လာခဲ့ပါတယ်။

အီဂျစ်သမိုင်းမှာတော့ Thutmose III ရဲ့ မက်ဂီဒိုတိုက်ပွဲမှာအနိုင်ယူလိုက်နိုင်ခဲ့ခြင်းက နောက်ဖြစ်တည်လာမဲ့အီဂျစ်အင်ပါယာအတွက် အလွန်ကောင်းမွန်တဲ့အခြေခံအကြောင်းတရားဖြစ်ခဲ့ပါတယ်။ ဒါအပြင် အီဂျစ်နပိုလီယံလို့ဂုဏ်ပြုခေါ်ဆိုခံခဲ့ရတဲ့ Thutmose III တိုက်ခဲ့တဲ့နာမည်ကျော်တိုက်ပွဲကြီး (၁၇)ခုအနက်မှာလည်း မက်ဂီဒိုတိုက်ပွဲဟာ အလွန်အရေးပါတဲ့နေရာကနေပါဝင်နေတာလည်းဖြစ်ပါတယ်။

မက်ဂီဒိုတိုက်ပွဲမှာ Thutmose III ဦးဆောင်တဲ့ အီဂျစ်ဘက်က စစ်သည် ၁၀၀၀၀ နဲ့ ၂၀၀၀၀ ကြားပါဝင်ခဲ့သလို ၊ Kadesh ဘုရင် နဲ့ မက်ဂီဒိုမင်းသားဦးဆောင်တို့ ရန်သူ့ဘက်ကလည်း စစ်သည် ၁၀၀၀၀ နဲ့ ၁၅၀၀၀ကြား ပါဝင်ခဲ့ပါတယ်။

ရလာဒ်အနေနဲ့ကတော့ အီဂျစ်ဘက်က စစ်သား ၄၀၀၀ ခန့်ကျဆုံးကာ ၁၀၀၀ ခန့် ဒါဏ်ရာရခဲ့ပါတယ်။ ရန်သူ့ဘက်ကတော့ ၈၃၀၀ ခန့်ကျဆုံးပြီး စစ်သား ၃၄၀၀ ကို လက်ရဖမ်းဆီးမိခဲ့ပါတယ်။ တိုက်ပွဲဖြစ်ခဲ့တဲ့နေ့ကိုတော့ ဘီစီ ၁၄၅၇ ၊ ဧပြီလ ၁၆ ရက်နေ့လို့ မှတ်တမ်းတင်ခဲ့ပါတယ်။

Thutmose III ဟာ Canaan ဒေသတခွင်လုံးကိုလွှမ်းမိုးချုပ်ကိုင်ပြီး မက်ဆိုပိုတေးမီးယားဒေသကိုလည်း ဖိအားပေးနိုင်ခဲ့ပါတယ်။ Thutmose III အောင်မြင်ခဲ့တဲ့ မက်ဂီဒိုတိုက်ပွဲကိုကြည့်မယ် ဆိုရင် သူဟာစစ်ဘုရင်တယောက်လိုစစ်တိုက်ဖို့ ဆန္ဒရှိတာထက် အင်ပါယာအတွက် ဥစ္စာဓနပေါများစွာရရှိနိုင်မယ့် အခွန်ဘဏ္ဍာအတွက်သာပိုမိုအာရုံရောက်သူဖြစ်တယ်လို့ သမိုင်းပညာရှင်တွေကမှတ်ချက်ပြုထားကြပါတယ်။

Thutmose III ရဲ့နာမည်ကျော် မက်ဂီဒိုတိုက်ပွဲဟာဆိုရင်အသေးစိတ်မှတ်တမ်းကျန်ခဲ့တဲ့ နာမည်ကျော်ရှေးဟောင်းတိုက်ပွဲတွေအနက်က တစ်ခုဖြစ်ပြီး Tijaneni ဆိုသူက မှတ်တမ်းပြုရေးသားခဲ့ပါတယ်။ Tijaneni ဟာ ဖာရိုနန်းတွင်းမှတ်တမ်းစာရေးတစ်ယောက်ဖြစ်ပြီး စစ်ပွဲကြီးတွေ၊ အီဂျစ်စစ်တပ်ရဲ့ချီတက်တဲ့ခရီးစဉ်တွေနဲ့ အီဂျစ်သား တွေရဲ့ စွန့်လွှတ်စွန့်စားမှုနဲ့ ဒုက္ခဆင်းရဲတွေအကြောင်းကို Karnak ဘုရားကျောင်းရဲ့ နံရံမှာ ရေးထိုးခဲ့ပါတယ်။

thutazone

Likes:
0 0
Views:
687
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *