တတိယသမီးတော်နှင့်ဂျာနယ်ကျော် သီပေါဘုရင်နှင့်စုဖုရားလတ်

တတိယသမီးတော်နှင့်ဂျာနယ်ကျော်သီပေါဘုရင်နှင့်စုဖုရားလတ်တို့၏အိန္ဒိယနိုင်ငံမဒရပ်မြို့မှာခေတ္တနားခိုက်ဖွားမြင်သောတတိယသမီးတော်မဒရပ်စုဖုရားနှင့်ဂျာနယ်ကျော်မမလေးတို့ရဲ့အင်တာဗျူးဖြစ်ပါတယ်။မန္တလေးမြို့တည်ထောင်သည့်ရာပြည့်အခမ်းအနားကျင်းပချိန်(၁၉၅၉)ခုနှစ်မှာသူတို့နှစ်ဦးဆုံတွေ့ခိုက်မေးမြန်းချက်များကိုအသံသွင်းထားခဲ့တယ်။ထိုအချိန်ကတတိယသမီးတော်မှာမေမြို့ဆေးရုံမှာမကျန်းမာ၍ဆေးရုံတက်နေတယ်။

မြန်မာဘုရင်ရဲ့နောက်ဆုံးသက်တော်ထင်ရှားကျန်ရစ်သည့်သမီးတော်တစ်ပါးနှင့်စာရေးဆရာမကြီးတစ်ဦးတို့၏အပြန်အလှန်မေးမြန်းပြောဆိုထားတဲ့သမိုင်းမှတ်တမ်းဖြစ်ပါတယ်။အမျိုးသားတစ်ယောက်အသံ—“မဖုရားကိုဖူးတွေ့ချင်လို့လာပါတယ်။ရန်ကုန်ကစာရေးဆရာမဂျာနယ်ကျော်မမလေးဆိုတာပါဘုရာ့။”ဂျာနယ်ကျော်အသံ—“ရတနာဂီရိမှာစံနေစဥ်ကမှတ်မိတော်မူသရွေ့သိရှိတော်မူသရွေ့ကိုပြောပြစေလိုပါတယ်ဘုရား”တတိယသမီးတော်—ပါတော်မူသွားတော့ မဖုရားကမဒရပ်မှာမွေးတယ်။သုံးလသမီးရှိတော့မှာရတနာဂီရိကိုခေါ်လာတာ။

ရတနာဂီရိမှာ (၃၂)နှစ်စံခဲ့ရတယ်။အသက် (၃၈)နှစ်မှာမန္တလေးမှာပဲလက်ထပ်တယ်။”အဲဒီလိုအမေးအဖြေများနဲ့စတင်ခဲ့တဲ့အင်တာဗျုးဟာသမိုင်းမှတ်တမ်းလည်းဖြစ်တယ်။သံဝေဂရစရာလည်းဖြစ်တယ်။ဝမ်းနည်းကြေကွဲရသလိုတိမ်မြုပ်နေတဲ့ကွင်းဆက်များနောက်လိုက်ရတာစိတ်ဝင်စားစရာကောင်းလှတယ်။သီပေါမင်းနှင့်စုဖုရားလတ်တို့ရဲ့သမီးတော် (၄)ပါးအနက်အရှင်ထိပ်စုမြတ်စုဖုရားကြီးအရှင်ထိပ်စုမြတ်စုဖုရားလတ်တို့ကရတနာပုံမန္တလေးနေပြည်တော်မှာဖွားမြင်တာဖြစ်ပြီးအရှင်ထိပ်စုမြတ်စုဖုရားနှင့်အရှင်ထိပ်စုမြတ်စုဖုရားလေးတို့ကပါတော်မူပြီးနောက်အိန္ဒိယနိုင်ငံမှာဖွားမြင်ကြတယ်။

သီပေါမင်းနတ်ရွာစံပြီးနောက်မိဖုရားခေါင်ကြီးစုဖုရားလတ်မြန်မာပြည်ကိုပြန်လာရာမှာရတနာဂီရိစံအိမ်တော်တံခါးစောင့်နဲ့အိမ်ထောင်ကျတဲ့ပထမသမီးတော်ကခေတ္တသာလိုက်လာပြီးအိန္ဒိယကိုပြန်သွားခဲ့တယ်။ဒုတိယသမီးတော်က”ကျွန်”တော်မျိုးဦးခင်မောင်လတ်နှင့်လက်ထပ်သွားတာကြောင့်သီပေါမင်းကစိတ်အနာကြီးနာလျက်သေခန်းဖြတ်ထားတယ်။ဒါကြောင့်မြန်မာပြည်ပြန်ရာမှာဒုတိယသမီးတော်လည်းမလိုက်ပါခဲ့ပါ။

အိန္ဒိယနိုင်ငံ ကလင်ပုံမြို့မှာသက်ထက်ဆုံးနေထိုင်သွားတယ်။သားသမီးမထွန်းကားဘူးလို့သိရပါတယ်။တတိယသမီးတော်ကမယ်တော်စုဖုရားလတ်သူ့ကျွန်ဘဝရောက်ရခြင်း၊နေပြည်တော်ကိုစွန့်ခွာပြီးအခြားတနိုင်ငံသို့ပို့ဆောင်ခံရခြင်းတို့ဖြင့်စိတ်နှလုံးထိခိုက်ချိန်မှာဖွားမြင်ခဲ့တာကြောင့်တတိယသမီးတော်ကလည်းသွေးလန့်တတ်စိတ်တွေချောက်ချားတတ်၊ကြောက်လန့်တတ်တယ်လို့ဆိုပါတယ်။စတုတ္ထသမီးတော်ကတော့ထက်မြက်သူဖြစ်ပါတယ်။

သတ္တိကောင်းပြီးအဂ်လိပ်အစိုးရကိုရဲရဲတောက်တောင်းဆိုမှုတွေကြောင့် “သူပုန်မင်းသမီး”လို့ပင်နာမည်ကြီးခဲ့ပါတယ်။ဒီသမီးတော်နှစ်ပါးသာမြန်မာပြည်ကိုပြန်ပါလာခဲ့တယ်။အိန္ဒိယနိုင်ငံမှာမွေးကတည်းကစပြီးနေထိုင်လာတဲ့အတွက်တတိယသမီးတော်ရဲ့အသံကလူမမြင်ရဘူးဆိုလျှင်ကုလားမကြီးကမြန်မာစကားပြောနေတယ်ထင်ရအောင်အသံဝဲလှပါတယ်။ရတနာဂီရိစံအိမ်မှာသမီးတော်များရဲ့အရေးကိစ္စများကိုမိဖုရားငယ်စုဖုရားလေးကဆောင်ရွက်ပေးတယ်လို့သိရတယ်။စာကိုတော့မိဖုရားခေါင်ကြီးကိုယ်တိုင်သင်ပေးပါတယ်။ကုလားအစေခံတွေကလည်းသင်ပေးပါတယ်။

နန်းတွင်းအစားအစာများဖြစ်တဲ့ဝက်သနီချက်၊ခနုံထုပ်၊မသိုးထမင်းမသိုးဟင်းချက်နည်းများသင်ကြားရတယ်။မသိုးထမင်းဆိုတာကထမင်းကိုအခြောက်လှမ်းထားပြီးရေပြန်စိမ်၍စားရတယ်။မသိုးဟင်းဆိုတာကအသားတစ်မျိုးမျိုး ဥပမာဝက်သားဆိတ်သားစသည်တို့ကိုချင်း၊ဆားထည့်၍နူးအိနေအောင်ပြုတ်ပြီးရေခန်းချက်ရတယ်။နောက်အသားကိုမွနေအောင်ထောင်းရတယ်။အသားမျှင်ဖြစ်သွားမှကြက်သွန်နီ၊ငရုတ်သီးတို့ဖြင့်ပြန်ကြော်တယ်။(ယခုခေတ်ဝက်မွကြော်၊ဆိတ်မွကြော်လိုမျိုးနှင့်တူပါတယ်)အဂ်လိပ်စာတော့မသင်ကြားခဲ့ပါဘူး။

သမီးတော်အချင်းချင်းမြန်မာလိုပြောပေမယ့်စာရေးရင်ကုလားလိုရေးကြတယ်။ရတနာဂီရိမှာစံနေတုန်းကသက်တော်(၂၁)နှစ်အရွယ်မှာနားထွင်းမဂ်လာပွဲပြုလုပ်တယ်။မြန်မာပြည်မှမှူးမတ်ဆွေမျိုးများကြွရောက်လာကြပြီးဆိုင်းဆရာရွာစားကြီးစိန်ဗေဒါရဲ့ဆိုင်းဝိုင်းနဲ့လည်းဖျော်ဖြေပါတယ်။ရတနာဂီရိမှာပြဿနာအမျိုးမျိုးနဲ့ကြံရတဲ့အကြောင်းကိုတတိယသမီးတော်ကအမှတ်မထင်ပြောကြားပါသေးတယ်။

ထမင်းချက်များကိုအဂ်လိပ်စပိုင်ထင်ပြီးသူတို့ချက်တဲ့ထမင်းဟင်းကိုမစားလိုသောကြောင့်ကိုယ့်ဖာသာချက်စားတယ်။အဂ်လိပ်ထောက်ပံတဲ့ရိက္ခာလစာမလုံလောက်လို့ပုလဲပုတီးကပုလဲလုံးလေးတွေဖြုတ်ရောင်းစားရတယ်။ရွှေနဲ့လုပ်ထားတဲ့ရေခွက်ငယ်လေးများဟာလက်ထဲမှာလုံးခြေလိုက်တဲ့အခါရွှေတုံးငယ်လေးများဖြစ်သွားရင်ရေထမ်းကုလားကိုတိတ်တဆိတ်ပေးပြီးရောင်းခိုင်းတယ်။ရတဲ့ပိုက်ဆံနဲ့သားစိုငါးစိုဝယ်စားတယ်။

ထမင်းချက်တဲ့အစေခံများကိုမယုံကြည်တော်မူလို့အဆိပ်ခတ်မှာစိုးလို့စိုးရိမ်စိတ်နဲ့နေကြရတယ်လို့ပြောပါတယ်။သီပေါမင်းနှင့်မိသားစုအပေါ်ပျောက်စေဆရာလိုလိုဝိဇ္ဇာလိုလိုလူလိမ်တွေကလည်းလောကအကြောင်းဘာမျှမသိတဲ့နန်းကျဘုရင်မိသားစုအဖြစ်လိမ်ညာတာများလည်းရှိကြောင်းတော်ဘုရား (စတုတ္ထသမီးတော်၏သားတော်)ကစာရေးသူ မောင်သန်းဆွေ (ထားဝယ်)ထံစာရေးပြန်ကြားဖူးပါတယ်။

ရတနာဂီရိစံအိမ်တော်မှာမြင်းနှစ်ကောင်ကသည့်ဘာဂီရထားမြင်းလေးကောင်ကသည့်ဘာဂီရထားကြီးနှစ်စင်းနှင့်မော်တော်ကားပေးထားတယ်။စံအိမ်တော်မှာရှိတဲ့ကုလားထိုင်တွေကြေးဝါမှိုလေးတွေရိုက်ထားတဲ့ကတ္တီပါဆိုဖာကုလားထိုင်ကြီးတွေဖြစ်တယ်။အောက်ကခင်းထားတဲ့ကော်ဇောကလည်းအမွှေးတစ်ထွာလောက်ရှိလို့နင်းလိုက်ရင်ခြေထောက်မြုပ်သွားတယ်တဲ့။သမီးတော်များဟာကုလားပြည်မှာစံနေခိုက်မြန်မာလိုပဲဝတ်တယ်။

ပွဲလမ်းသဘင်ရှိရင်ထိုင်မသိမ်းနှင့်ထမီဝတ်ပြီးအိမ်မှာနေရင်းနေ့တိုင်းတော့တရုတ်ပွအကျ်ီ နဲ့ထမီဝတ်တယ်။ပုံမှန်အတိုင်းနေ့စဥ်သနပ်ခါးလူးပါတယ်။ပေါင်ဒါ၊ကရင်ပတ်လူးရင်အရှင်နန်းမတော်ဖုရားကစိတ်ဆိုးတယ်။မြတ်လေးပန်းကိုနှမ်းဆီထဲ့ထည့်ပြီးထပ်တလဲလဲကြိတ်ထားတဲ့ဆီကိုခေါင်းမှာလိမ်းတယ်။

တတိယသမီးတော်မြန်မာပြည်ပြန်ရောက်တော့သစ်ပင်ကြီးများမြင်ပြီးထိတ်လန့်တုန်လှုပ်ရတယ်တဲ့။ရတနာဂီရိမှာသစ်ပင်ကြီးတွေမရှိကြဘူးတဲ့။သစ်ပင်ပေါ်ကတောက်တဲ့အော်သံကိုလည်းလူစကားပြောသလိုပီသနေတော့ကြောက်လန့်နေကြသတဲ့။ထမင်းစားတဲ့အခါရတနာဂီရိမှာသလေးဆန်လို့ခေါ်တဲ့ဆန်လုံးသေးသေးလေးစားနေကြဆိုတော့မြန်မာပြည်ကဆန်စေ့ကြီးကြီးနဲ့ချက်ထားတဲ့ထမင်းကိုမစားဝံ့ကြဘူး။

တတိယသမီးတော်နှင့်ဂျာနယ်ကျော်မမလေးတို့ရဲ့တွေ့ဆုံမေးမြန်းခန်းဟာတန်ဖိုးရှိလှပါတယ်။သနားစရာလည်းကောင်း၊ဝမ်းနည်းစရာလည်းကောင်းပါတယ်။အိန္ဒိယန်နိုင်ငံမှာမွေးကတည်းကစပြီး(၃၂)နှစ်နေလာရတယ်။ထီးမူနန်းမူတွေနဲ့ဝေးကွားခဲ့ရတယ်။ဘာသာရေးမှာလည်းဘုရားကြည်ညိုတယ်လို့မပြောတတ်လို့ဘုရားဝါသနာပါတယ်လို့ပြောတယ်။ကျောက်ဆင်းတုဘုရားကိုမခေါ်တတ်တော့မျက်နှာအဖြူကြီးနှင့်ဘုရား ဟုခေါ်တယ်။

ဘုန်းတော်ကြီးများကိုလည်းသက်န်းရုံထားတာကိုဆာရီဝတ်ထားတယ်လို့ပြောတယ်။ထိုအချိန်မှာမန္တလေးမှာမြို့တည်နန်းတည် နှစ် ( ၁၀၀)ပြည့်အခန်းအနားကျင်းပနေချိန်ဖြစ်တယ်။တတိယသမီးတော်ကြီးမှာသူ၏ဘိုးတော်မင်းတုန်းမင်းတရားကြီးမြို့တည်နန်းတည်ခဲ့သည့်နှစ် ၁၀၀ ပြည့်ပွဲကျင်းပနေတာကိုမေမြို့ဆေးရုံပေါ် တွင်မန္တလေးနှင့်ကမ္ဘာကြီးခြားနေသကဲ့သို့ဖြစ်နေတာကိုရင်နင့်အောင်ခံစားလိုက်ရတယ်။

သီပေါမင်းနှင့်စုဖုရားလတ်တို့ဟာနယ်ချဲ့ရဲ့ဒဏ်ကိုခံစားရသလိုအရှင်နှစ်ပါးရဲ့သမီးတော်၊မြေးတော်၊မြစ်တော်များအထိခါးစည်းအောင်ခံခဲ့ကြရတယ်။

စာကိုး မောင်သန်းဆွေ( ထားဝယ်)၏ရှေ့တော်ဝင်မှတ်တမ်းများစာဖတ်သူဂျာနယ်အတွဲ ( ၂)အမှတ် ( ၁၇)၊၁၈.၄.၂၀၀၁အမှတ် (၁၈)၊ ၂၅.၄.၂၀၀၁အမှတ် (၁၉) ၊ ၂.၅.၂၀၀၁

Likes:
0 0
Views:
825
Article Categories:
BooksHistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *