အခုမှနှမြောကြသလား၊ မောင်ဗလကျောမှာ ဒဏ်ရာတွေနဲ့ ကိုသုမောင် ( မင်းလူ )

အခုမှနှမြောကြသလား၊ မောင်ဗလကျောမှာ ဒဏ်ရာတွေနဲ့ ကိုသုမောင် ကွယ်လွန်ခြင်း တစ်လပြည့် ဆွမ်းကျွေးပွဲသို့ ဆရာဦးနေမျိုး တက်ရောက် ချီးမြှင့်သည်။ ဆရာက ကျွန်တော့်ကို စာရွက်တစ်ရွက် လှမ်းပေးသည်။ ဖတ်ကြည့်တော့ ကိုသုမောင် အမှတ်တရ စာအုပ်ထုတ်မည်။ မောင်ဗလအလွမ်းပြေဟု အမည်ပေးထားသည်။ ထိုစာအုပ်အတွက် စာမူတစ်ပုဒ် ရေးသားပေးရန် ဟူ၍ ဖြစ်သည်။ တွေးကြည့်လျှင် အတော် ခွကျသောကိစ္စ ဖြစ်၏။

ကျွန်တော်က ကိုသုမောင်ရဲ့ ညီအရင်းခေါက်ခေါက်ကြီးလေ။ တကယ်ဆို ကျွန်တော်က ဆရာဦးနေမျိုးကို စာမူချီးမြှင့်ဖို့ တောင်းခံရမှာ မဟုတ်လား။ နောက်တစ်ချက်ကတော့ ဒီစာအုပ်သည် ကိုသုမောင်ကို ဂုဏ်ပြုသော စာအုပ်ဖြစ်သည်။ ညီဖြစ်သူက အစ်ကိုဖြစ်သူ ဘယ်လောက် တော်ကြောင်း၊ ဘယ်လောက် သဘောထား ပြည့်ဝကြောင်း ချီးကျူး ရေးသားဖို့ ဆိုတာ အတော် ဝန်လေးစရာကြီး ဖြစ်၏။တကယ်တော့ သူ ဘယ်နေရာမှာ ဘယ်လောက်တော်တယ် ဆိုတာ ကျွန်တော် အသိဆုံး ဖြစ်၏။ သူများတွေ မသိတဲ့ အသေးစိတ် “တော်ချက်” ကလေးတွေတောင် သိနေသေးသည်။

ထို့အတူ သူ ဘယ်နေရာတွေမှာ ဘယ်လောက် ညံ့တယ် ဆိုတာလည်း ကျွန်တော် သိတာပဲ။ ဒါဖြင့် သူ့ဆိုးကွက် ညံ့ကွက်တွေကို ထုတ်နုတ်ပြီး ရေးရမလား၊ မဖြစ်နိုင်။ သွားလေသူတစ်ယောက် အားနည်းချက်တွေကို တတ်နိုင်သမျှ ဖုံးဖိပေးရခြင်းသည် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံလို ဖြစ်နေသည်။ အထူးသဖြင့် ကွယ်လွန်ပြီးခါစအချိန်မှာ ပို၍ဆင်ခြင်ရသည်။ အလွန်ဆုံး ဂရုဏာဒေါသောသာ ဖြစ်ရမည်။ ထိုအချက်သည် ကျွန်တော်တို့လို စာရေးဆရာတွေအတွက် စောင့်ထိန်းအပ်သော ကျင့်ဝတ်လည်း ဖြစ်၏။ ထို့ကြောင့် ဒီစာအုပ်မှာ ဝင်မရေးတော့ပါဘူးဟု ဆုံးဖြတ်လိုက်၏။

(ဝမ်းနည်းမှတ်တမ်း စာအုပ်မှာတောင် ကျွန်တော် ဘာတစ်ခုမှ မရေးခဲ့။) သို့ရာတွင် … တစ်ညနေတွင် ဖိုးသောကြာ ကျွန်တော့်ဆီ ရောက်လာပြီး … “ဘဘ ဦးနေမျိုး ဆုံးပြီ”ဟု သူ့ထုံးစံအတိုင်း ပြူးပြူးပျာပျာ လာပြောသည်။ ထို့နောက် … “နေ့လယ်ကပဲ သူ့ဆီ ဖုန်းဆက်သေးတယ်။ သူမှာထားတဲ့ ဓာတ်ပုံတွေ လာပို့ရမလား မေးတော့ … နေဦး၊ မင်းလူဆီက စာမူရတော့မှ တစ်ခါတည်း ယူလာခဲ့လို့တောင် ပြောနေသေးတယ်” ဆရာဦးနေမျိုးနှင့် နောက်ဆုံး ရရှိလိုက်သော အဆက်အသွယ်ပင် ဖြစ်၏။ ဒီထဲမှာ အရေးကြီးသော မက်ဆေ့ခ်ျတစ်ခု ပါနေသည်။ “မင်းလူဆီက စာမူ”။

ဆရာ၏ နောက်ဆုံးဆန္ဒထဲမှာ တစ်ခုအပါအဝင် ဖြစ်နေသည်။ထို့ကြောင့် ဒီစာကို ကျွန်တော် ရေးပါတော့မည်။ဘာရေးလျှင် ကောင်းမလဲ စဉ်းစားလိုက်သောအခါ အကြောင်းအရာ အချက်အလက်ပေါင်း များစွာသည် ခေါင်းထဲသို့ တိုးဝင် ရောက်ရှိလာသည်။ မိုးတွေ သဲသဲမဲမဲ ရွာနေတဲ့ ကြားမှာ ဖန်ခွက်ကလေး တစ်လုံးနဲ့ ရေလိုက်ခံရသလိုပါပဲ။ မိုးရေစက်တွေ သိန်းနဲ့ သန်းနဲ့ချီပြီး သွန်ချနေပါလျက် ကိုယ့်ဖန်ခွက်ထဲကို တိုက်တိုက်ဆိုင်ဆိုင် ကျဆင်းလာသလောက်သာ ခံယူရရှိနိုင်သည်။ဖျတ်ခနဲ ဖျတ်ခနဲ ပေါ်လာသော အတွေး အပိုင်းအစတွေထဲက မြင်ကွင်းတစ်ခုကို ဖမ်းဆုပ်လိုက်မိ၏။

ရက်လည်သောနေ့က ဖြစ်၏။ အရုဏ်ဆွမ်း စားပြီးနောက် ဆရာတော်က မေတ္တာပို့ တရားချီးမြှင့်သည်။ ထို့နောက် ရေစက်ချသည်။ ဆရာတော်က ဦးဆောင်ပြီး အမျှဝေခိုင်းသည်။“ဦးသုမောင်နှင့်တကွ ကြားကြားသမျှ အမျှ … အမျှ … အမျှ”ဒုတိယအကြိမ် အမျှဝေရာတွင် မအေးဘုံ (သူ့ဇနီး) က “ ဦးဗလနှင့်တကွ ကြားကြားသမျှ …” ဟု နာမည်ရင်းကို ပြောင်း၍ ရွတ်ဆိုသည်။ တတိယအကြိမ်မှာတော့ မအေးဘုံသည် တစ်စုံတစ်ခုကို သတိရသွားဟန် တူ၏။ အသံကို မြှင့်ပြီး အကျယ်ကြီး အော်၍ အမျှဝေလိုက်လေသည်။ဟုတ်တာပေါ့။ ကိုသုမောင်က နားနည်းနည်း လေးတာကိုး။

မကြားရင် ဘယ့်နှယ်လုပ်မလဲ။ နင့်ခနဲ ဖြစ်သွားရင်းကပင် မချိပြုံး ပြုံးလိုက်မိသည်။ တစ်ဆက်တည်းမှာပဲ ငါ့အလှည့်ကျရင်တော့ မိန်းမက အရုဏ်ဆွမ်းကျွေးမှာ မဟုတ်ဘူး၊ ငါက ဆယ့်တစ်နာရီ၊ ဆယ့်နှစ်နာရီလောက်ကျမှ အိပ်ရာက ထတတ်တာလေဟု တွေးဖြစ်အောင် တွေးလိုက်မိပါသေးသည်။ခုလို အရေးထဲမှာတောင် ကတ်ကတ်သတ်သတ် ကြံဖန် တွေးတတ်တဲ့ ကျွန်တော်၏ စရိုက်သဘာဝနှင့် ကိုက်ညီသော အကြောင်းအရာမျိုးကို ရေးတာပဲ ကောင်းလိမ့်မည် ထင်သည်။နောက်တစ်ကြောင်းကတော့ … သူ့အကြောင်း ရေးကြသူ အများစုသည် ဝမ်းနည်းကြောင်း အမှတ်တရ စာမျိုးကိုသာ ရေးကြလိမ့်မည်။

စာတစ်အုပ်လုံး အလွမ်းသံတွေကသာ လွှမ်းမိုးနေလိမ့်မည်။ ဒီလိုကိစ္စမျိုးမှာ ဘယ်သူကမှ ပေါ့ပျက်ပျက် ရေးရက်ကြမယ် မထင်။ သင့်လည်း မသင့်တော်။ထို့ကြောင့် လူရင်းဖြစ်သော ကျွန်တော်ကပဲ သူ့ရဲ့ စာဖတ်ပရိသတ်တွေ အလွမ်းပြေလို ပြေငြား၊ သူ့မိတ်ဆွေ အပေါင်းအသင်းတွေ စိတ်ဖြေစရာ ရလိုရငြား ဆိုပြီး ကျွန်တော် သူ့ ကို စခဲ့နောက်ခဲ့ ထေ့ခဲ့ငေါ့ခဲ့တာလေးတွေပဲ အမှတ်တရ ရေးလိုက်ရပါသည်။* * *ကျွန်တော် တက္ကသိုလ်ရောက်ခါစတုန်းက ဖြစ်၏။ တစ်ညမှာ ကျွန်တော် တစ်ရေးနိုးတော့ စာရေးစားပွဲမှာ ငိုင်တွေတွေကြီး ထိုင်နေသော ကိုဗလကို မြင်လိုက်ရသည်။

သူသည် တစ်စုံတစ်ယောက်ကြောင့် အတော် အထိနာနေပုံရသည်။(သူ၏ အစောပိုင်းကာလ စာရေးဆရာ ယောင်ယောင်၊ အယ်ဒီတာယောင်ယောင်၊ ထုတ်ဝေသူ ယောင်ယောင် ဘဝမှာ ဒီလို မကြာခဏ ခံရဖူးသည်။ ထို့ကြောင့် ဒီခေါင်းစဉ်ကို ပေးခဲ့ခြင်းလည်း ဖြစ်၏။)သူသည် စာနှစ်ကြောင်း သုံးကြောင်းကို ချရေးသည်။ ထို့နောက် နံရံကို ငေးကြည့်နေပြန်သည်။ ကျွန်တော် ပြန်ပြီး အိပ်ပျော်မသွားခင် သူ၏ သက်ပြင်းရှည်ကြီး ချသံကို ကြားလိုက်ရသည် ထင်၏။မနက် ကျွန်တော် အိပ်ရာကနိုးတော့ သူ အိပ်နေပြီ။ အတော်ညဉ့်နက်မှ အိပ်ရာဝင်ပုံရသည်။

ခေါင်းအုံးကို ရင်ဘတ်အောက်မှာ ခံပြီ မှောက်ခုံကြီး အိပ်နေသည်။စာရေးစားပွဲပေါ်မှာ ရေးလက်စကဗျာ တစ်ပုဒ်ကို တွေ့ရ၏။“မောင့်ရင်ကို ခွဲမယ်မှန်းတယ်လား ပန်းလက်နှင့်ရွယ်။ ရင်ကိုခွဲရုံနဲ့ အသည်းတွေ့ရင်တော့ ကောင်းလှပေါ့ သခင်ရယ် ငြင်းဖူးတယ် ရှိလို့လား” ကျွန်တော်၏ ပေါက်ကရ ဖျက်လိုဖျက်ဆီး လုပ်လိုသော ဉာဉ်သည် တားဆီးလို့မရအောင် ပေါ်ပေါက်လာသည်။ထိုစဉ်က ကြေးအိုးပြုတ် ခေတ်စားကာစ ဖြစ်၏။ တရုတ်တန်း ၁၉ လမ်းမှာ တကူးတက သွားစားကြရသည်။ ထို ကြေးအိုးပြုတ်ထဲမှာ ထည့်တာ ဝက်အသည်းအစစ် မဟုတ်။

ရန်ကုန်ဆေးရုံကြီး ရင်ခွဲတိုက်ကရတဲ့ လူ့အသည်းတွေတဲ့ ဆိုသော ကောလဟလကလည်း ထွက်ပေါ်နေချိန်။ ထို့ကြောင့် … “ကြေးအိုးပြုတ် သောက်မယ်မှန်းတယ်လား ဆယ့်ကိုးလမ်းဝယ်။ကြေးအိုးကိုဆွဲရုံနဲ့ လူ့အသည်းတွေ့ရင်တော့ကောင်းလှပေါ့ သခင်ရယ်စားဖူးတယ် အရှိသား” ဟု သူ့ကဗျာအောက်မှာ ထပ်ရေးပြီး ထားခဲ့သည်။ ကျွန်တော် ကျောင်းက ပြန်လာတော့ စားပွဲပေါ်မှာ စာရွက်က ရှိနေတုန်း။ အောက်ဆုံးမှာ စာလုံး အကြီးကြီးနှင့် “-ီး ” ဟု ရေးထားတာ တွေ့ရသည်။ဘာပဲဖြစ်ဖြစ် … ကျွန်တော့်ကဗျာကို ဖတ်ပြီးနောက် သူ ရွှင်ရွှင်ပျပျ ပြန်ဖြစ်လာတာကတော့ အမှန်ပဲ။ * * *မြို့ထဲက မုတ်ဆိတ် လက်ဖက်ရည်ဆိုင်မှာ ဆုံသည်။ မင်းကို ငါလိုက်ပို့မယ်ဟု ပြောပြီး သူ၏ ၁၉၃၈ မော်ဒယ် မာစီဒီး ကားဟောင်းကလေးဖြင့် တင်ခေါ်လာသည်။ ထူးထူးခြားခြား ခပ်ဖြည်းဖြည်း မောင်းနေသည်။

“ငါ့သီချင်းခွေ ထွက်ပြီကွ၊ နားထောင်ကြည့်” ဆိုပြီး ကားကက်ဆက်ထဲကို အခွေထိုးထည့်ပြီး ဖွင့်လိုက်သည်။ သူဆိုထားတာက တော်တော် ကောင်းပါသည်။ အများစုက ခေတ်ဟောင်း သီချင်းတွေ ပြန်ဆိုထားတာ။ သီချင်းသစ်တွေလို့ ပြောနိုင်တာကတော့ ပန်းတွေနဲ့ဝေ၊ ချစ်မိုးကြီး … ပြီးတော့ … “လယ်တောကပြန် … ပန်ချင်တယ်၊ ခရေဖူး … ဆိုလို့ …” ပန်းဦးပန်မယ့်သူ သီချင်းသံ ထွက်လာသည်။ သီချင်း ဆုံးသွားတော့ ကျွန်တော်က-“ဒီသီချင်းကတော့ မူရင်းအသံကို မီတယ်”ဟု ပြောလိုက်သည်။ ဒီသီချင်းကို သီဆိုသူ မူလအဆိုတော်ကလည်း ကိုသုမောင် ကိုယ်တိုင်ပဲလေ။“မင်းက အဲဒီအတိုင်းပဲ” ဟု ပြောသည်။ သူ နည်းနည်း ငုပ်သွားဟန်တူသည်။ လီဗာကို ဖိနင်းလိုက်၏။

ကား အရှိန်က ဝေါခနဲ ထိုးတက်သွားသည်။ “အင်ဂျင်ကတော့ ကောင်းသားပဲ” ဟု ကျွန်တော်က ပြောလိုက်သေးသည်။ သူ ဘာမှ ပြန်မပြောတော့ဘဲ ကားကိုသာ အမြန် မောင်းနေသည်။ ကျွန်တော့်အိမ်ရှေ့ ရောက်လို့ ကားပေါ်က ဆင်းပြီးနောက် ခါတိုင်းလို လက်တွေဘာတွေ မပြတော့ဘဲ ဝူးခနဲ မောင်းထွက်သွားသည်။ ခပ်လှမ်းလှမ်းမှာ ရှိသော ကိုဝဏ္ဏ အိမ်ရှေ့မှာ ကျွီခနဲ ထိုးရပ်လိုက်ပြန်သည်။ ကိုဝဏ္ဏကိုလည်း သူ့အခွေ ဖွင့်ပြလိမ့်ဦးမည် ထင်သည်။ညကျတော့ ကိုသုမောင် ကျွန်တော့်ဆီ ဖုန်းဆက်သည်။“ကိုဝဏ္ဏကလည်း မင်းပြောသလိုပဲ ပြောတယ်ကွ၊ လခွီး”ဟု ပြောပြီး ဖုန်းချသွားသည်။* * *သုဇနီး မအေးဘုံသည် ကျွန်တော်တို့ ခြံထိပ်မှာ မုန့်ဟင်းခါးဆိုင် ဖွင့်ဖူးသည်။

ဒါကလည်း ကိုသုမောင် ထွင်တာဟု ကျွန်တော် ထင်သည်။ သူက ဆရာ သော်တာဆွေကို အလွန် အားကျသည်။ ဆရာ့ဇနီး အန်တီမေက မုန့်ဟင်းခါးဆိုင် ဖွင့်ခဲ့ဖူးသည်။ ထို့ကြောင့် သူကလည်း မအေးဘုံကို မုန့်ဟင်းခါး ရောင်းခိုင်းခြင်း ဖြစ်နိုင်သည်။ ကြာကြာလည်း မဖွင့်ဖြစ်ပါ။ ပင်ပန်းတာနဲ့ မကာမိလို့ နှစ်ပတ် သုံးပတ်လား အကြာမှာ ဆက်မလုပ်ဖြစ်တော့ဟု ဆို၏။ ဒီအကြောင်း ကိုသုမောင်ကပဲ ဆောင်းပါး ရေးလိုက်လို့လား၊ ဂျာနယ်တွေထဲမှာ သတင်း ပါလာလို့လား မမှတ်မိတော့။ လူသိများသွားလေသည်။

တစ်ရက်မှာ ဆရာဝင်းငြိမ်းက ကျွန်တော့်ဆီ ဖုန်းဆက်ပြီး … “ကိုဝဏ္ဏက မချိုရီကို စတိုးဆိုင် ဖွင့်ခိုင်းတယ်၊ ကိုရူပကတော့ မဝေကို လက်ဖက်ရည်ဆိုင်မှာ ကောင်တာ ထိုင်ခိုင်းတယ်၊ အခုလည်း ကိုသုမောင်က မအေးဘုံကို မုန့်ဟင်းခါး ရောင်းခိုင်းပြန်ပြီ၊ ကိုမင်းလူကကော မရှန်ကို ဘာရောင်းခိုင်းဦးမှာလဲ”ဟု လှမ်းနောက်သည်။ ကျွန်တော်က … “ဟာဗျာ … ကျွန်တော် ချစ်လို့ယူထားတဲ့ မိန်းမပါ အစ်ကိုရ၊ ခိုင်းစားဖို့ မဟုတ်ဘူး” လို့ ပြန်ပြောတော့ အစ်ကိုဝင်းငြိမ်းက ရယ်နေသည်။ ဒီအကြောင်း ကိုသုမောင်ကို ပြန်ပြောပြဟန် တူသည်။ လေးငါးရက် ကြာတော့ ဆရာဝင်းငြိမ်း ဖုန်းဆက်ပြန်သည်။“ဒါနဲ့ ကိုမင်းလူတို့ အမျိုးထဲမှာ ဦးဘိုးငွေ ဆိုတာ ရှိလား”ဟု မေးသည်။

“ရှိတယ်၊ ကျွန်တော်တို့ အဘိုးလေးပဲ” “သူက ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ” “မိန်းမကို အရမ်းချစ်တယ်၊ ကြောက်လည်း သိပ်ကြောက်ရတယ်၊ အဝတ်အစားတွေတောင် ကိုယ်တိုင် လျှော်ပေးရတယ်လို့ ကြားဖူးတာပဲ၊ နေပါဦး၊ အစ်ကိုက အဲဒါ ဘာလို့ မေးတာလဲ”ဆရာဝင်းငြိမ်းက ရယ်ပြီး “ကိုသုမောင်က ခင်ဗျားကို အလကားပါဗျာ၊ ဒီကောင်က ဦးဘိုးငွေ ပါလို့ ပြောသွားလို့လေ” * * *အမေသည် မျက်စိ ရေတိမ်ရောဂါ ဖြစ်ဖူးသည်။ အသက်ကြီးလာတော့ တဖြည်းဖြည်း မှုန်ဝါးလာတာ မျက်စိတစ်ဖက်က မမြင်ရသလောက် ဖြစ်သွား၏။

ကိုသုမောင်က မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာရဲနိုင်ဆီ ခေါ်သွားပြီး ပြပေးသည်။ ဆရာကြီးက အမေ့မျက်စိကို ခွဲစိတ်ပြီး အိုင်အိုအယ်လ်ခေါ် မှန်ဘီလူးအတု ထည့်ပေးလိုက်သည်။ အသားကျလောက်တဲ့အခါ …“အမေ မျက်လုံး ဘယ်လိုနေသလဲ” ဟု ကိုသုမောင်က မေးတော့ အမေက- “သိပ်ကောင်းတယ် သားရေ၊ ဟောဟို တိုင်ကပ်နာရီက စက္ကန့်တံလေး သွားနေတာတောင် မြင်ရတယ်” ကိုသုမောင်က သဘောကျသွားသည်။

ကျွန်တော်က “ဒါတော့ အမေက ပိုလွန်းသည်” ဟု ထင်သည်။ ထို့ကြောင့် တစ်ရက်မှာ ကျွန်တော် ထမင်းစားနေရင်းက … “ဘယ်နှနာရီထိုးပြီလဲ အမေ” ဟု လှမ်းမေးလိုက်သည်။ အမေ ပက်လက်ကုလားထိုင်နဲ့ ထိုင်နေသော နေရာ၏ ရှေ့တည့်တည့် အပေါ်ဘက် ဆယ်ပေအကွာလောက်မှာ တိုင်ကပ်နာရီ ရှိသည်။ အမေက သိပ်ပါးနပ်တာ။ ကျွန်တော်က သူ့ကို အလစ်အငိုက်ဖမ်းပြီး ပြဿနာရှာဖို့ ကြိုးစားတယ်ဆိုတာ ရိပ်မိသည်။ ထို့ကြောင့် ပုတီးစိပ်နေသလိုလို၊ အိပ်ငိုက်နေသလိုလို လုပ်ရင်း မကြားချင်ယောင် ဆောင်နေလိုက်သည်။ကျွန်တော်က အသံကို မြှင့်ပြီး ထပ်မေးသည်။ တိုက်တိုက်ဆိုင်ဆိုင် ထိုအခိုက်မှာပဲ ဘုန်းကြီးကျောင်းက လေးနာရီသံချောင်း ခေါက်သံ ထွက်ပေါ်လာသည်။

အမေက …“လေးနာရီပေါ့ကွယ်” ဟု ပြောပြီး သူ အသာစီးရတဲ့အခါ လုပ်နေကျအတိုင်း ခေါင်းငုံ့ပြီး အသံမထွက်ဘဲ ဟက်ဟက်ပက်ပက် ရယ်နေလေသည်။ ဘာပဲဖြစ်ဖြစ် အမေသည် သူကြိုက်နှစ်သက်သော ရုပ်မြင်သံကြားကို ကြည်ကြည်လင်လင် ပြတ်ပြတ်သားသား ကြည့်နိုင်သွားတာတော့ အမှန်ပဲ ဖြစ်၏။ကိုသုမောင်က ဒီကိစ္စကို အလွန်ကျေနပ် ဂုဏ်ယူနေသည်။ သူ့ထုံးစံအတိုင်း ဆောင်းပါးထဲ ထည့်ရေးသည်။ အမေ့ကို မျက်စိခွဲပေးရတဲ့ ကုသိုလ်အကျိုးဆက်ကြောင့် ခုချိန်အထိ သူ့မျက်စိမှာ အဝေးကြည့် မမှုန်သေးဟု ကြွားလိုက်သေးသည်။

ကျွန်တော်က အပြင်ထွက်လျှင် အဝေး အနီးပါ ကြည့်လို့ရသော ဘိုင်ဖိုကယ်မျက်မှန် တပ်ရသည်။ ဒါကိုမြင်သော သူငယ်ချင်းတွေက- “ကိုဗလကြီးက အမေညိုကို မျက်စိခွဲပေးလို့ မျက်စိမမှုန်ဘူးလို့ ပြောတယ်၊ မင်းကျတော့ကော …” ဟု မေးကြသည်။ ကျွန်တော်က- “ငါက နားတော့ မလေးဘူးကွ” ဟု ပြန်ပြောသည်။ သူငယ်ချင်းတွေက ဒီအကြောင်း သူ့ကို ပြန်ပြောပြတော့ သူက- “ဒါနဲ့ နေစမ်းပါဦးကွ၊ ဟိုလူ့ကို ရိလိုက်၊ ဒီလူ့ကို ငေါ့လိုက်နဲ့ ဒီလောက်တောင် ပေကပ်ကပ် ဂျစ်ကန်ကန်နိုင်တဲ့ အကောင်ကို မင်းတို့က ဘာဖြစ်လို့ မပေါင်းဘဲ မနေနိုင်အောင် ဖြစ်နေရတာလဲ”ဟု အင်ဒါရိုက်နည်းနဲ့ ကျွန်တော်ကို ပြန်တွယ်သွားကြောင်း သိရ၏။

ကိုသုမောင် ဆေးရုံတက်ပြီး အရက်ဖြတ်တယ်ဆိုတာ ပိုက်ဆံတတ်နိုင်တဲ့လူတွေ နိုင်ငံခြားကို ဈေးဝယ်ထွက်သလိုပဲ၊ ကျွန်တော်တို့ အဖို့တော့ ရိုးနေပြီ။ စင်ကာပူလား၊ ဘန်ကောက်လား၊ မလေးရှားလား မေးဖို့ပဲ ရှိသည်။ ခုလည်း ကိုသုမောင် သုခကမ္ဘာ ဆေးခန်းမှာ တက်နေပြန်ပြီတဲ့။နေ့လယ်ဘက်မှာတော့ မအေးဘုံသည် ဒဂုံဂျစ်ကားကို ကိုယ်တိုင်မောင်းပြီး ထွက်သွားသည်။ ဒါလည်း ထူးဆန်းသော မြင်ကွင်းမဟုတ်။ နောက်သုံးလေးရက် ကြာလျှင် မအေးဘုံက ကားကိုမောင်း၊ ကိုသုမောင်က ဘေးမှာ ငူငူငိုင်ငိုင်ကြီး ထိုင်ပြီး ဆေးရုံက ပြန်လာကြလိမ့်မည်။

နောက်ရက်အနည်းငယ် ကြာတော့ သူ ဘာမှမဖြစ်ခဲ့သလို ပုံစံဖြင့် ကိုရူပ လက်ဖက်ရည်ဆိုင်မှာ လာထိုင်ပြီး နောက်လား ပြောင်လား လုပ်နေလိမ့်မည်။ ဒီလိုပဲ ထင်ခဲ့သည်။ “ကိုဗလဟာ ဆေးရုံတွေလှည့်ပြီး တက်လိုက် ဆင်းလိုက်၊ သူ့အိမ်ကလည်း ဆေးရုံမှာ လိုက်စောင့်၊ ထမင်းသွားပို့၊ အိမ်ကို ဆရာဝန်ပင့်ပြီး ဆေးသွင်းပေးရနဲ့ အတွေ့အကြုံ၊ တော်တော် များနေပြီ၊ မအေးဘုံအနေနဲ့ အဲဒီအကြောင်းတွေကို စာအုပ်တစ်အုပ် ရေးရင် ကောင်းမယ်၊ စာအုပ်နာမည်ကိုလည်း ‘ဘုံ ဘဝမှာဖြင့်’ လို့ ပေးသင့်တယ်”ဟု ကျွန်တော်က နောက်နေသေးသည်။

အမှန်ကတော့ ထိုအချိန်တွင် ကိုသုမောင်သည် ဆေးခန်းက ခုတင်ပေါ်မှာ သတိလစ် မေ့မြောနေခဲ့ပြီ ဖြစ်သည်။စမွေးကာစတုန်းက အလွန် အငိုသန်သည်။ အသံကလည်း တော်တော်ပြဲသည်။ သူ ဝါးခနဲ ငိုချလိုက်လျှင် တခြားးကလေးတွေပါ လန့်နိုးကြပြီး တအဲ့အဲ့ ငိုကြတော့သည်။ ထို့ကြောင့် သူ့ကို ဆေးရုံအခန်းထောင့် ခပ်ဝေးဝေးမှာ တစ်ယောက်တည်း ထားရသည်ဟု ဆိုသည်။သူ အဆိုတော် ဖြစ်လာတော့လည်း အသံက အလွန်အောင်သည်။ သူ့အသံကို တစ်နိုင်ငံလုံးသာမက နိုင်ငံခြားကတောင် ကြားရသည်။ခုလည်း သူ၏ အသက်ရှူသံမှာ ပြင်းလွန်းလှသည်။

သီးသန့်ခန်းထဲမှာ မဟုတ်ဘဲ ဟောခန်းထဲမှာသာ ဆိုလျှင် တခြားလူနာတွေ လန့်နိုးကုန်မှာပဲ။သူသည် တစ်နေကုန် ပင်ပင်ပန်းပန်း အလုပ်လုပ်လာခဲ့ရလို့ ခြေကုန်လက်ပမ်းကျပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသူ တစ်ယောက်လို တခေါခေါ ဟောက်သံ ပေးနေသည်။ ဟုတ်တာပေါ့။ သူသည်လည်း လူပျိုပေါက် အရွယ်မှစပြီး မနားမနေ အလုပ်လုပ်လာခဲ့ရတာ အနားယူချင် ရှာတော့မှာပေါ့။ခု သူ့ထံမှာ ကြားနေရတာ ပန်းဦးပန်မယ့်သူ မဟုတ်၊ ချစ်မိုးကြီး မဟုတ်၊ ပန်းတွေနဲ့ဝေ မဟုတ်။ သူ၏ပြင်းထန်လှသော အသက်ရှူသံသည် လုံးဝ သာယာနာပျော်ဖွယ် မရှိ။

သို့ရာတွင် ထိုအသံ ရပ်ဆိုင်း တိတ်ဆိတ်သွားမှာကို တစ်နိုင်ငံလုံးက စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်ဟု ထင်ရ၏။သူ၏အသံကို ၁၆-၅-၂၀၁၀၊ ည ၉ နာရီ ၁၅ မိနစ်အထိ ကြားခွင့် ရလိုက်ကြသည်။* * *လောကကြီးကို စတင်နှုတ်ဆက်တဲ့ အနေနဲ့ ဝါးခနဲ အော်ငိုလိုက်သော မွေးကင်းစ ကလေးငယ် တစ်ယောက်ရဲ့ အသံကလွဲလျှင် ဘယ်လို ငိုသံမျိုးမှ သာသာယာယာ ရှိလိမ့်မည် မထင်။ သူတစ်ပါး၏ ငိုကြွေးသံကို နားထောင်လို့ ကောင်းတယ်ထင်လျှင် ထိုသူသည် ကိုယ်တိုင် မငိုဖူးသူသာ ဖြစ်ရမည်။ရက်လည်ညတွင် ကျွန်တော် အိပ်လို့ မပျော်သဖြင့် ကဗျာလေးတစ်ပုဒ် ရေးဖြစ်ပါသည်။

သုဉ်းဘဝ————ငိုတဲ့အခါအသံသာဖို့ မလွယ်ပါ။ လွမ်းတဲ့အခါ ကာရန်ရှာလို့ မရပါ။သေတဲ့အခါ အမူအရာကောင်းဖို့ မလိုပါ။

မင်းလူ

Likes:
0 0
Views:
681
Article Tags:
Article Categories:
Booksမင်းလူ

Leave a Reply

Your email address will not be published. Required fields are marked *