“နဂါးနီသီချင်းလေးဖြစ်ပေါ်လာပုံ…”

နဂါးနီသီချင်းလေးဖြစ်ပေါ်လာပုံမေးထားလို့ဒီပိုစ့်လေးတင်လိုက်ပါတယ်။အဲဒီနဂါးနီသီချင်းလေးက ပါတီတွေအတွက်သေချာရေးစပ်ထားတာမဟုတ်ပါဘူး။ လူများထင်ထားသလိုနိုင်ငံရေးအတွက်ရည်ရွယ်ပြီးရေးစပ်ထားခြင်းလည်းမဟုတ်ပါဘူး။

နဂါးနီစာအုပ်အသင်းအတွက်ရေးစပ်ခဲ့ပြီး၊ ကိုလိုနီခေတ်ကလူကြိုက်များခဲ့တယ့်သီချင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ အဲဒီသီချင်းလေးဖြစ်ပေါ်လာပုံကိုစိတ်ဝင်စားလို့လိုက်ရှာဖွေရင်းတွေ့ရှိတာလေးကို စိတ်ဝင်စားသူများအတွက်ပြန်တင်လိုက်ခြင်းဖြစ်ပါတယ်။.

နဂါးသီချင်းလေးဟာနဂါးနီစာအုပ်အသင်းအတွက်ရေးထားတာဖြစ်လေတော့ သီချင်းအကြောင်းမပြောခင် နဂါးနီစာအုပ်အသင်းအကြောင်းလေးအနည်းငယ်ပြောခြင်ပါတယ်။ နဂါးနီစာအုပ်အသင်းရယ်လို့စတင်ပေါ်ပေါက်လာဖို့အကြောင်းအစက ကိုသိန်းဖေနဲ့ကိုထွန်းအေးတို့၂ယောက်အိန္ဒိယနိုင်ငံရောက်စဉ် အင်္ဂလန်နိုင်ငံမှလက်ဝဲစာအုပ်တွေကိုဈေးပေါပေါနဲ့ဝယ်ဖတ်လို့ရတာကစခဲ့တာပါ။

သူတို့၂ယောက်က မြန်မာပြည်မှာလည်းဒီလိုစာအုပ်အသင်း မျိုးရှိရင်ကောင်းမယ်လို့အကြံရပြီးအစပြုခဲ့တာပါ။ ကိုထွန်းအေးမြန်မာပြည်ပြန်ရောက်တော့ ကိုနု(သခင်နု)နဲ့တွေ့ဆုံပြီး ကိုနု ကလည်း သဘောကျတာနဲ့ ပူးပေါင်းပြီးနဂါးနီစာအုပ်အသင်းကိုတည်ထောင်ခဲ့ကြပါတယ်။ နဂါးနီဆိုတဲ့အမည်ကို အာဇာနည်တစ်ဦးဖြစ်တဲ့ ဒီးဒုတ်ဦးဘချိုကပေးခဲ့တာပါ။ ကိုနုနဲ့ကိုထွန်းအေးက၂ယောက်စလုံး စနေသားတွေဖြစ်လို့စနေနံ နဂါးရုပ်ကို စနေနံဖြစ်တဲ့ “နီ” နဲ့ထပ်ပေါင်းထည့်ပြီး နဂါးနီလို့အမည်ပေးလိုက်ပါတယ်။.

တည်ထောင်စမှာ အသင်းဥက္ကဋ္ဌအဖြစ် မြို့မဆရာဟိန်၊ အတွင်းရေးမှူး ကိုထွန်းရွှေ၊ တွဲဘက်အတွင်းရေးမှူးက သခင်ထိန်ဝင်း၊ ငွေထိန်းကသခင်ချစ်၊ စာအုပ်ရွေးချယ်ရေးက သခင်နုနဲ့ သခင်သန်းထွန်း၊ ဝါဒဖြန့်ချိရေးမှူးက သခင်စိုးပေါ့။ တည်ထောင်တဲ့ခုနှစ်က ၁၉၃၇ ခု နိုဝင်ဘာ (၄) ရက်နေ့ပါ။

စာအုပ်အသင်း တည်နေရာက အမှတ် (၁၅ဝ) စကော့ဈေး (ယခုဗိုလ်ချုပ်ဈေး) မှာပါ။.စာအုပ်အသင်းထောင်ပြီးစာအုပ်တွေဖြန့်မယ်လို့ ကြေညာထားပေမယ့်စာအုပ်အသင်းဖွင့်ပွဲက အခုထိ မလုပ်ရသေးဘူး။ဒီအတွက် တပြည်လုံးပျံ့နှံ့အောင်လုပ်ဖို့သီချင်းစပ်ဖို့လိုတော့ နဂါးနီရဲ့သဘောထားပါအောင် သခင်နုရေးတဲ့ “လူမွဲတို့ထွက်ရပ်လမ်း” ထဲကစာသားတွေ ရွေးထုတ်ပြီးဗမာ့ခေတ်ဦးအုန်းခင် (သခင်အုန်းခင်) တို့နဲ့အတူဆရာဦးဘချိုဆီသွားခဲ့ကြတယ်။

ဒီးဒုတ်ဦးဘချိုက ကြည့်မြင်တိုင်မှာနေတဲ့ ရွှေတိုင်ညွန့် (သခင်အုန်းဆိုင်) ဆီလွှတ်ပြီး သီချင်းရေးခိုင်းလိုက်တယ်။ ဖွင့်ပွဲနီးသည်အထိ သီချင်းက မပြီးသေး။ သုံးလလောက်ကြာမှ ရေးပြီးသတဲ့။.၁၉၃၈ ခုနှစ်ထဲ နဂါးနီစာအုပ်အသင်း ဖွင့်ပွဲကို မြို့တော်ခန်းမမှာ ကျင်းပတော့ နဂါးနီသီချင်းကို မင်းသားကြီး ခင်မောင်ရင်က သီဆိုပြီး မင်းသမီးကြီး သီတာခင်ထွေးရဲ့ အကနဲ့ တင်ဆက်ခဲ့တာပရိသတ်တွေ နှစ်ထောင်းအားရဖြစ်တယ်လို့သိရပါတယ်။

ဖွင့်ပွဲက ပြန်ထွက်လာသူတိုင်း နဂါးနီတန်ခိုးနဲ့ အမျိုးဂုဏ်တက်စေမည်ဆိုတဲ့ စာသားကို နှုတ်တိုက်ရွရွ ရွတ်ဆိုခဲ့ကြတယ်လို့ သိမီသူတွေရဲ့ မှတ်တမ်းကလည်း အထင်ကရရှိခဲ့ပါတယ်။ လူကြိုက်များတဲ့သီချင်း ဖြစ်လေတော့ ဗြိတိသျှဘားမား ကုမ္ပဏီက ဓာတ်ပြားအဖြစ် ဖြန့်ချိရာက နဂါးနီသီချင်းဟာ တစ်ပြည်လုံး ပျံ့နှံ့သွားခဲ့ပါတော့တယ်။.ကိုလိုနီခေတ်ထဲက ဒီသီချင်းလေးကို အင်္ဂလိပ်အစိုးရကသဘောမကျခဲ့ပါဘူး။

နိုင်ငံရေးစည်းရုံးရေးသဘောတရားတွေပါတယ်ဆိုပြီးယူဆကြတော့၊ စစ်အစိုးရခေတ်မှာလည်းအလားတူပါဘဲ ခေတ်အဆက်ဆက်အာဏာရှင်များမနှစ်သက်ခဲ့တဲ့သီချင်းကလေးတစ်ပုဒ်ဖြစ်ပါတယ်။.

နဂါးနီသီချင်းလေးကို ဒီဖက်ခေတ်မှာ အဆိုတော်သုမောင်၊ သန်းမြတ်စိုးတို့ပြန်လည်သီဆိုထားကြပါတယ်။ Youtube မှာ အရင်ခင်မောင်ရင် version နောက်သုမောင်နဲ့သန်းမြတ်စိုး version အစုံရှာဖွေနားဆင်နိုင်ကြပါတယ်။..

မှီငြမ်းကိုးကား။-နဂါးနီ (တင်နိုင်တိုး)-နဂါးနီနိဒါန်း (မောင်သစ်လွင်)

Likes:
0 0
Views:
1011
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *