ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် (သို့) ရနောင်မောင်မောင်တုတ် ( ပထမပိုင်း )

ထိုနန်းတွင်းအရှုပ်အထွေးများအကြားတွင် အရှင်သီပေါမင်း၏ အချစ်ရေးသည်လည်း အတွင်းတော်၌မီးထတောက်ရလောက်အောင် ကြီးကျယ်ခဲ့လေသည်။

ဤအချစ်ရေးတွင် အရေးပါအရာရောက်ခဲ့သူတယောက်ကား `ရနောင်မောင်မောင်တုတ်´ပင်ဖြစ်သည်။ရနောင်မောင်မောင်တုတ်၏ ငယ်မည်သည် မောင်ညိုတုတ်ဖြစ်သည်။ မောင်ညိုတုတ်၏ဖခင်မှာ ရေနံချောင်းမင်းကြီး ဦးပိန်ဖြစ်၍ မိခင်မှာရေနံချောင်းဝန်ကြီးကတော် သခင်ကြီးဖြစ်သည်။

မောင်ညိုတုတ်မိခင်သည် စုဘုရားလတ်၏နို့ထိန်း ဖြစ်သည်။မင်းတုန်းမင်းတရားကြီးသည် ပုဂံမင်းကိုပုန်ကန်၍ ရွှေဘိုသို့ထွက်ခွာစဉ်အခါက မောင်ညိုတုတ်၏ဖခင် ဦးပိန်သည် ကျေးကျွန်တော်ရင်းဖြစ်သည့်အားလျော်စွာ နောက်တော်ကပါသည်ဟုဆိုသည်။

လမ်းခရီးတွင်မောင်ညိုတုတ်၏ဖခင် ဦးပိန်မှာကျဆုံးခဲ့သည်။ မင်းတုန်းမင်းတရား အမရပူရသို့ပြန်၍ ရွှေနန်းတော် သိမ်းတော်မူချိန်တွင် တိုင်းတာမင်းကြီးဦးဖိုး၏ မ,စပေးချက်အရမောင်မောင်တုတ်သည် လက်သုံးတော်ကိုင် ကလေးရာထူးတွင် ခစားရသည်ဟုဆိုသည်။

မောင်ညိုတုတ်အောက်တွင် ညီမောင်ပြောင်းနှင့် ညီမယင်းမာချောင်း ခင်ခင်လေးတို့ရှိသည်။ ယင်းမာချောင်းခင်ခင်လေးသည် မောင်တုတ်၏ဖခင်ဦးပိန်၏ ဒုတိယမယားမှမွေးသော သမီးဖြစ်သောကြောင့် မောင်မောင်တုတ်နှင့်ဖအေတူ မအေကွဲ မောင်နှမတော်သည်။

ညီမောင်မောင်ပြောင်းသည် လှေသင်းအတွင်းဝန်၊ နတ်မောက်မြို့စား၏ညီမဖြစ်သူ ပင်းသာခင်ဖူးနှင့်လက်ထပ်ခဲ့သည်။

မောင်မောင်တုတ်၏အရည်အသွေးနှင့် ဖျတ်လတ်မှု၊ ရဲစွမ်းသတ္တိရှိခြင်းတို့ကို ကင်းဝန်မင်း၊ ယောမင်းကြီးနှင့် တိုင်းတာမင်းတို့က သဘောကျသည်။မောင်မောင်တုတ်သည် အလုံးအရပ်လည်းကောင်းသည်။ အသားညိုသည်ကျောက်ပေါက်မာသက်သက်ရှိသည်။ ကျင်စွယ်လည်းရေးရေးထားသည်။

မောင်မောင်တုတ်ကိုအဝေးမှဖြစ်စေ၊ အနီးမှဖြစ်စေ မြင်ရလျှင် မောင်မောင်တုတ်၏ကျက်သရေရှိသော အင်္ဂါရုပ်ကို လူတိုင်းနှစ်ခြိုက်မည်ပင်ဖြစ်သည်။မောင်မောင်တုတ်၏ မျက်နှာပေါက်မှာ ခန့်ညားထည်ဝါသော သဘောရှိသည်။ စူးရှသောမျက်လုံးရှိ၍ အသံသြဇာတို့နှင့် ပြည့်စုံသည်။ စင်စစ်လူချောလူလှဖြစ်၍ မိန်းမများကိုယ်က မောင်မောင်တုတ်ကိုကြိုက်ကြသည်ဟုသိရသည်။

မောင်မောင်တုတ်ကလည်း သူကိုယ်တိုင်က မယားများသည်။ လင်ရှိမယားပင်မရှောင်ဟု ဆိုကြသော်လည်း လင်ကြီးကျေနပ်အောင်ပြုပြီးမှ သာ မောင်မောင်တုတ်၏လက်ဝယ်ရောက်ကြပါသည်ဟု အချို့မီလိုက်သူများက ပြောကြသည်။

ဥပမာဆိုသော် တောင်တွင်းကြီးသူ သဘင်သည်မမလေးကို သူ၏လင်ကြီးကိုရွှေငါးပိဿာနှင့် မယား၂ယောက်အပြင် မြို့သူကြီးရာထူးပါပေးသဖြင့် လင်ကြီးကကျေကျေနပ်နပ်ထည့်ပေးလိုက်ပါကြောင်း၊

ဆင်ခိုးမလေးကိုယ်တိုင်ကလည်း မောင်မောင်တုတ်ကို သူချစ်ကြောင်း၊ သူ့လင်ကြီးမှာ မယားနှစ်ယောက်နှင့် သူ့ကိုမေ့နေသည်မှာ အမှန်ဖြစ်ကြောင်းတို့ကိုဖွင့် ပြောကြောင်းကြားသိရသည်။

မောင်မောင်တုတ်ကို တွေ့မြင်သိရှိဖူးသူများကမူ မောင်မောင်တုတ်သည် အလွန်ကျသရေရှိကြောင်း၊ သူကမပိုးရဘဲ မိန်းမများကသာ သူ့ကိုပိုးကြောင်း၊ သူ့ကိုအပျိုအအိုများက ငမ်းငမ်းတက်လိုချင်ကြကြောင်း သိရှိရသည်။

သီပေါမင်းနန်းတက်လာသောအခါတွင် အရည်အသွေးကိုကြည့်၍ သီပေါမင်းတရားများစွာနှစ်သက်သောကြောင့် ရနောင်မြို့ကိုအပိုင်စားစေ၍ လက်သုံးတော်ကြီးကိုင် မြောက်ထားဝယ်ဗိုလ်၊ ဝဲလှည့်ခေါင်းခန့်တော်မူသည်။သီပေါမင်း နန်းတက်၍ မင်းမူးမတ်များအား ဘွဲ့မည်ရည်ပေးသောအခါ ရနောင်မောင်မောင်တုတ်အား `မဟာမင်းလှမင်းထင်စည်သူ´ ရွှေဘွဲ့ချီးမြင့်တော်မူသည်။

ရနောင်မောင်မောင်တုတ်သည် ရွှေနန်းတော်တွင်း၌ အချိန်မရွေး ကျောက်စည်ရွှေဓားကိုလွယ်၍ ခစားရသည်။ ရွှေနန်းတွင်းအတွင်းတော်၌ လက်သုံးတော်ကြီး လက်သုံးတော်ကလေးများသာလျှင် ရွှေဓားကိုင်၍ ခစားနိုင်သည်။ရနောင်မောင်မောင်တုတ်၏ လက်အောက်တွင် လက်သုံးတော်ကြီးကိုင်(၁၂)ယောက်ရှိသေးသည်။ ၎င်းတို့သည် မြောက်ထားဝယ်ဆောင်တွင်နေထိုင်၍ စောင့်ကြပ်ရသည်။

ထားဝယ်ဆောင်ဆိုသည်မှာ မှန်နန်းဆောင်နှင့်ကပ်လျက်ရှိသော အဆောင်ကိုဆိုလိုသည်။ရနောင်မောင်မောင်တုတ်သည် အနားရွှေကြယ်ပွင့်ထိုး ကတ္တီပါစိမ်းထမသိမ်း ဒူးအထိအရှည်ကိုဝတ်သည်။ ဘောင်းဘီအနားကွပ်အောက်ခံနှင့် အပေါ်ကလွန်းပုဆိုးကို အောက်ပိုးကျိုက်ထားသည်။

ရွှေကျင်ခတ်ပဝါကိုလည်း ပေါင်းထားသည်။ သူ့အဝတ်အစားနှင့် သူ့ရုပ်ရည်မှာ မင်းသားရုပ်ပေါက်နေသည်။ မောင်မောင်တုတ်၏ လက်အောက် တွင် မြောက်ထားဝယ်အမှုထမ်းသား (၆၈၅)ယောက်ရှိသည်။

အမှုထမ်းသားများ၏ ယာလက်ဖမိုးတွင် ခြင်္သေ့ရုပ်ဆေးနီဖြင့် ထိုးမှတ်ထားသည်။မောင်မောင်တုတ်သည် တိုင်းတာမင်းကြီး၊ ကင်းဝန်မင်းကြီးတို့က အရေးပေးခြင်းခံရသည်သာမက ဆင်ဖြူမရှင်မိဘုရားကြီးကိုယ်တိုင်က အရေးပေးခြင်းခံရသဖြင့်မောင်မောင်တုတ်သည် သြဇာကြီးသည်။

အတွင်းရေးကိစ္စများကို တိုင်ပင်သည့်အခါများ၌ပင် မောင်မောင်တုတ်မပါမပြီးသလောက် အရေးပေးခြင်းခံရသည်။မင်းတုန်းမင်းတရား နာမကျန်းရှိတော်မူစဉ်အခါ မည်သူ့အားနန်းလျာထားမည်ဟု မှူးကြီးမတ်များနှင့် ဆင်ဖြူမရှင်တို့ လျှို့ဝှက်စွာတိုင်ပြင်ကြစဉ်အခါကလည်း မောင်မောင်တုတ်သည် မိဘုရားတို့နှင့်အတူပါသည်။

ထို့နောက်သီပေါမင်းသားကို နန်းလျာအဖြစ် ရွေးကြပြီးသည့်နောက်တွင် ကြေးတိုက်အတွင်းအကျဉ်းချထားသော မင်းသားများအနက် သီပေါမင်းသားကို မောင်မောင်တုတ်သည် ပုခုံးပေါ်တွင်ထမ်း၍ ထုတ်ယူလာသည်။

(ဒုတိယပိုင်း)ဆက်လက်ဖတ်ရှုပါရန်….

credit : Min gyi

Likes:
0 0
Views:
1055
Article Categories:
BooksHistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *