တချိန်ကမြန်မာနိုင်ငံအလယ်ပိုင် ( မျက်ခမ်းစပ်ရောဂါ )

မျက်ခမ်းစပ်ရောဂါဟာတချိန်ကမြန်မာနိုင်ငံအလယ်ပိုင်းမိုးနည်းရေရှားရပ်ဝန်းဒေသမှာအတော်ဒုက္ခပေးခဲ့ပါတယ်။မျက်တောင်မွှေးစူးခြင်းကြောင့်မျက်ကြည်လွှာအနာဖြစ်၍မျက်စိကွယ်ကုန်သည်အထိဖြစ်ကြရတယ်။မျက်ခမ်းစပ်တိုက်ဖျက်လုပ်ငန်းများကိုမြန်မာဆရာဝန်များကတစိုက်မတ်မတ်အားထုတ်လုပ်ဆောင်မှုကြောင့် နောက်ပိုင်းမှာUNISEF လိုကမ္ဘာ့အဖွဲ့အစည်းကြီးကပါကူညီပံ့ပိုးထောက်ပံ့ပေးခဲ့ရတယ်။ယခုအခါမှာအသက်(၃၀)ကျော်အရွယ်များမှာမျက်ခမ်းစပ်ရောဂါကိုမသိကြတော့ပါ။အသက် (၆၀)အထက်လူကြီးတွေလောက်သာသိရှိမှတ်မိပေလိမ့်မယ်

။မျက်ခမ်းစပ်ရောဂါကြီးမြန်မာ့မြေပေါ်ကပျောက်ကွယ်သွားစွမ်းဆောင်ခဲ့ကြတဲ့ဆရာဝန်တွေထဲမှာကျွန်မရဲ့အမျိုးသားကလည်းအုတ်တစ်ချပ်၊သဲတစ်ပွင့်အဖြစ်လုပ်ဆောင်ခဲ့ပါတယ်။”ကျေးလက်ဆရာဝန်(သို့မဟုတ်)ပြည်သူ့ကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ခဲ့စဉ်က”(1978-1984) ကျွန်မရဲ့ခင်ပွန်းသည် Dr.Tin Ohn Kyawရေးသားတဲ့မျက်ခမ်းစပ်တိုက်ဖျက်ရေးရောဂါသမိုင်းလည်းဖြစ်ဗဟုသုတရစရာများနှင့်စိတ်ဝင်စားစရာတွေဖြစ်လို့အနှစ်ချုပ်မျှဝေပေးလိုက်ပါတယ်ရှင်။

ကျွန်တော် မျက်ခမ်းစပ်ရောဂါတိုက်ဖျက်ရေးဆရာ၀န် ကျွန်တော်၏ နိုင်ငံ၀န်ထမ်းဘ၀ (၃၃)နှစ် တာ ကာလအတွင်း မျက်ခမ်းစပ်တိုက်ဖျက်ရေး ဆရာ၀န် ရာထူးကိုလည်း ထမ်းဆောင်ဖူးပါ၏။ မျက်ခမ်းစပ်ရောဂါ တိုက်ဖျက်ရေးဆရာ၀န်၏ လုပ်ငန်းသဘောသဘာ၀ အတွေ့အကြုံ များမှာလည်း မတူကွဲပြားသော စိတ်၀င်စားဖွယ် အကြောင်းအရာများ ဖြစ်နေခဲ့ပါသည်။ ကျွန်တော်၏ အတွေ့အကြုံများကို ဆက်လက်မရေးသားမီ မျက်ခမ်းစပ်ရောဂါ တိုက်ဖျက်ရေး စီမံကိန်း၏ သမိုင်းနောက်ခံများကို တင်ပြရန် လိုအပ်ပေလိမ့်မည်။

တချိန်က မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရေရှားရပ်၀န်း ဒေသတွင် မျက်ခမ်းစပ်ရောဂါ ဖြစ်ပွားမှုနှုန်း မှာ ၈၀% အထက်တွင် ရှိခဲ့သည်။ (၁၉၆၂)ခုနှစ် မတိုင်မီ က ဤရောဂါကို ပြည်သူ့ကျန်းမာရေးပြဿနာ ဟု မည်သူမျှ မမြင်ခဲ့သေးပေ။ မျက်စိအထူးကု ဆရာ၀န်ကြီး ဒေါက်တာဦးကိုကြီး နှင့်အဖွဲ့သည် မြင်းခြံ၊ ပခုက္ကူ ၊ ချောက်၊ ကျောက်ပန်းတောင်း ဒေသများကို ကွင်းဆင်းလေ့လာခဲ့ရာ မျက်ခမ်းစပ်ရောဂါသည် အထက် တွင် ဖော်ပြခဲ့သည့်အတိုင်း ကြောက်ခမန်းလိလိ ဖြစ်ပွားနှုန်း ၈၀% အထက်တွင်ရှိနေကြောင်း တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့သည်။

မျက်ခမ်းစပ်ရောဂါသည် သာမန်အားဖြင့် လူတစ်ယောက်၏ အမြင်စွမ်းအားကို ဖျက်ဆီးနိုင်ဘဲ မျက်စဉ်းခတ်လျှင် ပျောက်သော ရောဂါဖြစ်သည်။ သို့ရာတွင် ဆေးမကုသဘဲထားပြီး အကြိမ်ကြိမ် ထပ်တလဲလဲရောဂါဖြစ်ပါက အပေါ် မျက်ခွံ၏ အတွင်းသားတွင် အမာရွတ်များ ဖြစ်ပေါ်ပြီး ထိုအမာရွတ်များ၏ ဆွဲကျုံ့သော ဒါဏ်ကြောင့် မျက်ခွံသည် အတွင်းကုပ်၀င်လာ၏။ မျက်တောင်မွေးတို့မှာ မျက်ကြည်လွှာကို တံမြက်လှည်းသကဲ့သို့ အမြဲပွတ်တိုက်နေသဖြင့် မျက်ကြည်လွှာ ပျက်စီး၍ ပွန်းပဲ့လာသောကြောင့် အပြင်တိမ် ဖြစ်ပြီး မျက်စိကွယ်ရလေသည်။

ထိုအချက်သည် မျက်ခမ်းစပ်ရောဂါ၏ အဓိက ပြည်သူ့ကျန်းမာရေးပြဿနာဖြစ်လာတော့သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံးမျက်ခမ်းစပ်ရောဂါ တိုက်ဖျက်ရေး စီမံကိန်းကို စတင်တည်ထောင်ခဲ့ရာ လုံး၀ ကိုယ်ထူကိုယ်ထ စံနစ်ဖြင့်ဆောင်ရွက်ခဲ့သည်။ ရန်ကုန်မြို့တွင် ဌာနချုပ်ရုံးကိုတည်ထောင်သည်။ ရံပုံငွေ မှာ ရန်ကုန်မြင်းပွဲမှ လှူသော ငွေဖြစ်ပြီး ထိုစဉ်က ရန်ကုန်မြင်းပွဲများ မပိတ်ပင်သေးပေ။ နောက်ပိုင်းကာလတွင် မြန်မာနိုင်ငံ၏ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေ မျက်ခမ်းစပ် တိုက်ဖျက်ရေးလုပ်ငန်းများကို Unicef အဖွဲ့ကြီးမှ ပညာရှင်များ၊ မျက်စိအထူးကု ဆရာ၀န်ကြီးများ အကြိမ်ကြိမ် လာရောက်သောလေ့လာပြီး သဘောကျကျေနပ်ခဲ့သည်။

ထို့ကြောင့် Unicef အဖွဲ့ကြီးမှ လိုအပ်သော အကူအညီများ ကို ပေးမည်ဟု ကြေငြာ၍ မျက်စဉ်းများ အလျှံပါယ်ကိုလည်းကောင်း၊ ခရီးသွားယာဉ်မော်တော်ကားများမော်တော်ဆိုင်ကယ်များနှင့်စက်ဘီးများကိုလည်းကောင်း ၊ မျက်တောင်ကုပ်၍ မျက်တောင်မွေးစူးသော လူနာများအား အသေးစား ခွဲစိပ်မှု ဆောင်ရွက်နိုင်ရန် အတွက် မျက်ခမ်းစပ် တိုက်ဖျက်ရေး ဆရာ၀န် များကို သင်တန်းပေးခြင်း၊ လိုအပ်သော ခွဲစိပ်ကိရိယာအစုံအလင်များ ထောက်ပံ့ပေးခြင်းအပြင် ခွဲစိပ်စဉ် အသုံးပြုသော မှန်ဘီလူး(Binomag) များ၊ အားပြန်သွင်း၍ ရသော ဂျပန် နိုင်ငံ လုပ် Sanyo လက်နှိပ်ဓါတ်မီးကြီးများကို ပါလိုလေသေးမရှိ ထောက်ပံ့ခဲ့သည်။

ထိုခေတ်အခါက အထက်ပါ အားပြန်သွင်း၍ ရသော (Rechargeable) ဓါတ်မီးများမှာ အပြင်စျေးကွက်တွင် မရှိသေးပေ။ မျက်ခမ်းစပ်ရောဂါတိုက်ဖျက်ရေး သမိုင်း၏ အကျဉ်းမျှဖော်ပြခဲ့ခြင်း ဖြစ်ပါ၏။ကျွန်တော်၏သင်တန်းသားဘဝ ကျွန်တော်သည် တပ်မတော်ဆေးတပ်ဖွဲ့မှ ဥပဒေအရ နှုတ်ထွက်ခွင့်ရပြီး မြင်းခြံမြို့ မျက်ခမ်းစပ်ရောဂါ တိုက်ဖျက်ရေး နှင့် မျက်မမြင်ကာကွယ်ရေး စီမံကိန်း ဌာန တွင် အဖွဲ့ခေါင်းဆောင်ဆရာ၀န် အဖြစ် ကျန်းမာရေး၀န်ကြီးဌာနတွင် ဆက်လက် တာ၀န်ထမ်းဆောင်ခဲ့ပါသည်။

ကျွန်တော်သည် လုပ်ငန်းခွင်သို့ မ၀င်ရောက်မီ မျက်ခမ်းစပ်ရောဂါ တိုက်ဖျက်ရေးသင်တန်းကို ချောက်မြို့ ဒေသကြီး(၁) မျက်ခမ်းစပ်ရောဂါ တိုက်ဖျက်ရေး ဌာနတွင် တက်ရောက်ခဲ့ရာ ကျွန်တော်နှင့်အတူ မကွေး မျက်ခမ်းစပ်ရောဂါ တိုက်ဖျက်ရေး ဆရာ၀န် ဒေါက်တာတင်မိုး ၊ ချောက်မြို့ မျက်ခမ်းစပ်ရောဂါ တိုက်ဖျက်ရေး ဆရာ၀န် ဒေါက်တာကျော်မြင့် တို့ပါ သင်တန်းတက်ခဲ့ကြပါသည်။ သင်တန်းကာလမှာ (၁)လကြာမြင့်ပြီး ထိုအတောအတွင်း ပခုက္ကူ မျက်ခမ်းစပ် ရောဂါ တိုက်ဖျက်ရေး ဌာန သို့ ကွင်းဆင်း လေ့လာခြင်း အစီအစဉ် လည်း ပါ၀င်ခဲ့သည်။

ထိုစဉျ်က ပခုက္ကူ မျက်ခမ်းစပ် တိုက်ဖျက်ရေး ဆရာ၀န်မှာ ဒေါက်တာဦးလှမြင့် (ယခု – မျက်စိအထူးကု ဆရာ၀န်ကြီး – ဇီဝိတဒါန သံဃာ့ ဆေးရုံကြီး မျက်စိဌာနတွင် လုပ်အားဒါန ပေးလှူနေသူ) ဖြစ်သည်။ သူသည် ထိုစဉ်က မျက်စိအထူးကု ဆရာ၀န် မဖြစ်သေးသော်လည်း ကျွန်တော်တို့ထက် အများကြီး စီနီယာကျ သည်။ လုပ်ငန်းလည်း ကျွမ်းကျင်သည်။ ကျွန်တော်တို့ကို ကွင်းဆင်းလုပ်ငန်းများနှင့်အခြေခံဆေးကုသရေးလုပ်ငန်းများကို စေတနာကြီးမားစွာဖြင့် သင်ကြားပြသပေးခဲ့၏။ ကျွန်တော်တို့ (၃)ဦးကို ဗိုလ်တဲတစ်ခုမှာ တည်းခိုရန် စီစဉ် ပေးသည်။

နံနက်စောစောတွင် သူ၏ စီမံကိန်းကပေးသည့်ဂျစ်ကားနှင့် လာခေါ်ပြီး နံနက်စာBreakfast ကိုနေ့စဉ် အိမ်တွင် ကျွေးမွေးခဲ့သည်။ သူသည် အိမ်ထောင်မရှိသေးဘဲ မိခင်ကြီးနှင့် အတူနေထိုင်သည်။ ဒေါက်တာဦးလှမြင့်၏ မနက်စာကိုတော့ကျွန်တော် ယနေ့တိုင် သတိရဆဲ ဖြစ်သည်။ မြန်မာဆန်ဆန် နံနက်စာဝိုင်းတွင် လက်ဖက်ရည်၊ကော်ဖီ တို့ တည်ခင်း ဧည့်ခံခြင်း မရှိဘဲ လှော်နံ့သင်းသော ရေနွေးကြမ်းကိုသာ စီစဉ်ပေးထားသည်။ ပေါ်ဆန်းမွှေးဆန်ဖြင့် ချက်ထားသောထမင်းသည် အငွေ့တထောင်းထောင်း ထ၍ ပူနွေးနေသည်။ ထမင်းပူပူကို ပဲဆီစစ်စစ် ဆမ်းပေးထားသည်။

တွဲဖက်စားစရာ အဖြစ် နီရဲအောင် ကြော်ထား သောကြက်သားကြော်နှင့် ငါးရံ့ ခြောက် ကို မီးကင်၍ ဆီရွှဲရွှဲ ဆမ်းထားသဖြင့် စားရသည်မှာ အရသာ ထူးကဲလှပေ၏။ ပခုက္ကူသည် ဧရာ၀တီ မြစ် အနောက်ဘက်ကမ်းတွင် ရှိပြီး စီးပွားရေး ကောင်းမွန်၍ ဒေသထွက်ကုန် ဖွံ့ဖြိုး ပြီး စည်ပင်ဝပြောသော မြို့ဖြစ်သည်။ ပခုက္ကူ ချည်ထည် ၊ စောင် စသည်တို့မှာ လည်း နာမည်ကြီးလှပေသည်။ သင်တန်း တက်ပြီး အပြန်မှာ ပခုက္ကူ ထွက် ပုဆိုး၊ လုံချည်များ ကို အမှတ်တရ ဝယ်ခဲ့ကြသည်။သင်တန်းကာလပြီမြောက်သောအခါ မိမိတို့ တာ၀န်ကျရာ မြို့ များသို့ ပြန်လည် ထွက်ခွာလာကြပြီး လုပ်ငန်းခွင် သို့ စတင်၀င်ရောက်ကြရပေသည်။ကျွန်တော်နှင့်ပြည်ကူးတို့ကြီးပခုက္ကူမျက်ခမ်းစပ်တိုက်ဖျက်ရေးဌာနမှ ဒေါက်တာဦးလှမြင့် သည် ရန်ကုန်မြို့သို့ ပြောင်းရွှေ့သွားသဖြင့် လစ်လပ်သွားသော ထိုနေရာတွင် ကျွန်တော့်အား ခေတ္တတာ၀န်ပေးထားသည်။

ကျွန်တော်သည် မြင်းခြံနှင့် ပခုက္ကူ မျက်ခမ်းစပ်တိုက်ဖျက်ရေး ဌာန(၂)ခုလုံးကို တွဲကိုင်ရသည်ဖြစ်သဖြင့် ၀နျထမျး များအား လစာပေးရန်၊ လုပ်ငန်းများညှိနှိုင်းရန် ပခုက္ကူမြို့သို့ လစဉ်သွားရပါသည်။ ယခင်က သင်တန်းသားအဖြစ် ရောက်ခဲ့ရသော ပခုက္ကူမျက်ခမ်းစပ်တိုက်ဖျက်ရေးဌာနသို့ Team Leader အဖြစ် ရောက်ရှိရသောအခါ ကိစ္စအမျိုးမျိုး တို့ ကြောင့် ပခုက္ကူကို မကြာခဏလာရလေသည်။ ထိုအခါ ကျွန်တော်၏ အဓိက ခရီးသွားယာဉ်မှာ ဧရာ၀တီမြစ်ကြောင်းတလျှောက် စုန်ဆန်သွားလာနေသော မြင်းခြံနှင့် ပခုက္ကူ ပြေးဆွဲနေသော မင်းဒင်မော်တော်ကြီး ဖြစ်လာပါ၏။

ထိုစဉ်က ယခုကဲ့သို့ တံတားတွေလည်းမရှိသေး၊လမ်းတွေကလည်း မကောင်းသေးပါ။ ထို့ကြောင့်ပခုက္ကူသို့ သွားလျှင် အကောင်းဆုံးလမ်းက ရေလမ်းခရီးသာ ဖြစ်ပါသည်။ မင်းဒင် မော်တော်ကို စီးရသည့်အပြင် တခါတရံ ပြည်ကူးတို့ သဘောင်္ကြီး ကိုပါ စီးကြရပါသးသည်။ မန္တလေးမှ စတင်ထွက်ခွာလာသော ပြည်ကူးတို့ကြီးကို မြင်းခြံဆိပ်ကမ်းမှ ဖြတ်၍ စီးရခြင်းဖြစ်သည်။ ပြည်ကူးတို့သဘော်ကြီးသည် နှစ်ထပ်ဖြစ်ပြီး ဂျပန်နိုင်ငံမှ စစ်လျော်ကြေးအဖြစ် ရရှိထားသော T- Type အမျိုးအစား သဘော်များဖြစ်သဖြင့် ထိုသဘော်များ၏ အမည်များကို တိမ်ညို၊ တောပန်း၊ တော်၀င် စသဖြင့် မှည့်ခေါ်ခဲ့ရာ မည်သည့် နာမည်ရှိသည့် သဘော်ကို စီးခဲ့သည် မမှတ်မိတော့ပါ။

ပြည်ကူးတို့ကြီးသည် မန္တလေးမှ ထွက်ခွာပြီး ပခုက္ကူမှ တစ်ည၊ မကွေးမှာ တစ်ည အိပ်၍ ပြည်မြို့သို့ ရောက်ရှိလေသည်။ ပြည်ကူးတို့ကြီးမှာ ကျွန်တော်နှင့် တပည့်တစ်ယောက် တို့ လိုက်ပါလာရာ သိပ္ပံ မောင်၀ ၏ မင်းလတ်၀တ္ထုဆောင်းပါးကို အမှတ်ရမိပါ၏။ အင်္ဂလိပ်တို့ အုပ်စိုးစဉ်ကာလက ပြည်ကူးတို့ သဘောင်္ကြီး ၏ အမည်မှာ မင်းလတ်ဖြစ်ပါသည်။ အမှန်စင်စစ် သဘော်ကြီး နှင့် ဧရာ၀တီမြစ်ကြောင်းလျှောက် ခရီးသွားရခြင်းသည် ထိုဒေသများ၏ ဖွံ့ဖြိုးမှု ၊ လူမှု စီးပွား အခြေအနေတို့ကို အကဲခတ်နိုင်သည်။ ဒေသန္တရ ဗဟုသုတ လည်း ရနိုင်၏။

တန်ခိုးကြီးဘုရားများလည်းဖူးမြှော်နိုင်သည်။ ထင်ရှားသည့် မြို့ရွာ ဆိပ်ကမ်းများကို ကြုံတွေ့နိုင်သည်။ ကျွန်တော် စီးနင်းလိုက်ပါခဲ့သော ပြည်ကူးတို့ သဘော်ကြီးဦးပိုင်းတွင် သီးသန့် အခန်းကျယ်ကြီး နှင့် ရေချိုးခန်း အိမ်သာ တွဲလျက်ပါရှိသည်။ကျန်နေရာများမှာ တော့ ကုန်းပတ်ကျယ် ကြီးတွင် ခရီးသည်များ က ဖျာများ၊ အိပ်ရာလိပ်များ ခင်းလျက်လိုက်ပါလာကြသည်။ ထမင်းစားလျှင် သဘောင်္ပဲ့ပိုင်း ရှိ တစ်ခုတည်းသော ထမင်းဆိုင်တွင် စားကြရ၏။ ထမင်းဆိုင် အဒေါ်ကြီး၏ ဂ ငယ်ပုံသဏ္ဍန် ကောင်တာတွင် နံနက်စာ လက်ဖက်ရည်၊ ကော်ဖီ နှင့် နေ့လယ်နှင့် ညစာ ထမင်းဟင်းများမှာစားရ၏။

ထမင်းဆိုင်မှာ ကြက်သားနှင့် ငါး သာ အဓိကရသည်။ ထမင်းစားပြီးချိန်ရောက်သောအခါ ဆိုင်ပိုင်ရှင် အဒေါ်ကြီးက သဘော်တစ်စင်းလုံး ကြားလောက်သည့် အသံဖြင့် ၀ငျးဦးရေ ၀ငျးဦးရေ` ဟု အော်ခေါ်နေ၏။ ကျွန်တော် ပထမက လုံး၀ သဘောမပေါက်ခဲ့ချေ။ နောက်မှ ခေါင်မိုးပေါ်က ပြေးလွှား သံကြားရပြီး ကြောင်ကြီးတစ်ကောင် ဆင်းလာမှ ကြောင်ကြီး ၏ အမည်မှာ ဝင်ဦး ဖြစ်ကြောင်းနှင့် ထမင်းကျွေးရန် ခေါ်တာ ဖြစ်ကြောင်း သိရလေသည်။

ထမင်းဆိုင် အဒေါ်ကြီးမှာ အလွန်၀၏။ သူမ၏ ကြောင်ကြီး ၀ငျးဦးမှာ လည်း ထမင်းကျန် ဟင်းကျန်များ စားရ၍ စိုပြေ၀ဖီးနေသည်။ သဘော်တစ်စင်းလုံးတွင် လှုပ်ရှားမှုအများဆုံး ရှိနေသူမှာထမင်းဆိုင်အဒေါ်ကြီးဖြစ်သည်။ထိုစဥ်ကနိုင်ငံခြားခရီးသွားလည်းပြည်ကူးတို့ကြီးစီးပြီးပုဂံဆိပ်ကမ်းမှာ ဆင်းကြသည်။ အဒေါ်ကြီး၏ထမင်းဆိုင်မှာနိုင်ငံခြားသားတစ်ယောက်လက်ဖက်ရည်သောက်နေသည်။

ဆိုရှယ်လစ်ခေတ် လက်ဖက်ရည်ခွက် ဖြစ်နေသဖြင့်နိုင်ငံခြားသားကြီးအတွက် တစ်ငုံစာသာ ရှိမည်ထင်၏။ ထို့ကြောင့် သူက အဒေါ်ကြီးအား `Can I have another cup of tea` ဟု ပြောလိုက်သည်။ အဒေါ်ကြီး က ဘာလုပ်ရမှန်း မသိ စိတ်ရှုပ်သွားဟန်ဖြင့် ဟိုဟိုဒီဒီ ကြည့်ပြီး ကျွန်တော့်ဘက် ငဲ့စောင်းလျှက် အကူအညီတောင်းသော မျက်နှာဖြင့်” ငွေငါးကျပ်ကျတယ်လို့ ပြောလိုက်စမ်းပါ.” ဟု ပြောလိုက်သည်။ ကျွန်တော်က “မဟုတ်ဘူး။

သူပြောတာက နောက်ထပ်လက်ဖက်ရည် တစ်ခွက် ရနိုင်ဦးမလား လို့ မေးတာ “ဟု ပြောလိုက်မှ အားလုံးပြေလည်သွာတော့သည်။

ဤ ကား ကျွန်တော်ကိုယ်တွေ့ကြုံခဲ့ရသော ပြည်ကူးတို့ ကြီးပေါ်မှ ဖြစ်ရပ်မှန် ဇာတ်လမ်း တစ်ခု ဖြစ်ပါ၏။

Dolly Tin

Likes:
0 0
Views:
250
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *