ပုသိမ်မြို့ ငဝန်မြစ်အတွင်း ရေတပ်သင်္ဘော ဖြတ်သန်းမောင်းနှင် ဟိုင်းကြီးကျွန်းဘက်ကနေ နိုင်ငံခြားသင်္ဘောတွေ ဝင်လာနိုင်လို့ ခုလိုကြိုတင်ပြင်ဆင်တာမျိုးလည်း ရှိနိုင်တယ်လို့ သုံးသပ်

ရာဝတီတိုင်း၊ ပုသိမ်မြို့ရဲ့ ငဝန်မြစ်အတွင်းမှာ မတ်လ ၁၇ ရက်နေ့ နေ့လယ်ပိုင်းက စစ်တပ်ရဲ့ တိုက်ခိုက်ရေးသင်္ဘော ၁ စီး ဖြတ်သန်းမောင်းနှင်ခဲ့တယ်လို့ သိရပါတယ်။

ငဝန်မြစ်အတွင်းဖြတ်သန်းမောင်းနှင်ခဲ့တဲ့ တိုက်ရေယာဥ်အမှတ် ၄၁၅ ဟာ ငဝန်မြစ်ဝနေ ပုသိမ်မြို့ရှိ စစ်တပ်ပိုင်း ရေတပ်ဆိမ်ကမ်း ကိုလာရောက်ခဲ့တာလို့ မျက်မြင်တွေ့ရှိခဲ့သူ ၁ ဦးက DVB ကို ပြောပါတယ်။

“နေ့လယ်လောက်က ဖြတ်မောင်းတာ သင်္ဘောကုန်းပတ်မှာ သေနတ်ပစ်စင်လိုမျိုးနဲ့ တိုက်သင်္ဘောပုံစံမျိုး နံပါတ်က ၄၁၅ လား မသိဘူး၊ အရင်က ပုံမှန်ဆို ဒါမျိုးလာလေ့မရှိဘူး၊ တစ်လ တစ်ခါတောင် မောင်းဒါမျိုးမတွေ့မိဘူး၊ ဒီနေ့မှ မြစ်ထဲမှာ ပြန်ဝင်လာတာ တွေ့တာ။”

ငဝန်မြစ်ထဲကနေ ဖြတ်သန်းမောင်းနှင်ပြီး ရေတပ်စခန်းမှာ ကမ်းကပ်ခဲ့တဲ့ စစ်သင်္ဘောဟာ ဘာကြောင့်လာရောက်တာလည်းဆိုတာကို ဒေသခံတွေက စိတ်ဝင်စားပြီး ကမ်းနားမှာ စောင့်ကြည့်နေသလို စစ်သင်္ဘောကတော့ ခုချိန်ထိပြန်ထွက်လာတာ မရှိသေးဘူးလို့ ဆိုပါတယ်။

ပုသိမ်က ငဝန်မြစ်ထဲကနေ ပြန်ထွက်ရင်း ရန်ကုန်နဲ့ ရေတပ်အခြေဆိုက် စခန်းပြုလုပ်ထားတဲ့ ဟိုင်းကြီးကျွန်းဘက်ကို ထွက်နိုင်တာဖြစ်ပြီး ဟိုင်းကြီးကျွန်းဘက်ကနေ နိုင်ငံခြားသင်္ဘောတွေ ဝင်လာနိုင်လို့ ခုလိုကြိုတင်ပြင်ဆင်တာမျိုးလည်း ရှိနိုင်တယ်လို့ သုံးသပ်ပြောဆိုတာတွေလည်း ရှိပါတယ်။

မြို့ခံအချို့ကတော့ ခုလိုစစ်သင်္ဘောဝင်ရောက်တာဟာ ပုံမှန်မြစ်ထဲ လုံခြုံရေးယူထားတဲ့ စစ်သင်္ဘောတွေ ချိန်းတာမျိုးနဲ့ ရိက္ခာလာတင် တာမျိုးတွေလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့ရဲ့ ငဝန်မြစ်ထဲမှာ စစ်တပ်ရဲ့အာဏာမသိမ်းခင် ၁ ရက် အလို ဇန်နဝါရီလ ၃၁ ရက်နေ့ နေ့လယ်ပိုင်းကလည်း ခုလို စစ်သင်္ဘော ၁ စီး မြစ်ထဲကနေ မြစ်ဝဘက်ကို မောင်းနှင်သွားတာမျိုး ရှိခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ CJ

Likes:
0 0
Views:
759
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *