ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် (သို့) ရနောင်မောင်မောင်တုတ် (ဒုတိယပိုင်း)

သီပေါမင်းသားသည် ပဉ္စင်းဘဝမှ လူ့ဘောင်ထွက်လာသည်မှာ ရက်မျှပင်မလည်သေးပေ။ ဘုမသိ ဘမသိနှင့် အဖမ်းခံလိုက်ရသည်တွင် ယခုအခါမောင်မောင်တုတ်က ပုခုံးပေါ်တင်၍ထုတ်လာသည်ကို ကြေးတိုက်အပြင်ဘက်ရောက်မှ မေးမိသည်။

မောင်မောင်တုတ်က `အရှင်မင်းသား ဘုရင်ဖြစ်တော့မည် အမှန်ပါပင်၊ ဘုရင်ဖြစ်လာသည့်အခါ အရှင့်ကိုအသက်ပေး၍ အမှုတော်ကိုထမ်းပါမည်။အမှုတော်ထမ်းရာ၌ အမှားရှိချင်သော်လည်းရှိပေမည်။ သို့သော် အရှင့်သားလက်နက်ဖြင့် ဒီတသက်တွင် အသက်မသေစရဟူသော ကတိကိုပေးတော်မူပါဘုရား´ ဟူ၍လျှောက်ထားသည်။

ရနောင်မောင်မောင်တုတ်အား သီပေါမင်းသားက `မောင်တုတ်တသက်မှာ ငါ့လက်နှင့်မသေစေရ´ဟူ၍ ကတိထားတော်မူဖူးသည်။ပေါ့ပေါ့ ဆဆထားသော ကတိမဟုတ်ပါပေ။ မောင်တုတ်အပေါ်ဘုရင်ကလည်းကတိထားသည်နှင့်အမျှလည်း မောင်တုတ်က သီပေါဘုရင်ကလေးကို အသက်ပေး၍ချစ်သည်။ သစ္စာရှိသည်။ သီပေါဘုရင်၏ရိုးသားစိတ်ကိုလည်း ကြည်ညိုမိသည်။

မောင်မောင်တုတ်သည် ဘုရင့်အတွက်ဆိုက အကယ်ပင်အသက်ပေးဝံ့သူလည်းဖြစ်သည်။သီပေါမင်းတရားသည် ထို့ကြောင့်ပင်လျှင် မောင်မောင်တုတ်အား ရနောင်မြို့ကိုစားစေလျှက် မင်းသား၏အဆင့်အတန်းတွင်ထား၍ မင်းသား၏အဆောင်ယောင်များနှင့်တကွ မြှောက်စားတော်မူသည်။

ရနောင်မောင်မောင်တုတ်ကို တနည်းအားဖြင့်ရနောင်မင်းသားဟုခေါ်ရသည်။ အရှေ့တက်ပွဲတက် အခမ်းအနားတွင်လည်း မောင်မောင်တုတ်သည် မင်းသားများ၏နေရာတွင်နေရသည်။မင်း၏သားတော်၊ ညီတော်ပင်စင်စစ်မဟုတ်သော်လည်း ဘုရင်မင်းမြတ်ချီးမြှင့်သူကောင်းပြုခြင်းခံရသူဖြစ်၍ မင်းသားဟုခေါ်ရသည်။

သီပေါမင်းတရားနန်းတက်ပြီးသည့်နောက်တွင် ရနောင်မောင်မောင်တုတ်သည် များစွာတန်းခိုးကြီးလာသည်။ နန်းတွင်းနန်းပြင်တွင် မောင်မောင်တုတ်၏သြဇာ ညောင်းကြသည်။

ထိုသို့အရေးပေးခြင်းခံရသည့်အထဲတွင် မိဖုရားခေါင်ကြီးစုဖုရားလတ်နှင့်တကွ ဆင်ဖြူမရှင်မိဖုရားကြီးတို့ကပါ မောင်တုတ်မပါလျှင် မပြီးသလောက် အမှုကိစ္စတိုင်းတွင် မောင်တုတ်ကိုတိုင်ပင်လေ့ရှိသဖြင့် တိုင်းပြည်ရှိဥပဒေများကိုပင် မောင်တုတ်ကလက်တလုံးခြားကွေ့ရှောင်၍ မိမိထင်သလိုပြုတတ်လေသည်။

ဘုရင်မင်းမြတ် ပေးသနားတော်မူထားသော ဝင်းခြံကြီးအတွင်း အဆောင်အခန်းပေါင်းများစွာရှိသော အိမ်ကြီးတလုံးတွင် မောင်မောင်တုတ်သည် မယားပေါင်းမြောက်များစွာနှင့် ကြီးစွာသောစည်းစိမ်ကို ခံစားနေလေသည်။

မယားများတိုးတက်များ ပြားလာတိုင်း အိမ်ကြီးကိုချဲ့ထွင်၍ ဘေးပတ်ပတ်လည်တွင် အဆောင်ခန်းများက ထပ်မံတိုးချဲ့ဆောက်လုပ်ရသဖြင့် မောင်တုတ်၏အိမ်ကြီးမှာ အိမ်နှင့်ပင်မတူတော့ဘဲ အဝန်းအဝိုင်းကြီးဖြစ်၍ မည်သည့်အဆောက်အဦကြီးဖြစ်သည်ကိုပင် ရုတ်တရက်မပြောနိုင်အောင် ရှိတော့သည်။

မောင်တုတ်သည် သီပေါမင်းကလေးအား အလွန်ချစ်ခင်၍ အသက်ပေးကာ အမှုတော်ကို ထမ်းဆောင်ပါမည်ဆိုသည့်အတိုင်းလည်း သီပေါမင်းအလိုရှိပါက ဘာမဆို မရ ရအောင် ဆောင်ရွက်ပေးမည်ဟု ဆုံးဖြတ်ထားသူဖြစ်သည်။

ထို့ထက် သီပေါမင်းကိုမှီ၍ မိမိဘုန်းတန်ခိုးတက်အောင်လည်း ကြံဆောင်လိုသည်။ သို့သော် သီပေါမင်း၏ထီးနန်းကိုကား မမျှော်မှန်းခဲ့ချေ။ သီပေါမင်းကလေး၏ ရိုးသားသောအမူအကျင့် စိတ်နေသဘောထားကို မောင်တုတ်သည်များစွာ နှစ်ခြိုက်သည်။

မိဘုရားအခြံအရံတို့၏အလယ်တွင် ဘုရင်မင်းမြတ်တို့၏ ခံစားအပ်သောစည်းစိမ်ဖြင့် မခံစားရဘဲ တစ်ဦးတည်းပျင်းရိစွာ တစ်လင်တစ်မယားစနစ်ဖြင့် ငြီးငွေ့ဖွယ်ရာခံစားနေသော သီပေါမင်းသားကို သူကိုယ်ချင်းစာမိသည်။

ထို့ကြောင့်လည်း ဒိုင်းအတွင်းဝန်၏သမီး ခင်ခင်လေးခေါ် ဒိုင်းခင်ခင်နှင့် နီးစပ်အောင် မောင်တုတ်နှင့် သူငယ်ချင်း မောင်ဖေငယ်တို့က ကြံဆောင်ပေးသည်။ဒိုင်းခင်ခင်သည် ဒိုင်းအတွင်းဝန် ဦးဘိုးကြီးနှင့် ဒိုင်းအတွင်းဝန်ကတော်တို့၏ သမီး အရင်းမဟုတ်ပေ။ဒိုင်းဝန်ကတော်၏မောင်မှ ဖွားမြင်သည့် သမီးရင်းဖြစ်သောကြောင့် တူမတော်ဖြစ်သည်။

အစောင့်အရှောက်များစွာ ခြံရံထားသောကြားထဲကပင် မောင်တုတ်သည် သီပေါမင်းကလေး၏စိတ်ကို ဖျောင်းဖျဖို့ကြံကြသည်။ ထိုအခါမိဖုရားကြီးမှာ ထိပ်စုမြတ်ဖုရားကြီးကို မီးရှူးသန့်စင်တော်မူနေခိုက်ဖြစ်သည်။ဤအချက်သည်အပျက်အပျက်နှင့်နှာခေါင်းသွေးထွက်ဆိုသလိုပင် မောင်တုတ်၏ကံကြမ္မာကိုဖန်တီးလာသော အချက် ပင်ဖြစ်သည်။

မြို့ဝန်ရွှေလှံဗိုလ်ကလေးဦးချုံ(ဒဂုန်ခင်ခင်လေး၏စာဆိုတော်ဝထ္ထု၌ ဦးချစ်ဟုဆိုသည်)နှင့် မောင်မောင်တုတ်သည် မသင့်မသင့်ဖြစ်နေသည်မှာ ကြာလေပြီ။ရွှေလှံဗိုလ်မင်းဦးချုံသည်လည်း မောင်တုတ်ကဲ့သို့ပင်မယားများသူဖြစ်ပြီး သူ့မယား၊ ကိုယ့်မယား စည်းမစောင့်ကြဟု သိမီကြသူများကမှတ်ချက်ချကြသည်။

အကြံတူရန်သူဟူသကဲ့သို့ပင် ဤအရေး၌ မောင်မောင်တုတ်နှင့် ရွှေလှံဗိုလ်တို့သည် တစ်ယောက်ကိုတစ်ယောက် မနာလိုဝန်တိုဖြစ်သည်သာမက တစ်ခါတရံ မယားနှင့်ပတ်သက်၍ လုဖော်လုဖက်လည်းဖြစ်သည်ဟု ဆိုကြသည်။သူတို့၏ သူရသတ္တိချင်းမှာလည်း သူမသာငါမသာပင်ဖြစ်သည်။ သို့သော်ဘုရင်မစ၍ တစ်နန်းတော်လုံးက အရေးပေးခြင်းခံရသူမှာ မောင်တုတ်သာဖြစ်သည့်အတွက် ရွှေလှံဗိုလ်က အလျှော့ပေးလိုက်ရသည့် ကိစ္စများလည်းရှိသည်။

ဤအချက် များကြောင့်လည်း ရွှေလှံဗိုလ်သည် မောင်တုတ်၏အပေါ်တွင် များစွာအခဲမကျေ ဖြစ်ခဲ့လေသည်။ရွှေလှံဗိုလ် မျက်စိကျနေသော ခင်ဦးကိစ္စတွင်လည်း ရွှေလှံဗိုလ်သည် မိမိထက်သြဇာကြီးနေသော မောင်တုတ်၏ထိပါးစော်ကားခြင်းကို ခံလိုက်ရသဖြင့် များစွာအခဲမကျေဖြစ်ခဲ့သည်။

များမကြာမီ ထောင်ထမှုတခုဖြစ်ပွားသည်။ ရန်လင်း၊ ရန်ကင်း၊ ဓားပြညီနောင်တို့ကို ထောင်သွင်း အကျဉ်းချထားရာတွင် တစ်နေ့သော နေဝင်ဖြိုးဖျအချိန်တွင် အမှတ်မထင်ထောင်ထ၍ ဆူညံစွာသေနတ်မီးပေါက်များပစ်ခတ်ပြီး (ရန်လင်း -ရန်ကင်း)တို့ ထောင်မှ လွတ်ထွက်သွားကြသည်။

(ထောင်ထ၍ရုန်းရင်းဆန်ခတ်ဖြစ်ပွားရာတွင် ၉၉ ဦးသေသည်။ ထောင်တစ်ဝိုက်သွေးချင်းချင်းနီသည်ဟုဆိုသည်။)ရွှေလှံဗိုလ်သည် ဤအရေးကိစ္စများတွင် များစွာကြိုးပမ်း၍ ဓားပြများကိုပြန်လည်ရမိအောင် ကြိုးစားသော်လည်း မရလိုက်ပေ။

ထို့ကြောင့် တစ်နေ့သောအခါတွင် ရနောင်မောင်မောင်တုတ်က ရွှေလှံဗိုလ်ထံစာရေး၍ ခေါ်သည်ဟုဆိုသည်။ ရန်လင်း ရန်ကင်းတို့ကို သူဖမ်းဆီးမိထားပြီဖြစ်၍ မြို့ဝန်မင်းအိမ်သို့ကြွခဲ့ပါ၊ တိုင်ပင်လိုပါသည်ဟုခေါ်သည်။ရွှေလှံဗိုလ်သည် အတော်အတန်စဉ်းစားပြီးမှ သွားရန်ဆုံးဖြတ်လိုက်သည်။ အကယ်၍ မသွားလျှင်လည်း ကြောက်ရွံ့ရာကျမည်။ သွားပြန်ကလည်း တနည်းနည်းဖြင့်မောင်မောင်တုတ်က ရန်စမည်ကို သူသိသည်။

သို့သော် ယောက်ျားကောင်း၏ သတ္တိကိုပြလို၍ မောင်တုတ်၏ဖိတ်ကြားချက်ကိုလက်ခံလိုက်သည်။မောင်တုတ်၏အိမ်သို့ ရောက်သောအခါ မောင်တုတ်၏ ရဲဘော်ရဲဘက်များသည် လက်ပြန်ကြိုးတုတ်ထားသော ဓားပြ ဗိုလ်ရန်လင်းကို ဧည့်ခန်းဆောင်သို့ထုတ်ယူလာသည်။

ရွှေလှံမြို့ဝန်သည် များစွာအံအားသင့်နေခိုက် ရာဇဝတ်ကောင်ကို ကြမ်းပြင်သို့ပက်လက်ထား၍ ချုပ်ကိုင်စေပြီး ဝမ်းဗိုက်ကိုခွဲကာအူကိုထုတ်သည်။ ထို့နောက်`ရေဆေးမနေနဲ့ ပြုတ်ပြီး ယူခဲ့´ဟု အဆောင်ကို မှာလိုက်သည်။ ထိုအတောအတွင်း အခြားစကားတစ်လုံးစ နှစ်လုံးစကို ပြောရင်း လူအူသုပ်သည် မည်သည့်အရသာနှင့်မျှမတူကြောင်း ထို့ကြောင့်ယနေ့ညရွှေလှံမြို့ဝန်မင်းအား လူအူသုပ်ဖြင့် ဧည့်ခံလို၍ ရာဇဝတ်ကောင်ကို ညနေကပင်ရှာထားရကြောင်း ပြောပြကာ သူကိုယ်တိုင်စားပြသည်။

ရွှေလှံမြို့ဝန်အားလည်းစားစေသည်။ ရွှေလှံမြို့ဝန်ကား မစားပေ။ အတန်ကြာ၍ စကားစမြည်ပြောပြီးမှ ရွှေလှံမြို့ဝန်သည် မောင်တုတ်အိမ်မှ ဆင်းသွားသည်။ဤကားမောင်တုတ်သည် ရွှေလှံမြို့ဝန်ကိုဦးကျိုးအောင်ချိုးသည့် ပရိယာယ်တစ်မျိုးဟူ၍ပင် ဆိုရပေမည်။ လူအူ အစစ် ဟုတ်မဟုတ်ကိုကား အမှန်မပြောနိုင်ပေ။

မိမိ၏ ရန်သူတစ်ယောက်ဖြစ်ပြီး မိမိအား အင်အားပြိုင်လိုသော လူတစ်ယောက်အား လှလှကြီးဦးချိုးလိုက်သောကြောင့် ဤသို့ပြုလေသလောမသိရပေ။

ယင်းကိစ္စနှင့်ပတ်သက်၍လည်း ရွှေလှံမြို့ဝန်သည် မောင်တုတ်အပေါ်တွင် များစွာမှပင်မကျေနပ်လှချေ။ ဤသို့ အိမ်သို့ခေါ်၍စော်ကားလိုက်ခြင်း၊ မိမိသိမ်းပိုက်မည့် မယားကို အတင်းလုယူခြင်း စသော မောင်တုတ်၏အပြုအမူများကို မိမိထက်တန်ခိုးကြီးနေသူဖြစ်၍သာ ခံလိုက်ရပေသည်။

စိတ်ထဲ၌ကားအခဲမကျေလှဘဲ တစ်နေ့အလှည့်ကြုံလျှင် ငါ့အကြောင်းသိစေရမည်ဟူ၍သာ ကြုံးဝါး နေရလေတော့သည်။ရနောင်မောင်မောင်တုတ်နှင့်အတူ နန်းတော်က မြှောက်စားခြင်းခံရသူမှာ ရွှေတိုက်စိုး၊ စီးတော်မြင်းဝန်၊ တောင်သမန်လယ်စား မောင်ဖေငယ်ဖြစ်သည်။

မောင်ဖေငယ်နှင့် မောင်တုတ်တို့မှာ ရောင်းရင်းဘက်ဖြစ်သည့်အတိုင်း တဦးနှင့်တဦး များစွာ ရင်းနှီးချစ်ခင်ကြသည်။ တိုင်ပင်ဖော် တိုင်ပင်ဖက်လည်းဖြစ်သည်။တောင်သမန်လယ်စားသည် ကဗျာအဖွဲ့အနွဲ့၌လည်း ကျွမ်းကျင်သဖြင့် သီပေါဘုရင်ကလေး၏ စာဆိုတော်လည်းဖြစ်သည်။

ရနောင်မောင်မောင်တုတ် တန်ခိုးကြီးထားလာချိန်တွင် မောင်ဖေငယ်သည်လည်း မောင်မောင်တုတ်ကို မှီခိုရတော့မလိုဖြစ်လာသည်။

(နောက်ဆုံးပိုင်း)ဆက်လက်ဖတ်ရှုပါရန်….

Credit : Min Gyi

Likes:
0 0
Views:
514
Article Categories:
BooksHistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *