” အီနောင်ဇာတ်တော်ကြီးရှာပုံတော်

‘ ကုန်းဘောင်ခေတ် နန်းတွင်းဇာတ်တော်ကြီးများအနက် အီနောင်ဇာတ်တော်ကြီးသည် အလွန်ထင်ရှားလှပြီး ခမ်းခမ်းနားနား ကပြလေ့ရှိသည်။ “အီနောင်”ကို ယိုးဒယားလူမျိုးတို့ ကကြရာမှ မြန်မာ့နန်းတွင်းသို့ ရောက်ရှိလာခဲ့သည်။ ၁၇၈၉ခုနှစ်တွင် ဘိုးတော်ဘုရား(ဗဒုံမင်း)၏ သားတော် ရခိုင်နိုင်အိမ်ရှေ့မင်းသား ဦးပေါ် အမိန့်ဖြင့် ယိုးဒယားအီနောင်ဇာတ်တော်ကို မြန်မာပြန်ဆိုရန် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့သည်။

ယင်းအဖွဲ့တွင် တောင်ငူမင်းသား သတိုးဓမ္မရာဇာ၊ စဉ့်ကူးမင်း၏ မိဘုရားဟောင်း သခင်မင်းမိ၊ ပြင်စည်မြို့စားမြင်းမှူးမင်းသား၊ ငယ်တိုးအတွင်းဝန် ဦးကျီစိုး၊ မိုးတားဝန်ထောက် ဦးရွှဲ၊ အိမ်ရှေ့ရွှေတိုက်စိုး ဦးတိုး(ရာမရကန်) နှင့် မြဝတီမင်းကြီးဦးစ တို့ပါဝင်သည်။ ယင်းမှတ်တမ်းအရ အီနောင်ဇာတ်တော်ကြီး၏မူရင်းဝတ္ထုမှာ ယိုးဒယား “ဣန္ဒာဝုဓ”ဇာတ်ဝတ္ထု ဖြစ်သည်ဟု ဆို၏။ “ဣန္ဒ”သည် သိကြားမင်းဖြစ်ပြီး “အာဝုဓ”သည် လက်နက်ဖြစ်၏။

သို့ဖြစ်၍ သိကြားလက်နက်ဟု ဆိုအပ်သော သိကြားမင်းက လက်နက်ပေးအပ်ခံရသော အီနောင်မင်းသား ဟု ဆိုလိုသည်။ ဆင်ဖြူရှင်မင်းလက်ထက် ယိုးဒယားမှမင်းမိဖုရားမောင်းမမိဿံများ အပါအဝင် အပေါင်းအကျစ်အကြော်အလှော်တတ်သူများ အတီးအမှုတ် အကအခုန်သဘင်ပညာရှင်များအစုစုကို အင်းဝနေပြည်တော်သို့ယူဆောင်ကာ အကွက်အရပ်ချထားနေထိုင်စေသည်။

ယင်းသို့ ယိုးဒယားအဆက်အနွယ်များစွာလည်းကုန်းဘောင်ခေတ် တလျှောက်လုံး မြန်မာ့နန်းတွင်း၌ဝင်ရောက်ခစားကြရသည်။ ဒဂုန်ခင်ခင်လေး၏ မြဝတီစာစုစာရင်းနှင့် သီချင်းစု၌ ဣန္ဒာဝုဓဇာတ်ဝတ္ထုကို ယိုးဒယားနွယ်ဖွား မင်းသားမင်းသမီးများက ဖတ်ပြ ကပြကြသည်ကို မြန်မာပြန်ဆိုကာ မြဝတီမင်းကြီးဦးစ က ဇာတ်ချင်းများသီကုံးရေးဖွဲ့ရသည်ဟုဖော်ပြခဲ့သည်။ သို့သော်ဇာတ်တစ်ပုဒ်လုံး မပြီး။

“ကာလံပြည်”တွင် အီနောင်မင်းသားနှင့် ယောင်္ကျားဟန်ဆောင်ထားသော ပွတ်စပါး မင်းသမီးလေးတို့ ကြက်တိုက်ခန်း၌ ရပ်နားခဲ့ရသည် ဟုဆိုသည်။ အဘယ်ကြောင့် ထိုနေရာအထိသာ ရပ်ခဲ့ရသည့်အကြောင်းကို မသိရပေ။အီနောင်ဇာတ်ကို ဇာတ်တိုက်ကြရင်း မြဝတီမင်းကြီးဦးစနှင့်ယိုးဒယားမင်းသမီး နှင့်နုတို့ ရင်းနှီးကျွမ်းဝင်ခဲ့ပုံကိုလည်း ဦးစ၏ နှင်းနုဘွဲ့ဒွေးချိုးတစ်ပုဒ်ဖြင့် မှတ်တမ်းတင်ခဲ့သည်။

“ဆင်းမတု နှင်းနုရွှေနှစ်ကဲ့ စိမ်းလေပစ်အား… သည်ညဉ့်ကြီးလယ် ဘယ်နှယ့်ပြန်ရပါ့ ကင်း ရန် က များ။ ။”ဟူ၍ ဖြစ်သည်။ အီနောင်ဇာတ်ဝတ္ထုတွင် ပါဝင်သော အမည်များကို လေ့လာကြည့်ပါက အချို့က ပါဠိ နွယ်၏။ အချို့မှာ ယိုးဒယား အခေါ်အဝေါ်များဖြစ်ပြီး အချို့သည် သက္ကတ ဝေါဟာရများလည်း ပါ၏။ အချို့အမည်တို့မှာကား မည်သည့်ဘာသာစကားမှန်းမသိသော ဝေါဟာရများလည်း တွေ့ရပြန်သည်။

အဓိကဇာတ်ဆောင်ဖြစ်သော မင်းသမီးအမည် “ပွတ်စပါး”မင်းသမီးဟူသည်ကပင် ဆန်းကြယ်နေသည်။ ပါဠိဘာသာ “ပုပ္ဖ”ဟူသော ပန်း ကို သက္ကတဘာသာဖြင့် “ပုသျှပ” ဟု ခေါ်ဆိုရာ ယိုးဒယားအသံဖြင့် ဖလှယ်၍ “ပွတ်စပါး”ဟု ဖြစ်သွားခဲ့ရသည်။ အီနောင်ဇာတ်တော်တွင် ဇာတ်ကွက်ဇာတ်လမ်းအလိုက် သီဆိုရသောသီချင်းများမှာလည်း အများစုမှာ ယနေ့မဟာဂီတ၌ ယိုးဒယားသီချင်း ဟူသော သီချင်းများအဖြစ် တွေ့ရသည်။

အီနောင်ဇာတ်ဝင်သီချင်းဖြစ်သော”အို သာတင့်ဆုံး”ဟူသော ယိုးဒယား သီချင်းကြီးမှာ အလွန်ထင်ရှားပါသည်။ ဤသို့ဆိုလျှင် အီနောင် သည် ယိုးဒယားဇာတ်တော်ကြီးဖြစ်ကြောင်း အဖြေက ရှင်းနေပါသည်။ သို့သော် အီနောင် ဇာတ်တော်ပါ ယိုးဒယားမဆန်သော အခေါ်အဝေါ်များ၊ ဒေသအမည်များ၊ လူအမည်များကိုလည်း တွေ့ရပါသည်။

ထို့ကြောင့် အီနောင်သည် ယိုးဒယားတို့၏ မူရင်းဇာတ်တော်မဟုတ်မူပဲ ယိုးဒယားတို့ကိုယ်တိုင်ထပ်ဆင့်မှီငြမ်းသော ဇာတ်ဝတ္ထုဖြစ်နိုင်သည်ဟုလည်းကောင်း ယိုဒယားတို့ မည်သူတို့ထံမှ ရရှိနိုင်ခဲ့သည်လောဟုလည်းကောင်း တွေးတော သံသယဖြစ်စရာရှိလာပါသည်။ တကယ်တမ်း အီနောင်ဇာတ်တော်ကြီး၏ မူရင်းကို သံသယဝင်ကာ ရှာပုံတော်ဖွင့်ခဲ့သူမှာ ကင်းဝန်မင်းကြီး ဦးကောင်း ပင်ဖြစ်သည်။

ကင်းဝန်မင်းကြီးသည် မင်းတုန်းမင်းတရားကြီးလက်ထက် ၁၈၇၃ ခုနှစ်တွင် ပြင်သစ်နိုင်ငံသို့ သံတမန်စေလွှတ်ရာ ပြင်သစ်သို့အသွားစင်္ကာပူသို့ ဝင်ရောက်ခဲ့ပါသည်။ ထိုစဉ်က စင်္ကာပူသည်မလေးရှားပိုင်ကျွန်းဖြစ်၍ ကင်းဝန်မင်းကြီးနှင့်အဖွဲ့သည် ဂျာဟိုးမင်း(ကင်းဝန်မှတ်တမ်းပါ အခေါ်) ဂျိုဟိုးစော်ဘွားနှင့်ဝင်ရောက်တွေ့ဆုံခဲ့၏။ ယင်းအချိန်က မာလာယုကျွန်းဆွယ်တစ်ခုလုံး နေထိုင်ကြသူများကို မြန်မာတို့က ပသျှုးဟုခေါ်ဆိုသည့် မလေးလူမျိုးများပင် ဖြစ်သည်။

ဂျိုဟိုးစော်ဘွားက ဧည့်ခံရာ ကပြအသုံးတော်ခံသည့် သဘင်ပညာရှင်များ၏ ဇာတ်လမ်းဇာတ်ကွက်မှာ ယိုးဒယားအီနောင်ဇာတ်တော်နှင့်ဆင်သဖြင့် ကင်းဝန်မင်းကြီးနှင့် စကားစပ်မိကာ ပြောဆိုဆွေးနွေးခဲ့၏။ ဂျိုဟိုးစော်ဘွားက ကင်းဝန်မင်းကြီးအား အီနောင်ဇာတ်၏ မူရင်းဇာတ်ဝတ္ထုမှာ သူတို့ထံမှ ဖြစ်ကြောင်း အထောက်အထားအခိုင်အမာရှိကြောင်း ပြောဆိုသည်။ ကင်းဝန်မင်းကြီးကိုယ်တိုင် အံ့အားသင့်စွာဖြင့် ထိုအကြောင်းကို လေးဆစ်တစ်ပုဒ်ဖြင့် မှတ်တမ်းတင် ရေးသားခဲ့ပေသည်။

“အီနောင်ခံ ဣန္ဒာဝုငယ်၊ မျိုးဗသျှု ဂျာဟို။ ။ပွတ်စပါး စရကား တစ်ပြည်စံ နှင့်ပဇာငံ ဘယာဘိငယ်တို့၊ အရှိကြည့်ဖွယ်သာ များလှထိုထို။ သည်စာမူ သည်ပြည်ထွက်ကယ်လို့၊စာလက်ကိုင် ခုတိုင်ရှိသည်ဟု၊ ညွှန်းတုံဘိနှုတ်ချို ဂျာဟိုမင့်းမိန့်ခွန်း၊ … …”ဟူသောလေးဆစ်ကဗျာကို ရေးသားခဲ့၏။ ဂျာဟိုသည် ယနေ့တိုင် ဂျိုဟိုးပြည်နယ်အဖြစ် တည်ရှိဆဲ ဖြစ်၏။ မလေးရှားနိုင်ငံ၏တောင်ဘက်စွန်း ဂျိုဟိုးဗာရူး (ဂျိုဟိုးနယ်သစ်)သည် စင်္ကာပူနှင့်ရေလက်ကြားတစ်ခုသာခြား၍ ထိုခေတ်ကမူ စင်္ကာပူကျွန်းသည်လည်း ဂျိုဟိုပြည်နယ်တွင်းအပါအဝင်ဖြစ်သည်။

ကင်းဝန်မင်းကြီးဦးကောင်းသည် ပြင်သစ်ပြည်အသွား စင်္ကာပူအရောက်တွင် ဂျိုဟိုးစော်ဘွား (ဂျာဟိုမင်း)နှင့်တွေ့ဆုံပြီးနောက် အီနောင်ဇာတ်၏ရင်းမြစ်သည် ပသျှုးနယ်(မလေးရှားမြောက်ပိုင်း)ဟု သိရှိခဲ့ရသည်။အီနောင်ဇာတ်တော်တွင် မင်းသား ယောင်ဆောင်ထားသူ “ဥဏှကံ”သည် ရုပ်ဖျက်ထားသည့် အီနောင်တစ်ဖြစ်လဲ “ပန်းရည်”ကို တွေ့သော်ငြားမမှတ်မိပေ။

ကင်းဝန်မင်းကြီးပြင်သစ်နိုင်ငံအရောက်တွင် ကြိုတင်ရောက်ရှိနေသူ ပညာတော်သင် ဖန်ချက်ဝန်မောင်ရွှေအိုးက သူ၏ချစ်သူဖြစ်သော ပြင်သစ်သူနှင့်အတူ သင်္ဘောဆိပ်သို့ လာရောက်ကြိုဆိုခဲ့၏။ ပြင်သစ်သူဆင်မြန်းပေးသောဥရောပဝတ်စုံနှင့်အတူ တွေ့ရသော မောင်ရွှေအိုးကို ကင်းဝန်မင်းကြီးအဖွဲ့မြင်သော် မမှတ်မိနိုင်အောင်ပင်ရှိချေ၏။

ဤအကြောင်းကို ကင်းဝန်မင်းကြီးက လေးဆစ်ကဗျာဖြင့်မှတ်တမ်းတင်ရာတွင် နေပြည်တော်တွင် ကျန်ရစ်ခဲ့သော မောင်ရွှေအိုး၏ ဇနီးသည်မခင်တုတ် (တိုင်တားမင်းကြီးဦးဖိုး သမီး)သာသူ့ခင်ပွန်းကို ဤပုံအတိုင်းတွေ့ပါကလည်း လုံးဝမှတ်မိနိုင်စရာမရှိဟူ၍ အီနောင်ဇာတ်ဝင်ခန်းဥပမာဖြင့် ” ဥဏှကံ ပန်းရည် တွေ့သလိုပ ” ဟူ၍ ရေးဖွဲ့ခဲ့သည်။ အီနောင်ဇာတ်တော်ပါ “ဥဏှကံ”သည်လည်းကောင်း၊ “ပန်းရည်”သည်လည်းကောင်း ပသျှုး(မလေး)စကားများ ဖြစ်သည်ဆို၏။

ဥဏှကံ သည် ဥနကူ(UngKu)မှ ဆင်းသက်လာပြီး အကြီးအကဲမင်းသားဟု အဓိပ္ပါယ်ရသည်။ရှေးခေတ်မလေးအခေါ်အဝေါ်ဖြစ်ပြီး ယခုအခါ တွန်ဂု(Tonggu)ဟုခေါ်သည်။ အလားတူ ပန်းရည် ဟူသည်မှာလည်း ပန်ဂျီ(Panji)မှဆင်းသက်လာပြီး မလေးဘာသာဖြင့် အလံ၊ အလံကိုင်ဆောင်ထားသူဟု အဓိပ္ပါယ်ရသည်။

မင်းသားများ၏ရှေ့တွင် “ရဓည်”တပ်၍ ခေါ်ဆိုသည်ကပင် ပသျှုးဓလေ့ပင်ဖြစ်သည်။အီနောင်ဇာတ်တော်ပါ “ကာလံပြည်”သည် ယင်းဇာတ်ဝတ္ထုမူရင်းဒေသဂျာဟိုးပြည်နှင့်စပ်ဆက်နေသော ကလန်းပြည်နယ်(Klang)ပြည်ဖြစ်နိုင်ပြီး သင်္ဘောဆိပ်မြို့တည်ရှိရာယင်းကို ပို့ကလန်းဟုယခုခေါ်ဆိုကြသည်။ထို့ကြောင့် ကလန်းဒေသသည်ပင် အီနောင်ဇာတ်တော်ပါ ကာလံပြည်ဖြစ်မည်ဟု တွေးထင်မိပါသည်။

မင်းတုန်းမင်းတရားကြီးလက်ထက်တော်၌ လည်းယင်းတော်မလေး၏ ဂုဏ်သတင်းမှာ အထက်မြန်မာနိုင်ငံသာမက အင်္ဂလိပ်လက်အောက်ရှိ အောက်မြန်မာနိုင်ငံအနှံ့ကျော်စောပျံ့နှံ့ခဲ့သည်။ သက္ကရာဇ်၁၂၃၀ (အေဒီ-၁၈၆၈)ခုနှစ်တွင် အရှေ့အန္ဒိယကုမ္ပဏီ၏ အန္ဒိယဘုရင်ခံချုပ် လော့ဒ်မေးရိုးသည် အောက်မြန်မာပြည် ရန်ကုန်သို့တိုင်းခန်းလှည့်လည် ရောက်ရှိလာရာ အီနောင်နန်းတွင်းဇာတ်အဖွဲ့ကြီးကို စေလွှတ်တော်မူပါရန် ပဲခူးဝန်ရှင်တော်မဟာမင်းကြီး၏ မေတ္တာရပ်ခံချက်အရ မင်းတုန်းမင်းကြီးက ခွင့်ပြုတော်မူသဖြင့် ရန်ကုန်သို့ သွားရောက်ကာ ဖြေဖျော်ခဲ့ရသည်။

တစ်ဖန် မြန်မာနိုင်ငံအား အင်္ဂလိပ်တို့ သိမ်းပိုက်ပြီး နောက်တွင်လည်း အန္ဒိယဘုရင်ခံချုပ် လော့ဒ်ဒပ်ဖရင်ရှေ့မှောက် ကပြဖျော်ဖြေခဲ့ရသေးသည်။ ၁၈၈၇ ခုနှစ်၊ ဖေဖော်ဝါရီလ၌ ဗြိတိသျှအင်ပါယာ၏ ဘုရင်မကြီးဝိတိုရိယ နန်းစံသက်နှစ်၅၀ပြည့်အခမ်းအနားကို ၇ ရက်တိုင်ကျင်းပရာ ယင်းတော်မလေးသည် ဘုရင်ခံချုပ်နှင့် ဘုရင်ခံချုပ်ကတော်တို့ရှေ့ကပြဖျော်ဖြေခဲ့ရာ ဘုရင်ခံချုပ်ကတော် လေဒီဒပ်ဖရင်က ယင်းတော်မလေးအား ” Elderly Prima Donna”ဟု မှတ်တမ်းတင်ခြင်း ခံရပါသည်။

ယင်းတော်မလေးသည်နန်းတွင်းဇာတ်တော်ကြီးမှ ဇာတ်သဘင်ပညာရှင်တစ်ဦးနှင့် အိမ်ထောင်ကျခဲ့ပြီး သမီးတစ်ယောက်ထွန်းကားခဲ့သည်။ ယင်းတော်မလေး၏ သမီးဖြစ်သူကို သီပေါမင်းလက်ထက် ရွှေလှံမြို့တော်ဝန်ဦးချက်က သိမ်းပိုက်ခဲ့ရာ ခင်လွင်ဟူသော သမီးတစ်ဦး ထွန်းကားခဲ့ပါသည်။

ယင်းခင်လွင်ကိုမြန်မာသက္ကရာဇ်၁၂၆၈(အေဒီ-၁၉၀၆)ခုနှစ်၊ ဝါဆိုလဆန်း၄ရက်၊ စနေနေ့တွင် ရဲအင်စပက်တာ မောင်ဦးနှင့်လက်ထပ်ထိမ်းမြားဆောင်နှင်းကြောင်း ဝက်မစွတ်ဝန်ထောက်မင်းဦးလတ်၏ နေ့စဉ်မှတ်တမ်း၌ ဖော်ပြထားလေရာ ထိုအချိန်ထိ ယင်းတော်မလေးသက်ရှိ ထင်ရှားရှိသေးကြောင်း သိရ၏။

တစ်ခေတ်တွင် တစ်ယောက်ဆိုရလောက်အောက် ထွန်းပေါက်ကျော်ကြားခဲ့သော ယင်းတော်မလေးသည် ၁၂၆၈(အေဒီ-၁၉၀၃) နောက်ပိုင်းတွင် ဆင်းရဲနွမ်းပါးစွာကွယ်လွန် သွားခဲ့ရရှာသည်။

စာကိုး။ ဦးစိန်မောင်ဦး(သမိုင်းသုတေသန) “သမိုင်းရနံ့ပျံ့ပျံ့သင်သင်း”စာအုပ်ပါ “ကနောင်မင်း ရွှေပြည်ဝန်ကြီးဦးဘိုး လှိုင် နှင့် ယင်းတော်မလေး”ဆောင်း ပါးမှ ကောက်နှုတ်ဖော်ပြပါသည်။ Phoe K (8:9:2019)

စာကိုး။ ။တင်နိုင်တိုး”သမိုင်းအတွေး သမိုင်း အရေး” မြဝတီစာစုသီချင်းစု နှင့် အီနောင်နန်းတွင်းဇာတ်တော် ကြီး အကြောင်း မှကောက်နှုတ် ဖော်ပြပါသည်။Credit to Saya Phoe KyawKhant Nyar Thu ခန့်ညားသူGroup (မြန်မာ့သမိုင်းကြောင်းရာများစိတ်ဝင်စားသူ) Photo Credit to Aung Htoo Tint

မင်းတရားကြီးလက်ထက်- အီနောင်မင်းသမီး ပွတ်စပါးအဖြစ် မယင်းတော်

Likes:
0 0
Views:
1079
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *