သခင်ဖိုးလှကြီး လည်ပင်းက အမျိုးအမည် မသိခဲ့ရတဲ့ အရာဝတ္ထု တခု။

ပန်းပုဆရာကြီး ဦးဟန်တင် ထုလုပ်ခဲ့တဲ့ ချောက် GTI ကျောင်းရှေ့က သခင်ဖိုးလှကြီး ရုပ်ထုမှာ သံကြိုး ပါရှိတယ်လို့ သိရပါတယ်။ (ပုံ-၁)ပန်းပုဆရာကြီးက ၁၃၀၀ ပြည့် အရေးတော်ပုံ ကာလအတွင်းမှာ ရိုက်ခဲ့တဲ့ သတင်းစာက သခင်ဖိုးလှကြီး ဓါတ်ပုံကို ကြည့်ပြီး ထုလုပ်ခဲ့တာပါ။ အဲဒီပုံက နှောင်းခေတ် လူတွေရဲ့ အမြင်မှာ စွဲထင်နေတာ ကြာခဲ့ပြီပေါ့။မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ်က ထုတ်ဝေခဲ့တဲ့ (၄၅) ကျပ်တန် ငွေစက္ကူ မှာလည်း သခင် ဖိုးလှကြီးရဲ့ ရုပ်ပုံနဲ့ ထုတ်ဝေ ထားတာကို တွေ့ရပြန်တယ်။

(ပုံ-၂)အဲဒီပုံကတော့ ပန်းပုဆရာကြီး ဦးဟန်တင် ထုလုပ်ထားတဲ့ သခင် ဖိုးလှကြီး ရဲ့ ရုပ်ထုပုံနဲ့ အတူတူပါပဲ။အဲသလို မြင်ကွင်း တွေကြောင့် လည်း နှောင်းခေတ် လူတွေရဲ့အသိမှာ သခင် ဖိုးလှကြီး ဆိုရင် လည်ပင်းမှာ သံကြိုးကြီးတန်းလန်းနဲ့လို့ ထင်ယောင်ထင်မှား ဖြစ်ကုန်ကြတာပါ။၇.၇.၂၀၁၃ နေ့တုန်းကလည်း ဒီလိုပဲ ၁၃၀၀ ပြည့် ရေနံမြေ အရေးတော်ပုံ စိန်ရတု အထိမ်းအမှတ် အနေနဲ့ သခင် ဖိုးလှကြီးရဲ့ ကြေးသွန်းရုပ်ထုကို ချောက်မှာရှိတဲ့ အလုပ်သမား မေဒေး ပန်းခြံမှာ စိုက်ထူကြမယ်ပေါ့။

တချို့ကလည်း အားမာန်အပြည့်နဲ့ သုံးရောင် ခြယ်အလံကို ကိုင်နေတဲ့ ပုံကို ထုလုပ်ချင်ကြတယ်။ တချို့ကလည်း ကုန်ကျစရိတ် နည်းမယ့် ကိုယ်တစ်ပိုင်းပုံကိုပဲ ထုလုပ်ချင်ကြတယ်။ နောက်ဆုံးတော့ ရန်ပုံငွေ အခြေအနေအရ သခင်ဖိုးလှကြီးရဲ့ ကိုယ်တစ်ပိုင်း ရုပ်ထုကိုပဲ ကြေးရုပ် လုပ်ကြမယ်ပေါ့။ဒီမှာတင် ပြဿနာ ကမပြီးသေးဘူး။ သခင်ဖိုးလှကြီး ရဲ့ လည်မှာဆွဲထားတဲ့ သံကြိုး ကိုထည့်မလား၊ မထည့်ဘူးလား။

ထည့်မယ်ဆိုရင် ကလေးတွေ ပြောကြ၊ လှောင်ကြတဲ့ “သံကြိုးကြီး နဲ့ ဒရွတ် ဒရွတ်” ဆိုတာမျိုးဖြစ်မယ်။ မထည့်ဘူး ဆိုရင် မြင်နေကျ သခင်ဖိုးလှကြီး ရဲ့ ပုံနဲ့ကွဲပြား နေမယ်ပေါ့။လူတွေရဲ့ အမြင်မှာ သခင်ဖိုးလှကြီး ဆိုရင် သံကြိုး ပါရမယ် လို့မြင်နေကြပြီလေ။ သံကြိုးမပါတဲ့ ပုံတော့ ရှိပါတယ်။ မောင့် ကျက်သရေ ခေါင်းပေါင်းနဲ့ပုံ၊ ဒီပုံကြတော့လည်း မာန်မပါ လို့ မသုံးချင်ကြဘူး။ (ပုံ-၃)နောက်ဆုံးတော့ အရေးတော်ပုံကာလမှာ ရိုက်ခဲ့တဲ့ ဓာတ်ပုံထဲက ပုံကိုပဲ သုံးကြမယ်လို့ ဆုံးဖြတ်လိုက် ကြတယ်။

အဲဒီပုံကလည်း (၄၅) ကျပ်တန် ငွေစက္ကူ ထဲကပုံနဲ့ ဆရာကြီး ဦးဟန်တင်ရဲ့ ပန်းပုပုံနဲ့ အတူတူပါပဲ။ (ပုံ-၄)ဒါပေမဲ့ ဒီ သံကြိုးကြီး ကို ဘ၀င် မကျဖြစ်ရတယ်။ ဘာလို့ ပန်းပုရုပ်မှာ သံကြိုး ဖြစ်နေရတာလဲပေါ့။ သူတို့ ဆွဲခဲ့တဲ့၊ ထုလုပ်ခဲ့တဲ့ သံကြိုး က အခု အတော်စဉ်းစားရ ကျပ်နေပြီ။ကံကောင်းတယ်လို့ ပြောရမလား။ ဒါမှမဟုတ် ကွယ်လွန် လေပြီးသော သခင်ဖိုးလှကြီးကများ စိတ်စွမ်းအင်တွေပေးပြီး ပြဿနာကို ဖြေရှင်းလိုက်လေသလား မသိဘူး။

ပြဿနာရဲ့ မူလ အဖြစ်မှန်ကို သိလိုက်ရတယ်။ဒါဟာ သမိုင်းကို ပြန်လည်တည့်မတ် လိုက်ခြင်းဖြစ်လို့ သိပ်ပြီး တန်ဖိုးကြီးမားပါတယ်။ အဲသလို မဟုတ်ရင် တသက်လုံး သခင် ဖိုးလှကြီး ရဲ့ လည်မှာဆွဲထားတဲ့ သံကြိုးကြီး က ဘဝင် မကျစရာ ဖြစ်နေမှာ၊ အခုတော့ ရှင်းသွားပြီ။ဖြစ်ပုံက ဒီလိုပါ ……..၁၃၀၀ ပြည့် ရေနံမြေ အရေးတော်ပုံ စိန်ရတု အခမ်းအနား ကျင်းပမယ်လို့ သတင်းစာတွေ၊ ဂျာနယ်တွေ၊ ဖေ့စ်ဘွတ်ခ် တွေကနေပြီး သတင်းဖြန့်လိုက်တယ်။

ဒီမှာတင် သခင် ဖိုးလှကြီး ရဲ့ မျိုးဆက်သစ်တွေက စိတ်ဝင်စားသွားတယ်။ ချောက်မှာရှိတဲ့ သခင်ဖိုးလှကြီးရဲ့ မျိုးဆက် တချို့က ဒီ သံကြိုး ပြဿနာကို ထဲထဲဝင်ဝင် မသိကြပေမယ့် မန္တလေး မှာ ရောက်နေတဲ့ မျိုးဆက်သစ်တစ်ယောက်ကတော့ ဒီပြဿနာ ကိုသိထားတယ်။ သူ့ကိုမေးလာတဲ့ သံကြိုး ပြဿနာကိုလည်း လက်လှမ်းမီသလောက် ရှင်းပြခဲ့ ဖူးတယ်။ ဒါပေမဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ဆို ဘယ်ပြည့်စုံပါ့မလဲ။

၁၃၀၀ ပြည့် စိန်ရတု ကျင်းပရေးကော်မတီ အနေနဲ့ လည်း ၁၃၀၀ ပြည့် ရေနံမြေ အရေးတော်ပုံ သခင်၊ သခင် မကြီး တွေနဲ့ လက်လှမ်းမီသလောက် ဆက်သွယ်လိုက်တဲ့ အခါမှာတော့ သခင်ဖိုးလှကြီး ရဲ့ သမီး (ဒေါ်ကျင်ကျင်ဝေ) ဆိုတာ နတ်မောက် မှာရှိနေတဲ့ အကြောင်း သိလိုက် ရတယ်။

သူ့ဆီမှာ သမိုင်းဝင် ဓာတ်ပုံလည်း ရှိတယ်လို့ ကြားသိရတော့ ဆက်သွယ်လိုက်တယ်။ သခင် ဖိုးလှကြီး ရဲ့သား ဦးအောင်သန်း ကတော့ ကွယ်လွန်သွားပြီမို့ ကျန်ရစ်တဲ့ မိသားစုဆီက အထောက်အထား သိပ်မရဘူး။ကံကောင်းချင်တော့ သခင် ဖိုးလှကြီးရယ်၊ သခင် သိန်းမောင် ကြီးရယ် စုပြီးရိုက်ထားတဲ့ ဘင်ခရာတီးဝိုင်း ဓာတ်ပုံကို နတ်မောက်မှာ ရောက်နေတဲ့ ဒုတိယသမီး ဒေါ်ကြင်ကြင်ဝေ ဆီက ရလိုက်တယ်။ ဒေါ်ကြင်ကြင်ဝေ အနေနဲ့ မန္တလေး မှာ ရောက်နေတဲ့ သူ့သမီး ဒေါ်ခင်အုန်းဝေကို ဖုန်းနဲ့ ဆက်ခေါ်ပြီး သူတို့မိသားစု ချောက်ကို ရောက်လာကြတယ်။

ကွဲကွာသွားခဲ့တဲ့ မွေးရပ်မြေ ကိုပြန်ပြီး ခြေချရတော့ သူတို့ရင်မှာ ပီတိတွေ လွှမ်းခြုံ နေတာပေါ့။ နှစ်ပေါင်းများစွာ ကွဲကွာနေကြတဲ့ ဆွေမျိုး သားချင်း တွေ ပြန်လည်ဆုံတွေ့ကြရလို့လည်း မျက်ရည်လည်ရွှဲ ဖြစ်နေကြ သေးတယ်။အချင်းချင်းတွေ့ကြ၊ ဆုံကြတဲ့ အခါမှာတော့ ငယ်ဘ၀တွေကို လွမ်းဆွတ်တမ်းတရင်း သူတို့ အဖေ၊ သူတို့အဘိုးကို သတိတရ နဲ့ ဂုဏ်ယူ နေကြတယ်။အဲ့လိုနဲ့ ရှေးဟောင်းအောက်မေ့ဖွယ်တွေကို ပြောကြဆိုကြ ရင်းက သခင်ဖိုးလှကြီးရဲ့ လည်မှာဆွဲထားတဲ့ သံကြိုးကိစ္စကို ရောက်သွားတယ်။ သမီးဖြစ်သူ ဒေါ်ကြင်ကြင်ဝေကတော့ အသက်ကလည်း (၈၀) ကျော် နေပြီ။

သတိတွေကလည်း ချွတ်ယွင်းနေပြီမို့ စကားတောင် လေးလုံးကွဲအောင် မပြောနိုင် တော့ပါဘူး။ အတူတူပါလာတဲ့ သမီးဖြစ်သူ ဒေါ်ခင်အုန်းဝေ ကသာ ဦးဆောင်ပြီး ပြောသွားခဲ့တာပါ။သခင်ဖိုးလှကြီးရဲ့ မြေးဖြစ်တဲ့ ဒေါ်ခင်အုန်းဝေဟာ သူ့အဘွား၊ ဒေါ်စောညွန့် ပြောပြ ခဲ့တဲ့ ၁၃၀၀ ပြည့် အိပ်မက်တွေကို အမှတ်တရ ပြောပြခဲ့ပါတယ်။

သခင် ဖိုးလှကြီးရဲ့ လည်ပင်းမှာ ဆွဲထားတာဟာ သံကြိုး မဟုတ်ပါဘူး …. ခရာကြိုးပါ။ သံကြိုး နဲ့တူနေရတာ ကတော့ သူ့အဘွား ဒေါ်စောညွန့် ထိုးပေးလိုက်တဲ့ သိုးမွှေးကြိုးဟာ ကွင်းဆက်ဖြစ်နေတာမို့ သံကြိုးနဲ့တူနေတာပါတဲ့။ ရန်ကုန်ကို ချီတက်တဲ့နေ့ အမီ အဲဒီ သံကြိုး ကွင်းဆက်ပုံ သိုးမွှေးကို ထိုးပေးလိုက်တာပါတဲ့။

သံကြိုး နဲ့တူသရောင် ရှိပေမယ့် ပေါ့ပါးတဲ့ …..ခရာကြိုး ….. ဖြစ်တဲ့အကြောင်း၊ တမာအိုင့်ရပ်ကွက်အရောက်မှာ အပြေးကလေး လိုက်ပေးရတာ ဖြစ်ပါတယ်လို့ သမိုင်းရဲ့ ကွက်လပ်တစ်ခုကိုပြောပြသွားခဲ့ပါတယ်။

သခင်ဖိုးလှကြီး ဓါတ်ပုံ(ပုံ-၅)

Credit to : မူရင်း ရေးသားသူ နှင့် တဆင့် ပြန်လည်ဖေါ်ပြသော Timeayar # crd_to_owner Aung Ngwe Latt #နော်ဂဲလယ်ထူး (စာပေပရဟိတ)

Likes:
0 0
Views:
538
Article Tags:
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *