စာအုပ်ပေါင်း ၃၈သန်းကျော် စုဆောင်းထားတဲ့ ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်ကြီး

ယနေ့လို အင်တာနက်ခေတ်ကာလမှာတော့ စာကြည့်တိုက်တွေရဲ့အရေးပါမှုဟာ လျော့ပါးသွားခဲ့ပြီလို့ ဆိုရမှာဖြစ်ပေမယ့်လည်း စာကြည့် တိုက်တွေဟာ လူသားတွေရဲ့ သမိုင်းစဉ်ကိုပြောင်းလဲသွားခဲ့တဲ့အထိ အရေးပါခဲ့တယ် ဆိုတာကိုတော့ အားလုံး လက်ခံကြရမှာဖြစ်ပါတယ်။ စာကြည့်တိုက်တွေကတဆင့် သမိုင်းအဆက်ဆက်၊ ခေတ်အဆက်ဆက်၊ ပညာရှင်အဆက်ဆက် လက်ဆင့်ကမ်းခဲ့ကြတဲ့ စာပေရဲ့သမိုင်း၊ ပထဝီဝင်၊ သိပ္ပံဆိုင်ရာ အချက်အလက်တွေကို အခြေခံပြီး ကျွန်မတို့ရဲ့လူအဖွဲ့အစည်းဟာ ပိုမိုဖွံ့ဖြိုးလာနေခဲ့တာဖြစ်ပါတယ်။

စာကြည့်တိုက်တွေဟာ ကမ္ဘာကြီးရဲ့ပြတင်းပေါက်တွေအဖြစ်တင်စားခေါ်ဆိုခဲ့ကြသလို စာအုပ်၊ စာပေ ယဉ်ကျေးမှုဟာလူသားတွေရဲ့ခေတ် ကာလစရိုက်၊ လူနေမှုစနစ်နဲ့ ဆက်စပ်လျက်ရှိနေခဲ့တာဖြစ်ပါတယ်။ တိုးတက်ချမ်းသာတဲ့ နိုင်ငံတွေမှာတော့ ပညာကိုအလေးထားကြသလို စာကြည့်တိုက်တွေကိုလည်း ခမ်းနားစွာဆောက်လုပ် ဖွင့်လှစ်ထားလျက်ရှိပါတယ်။ နိုင်ငံကြီး အများစုရဲ့ စာကြည့်တိုက်တွေမှာတော့ လေ့လာဖတ်ရှု့သူတွေ နဲ့ အမြဲတစေပြည့်နေလေ့ရှိပါတယ်။ အကြောင်းကတော့ သန်းနဲ့ ချီတဲ့ စာအုပ်တွေကို စုဆောင်းပေးထားတဲ့အပြင် စာဖတ်သူတွေအတွက် မျက်စိပဒါဿ ဖြစ်စေမယ့် ပတ်ဝန်းကျင်ကို ဖန်တီးပေးထားလို့ ဖြစ်ပါတယ်။

မိတ်ဆွေတွေကို ဝေမျှပေးချင်တာကတော့ ကမ္ဘာပေါ်ကအကြီးဆုံး စာကြည့်တိုက်ကြီး ၁၀ ခု အကြောင်းပဲ ဖြစ်ပါတယ်။

(၁၀) တရုတ်အမျိုးသား စာကြည့်တိုက်

တရုတ်နိုင်ငံဘေဂျင်းမှာတည်ရှိနေတဲ့ တရုတ်အမျိုးသားစာကြည့်တိုက်ဟာတနိုင်ငံလုံးမှာ ဒုတိယအကြီးမားဆုံးသော စာအုပ်စာပေ မှတ်တမ်း တွေ တစုတစည်းထဲ တည်ရှိရာနေရာဖြစ်သလို အာရှတိုက်ရဲ့အကြီးဆုံးစာကြည့်တိုက်တွေထဲက တခုလည်းဖြစ်ပါတယ်။

ဒီစာကြည့် တိုက်မှာတော့ စာအုပ်တွေသာမက ဘီစီ(၁၆)ရာစုကာလက ရှေးလူမျိုးစုတွေအသုံးပြုခဲ့ကြတဲ့ တိရိစ္ဆာန်အရိုး၊ ကျောက်သားနဲ့ လိပ်ခွံကို ထွင်းထားတဲ့ စာပေမှတ်တမ်းတွေအပြင် တရုတ်သမိုင်းတလျှောက် ခေတ်အသီးသီးမှာအသုံးပြုခဲ့ကြတဲ့ ရှေးစာပေတွေ ၊ ထင်ရှားခဲ့တဲ့ စာအုပ်တွေ ကို စုဆောင်းပြသထားပါတယ်။ ၂၀၁၇ ခုနှစ်အထိစာအရင်းအရတော့ ဒီစာကြည့်တိုက်ကြီးမှာ စာအုပ်စာပေဆိုင်ရာ စုဆောင်းမှု ပစ္စည်း စုစုပေါင်း ၃၇.၇ သန်း ကျော် ရှိနေပါတယ်။

(၉) ပြင်သစ် အမျိုးသား စာကြည့်တိုက်

အတိုကောက် အနေနဲ့ BnF လို့ သိကြတဲ့ ပြင်သစ် အမျိုးသားစာကြည့်တိုက်ကြီးကိုတော့ ၁၃၆၈ ခုနှစ်မှာ ပဉ္စမ ချားလ်ဘုရင်က လုဗ်နန်းတော်မှာ တော်ဝင်စာကြည့်တိုက်အဖြစ် စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ပြင်သစ်ဘုရင် အဆင့်ဆင့်က ဆက်ခံမွမ်းမံခဲ့ပြီး ၁၇၉၂ ခုနှစ်၊ ပြင်သစ်တော်လှန်ရေးကာလ အတွင်းမှာတော့ အများပြည်သူပိုင်စာကြည့်တိုက်တစ်ခု ဖြစ်လာခဲ့ပါတယ်။

စာပေမြတ်နိုးသူ ပြင်သစ်စစ်ဘုရင် နပိုလီယံဘိုနာဘတ်လက်ထက်မှာလည်း ထပ်မံတိုးချဲ့ပြီး ကမ္ဘာတလွှားက စာပေမှတ်တမ်းများစွာကို ရှာဖွေစုဆောင်းခဲ့တာကြောင့် ၁၉ ရာစုကာလမှာတော့ ကမ္ဘာပေါ်က အခမ်းနားဆုံး နဲ့ အကြီးကျယ်ဆုံး စာကြည့်တိုက်ကြီးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ယနေ့အချိန်မှာတော့ ဒီစာကြည့်တိုက်ကြီးမှာ စာအုပ်ပေါင်း ၁၅ သန်းကျော် အပါအဝင် စုဆောင်းမှုပစ္စည်း စုစုပေါင်း သန်း ၄၀ ကျော် ရှိနေပြီဖြစ်ပါတယ်။ ဝန်ထမ်းပေါင်း ၂ထောင်ကျော် ခန့်ထားရသလို တနှစ်ကို လာရောက်လည်ပတ်သူ ၁ သန်းကျော် ရှိတဲ့ နေရာလည်းဖြစ်ပါတယ်။

(၈) ဒိန်းမတ်တော်ဝင်စာကြည့်တိုက်

ဒိန်းမတ်နိုင်ငံ၊ ကိုဗင်ဟေဂင်မြို့မှာတည်ရှိတဲ့ ဒိန်းမတ်တော်ဝင်စာကြည့်တိုက် ကိုတော့ (၁၆၄၈) ခုနှစ်က ဒိန်းမတ်ဘုရင် တတိယ ဖရက်ဒရစ် က တက္ကသိုလ်စာကြည့်တိုက်အဖြစ် စတင်တည်ထောင်ခဲ့တာဖြစ်ပြီး (၁၇၉၃) ရောက်ချိန်မှာတော့ အများပြည်သူသုံး စာကြည့်တိုက်ဖြစ်လာခဲ့ပါတယ်။ (၁၉၉၉)ခုနှစ် မှာတော့ မူလအဆောက်အအုံဟောင်းကနေ Black Diamond လို့ သိကြတဲ့ ခေတ်သစ် ဖန်သားပုံ အဆောက်အဦးကြီးအဖြစ် တိုးချဲ့ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

