” ဇော်ဂျီအကြောင်း “

ဇော်ဂျီဆိုတဲ့ စကားဟာ ပါဠိသက္ကတစကားအမျိုးအစားတစ်မျိုးဖြစ်ဟော ဟိန္ဒီစကားလုံး ဇောဂီ(ယောဂီ)ဆိုတဲ့စကားကနေဆင်း သက်လာပြီးတော့တကယ်တမ်းတော့ ယောဂီဆိုတဲ့အသံကနေ မြန်မာတွေက ဇောဂီ ပြီးနောက် ကာလရွေ့လျားလာ တဲ့အခါ ဇော်ဂျီဆိုပြီးခေါ်ဆိုခဲ့ကြပါတယ်။အဓိပ္ပာယ်ကတော့ “ယောဂတရားကို အားထုတ်နေသူ”ပင်ဖြစ်ပြီး သမထတရား၊ စျာန်တရား၊သမာဓိတရားများကိုကျင့်ကြံအားထုတ်နေသူလို့လည်းခေါ်ဆိုနိုင်ပါတယ်။

အချို့က ဇော်ဂျီနဲ့ဝိဇ္ဇာဓိုရ်ဆိုတာကို အတူတူပဲလို့ဆိုကြပေမယ့် ဇော်ဂျီနဲ့ ဝိဇ္ဇာဓိုရ်ဟာ တူညီခြင်းမရှိဘူးလို့ အချို့ပညာရှိပုဂ္ဂိုလ်များကဆိုကြပြန်ပါတယ်။ ဝိဇ္ဇာဓိုရ်သော ဇော်ဂျီသည် တစ်ကိုယ်မှ အများဖြစ်နိုင်၏။ကွယ်ပျောက်နိုင်၏။

တိုင်းခြားအရပ်ကို ရောက်နိုင်၏။ မြေလျှိုးမိုးပျံနိုင်၏။ ကောင်းကင်ဝယ် ငှက်ကဲ့သို့ ပျံနိုင်၏။ `လကို၎င်း၊ `နေကို၎င်း လက်ဖြင့် သုံးသပ်နိုင်၏” လို့လည်းသမန္တစက္ခုဒီပနီကျမ်းမှာ ရေးသားဖော်ပြထားတာကိုတွေ့ရပါသေးတယ်။

ဇော်ဂျီဟာ ဓာတ်လုံးနဲ့ဆေးတောင်ဝှေးအကူအညီနဲ့ မြေလျှိုးမိုးပျံနိုင်ပြီး ဆုတောင်းခန်းပျို့ထဲမှာ `တရိသုလိ၊ ဇျောဂီပုဏ်ဏား၊ သုံးစွဲထားသား၊ သစ်သားသုံးခွ၊ တိဒဏ္ဍနှင့်လို့ပါရှိတာကို ကြည့်ခြင်းအားဖြင့် ဇော်ဂျီတို့ရဲ့ တောင်ဝှေးဟာစင်းလုံးချောမဟုတ်ဘဲ သုံးခွလှံတောင်ဝှေးမျိုးဖြစ်နိုင်ပါတယ်။

ဇော်ဂျီတို့မှာ အမမရှိဘဲ ဇော်ဂျီအထီးများသာရှိပါတယ်။ ဇော်ဂျီ အထီးများဟာ သူယောင်မယ်လို့ခေါ်တဲ့လူပုံစံရှိတဲ့အသီးကို ဆေးတောင်ဝှေးနဲ့တို့အမျိုးသမီးပုံဖန်ဆင်းကာ ချစ်ရည်လူးအပန်းတော်ဖြေတတ်ကြတယ်လို့လည်း ရှေးလူကြီးသူမများက ဆိုကြဖူးပါတယ်။

ဆုတောင်းခန်းပျို့အရ ဇော်ဂျီတို့ရဲ့လုပ်ငန်းတာဝန်များကတော့ ဗေဒင်ဟောခြင်း၊လက္ခဏာဖတ်ခြင်း၊ မြေကြန်အတတ်ကိုနား လည်ခြင်း၊ နေသွားလသွား၊ နေကြတ်လကြတ်၊ ဂြိုဟ်နေ ဂြိုဟ်ဂရပ်၊ အတိတ်နိမိတ်၊တဘောင်စံနည်းတို့ပဲဖြစ်ပြီး အဆိုပါပညာရပ်များမှာအထူးပင်ကျွမ်းကျင်ကြတယ်လို့ဆိုပါတယ်။

သုဝဏ္ဏသျှံသစ္စာခန်းပျို့မှာတော့ ‘သဏ္ဌာန်ရွှေလှော်၊ ရှင်လှကျော်ကို၊သက်တော် ဝင်ကြောင်း၊ နတ်များပေါင်း၍၊ နှုတ်ကောင်းတညီ၊ ဇျောဂြီ အတတ်၊ နတ်မန္တရား၊ နတ်ဆေးဝါးဖြင့်၊ ယောက်ျားအိပ်ပျော်၊နိုးဘိသော်သို့၊ နုဘော်ပြင်းဝှန်၊ တန်ခိုးထန်ဘိ’ လို့စပ်ထားတဲ့အဆိုအရ သုဝဏ္ဏသာမကိုအသက်ပြန်သွင်းရာမှာပါဝင်ခဲ့တဲ့ ဇော်ဂျီတို့ဟာအသက်သွင်းသောအတတ်ကိုတတ်တယ်လို့လည်း ဆိုနိုင်ပါတယ်။

အချို့စာပေများမှာတော့ ဇော်ဂျီကို ဝိဇ္ဖာဓိုရ်နှင့်အတူတူပင်ဟုဖော်ပြကြပါတယ်။သထုံသူရဲကောင်းကုလားညီနောင်တို့ ကင်စားသောဖုတ်ကောင်မှာဝိဇ္ဇာဓိုရ်ဇော်ဂျီဖြစ်ကြောင်းကို ဦးကုလားရာဇဝင်မှာဖွင့်ဆိုထားတာကိုလည်း တွေ့ရနိုင်ပါတယ်။ဇော်ဂျီတို့ဟာ ဃောရမည်တဲ့ မန္တန်၊ ဂန္ဓာရီမည်တဲ့ မန္တန်၊အဲ့ဒီနှစ်ခုသော ဂုဋ္ဌိကာမည်သောဆေးနှစ်စုံတတ်ပါမှဝိဇ္ဇာဓိုရ်အဖြစ် ပြီးမြောက်ခြင်းသို့ ရောက်နိုင်ပါလိမ့်မယ်။

ဝိဇ္ဇာဓိုရ်တစ်ပါးဖြစ်သွားရင်တော့ ပိုမိုများပြားလှစွာသောဖန်ဆင်းခြင်းများ၊ ကိုယ်ခွဲခြင်းများ၊ အများစုပေါင်း၍တစ်ကိုယ်တည်းဖန်တီးခြင်းများ စသည်တို့ကိုဖြစ်စေနိုင်ပါတယ်။

ဝိဇ္ဇာဓိုရ်ဇော်ဂျီတို့ရဲ့ သတ္တိကိုသမန္တစက္ခုဒီပနီကျမ်းမှာ “ထင်ရှားသော ကိုယ်ရှိသောအဖြစ်ကို၎င်း၊ကွယ်ပျောက်သော ကိုယ်ရှိသောအဖြစ်ကို၎င်း၊တိုက်ခြားရာအရပ်သို့၎င်း၊ တံတိုင်း ခြားရာ အရပ်သို့၎င်း၊ တောင်ခြား ဆီးရာအရပ်သို့၎င်း ကောင်း ကင်ပြင်ကဲ့သို့မငြိမရှောက်သွားနိုင်၏။ မြေအပြင်၌လည်း ရေ၌ ကဲ့သို့ငုပ်ခြင်း ပေါ်ခြင်းကိုပြုနိုင်၏။

ရေ၌သော်လည်း မြေပြင် ၌ကဲ့သို့မပက်စေဘဲသွားနိုင်၏။ ကောင်းကင်ပြင်၌လည်း ထက်ဝယ်ပလ္လင်ဖြင့် အတောင်ရှိသော ငှက်ကဲ့သို့ ပျံနိုင်၏။ တန်ခိုးအာနုဘော်ကြီးသော လဝန်းကို၎င်း၊ နေဝန်းကို၎င်း လက်ဖြင့်သုံးသပ်နိုင်၏။ ဆုပ်နယ်နိုင်၏။ ဗြဟ္မာပြည်တိုင်အောင်သော်လည်း ကိုယ်ဖြင့်အလိုသို့ပါစေနိုင်၏”လို့ ဖော်ပြထားတာလည်း တွေ့ရပါသေးတယ်။

မြန်မာရာဇဝင်များမှာတော့ သရေခတ္တရာပြည် ဒွတ္တပေါင်မင်းကြီးထံဝိဇ္ဇာဓိုရ်နှစ်ယောက်ခစားဖူးခြင်း၊ သထုံပြည်တွင် ဝိဇ္ဇာဓိုရ် အသေကောင်ကို ဆရာတော်ထံမှရခဲ့ဖူးခြင်း၊ရခိုင်ပြည်ရှိတောင်တစ်ခုတွင် ဝိဇ္ဇာဓိုရ်တစ်ဦး ရေဗူးကိုအလိုအလျောက် မြစ်သို့သွား၍ ရေယူစေအောင်ခိုင်းစေခြင်း၊အင်းဝဘုရင် တရဖျားမင်း ဝိဇ္ဇာဓိုရ်လုလင်ကို မြင်ဖူးခြင်း၊

ဘုရင့်နောင်မင်းတရားကြီးလက်ထက်ဟံသာဝတီကျုံးကိုတူးစဉ် မြေတွင်းထဲတွင်အောင်းနေသောဝိဇ္ဇာဓိုရ်ကို တွေ့ခဲ့ဖူးခြင်း စသဖြင့် ဝိဇ္ဖာဓိုရ်၊ ဇော်ဂျီများအကြောင်းကို မကြာခဏတွေ့မြင်ရပါတယ်။ဇော်ဂျီများအကြောင်းကတော့ မြန်မာ့ဇာတ်သဘင်များ၊ ပန်းချီပန်းပုလောကမှာဆက်လက်တွေ့နေရပြီး ဇော်ဂျီများအကြောင်းကတော့သိသူနည်းနေတဲ့အတွက်ကြောင့် သုတအမွေလက်ဆင့်ပေးဝေနိုင်စေဖို့ ဇော်ဂျီများအကြောင်းကို ဖော်ပြပေးလိုက်ရပါတယ်။

ပညာ့အလင်းရောင် ဆင့်ပွားကူးညှိခြင်းသာဖြစ်ပါတယ်ခင်ဗျ

ပြန်လည်မျှဝေခြင်း ဖြစ်တာကြောင့်မူရင်းရေးသားသူ ဓာတ်ပုံပိုင်ရှင်များကို
လေးစားစွာ Credit ပေးပါတယ်ဗျ

သော်တာမင်း

Likes:
1 0
Views:
471

Leave a Reply

Your email address will not be published. Required fields are marked *