ကျန်စစ်သား နဲ့ မြင်းမထိတောင်

အောင်ပန်းမြို့နှင့် ၂မိုင်အကွာ ၊ ကလောမြို့နှင့် ၄မိုင်အကွာတွင် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ကျော်ကတည်းက ရှိခဲ့သော သဘာဝလှိုဏ်ဂူကြီး တစ်ခုရှိပါတယ်။ လှိုဏ်ဂူရဲ့ ရှေးဟောင်းအမည်ကတော့ မြင်းမထိဂူ ဖြစ်ပြီး သီရိဓမ္မာသောကမင်းကြီးက ဥဏ္ဏလုံမွေရှင်တော် ဘုရားစေတီတည်ထားခဲ့သဖြင့် ဥဏ္ဏလုံမွေတော် လှိုဏ်ဂူဘုရားလို့ လည်း ခေါ်ကြပါတယ်။

လှိုဏ်ဂူအတွင်းရှိလမ်းမှာ ၁၀၈၂ပေ ရှည်လျားပြီး အတွင်းဘက်တွင် ဉာဏ်တော် ၉ ပေခန့်မြင့်တဲ့ အာသောကမင်းကြီးတည်ခဲ့တဲ့ ဥဏ္ဏလုံမွေရှင်တော် ဘုရားကို တည်ထားပါတယ်။ မြင်းမထိဂူ ရဲ့ မျက်နှာချင်းဆိုင်မှာတော့ ၁၀၇၅ပေ အမြင့်ရှိတဲ့ မြင်းမထိတောင် ရှိပါတယ်။ မြင်းမထိတောင်လို့ ဖြစ်လာရတဲ့ ဒဏ္ဍာရီလာ သမိုင်းက ဒီလိုပါ-

ဒီတောင်ရဲ့ တောင်ဘက်နားက ရွာကြီးတစ်ရွာမှာ စိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံတွေကို ချိုင့်ကြီးထဲက တက်လာတယ်ဆိုတဲ့ မြင်းကြီးလေးကောင်က စားသောက်ပြစ်ကြပါတယ်။ ကြီးမားသန်စွမ်းတဲ့ မြင်းတွေ ဖြစ်ပြီး ရွာသွားတွေက ခြောက်လှန့်မောင်းထုတ်ပေမယ့် မရတဲ့အဆုံးမှာ အနော်ရထာမင်းကြီးဆီကို အကူအညီတောင်းကြပါတယ်။ အနော်ရထာမင်းကြီးကလည်း သူ့ရဲ့ သူရဲကောင်းလေးဦးဖြစ်တဲ့ ကျန်စစ်သား ၊ ညောင်ဦးဖီး ၊ ငလုံးလက်ဖက် ၊ ငထွေးရူး တို့ကို မြင်းတွေကို အဖမ်းခိုင်းလိုက်ပါတယ်။

သူရဲကောင်းလေးယောက်ဟာ မြင်းလေးကောင် ထွက်လာတဲ့ချောက်ကြီးနားက စောင့်ပြီး မြင်းလေးကောင်ကို ဝန်းရံခြောက်လှန့်ပြီး အနီးရှိကန်ထဲကိုမောင်းချပါတယ်။ မြင်းတွေရေကန်ထဲကူးတော့မှ သူရဲကောင်းလေးဦးဟာ စီးရလွယ်ကူသွားတဲ့ မြင်းအသီးသီးကို ခွစီးကာ ရေထဲကနေ ကုန်းပေါ်ကို ဒုန်းစိုင်းမောင်းတက်ခဲ့ပါတယ်။

ကျန်စစ်သားဟာ သူစီးတဲ့မြင်းကို အနီးရှိတောင်ပေါ်ကို အပြေးအလွှားတက်စေတဲ့အခါ မြင်းကလည်း အမြန်ဆုံးပြေးပါတယ်။ ပြေးတာမြန်လွန်းတဲ့အတွက် မြင်းခြေထောက်တွေဟာ မြေနဲ့မထိတော့သယောင် ထင်မှတ်ရပါတယ်။ ဒီလို မြေနဲ့ မထိဘူးလို့ထင်ရတာကြောင့် မြင်းမထိတောင်လို့ ယနေ့တိုင်ခေါ်နေကြဆဲပါ။ (ရာဇဝင်တွေထဲမှာတော့ ဒီမြင်းတွေကို နတ်မြင်းလို့ ဆိုပါတယ်)

မြင်းလေးကောင် တက်လာတဲ့ မြေတွင်းချိုင်က ရွာကို မြင်းတွင်းရွာ ၊ မြင်းမထိတောင်အနီးကရွာကို မြင်းမထိရွာ ၊ ဂူကို မြင်းမထိဂူ ၊ မြင်းတွေကို လှန်ပြီးအစာစားစေတဲ့ ချိုင့်ကို မြင်းလှန်တွင်း ၊ မြင်းတွေပျော်ပြီးကခဲ့တဲ့နေရာကို မြင်းကရွာ ၊ မြင်းလေးကောင်းဒုန်းစိုင်းစီးခဲ့တဲ့ကုန်းကို မြင်းစိုင်းကုန်း စသဖြင့် ခေါ်ခဲ့ကြပါတယ်။

ဖမ်းလို့ရလာတဲ့ မြင်းလေးကောင်ကို အနော်ရထာမင်းဆီ ဆက်သတဲ့အခါ အနော်ရထာမင်းက သူရဲကောင်းလေးယောက်ကို ဒီမြင်းတွေ အသီးသီးပေးလိုက်ပြီး မြင်းတွေကို သူ့ဆီမှာ အမှုထမ်းစေပါတယ်။ ကျန်စစ်သားရဲမြင်းက နှလုံးခွန်ကောင်း ၊ ငထွေရူးရဲ့မြင်းက နှလုံးလှလျင်တိုင်း ၊ ငလုံးလက်ဖက်စီးတဲ့မြင်းက လေမိုးယဉ်ခေါင် ၊ ညောင်ဦးဖီးစီးတဲ့မြင်းက နှလုံးအတုမရှိ စတဲ့ ခပ်ဆန်းဆန်းနာမည်တွေနဲ့ပါ။မြင်းမထိတောင်ဟာ သမိုင်းဝင်တောင်တစ်တောင်ဖြစ်ပြီး ယခုအခါ တောင်တက်သမားများ မကြာခဏ စိတ်ဝင်တစား တက်လေ့ရှိသောတောင် တစ်တောင်လည်း ဖြစ်ပါတယ်။

Likes:
0 0
Views:
451
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *