စာရေးကလေးမှ မြန်မာကျော် ပုဂ္ဂိုလ်ကြီးအဖြစ်သို့

ဒုတိယကမ္ဘာစစ် မတိုင်မီ ရန်ကုန်မြို့က ပဲရော့ လို့ခေါ်တဲ့ မျက်နှာဖြူ ကုမ္ပဏီ တစ်ခုမှာ မျက်နှာဖြူအရာရှိ ၁၀ ယောက်ခန့် နဲ့ မြန်မာလူမျိုး စာရေး ၆၀ ခန့် ရှိပါတယ်။ မိုးရာသီတစ်နေ့မှာ အဲဒီ့ရုံးရဲ့ ဝင်ပေါက်တံခါးမကြီးကို ဒရဝမ်က ချိတ်ချိတ်ဖို့ မေ့သွားခဲ့ပါတယ်။ လေပြင်းတိုက်တဲ့အခါ တံခါးရွက်တွေက ပိတ်လိုက် ပွင့်လိုက် ဝုန်းဝုန်းဒိုင်းဒိုင်း ဖြစ်နေပါတယ်။ ဝန်ထမ်းအားလုံး ရှိကြသော်လည်း မည်သူကမျှ အရေးမစိုက် ဘာသိဘာသာ နေကြတဲ့အတွက် နောက်ဆုံးမှာ တံခါးနဲ့ အတော်ဝေးတဲ့ နေရာက စာရေးလေး တစ်ယောက်က တံခါးရှိရာသို့ သွားကာ ချိတ်ကို ချိတ်ပေးလိုက်ပါတယ်။ ဒီအဖြစ်ကို မျက်နှာဖြူ မန်နေဂျာကြီးက မြင်သွားပြီး အဖြစ်အပျက်၊ နာရီ အချိန်တို့ကို စာရေးလေး နာမည်နဲ့အတူ ဒိုင်ယာရီထဲမှာ တွဲမှတ်ထားလိုက်ပါတယ်။

ထိုနှစ်ကုန်လို့ လခတိုးတဲ့အခါ အားလုံးမှာ တစ်နှစ် လတိုးခ ၅ ကျပ်သာ ရပေမယ့် စာရေးလေးမှာတော့ ၂၀ (ပုံမှန် လတိုးခ ၄ဆ) ရပါတယ်။ ရုံးဝန်ထမ်း အားလုံးက မကျေနပ်ကြဘဲ မတရားသည့်အကြောင်း မန်နေဂျာကြီးကို သွားပြောတဲ့အခါ မန်နေဂျာကြီးက- “မင်းတို့အားလုံးက အလုပ်ကို ဝတ်ကျေတန်းကျေပဲ လုပ်ကြတယ်။ ရုံးဆင်းချိန် ၄ နာရီ ဆိုပေမယ့် ၃ နာရီ ထိုးတာနဲ့ ဖောင်တိန်တွေ သိမ်းကုန်ကြပြီ။ ပြီးအောင် လုပ်မယ်ဆိုတဲ့ စိတ်မရှိကြဘူး။ ဒါကြောင့် နှစ်ကုန်တဲ့အခါ ပုံမှန် ၄ ကျပ်ပဲ တိုးတာ။

သူက ဒီလို မဟုတ်ဘူး။ ကြိုးစားတယ်။ စိတ်ရင်း ကောင်းတယ်။ မခိုမကပ်ဘူး။ လေပြင်းတိုက်တဲ့နေ့က သူ့ရှေ့မှာရှိတဲ့ စာရေး ၁၅ ယောက်ကို ကျော်ပြီး တံခါးကို သွားချိတ်တယ်။ မင်းတို့အားလုံးကတော့ ကိုယ်နဲ့ မဆိုင်သလို နေကြတယ်။ ဒါကြောင့် သူ့ကို ငွေ ၂၀ တိုးပေးလိုက်တာ” -ဟု ဆိုလိုက်တဲ့အခါ တိုင်တန်းသူများ ဘာမှ မပြောနိုင်ကြတော့ဘဲ ပြန်ထွက်သွားကြရပါတယ်။ အဲဒီစာရေးလေးဟာ တစ်ချိန်တွင် ပဲရော့ဦးဆန်နီ ဖြစ်လာမည့် မောင်ဆန်နီပဲ ဖြစ်ပါတယ်။

ဦးဆန်နီဟာ ၁၈၉၈ ခုနှစ်ဖွား မော်လမြိုင်သား ဖြစ်ပါတယ်။ အဖ ရှေ့နေကြီး ဦးသာဒွန်း၊ အမိ ဒေါ်ရီတို့က မွေးဖွားခဲ့ပါတယ်။ မွေးချင်း ၂ ဦးမှာ ညီငယ် ဖြစ်ပြီး အမည်ရင်း မောင်လှထွန်း အစား မောင်ဆန်နီလို့ပဲ လူသိများပါတယ်။ ၁၉၀၅ ခုနှစ်မှာ မော်လမြိုင်မြို့ စိန့်ပက်ထရစ် သာသနာပြုကျောင်းမှာ စတင် ပညာသင်ယူခဲ့ပါတယ်။ ဇနီးသည် မသန်းညွန့်နဲ့ ငယ်ငယ်ရွယ်ရွယ်မှာပဲ အိမ်ထောင်ကျခဲ့ပြီးနောက် ၅ လ အကြာမှာ ဖခင်ဖြစ်သူ ရုတ်တရက် ဆုံးပါးသွားတဲ့အတွက် မိသားစုကို ဦးဆောင် တာဝန်ယူရသူ ဖြစ်လာပါတယ်။ ၁၉၁၉-၂၀ ခုနှစ် အသက် ၂၀ ဝန်းကျင်မှာ မိသားစုနဲ့အတူ ရန်ကုန်ကို ပြောင်းလာခဲ့ပြီး ရန်ကုန်မြို့ ၇ လမ်းမှာ နေထိုင်ကာ မီးသွေး၊ ဆေး ကုန်သည် လုပ်ပါတယ်။

ထို့နောက် ရန်ကုန် စိန်လယ်ဂျာ ထီစာရေး၊ ရန်ကုန် ဘဏ်စာရေး၊ မြင်းပွဲဒိုင်စာရေး အဖြစ် လုပ်ခဲ့ပြီး လခမှာ ၂၈ ကျပ်သာ ရပါတယ်။ အဲဒီ့နောက် ပဲရော့ တက္ကစီ အငှါး ကုမ္ပဏီမှာ ဝင်လုပ်တဲ့အခါ လခ ၄၀ ရတဲ့ စာရေးလေး ဖြစ်လာပါတယ်။ သူ့ရဲ့ ရိုးသားမှု၊ ကြိုးစားမှု၊ စေတနာထားမှုများကြောင့် ရာထူး အဆင့်ဆင့်တက်ပြီး ၁၉၂၄ မှာ ကုမ္ပဏီ အုပ်ချုပ်ရေးမှူးအထိ ဖြစ်လာပါတယ်။ ၁၉၃၀ ဝန်းကျင်မှာ ကုမ္ပဏီပိုင်ရှင် အင်္ဂလိပ် လူမျိုးဟောင်း မစ္စတာ ပဲရော့ ကျန်းမာရေး မကောင်းလို့ အင်္ဂလန်သို့ အပြီးပြန်သွားတဲ့အခါ ကုမ္ပဏီ တစ်ခုလုံးကို ရိုးသားကြိုးစားသော မောင်ဆန်နီ လက်ထဲသို့ စာချုပ်စာတမ်းနှင့်တကွ တရားဝင် အပြီးအပိုင် လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

မောင်ဆန်နီဟာ နေ့ချင်းညချင်းပဲ တက္ကစီ ၃၂ စီးပိုင်တဲ့ ပဲရော့ကုမ္ပဏီ ပိုင်ရှင် ဖြစ်လာပါတယ်။ ပဲရော့ဝန်ထမ်း တက္ကစီသမားများကို ဦးဆန်နီက ခေါင်းပေါင်းနီပေါင်းလျက် တိုက်ပုံ တူညီဝတ်ဆင်၍ စည်းကမ်းတကျ မောင်းစေတဲ့အခါ လူအများက အလွန် နှစ်သက်ကြပါတယ်။

ပထမဆုံး မြန်မာ့ရုပ်ရှင်ကား ဖြစ်တဲ့ “မေတ္တာနှင့်သူရာ” ဇာတ်ကားကို ပိုက်ဆံကြီး အမည်ခံ ပီမိုးနင်းက ဇာတ်ညွှန်းရေးသားပြီး ဦးတုတ်ကြီးနဲ့ ဦးအုန်းမောင်က ဒါရိုက်တာလုပ်ကာ မင်းသားမှာ မြန်မာအဆွေ ဦးဘညွန့်ရဲ့သား ကိုညီပု၊ မင်းသမီးမှာ ကြည့်မြင်တိုင်သူ မရီ တို့ ဖြစ်ကြပါတယ်။ ယင်းဇာတ်ကားကို ၁၉၂၀ ပြည့်နှစ် နိုဝင်ဘာလ ၆ ရက်နေ့မှာ စီနီမာဒီပဲရစ်ရုံ၌ ညနေ ၆ နာရီခွဲ တစ်ပွဲ၊ ည ၉ နာရီ တစ်ပွဲ ပေါင်း ၂ ပွဲ စတင်ပြသခဲ့ပြီး အသံတိတ်ကား ဖြစ်လို့ တီးဝိုင်းက ဘေးမှ တီးပေးရပါတယ်။

ပထမဆုံး ဇာတ်ကားကို မပြည့်မစုံနဲ့ ကြိုးစားရိုက်ခဲ့ပြီးနောက်မှာ ရုပ်ရှင် ကုမ္ပဏီတွေ အပြိုင်အဆိုင် ပေါ်ထွက်လာပါတယ်။ ၁၉၂၀ မှ ၁၉၂၉ ခုနှစ်အတွင်း စုစုပေါင်း အခု ၄၀ ခန့်ရှိတဲ့ ရုပ်ရှင်ကုမ္ပဏီတွေဟာ သက်ဆိုးမရှည်ဘဲ ခဏတွင်းမှာ ပျောက်ကွယ်သွားပြီး မြန်မာအဆွေ၊ လန်ဒန်အတ် နှင့် ဗြိတိသျှဘားမား ကုမ္ပဏီတို့သာ ကျန်ရစ်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၃၃ ခုနှစ်မှာ ဦးဆန်နီဟာ ဒါရိုက်တာ ဦးဘသာရဲ့ အကူအညီကိုယူပြီး ပဲရော့ ရုပ်ရှင်ကုမ္ပဏီကို တည်ထောင်ခဲ့ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သတ်လို့ ဦးဆန်နီက-“ကျွန်တော် ရုပ်ရှင်အလုပ်ကို လူတွေကို ဖျော်ဖြေတဲ့အလုပ် တစ်ခုပဲလို့ ယူဆခဲ့မိလို့ လုပ်ဖို့ အစက စိတ်မကူးခဲ့ဖူးပါဘူး။ ဒါပေမယ့် သတင်းစာဖတ်သူ ၁ သိန်း လောက် ရှိတဲ့အချိန်မှာ ရုပ်ရှင်ကြည့်တဲ့သူက ၃ သိန်း လောက်ရှိတဲ့အတွက် ရုပ်ရှင်ကနေ တိုင်းပြည်အတွက် အကြံကောင်းများ၊ ဗဟုသုတများ နှင့် မကောင်းသည်ကို ကောင်းအောင် ပြုပြင်နိုင်ခြင်းများ နှစ်ဆ ပိုပြီး ပေးနိုင်မယ်လို့ မျှော်လင့်ပြီး အခုလို ရုပ်ရှင်ကုမ္ပဏီကို ထောင်ခဲ့တာပဲ” -လို့ ဆိုပါတယ်။

ဦးဆန်နီရဲ့ ပဲရော့ ရုပ်ရှင်ကုမ္ပဏီမှ ရိုက်ကူးတဲ့ ဇာတ်ကားများဟာ ပညာပေး ၊ ဗဟုသုတပေး ကားများသာ ဖြစ်ပါတယ်။ ပထမဆုံး ပွဲဦးထွက်အနေနဲ့ လောင်းကစားမှုကို ဆန့်ကျင်တဲ့ ‘၃၆ကောင်’ ဆိုတဲ့ ဇာတ်ကားကို စရိုက်ခဲ့ပါတယ်။ ဒီကားကို ဒါရိုက်တာ ဦးဘသာ၊ မင်းသား အေးကို၊ မင်းသမီး ခင်မေလေး တို့နဲ့ ရိုက်ကူးခဲ့ပါတယ်။ ဒုစရိုက်နှိမ်နင်းရေး ဇာတ်ကားအဖြစ် ရိုက်ကူးရာမှာ ဗြိတိသျှ အစိုးရက နားမလည် သဘောမပေါက်လို့ တားမြစ်ခြင်း ခံရပါသေးတယ်။ နောက်ပိုင်းမှ ဆင်ဆာခွင့်ပြုချက်ရပြီး ပြသအောင်မြင် ထင်ရှားခဲ့ပါတယ်။ ထို့နောက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ပြည်သူ့အကျိုးပြု ဇာတ်ကားများကို ဆက်တိုက် ရိုက်ကူးခဲ့ပါတယ်။ မျိုးချစ်စိတ်ကို တက်ကြွစေတဲ့ ဇာတ်ကားများကို ရိုက်ကူးခဲ့ပြီး ပြည်သူလူထု၏ စိတ်ဓာတ်ကို တက်ကြွစေပါတယ်။

‘တို့ဒေါင်းလံနှင့် ဒေါင်းဒင်္ဂါး’၊ ‘တို့ဘုရင်’၊ ‘ဘုရင်မ’၊ ‘ဆရာမ’၊ ‘သခင်မ’၊ ‘သခင်မျိုး’၊ ‘စနေမ’၊ ‘အလံတောင်’၊ ‘တောသာခေါင်’၊ ‘မြကျောက်လွှာ’၊ ‘သတင်းထောက်’၊ ‘လူမိုက်ကြီး’ ဇာတ်ကားများမှာ ထူးခြားပြီး နာမည်ကြီးခဲ့ပါတယ်။ ‘အလံတောင်’ ဇာတ်ကားဟာ ဆရာစံ ဦးဆောင်တဲ့ တောင်သူလယ်သမား အရေးတော်ပုံကို ဂုဏ်ပြု ရိုက်ကူးထားတာပါ။ ပဲရော့ ကုမ္ပဏီရဲ့ ၂၂ ကားမြောက် ‘ဆရာမ’ ဇာတ်ကားကတော့ မင်းသား မောင်ဘချစ်၊ မင်းသမီး တင်တင်မေကလေး၊ လူရွှင်တော် ဆားဘထွန်းနဲ့ ထိပ်ပိတ်တို့ ပါဝင်ပြီး ကျောင်းသားလေးတွေကို ချစ်ခင်ကြင်နာစွာ ပြုပြင်ပေးတဲ့ ဆရာမလေး အကြောင်း ဖြစ်ပါတယ်။

ဆရာမ ဇာတ်ကားကို ၁၉၃၅ ခုနှစ်မှာ ရိုက်ကူးတင်ဆက်ပြီး ရုပ်ရှင်ပြစဉ် တစ်ရုံလုံး မွှေးကြိုင်အောင် ရေမွှေးများ ပက်ဖျန်းပေးထားပါတယ်။ ထိုခေတ်က အမြင့်ဆုံးတန်းတွေဖြစ်တဲ့ ၁ ကျပ်တန်းနဲ့ ၂ ကျပ်တန်း ပရိသတ်တိုင်းကို ယောကျ်ားများအတွက် “မှော်ဘီဆရာသိန်းကြီး ရေးတဲ့ အရူးလွယ်အိပ်စာတမ်း” တစ်အုပ်စီနဲ့ မိန်းမများအတွက် “ပီမိုးနင်း ရေးတဲ့ သမီးဂုဏ်ရည်ကျမ်း” တစ်အုပ်စီ မေတ္တာလက်ဆောင် ပေးခဲ့ပါတယ်။ မြန်မာ့ရုပ်ရှင်သမိုင်းမှာ ပွဲကြည့်ပရိသတ်ကို စာအုပ်မေတ္တာ လက်ဆောင် ပေးတယ်ဆိုတာ ဒီဟာက ပထမဆုံးအကြိမ်ပါပဲ။

၁၉၃၄ ခုနှစ်မှာ ပထမဆုံး မြန်မာကာတွန်း ရုပ်ရှင် ဇာတ်ကား “ကြက်တောင်ကွ” ကို ဆရာကြီးဦးဘဂျမ်း ၊ ဦးဟိန်စွန်း တို့ လက်ရာများဖြင့် ပဲရော့ကုမ္ပဏီမှ ရိုက်ကူးခဲ့ပြန်ပါတယ်။ ဦးဆန်နီဟာ မျိုးချစ်စိတ် အလွန်ထက်သန်ပြီး တိုင်းပြည်ကို ကျွန်ဘဝမှ လွတ်မြောက်စေချင်ပါတယ်။ ဒါကြောင့် ရုပ်ရှင်ကုမ္ပဏီထောင်၍ ရိုက်ကူးခဲ့တာဖြစ်ပြီး ရုပ်ရှင်သာမက မြန်မာစာပေ ထွန်းကားရေးကိုလည်း ကြိုးစား ဆောင်ရွက်ခဲ့ပါတယ်။ ဦးဆန်နီဟာ ဇာတ်ကားပေါင်း ၉၂ ကား ခန့်ကို ရိုက်ကူး ထုတ်လုပ်ခဲ့သူ ဖြစ်ပါတယ်။

“မြန်မာလူမျိုးများ စာဖတ်ကြပါ။ သို့မှသာ အမြင်ကျယ်မည်” ဟု ကြွေးကြော်ကာ စာကြည့်တိုက်ကြီး တစ်တိုက်ကို ဖွင့်လှစ်ခဲ့ပါတယ်။ ကြီးပွားရေး တိုးတက်ရေး စာအုပ်များကို ပုံနှိပ် ထုတ်ဝေပြီး ရောင်းချခဲ့ပါတယ်။ တချို့ကိုလည်း အခမဲ့ ဝေငှခဲ့ပါတယ်။ ၁၉၃၄ ခုနှစ်မှာ လမ်းညွှန် ဂျာနယ်ကို ထုတ်ကာ အမျိုးသားရေး၊ ကြီးပွားတိုးတက်ရေး အမြင်များကို ဆရာကြီး ပီမိုးနင်းက ဒိုင်ခံရေးသားကာ ဖြန့်ဝေခဲ့ပြန်ပါတယ်။ ၁၉၃၅-၃၆ ခုနှစ်မှာ ဗြိတိသျှ အစိုးရက လမ်းညွှန်ဂျာနယ်ကို အရေးယူတဲ့အနေနဲ့ အာမခံငွေ ၃ထောင် ကျပ် တောင်းခဲ့ပါတယ်။

၁၉၃၉ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက် မန္တလေးမြို့ နယ်ချဲ့ဗြိတိသျှကို ဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲမှာ ပုလိပ်များက သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းခဲ့လို့ သံဃာတော် ၇ ပါးနဲ့ ၁၂ နှစ်အရွယ် ကျောင်းသားလေး မောင်တင်အောင်တို့ သွေးမြေကျခဲ့ရပါတယ်။ ထိုရက်စက်မှု၊ မတရား ချုပ်ချယ်မှု အပေါ် ဦးဆန်နီ၊ ဒီးဒုတ်ဦးဘချို နှင့် ဂျာနယ်ကျော် ဦးချစ်မောင်တို့က အပြင်းအထန် ဝေဖန် ကန့်ကွက်ခဲ့ကြပါတယ်။

ဒုတိယကမ္ဘာစစ်ကာလမှာ ဦးဆန်နီဟာ ကျိုက်လတ်မြို့သို့ ပြောင်းရွှေ့ခိုလှုံခဲ့ပါတယ်။ ဂျပန်ခေတ်မှာတော့ ရန်ကုန်မှာ ပြန်အခြေချပြီး မြန်မာပြည် ရုပ်ရှင်အသင်းကြီးရဲ့ ငွေထိန်းအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။ စာရေးဆရာ အသင်းကြီးသို့လည်း ကိုယ်ပိုင်စာအုပ်များနဲ့ ဗီရို ၃ လုံး ပေးလှူခဲ့ပါတယ်။ စစ်ကြီးပြီးတဲ့အခါ ရပ်ဆိုင်းထားတဲ့ လမ်းညွှန်ဂျာနယ်ကို ပြန်လည် ထုတ်ဝေပေမယ့် အောင်မြင်မှု မရခဲ့တဲ့အတွက် ဂျာနယ်လုပ်ငန်း ရပ်ဆိုင်းပြီးနောက် ထိုခေတ်က ၂ သောင်းကျော် တန်တဲ့ ပုံနှိပ်စက်ကြီးကို ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ဖဆပလ အဖွဲ့ချုပ်ကို လှူဒါန်းခဲ့ပြီး ရုပ်ရှင်လုပ်ငန်းကိုတော့ သားဖြစ်သူ ဦးဖေကြိုင်အား လွှဲအပ်ခဲ့ပါတယ်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက် ဘဏ္ဍာရေးဝန်ကြီး ဦးတင်ရဲ့ တိုက်တွန်းချက်အရ လမ်းပန်းဆက်သွယ်ရေး မင်းကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။ အကျင့်ပျက် အလုပ်သမားတစ်စုရဲ့ ပစ်စာကြောင့် ပုဂ္ဂိုလ်ရေး ထိခိုက်မှုများ ပါဝင်လာတဲ့အတွက် ရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်။ အဲဒီနောက် ဦးဆန်နီဟာ မိတ်ဆွေ ၁၂ ဦးနဲ့ ပူးပေါင်းပြီး မြန်မာပိုင် ပထမဆုံးဘဏ်ဖြစ်တဲ့”ဗမာ့ပြည်သူ့ဘဏ်” ကို တည်ထောင်ပြီး ဒါရိုက်တာ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

အသက်နည်းနည်း ရလာတဲ့အခါ ဆရာကြီး ရွှေဥဒေါင်း၊ ဟံသာဝတီ ဦးညွန့် တို့နှင့်အတူ တရားအကြောင်းများ ဆွေးနွေးဖလှယ်လေ့ ရှိပါတယ်။ တရားဓမ္မကို လေ့လာ လိုက်စားခဲ့ပြီး တရားဓမ္မ ပြန့်ပွားရေးအတွက်လည်း ကြိုးစား ဆောင်ရွက်ခဲ့ပါတယ်။ ပဲရော့ဦးဆန်နီဟာ ၁၉၅၆ ခုနှစ် ဇူလိုင်လ ၂၀ ရက် စနေနေ့မှာ သွေးတိုးရောဂါ နဲ့ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်စဉ်မှာ အသက် ၆၀ ပင် မပြည့်သေးပါ။ ဇနီး ဒေါ်သန်းညွန့်နဲ့ ဒေါ်သိန်းချစ် ကျန်ရစ်ပါတယ်။

သူ့ကို သူဌေး ဟု ခေါ်လျှင် စိတ်ဆိုးတတ်သူ၊ စည်းကမ်းကြီး၍ လူတန်းစား မခွဲခြားတတ်သူ၊ မတရားမှုကို ရဲရဲတောက် ဆန့်ကျင်ခဲ့သူ၊ တိုင်းပြည်နှင့် လူမျိုး ကြီးပွားရေး၊ အသိဉာဏ်ပညာ မြင့်မားရေး အတွက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ အနစ်နာခံ ဆောင်ရွက်ခဲ့သူ၊ မြန်မာ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ပဲရော့ဦးဆန်နီကား လွန်စွာမှပင် လေးစားစရာ ကောင်းလှပါတော့တယ်။

ကိုးကား

မြန်မာလူကျော် (၁၀၀) – မောင်ဇေယျာ

မြန်မာပုဂ္ဂိုလ်ကျော် (၂၀) – မင်းယုဝေ

ကိုကြယ်စင် (ဗဟုသုတကြယ်စင် ဂရု)မှ စာရိုက်တင်ပါသည်။

#myanmarbooks

Credit : Thutazone

Likes:
0 0
Views:
1232
Article Categories:
Books

Leave a Reply

Your email address will not be published. Required fields are marked *