ဒိန်းမတ်နိုင်ငံအတွင်း အစိုးရရဲ့တရားဝင်ထုတ်ဝေခွင့်ပြုထားတဲ့ စာအုပ်အားလုံးကို ဒီစာကြည့်တိုက်အတွင်းမှာ ရှာဖွေတွေ့ရှိနိုင်သလို ဂူတင်ဘတ် သမ္မာကျမ်းစာ အပါအဝင် သမိုင်းဆိုင်ရာ မူရင်းလက်ရေးမှုတွေ နဲ့ ဒိန်းမတ် နာမည်ကျော်စာရေးဆရာ ဟန်ခရစ်ရှန် အန်ဒါဆင် ရဲ့အထင်ကရ စာပေလက်ရာဖန်တီးမှုတွေကိုလည်း လေ့လာဖတ်ရှုနိုင်ပါတယ်။ စာအုပ်စာတမ်း နဲ့ အခြားပစ္စည်း စုစုပေါင်း ၄၂သန်းခွဲခန့်ကို စုဆောင်းထားတဲ့ စာကြည့်တိုက်ကြီး ဖြစ်ပါတယ်။

(၇) ဂျပန်အမျိုးသား စာကြည့်တိုက်

လွှတ်တော်စာကြည့်တိုက် တဖြစ်လဲ ဂျပန်အမျိုးသား စာကြည့်တိုက်ကိုတော့ ၁၉၄၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အမေရိကန် ကွန်ဂရက် စာကြည့်တိုက်ကြီးကို နည်းနာယူပြီး ဂျပန်နိုင်ငံ တိုကျို နဲ့ ကျိုတို မြို့တွေမှာ ၂နေရာခွဲပြီး တည်ထောင်ထားတာ ဖြစ်ပါတယ်။

ဂျပန်ခေတ်ဟောင်း စာကြည့်တိုက် ၃ ခု ကို ပြန်လည်ပူးပေါင်းတည်ထောင်ထားတာဖြစ်ပြီး စတင်ဖွင့်လှစ်စဉ်ကတော့ စာအုပ်ပေါင်း ၁သိန်းခန့်သာ ရှိခဲ့ပါတယ်။ တိုကျိုက ပင်မ စာကြည့်တိုက် အဆောက်အအုံမှာတော့ ဂျပန်တနိုင်ငံလုံးက စာအုပ်တွေအပြင် လေ့လာသူတွေအတွက် မှီးငြမ်းနိုင်ဖို့ ကမ္ဘာတလွှားက စာအုပ်ပေါင်းများစွာကိုလည်း ဝယ်ယူစုဆောင်းပေးထားပါတယ်။ ယနေ့အချိန်မှာတော့ ဒီစာကြည့်တိုက်ကြီးမှာတော့ စာအုပ် စာပေဆိုင်ရာ စုဆောင်းမှု ပစ္စည်း စုစုပေါင်း ၄၄ သန်း ကျော် ရှိနေပြီ ဖြစ်ပါတယ်။

(၆) ရုရှားနိုင်ငံ့စာကြည့်တိုက်

ရုရှားနိုင်ငံ မြို့တော်မော်စကိုမှာ တည်ရှိတဲ့ ဒီစာကြည့်တိုက်ကြီးကိုတော့ ၁၈၆၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ပင်မ စာကြည့် တိုက်အဆောက်အအုံကိုတော့ ၁၉၂၇ ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၄၅ ခုနှစ်မှာ ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီစာကြည့် တိုက်ကြီးမှာ ရှိတဲ့ စာအုပ်စင်တွေကို ဆက်လိုက်ပါက မိုင်ပေါင်း ၁၀၀ ကျော် အရှည်ရှိသွားနိုင်တဲ့အထိ များပြားပါတယ်။

စာကြည့်တိုက်ကြီးမှာတော့ စာအုပ်ပေါင်း ၁၇ သန်းကျော် ၊ ဂျာနယ်ပေါင်း ၁၃ သန်းကျော် ၊ အသံဖိုင်ပေါင်း ၃သိန်းကျော် ၊ မြေပုံပေါင်း ၁သိန်းခွဲကျော် အပါအဝင် စုဆောင်းမှုပစ္စည်းစုစုပေါင်း ၄၇.၅ သန်း ရှိနေပါတယ်။ စာအုပ် စုစုပေါင်းရဲ့ ၂၉% က နိုင်ငံခြားဘာသာစာအုပ်တွေဖြစ်ပြီး ဘာသာစကားပေါင်း ၂၀၀ ကျော် ပါဝင်နေပါတယ်။

(၅) ကနေဒါ အမျိုးသားစာကြည့်တိုက်

ကမ္ဘာပေါ်မှာ ပဉ္စမမြောက် အကြီးဆုံး စာကြည့်တိုက်ဖြစ်တဲ့ ကနေဒါအမျိုးသား စာကြည့်တိုက်ကတော့ မြို့တော် အော့တဝါ မှာတည်ရှိနေပြီး ၂၀၀၄ ခုနှစ်ကမှ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ မူလက ရှိခဲ့တဲ့ အမျိုးသားစာကြည့်တိုက်ကို မော်ကွန်းစာကြည့်တိုက်နဲ့ ပူးပေါင်းပြီး ပြန်လည်မွမ်းမံ တည်ထောင်ခဲ့တာဖြစ်ပါတယ်။

ဒီစာကြည့်တိုက်ကြီးဟာ ကနေဒါ ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ လက်အောက်မှာ ရှိနေပြီး စာကြည့်တိုက် ဝန်ထမ်း ၈၀၀ ကျော်ကို ခန့်ထားရပါတယ်။ စာအုပ်ပေါင်း ၂၂ သန်းကျော် ၊ ဓာတ်ပုံပေါင်း ၂၄ သန်းကျော် ၊ ဗိသုကာဆိုင်ရာ ရေးဆွဲမှုပေါင်း ၃ သန်းကျော် အပါအဝင် စုဆောင်းမှုပစ္စည်း စုစုပေါင်း ၅၄ သန်းကျော် ရှိနေတဲ့ စာကြည့်တိုက်ကြီးဖြစ်ပါတယ်။

(၄) နယူးယောက်ပြည်သူ့စာကြည့်တိုက်

အမေရိကန် နယူးယောက်မှာ တည်ရှိတဲ့ နယူးယောက်ပြည်သူ့စာကြည့်တိုက်ကိုတော့ ၁၈၉၅ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ စတင်ဖွင့်လှစ်ချိန်ကစလို့ တဖြည်းဖြည်းချင်း တိုးတက်လာတဲ့ ဒီစာကြည့်တိုက်ကြီး မှာဆိုရင် နယူးယောက်ရဲ့နယ်မြေဒေသအားလုံးကစာပေချစ်သူတွေအတွက် စာဖတ်ခုံတွေ ၊ သီးခြားစာဖတ်ခန်းတွေ ပါဝင်နေတဲ့အပြင် လေ့လာလို့ မကုန်နိုင်တဲ့ စုဆောင်းမှုပစ္စည်း စုစုပေါင်းကိုလည်း ကဏ္ဍများစွာခွဲပြီး အခန်းအလိုက် ပြသထားပါတယ်။

ဒီစာကြည့်တိုက်ကြီးမှာ ဂူတင်ဘတ်သမ္မာကျမ်းစာအပါအဝင် ကမ္ဘာ့အရှားပါးဆုံး စာအုပ်များစွာကိုလည်း ထိမ်းသိမ်းပြသထားပါတယ်။ အလွန်ကြီးမား ကျယ်ဝန်းပြီး စာကြည့်တိုက်တခုအဖြစ်သာမက ပြတိုက်ကြီးတခုသဖွယ် ဖြစ်နေတာကြောင့် နှစ်စဉ် လာရောက်လေ့လာသူပေါင်း ၁၈ သန်းခန့် ရှိနေပြီး ကမ္ဘာပေါ်မှာ လာရောက်သူအများဆုံး နံပါတ် ၁ စာကြည့်တိုက်လည်းဖြစ်ပါတယ်။ နယူးယောက်ပြည်သူ့ စာကြည့်တိုက်ကြီးမှာတော့ စာအုပ် စာပေဆိုင်ရာ စုဆောင်းမှု ပစ္စည်း စုစုပေါင်း ၅၅ သန်းခန့် ရှိနေပါတယ်။

(၃) ရှန်ဟိုင်း စာကြည့်တိုက်

ကမ္ဘာပေါ်မှာ တတိယအကြီးဆုံး စာကြည့်တိုက်ဖြစ်တဲ့ ရှန်ဟိုင်းစာကြည့်တိုက်ကတော့ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့က ၃၄၈ ပေမြင့်တဲ့ ၂၄ ထပ် အဆောက်အအုံမှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ရှန်ဟိုင်း စာကြည့်တိုက်ကိုတော့ ၁၉၂၅ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တဲ့ ရှန်ဟိုင်းအရှေ့စာကြည့်တိုက် အပါအဝင် စာကြည့်တိုက်ပေါင်းမျာစွာကို ပူးပေါင်းပြီးပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ရှန်ဟိုင်း သိပ္ပံ နဲ့ နည်းပညာကျောင်းလည်းဖြစ်တဲ့ ဒီစာကြည့်တိုက်ကြီးမှာတော့ ရှားပါး စာအုပ်တွေအပြင် ကမ္ဘာတလွှားက ဘာသာစကားပေါင်းစုံ နဲ့ စာအုပ်ပေါင်းများစွာကို ဝယ်ယူထိမ်းသိမ်းလျက်ရှိပြီး လက်ရှိအချိန်မှာတော့ စုဆောင်းမှု ပစ္စည်း စုစုပေါင်း ၅၆ သန်းခန့် ရှိနေပြီ ဖြစ်ပါတယ်။

(၂) ကွန်ဂရက်စာကြည့်တိုက်

LOC ( Library of Congress) လို့ သိကြတဲ့ ကွန်ဂရက်စာကြည့်တိုက်ကတော့ အမေရိကန် ဝါရှင်တန်ဒီစီမှာ တည်ရှိနေပါတယ်။ (၁၈၀၀) ပြည့်နှစ် ကတည်းက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး စာကြည့်တိုက်ဖွင့်ဖို့အကြံကို စတင်ပေးခဲ့သူကတော့ အမေရိကန်နိုင်ငံတည်ထောင်သူ ဖခင်ကြီးတစ်ယောက်ဖြစ်တဲ့ ဂျိမ်းစ်မက်ဒီဆင် ဖြစ်ပါတယ်။ ၁၇၈၃ ခုနှစ်ကတည်းက ဒီအကြံကိုပေးခဲ့ပေမယ့် ၁၈၀၀ပြည့်နှစ် သမ္မတ ဂျွန်အဒမ်လက်ထက်မှ စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

စာအုပ်ချည်းပဲ ၃၉ သန်းခန့် ရှိတဲ့ ဒီစာကြည့်တိုက်ကြီးဟာ စာအုပ်အရေအတွက်နဲ့ပဲ တွက်မယ်ဆိုရင်တော့ ကမ္ဘာ့အကြီးဆုံးဖြစ်ပေမယ့် ဒီစာရင်းမှာတော့ စာအုပ်စာပေဆိုင်ရာ စုဆောင်းမှု ပစ္စည်းစုစုပေါင်း နဲ့ နှိုင်းယှဉ်ထားတဲ့အတွက် ဒုတိယနေရာကို ရောက်သွားရခြင်းဖြစ်ပါတယ်။ စာအုပ်ပေါင်း ၃၈သန်းကျော်မှာ ရှားပါးစာအုပ်ချည်းပဲ ၈သိန်းနီးပါးခန့်ရှိပါတယ်။ ဒီအထဲမှာ အမေရိကန်လွတ်လပ်ရေးကြေငြာစာတမ်း ၊ ကမ္ဘာပေါ်မှာ ၃အုပ်ပဲရှိတဲ့ ၁၅ရာစုထုတ် နွားသားရေစာအုပ်ဖြစ်တဲ့ ဂူတင်ဘတ်သမ္မာကျမ်းစာ ၊ ၁၆၄၀ ထုတ် အမေရိကန်ရဲ့ပထမဆုံးစာအုပ် The Bay ဆာလံကျမ်း လိုစာအုပ်တွေပါဝင်နေပါတယ်။

စာကြည့်တိုက်ကြီးကို သောမတ်စ်ဂျက်ဖာဆန် ၊ ဂျွန်အဒမ် ၊ ဂျိမ်းစ်မက်ဒီဆင် စတဲ့ အဆောက်အအုံကြီး ၃ ခု နဲ့ ဖွဲ့စည်းထားပြီး ဝန်ထမ်းပေါင်း ၃ထောင်ကျော်ကို ခန့်ထားရပါတယ်။ ဒီစာကြည့်တိုက်ကြီးမှာ စာအုပ်စာပေဆိုင်ရာ စုဆောင်းမှုပစ္စည်းစုစုပေါင်း ၁၇၀ သန်းခန့် ရှိနေပါတယ်။

(၁) ဗြိတိသျှစာကြည့်တိုက်

လက်ရှိကမ္ဘာပေါ်မှာ အကြီးဆုံးစာကြည့်တိုက်ကတော့ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်မှာ တည်ရှိနေတဲ့ ဗြိတိသျှစာကြည့်တိုက်ဖြစ်ပါတယ်။ ဗြိတိသျှ စာကြည့်တိုက်ဟာ မူလ ကတော့ ဗြိတိန်အမျိုးသားပြတိုက်ရဲ့အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး ဒီနေရာဟာ ကားလ်မာ့က်စ် ၊ အော်စကာဝိုင်းလ် နဲ့ မဟတ္တမဂန္ဒီ လိုကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတွေ စာပေလေ့လာလိုက်စားခဲ့ရာ နေရာလည်းဖြစ်ပါတယ်။

ဗြိတိသျှစာကြည့်တိုက်ကြီးမှာတော့ ဗြိတိန်ရဲ့ ရှေးဟောင်း နဲ့ ကာလပေါ်စာအုပ်စာပေတွေသာမက ကမ္ဘာနိုင်ငံအသီးသီးရဲ့စာပေမှတ်တမ်း စုဆောင်းမှု ပစ္စည်း စုစုပေါင်း သန်း ၁၇၀ နဲ့ သန်း ၂၀၀ ကြား စုဆောင်းထားရှိပါတယ်။ ယနေ့အချိန်မှာတော့ ဗြိတိသျှ စာကြည့်တိုက်ဟာ စိန့် ပန်းခရတ်စ် အဆောက်အအုံမှာ တည်ရှိနေပြီး စာကြည့်တိုက်ရဲ့ရတနာတွေအဖြစ် ဂူတင်ဘတ် သမ္မာကျမ်းစာ ၂အုပ် ၊ လင်းဒင့်ဖန်း ဂေါ်စပယ်စ် နဲ့ စွယ်စုံရရှေးပညာကျော်ကြီးလီယိုနာဒိုဒါဗင်ချီရဲ့ ရှားပါးမှတ်စုစာအုပ်တစ်အုပ်တို့ ရှိနေပါတယ်။

ဒီတခါဝေမျှခဲ့တာကတော့ ကမ္ဘာပေါ်က အကြီးဆုံး စာကြည့်တိုက်ကြီး ၁၀ ခု ရဲ့ အကြောင်းဖြစ်ပါတယ်။ နောက်ထပ်လည်း ကမ္ဘာတလွှားက အခြား ဗဟုသုတရဖွယ် အကြောင်းအရာတွေကို ဝေမျှသွားဦးမှာ ဖြစ်တဲ့အတွက် ပိုစ့်အသစ်တင်တိုင်း သိရအောင် သုတဇုန် ချန်နယ်ကို Subscribe လုပ်ပြီး နိုတီခေါင်းလောင်းကိုလည်း နှိပ်ပေးခဲ့ပါဦးနော် ။ နားဆင်သူ သုတဇုန် မိတ်ဆွေအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေရှင်…

#myanmarbooks

thutazone

Likes:
0 0
Views:
433
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *