ပထမဆုံး ကာယဗလမောင် (သို့) ဝေါ်လတာချစ်ထွန်း

ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းလှပအောင် ကာယဗလလိုက်စား လေ့ကျင့်သည့်ဖက်၌ မြန်မာနိုင်ငံတွင် ရှေးဦးစွာ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်မှာ ဝေါ်လတာချစ်ထွန်းပင် ဖြစ်သည်။ ကာယဗလ လေ့ကျင့်သော ပုဂ္ဂိုလ်များမှာ ရှေးကမြန်မာနိုင်ငံတွင် နည်းပါးလှသည်။ ဝေါ်လတာချစ်ထွန်းမှာ ဤသို့လေ့ကျင့်ခြင်းဖြင့် ကိုယ်ကာယအနေအထား လှပသောကြောင့် အထူးထင်ရှားခဲ့သည်။

ဝေါ်လတာချစ်ထွန်းကို ၁၈၉၈ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် မော်လမြိုင်မြို့၌ အဖဆရာဝန်ကြီး ဦးချစ်ထွန်းနှင့် အမိဒေါ်သိန်းငွေတို့မှ ဖွားမြင်စည်။ မွန်အမျိုးသားဖြစ်၍ ခရစ်ယာန်အယူဝါဒကို ကိုးကွယ်ကာ အမည်ကိုလည်း ဝေါ်လတာချစ်ထွန်းဟု ဖခင်အမည်ကို လိုက်၍ ခေါ်တွင်ခဲ့သည်။

ငယ်စဉ်က ရန်ကုန် စိန့်ပေါကျောင်းနှင့် ရန်ကုန်တက္ကသိုလ်၊ ကာလကတ္တားများတွင် ပညာသင်ကြားပြီးနောက် ဆေးပညာကို ကာလကတ္တားတွင် သင်ယူတတ်မြောက်ခဲ့သည်။ စိတ်နှင့်ဆိုင်သော ရောဂါများကို အထူးကုသနိုင်၍ ရန်ကုန်မြို့ တံတားကလေး စိတ္တဇဆေးရုံ၌ ဆရာဝန်အဖြစ်နှင့် အမှုထမ်းခဲ့သည်။

ဝေါ်လတာချစ်ထွန်းသည် ၈ နှစ်အရွယ်ကျောင်းနေစဉ်ကပင် ကိုယ်ကာယလှပရေးအတွက် လိုက်စားလေ့ကျင့်ခဲ့၍ အလေးမခြင်းကိုလည်း နှစ်သက်ဝါသနာပါသည်။ ရင်ပတ်ကြီးထွားစေသော လက်ဆွဲစပရင်များဖြင့် စတင်လေ့ကျင့်ခဲ့၍ ၁၆နှစ် အရွယ်သို့ ရောက်သောအခါ အလေးမခြင်းကို စတင်လေ့ကျင့်သည်။

ဝေါ်လတာချစ်ထွန်းမှာ ကျောင်းသားဘဝ တစ်လျှောက်လုံး အိန္ဒိယနိုင်ငံ ဘင်္ဂလားနယ်၌ နေထိုင်ရသဖြင့် မြန်မာနိုင်ငံမှာ ထက်ပင် ဘင်္ဂလားနယ်၌ ထင်ရှား၍ လူသိများသည်။ အသက် ၂ဝ နှင့် ၃ဝ ကြားတွင် အလွန် အင်အားသန်စွမ်း၍ ကျန်းမာ ရေးနှင့် အလေးမပြိုင်ပွဲ၊ ကိုယ်ကာယအလှပြိုင်ပွဲများကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ကိုယ်ကာယလှပသဖြင့် မြန်မာရုပ်ရှင်များ ခေတ်စားစ အခါက ‘ပန်းပဲမောင်တင့်တယ်’ဇာတ်ကားတွင် မောင်တင့်တယ် အဖြစ် ပါဝင်ရိုက်ကူးခဲ့ရသည်။ မြန်မာလူမျိုးထဲမှ ကာယဗလ တောင့်တင်းသန်မာရေးကို စတင်မျက်စိဖွင့်ပေးခဲ့သူ ကျေးဇူးရှင် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။ ၁၉၄၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မော်တော် ဆိုင်ကယ် စီးသွားစဉ် မတော်တဆ မော်တော်ကား တိုက်မိ၍ ထိုဒဏ်ရာဖြင့် ကွယ်လွန်သည်။

မြန်မာ့စွယ်စုံကျမ်း အတွဲ ၂

Likes:
0 0
Views:
523
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *