ပသျှူးခေါင်းပြတ် (သို့) ဖရီးမေဆင် (သို့) ဉာဏ်အလင်းတော်ဂိုဏ်းကြီးအကြောင်း

ငယ်ငယ်ကဆိုရင် လူကြီးတွေက ပသျှူးခေါင်းပြတ် ပသျှူးခေါင်းပြတ် လို့ခြောက်ရင် ဘာမှန်းမသိပဲကြောက်ခဲ့ဖူးပါတယ်။ သူတို့ကိုမေးကြည့်ရင် တကယ်ခေါင်းဖြတ်တဲ့ ပသျှူးတွေလိုလို ဘာလိုလိုပြန်ဖြေတတ်ကြတယ်။ တကယ်က သူတို့လည်း သေခြာမသိပဲ ကလေးတွေကို ခြောက်ရုံသက်သက်ခြောက်တာပါ။ နည်းနည်းကြီးလာတော့မှ ပသျှူးတွေ ခေါင်းဖြတ်တွေနဲ့ မဆိုင်ပဲ ဖရီးမေဆင် ဆိုတဲ့ ပညာရှင်များအသင်းအဖွဲ့ကြီးတစ်ခု ကိုခေါ်တယ် ဆိုတာသိလာရတယ်။ ဖရီးမေဆင် ကနေ ဘာကြောင့် ပသျှူးခေါင်းပြတ်ဖြစ်သွားမှန်းတော့ မသိပါဘူး။

ဉာဏ်အလင်းတော်ဂိုဏ်း…။ ဖရီးမေဆင် လို့ခေါ်တဲ့ အသင်းအကြောင်း ဆရာမင်းသိင်္ခမိတ်ဆက်ပေးလို့ကြားဖူးနားဝရှိခဲ့ပါတယ်..။ဖတ်ခါစတုန်းကတော့ ယုတ္တိရှိအောင် စာရေးသူ ဖန်တီးထားတဲ့ အကြောင်းအရာလို့ထင်ခဲ့ပါတယ်..။ စိတ်ဝင်စားမှုရှိပေမဲ့မေ့မေ့ပျောက်ပါပဲ..။ ဒါပေမယ့် .. Mythology ကိုစိတ်ဝင်စားမိလို့ လေ့လာမိတော့ ဒီအကြောင်းအရာတွေဟာ ဒွေးထောယှက်တင် ပါဝင်လာပါတယ်..။ ဒီအသင်းအကြောင်းပြောရရင် Illuminati ဂိုဏ်းနဲ့ မသဲမကွဲဖြစ်တတ်ပါတယ်..။ အမှန်တော့ လျှို့ဝှက်အသင်းချင်းဖြစ်ပေမယ့် ခြားနားမှုရှိပါတယ်..။

ဒါပေမယ့်ဆက်နွယ်မှုကတော့ ခေတ်သစ် အမေရိကားသမိုင်းမှာ များပြားစွာတွေ့ရပါတယ်..။ဒီ အလျူမီနီတီ အသင်းကို စတင်တည်ထောင်သူက Adam Weishaupt လို့ခေါ်တဲ့ Canon Law (လက်တင်အခြေပြု ဘာသာရေးနှင့်လူနေမှုဘဝကိုဆက်စပ်ပေးသော ဗေဒ) ကိုသင်ကြားသော Ingolstadt တက္ကသိုလ် က ပရောဖက်ဆာတဦးဖြစ်ပါတယ်..။ ဒီအသင်းကို သူ ဖရီးမေဆင် ဂိုဏ်းရဲ့ အုတ်မြစ်ကနေဆင့်ပွားတည်ထောင်ထားခြင်းဖြစ်တယ်လို့ အဆိုရှိပါတယ်..။ခေတ်သစ်သမိုင်းမျက်နှာစာမှာ..မေ၊၁ရက် ၁၇၇၆ မှာစတင်တည်ထောင်တယ်လို့ ဖော်ပြထားပါတယ်..။

ဖရီးမေဆင်ကိုတော့ ၁၃ရာစုခေတ် မှာပေါ်ပေါက်တယ်လို့အကျမ်းဖြင်းမှတ်ယူကြပါတယ်။ “Regius Manuscript”လို့ခေါ်တဲ့ မေဆင်ဝှက်စာ အနေနဲ့အစောဆုံးတွေ့ရလို့ဖြစ်တယ်..။ဒီအသင်း ရဲ့ အဓိကပင်မကျောရိုးထဲက ပထမတစ်ခုကတော့ ( Euclid – ဘီစီ ၃၀၀)ယူကလစ် လို့ခေါ်တဲ့ သင်္ချာပညာရှင်(ယူကလစ် သင်္ချာကျမ်းပြုသူ)ဖြစ်ပြီး သူ့သင်္ချာအခြေခံကာ အာခိမိဒိ (Archimedes-ဘီစီ ၂၈၇) ကနေ ယနေ့ခေတ်ရဲ့ အင်တီဂရာယ် ကဲကုလပ် သင်္ချာနည်းဖြစ်လာဖို့ အတိုင်းအထာနဲ့ ဒြပ်ထုတိုင်းတာနည်းပညာကို ထပ်ဆင့် ဖြည့်စွက်ကြံဆနိုင်ခဲ့တယ်။

နောက်ကျောရိုးတခုက Geometry ပညာရပ်ဖြစ်တယ်။(Geo=မြေပြင်၊ Metron=တိုင်းတာခြင်း)ဖြစ်ပြီး ပထဝီဝင်ဗေဒဖြစ်တယ်။ ဒီအသင်းဟာ ဘာသာရေးအခြေပြုတယ်လို့ဆိုနိုင်ပေမယ့် အမှန်တကယ်တော့ သိပ္ပံ နဲ့ ဝိဇ္ဇာ ပညာရပ်အခြေခံထားတဲ့ လူသားဝါဒီ လို့ဆိုရပါမယ်..။ဒီအသင်းဟာ လျှို့ဝှက် အသင်းဖြစ်သည့်အားလျော်စွာ ကမ္ဘာ မှာရှိရှိသမျှပညာရပ် အရင်းအမြစ်တွေထိန်းသိမ်းထားသလို အတွေးအခေါ်အယူအဆ ပေါင်းစုံ ကနေဆင့်ကဲမွမ်းမံထားတယ်လို့လဲဆိုနိုင်ပါတယ်..

အသင်းရဲ့ ရည်ရွယ်ချက်ကို “to an understanding of the hidden mysteries of nature and science”လို့ဖော်ညွန်းကြပါတယ်။နောက်ပိုင်းမှာ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးနယ်က ထိပ်တန်းအသင်းဝင်တွေကြောင့်ကမ္ဘာကြီးရဲ့သော့ချက်တွေကိုကြိုးကိုင်သူတွေဖြစ်လာကြပါတယ်။

ဒီအသင်းရဲ့နောက်ခံသမိုင်းကြောင်းအရင်ကြည့်ရအောင်….။ ကျောင်းဖတ်စာတွေမှာသင်ခဲ့ကြတဲ့ကိုဓ(Code)ဥပဒေ ပြုစုသူ ဟမ်မူရဘီဘုရင်ရဲ့ဘေဘီလုံတိုင်းပြည်ဟာ ဘီစီ ၁၈၇၆ ခန့်မှာတည်ထောင်ခဲ့တဲ့ အကားဒီးယန်းတွေရဲ့ မြို့ပြနိုင်ငံဖြစ်ပြီး..သူ့ခေတ်သူ့အခါတုန်းက အလှပဆုံး၊အကြွယ်ဝဆုံးနိုင်ငံဖြစ်ခဲ့တယ်..။(ခုချိန်မှာတော့ အဆိုးရွားဆုံးဒေသဖြစ်မလားမသိဘူး။ဆက်ဒမ်ဟူစိန် ရဲ့ ဘက္ကဒက်မြို့နေရာဖြစ်ခဲ့လို့ပါ…)။

ဘာသာမျိုးစုံ..ယဉ်ကျေးမှုပေါင်းစုံ ယှက်နွယ်ခဲ့တယ်..။အဲဒီကပညာရှင်တွေဟာ..အီဂျစ်ဒေသကနေရလာတဲ့ နေနတ်ကိုးကွယ်မှု ကနေမှတဆင့် ကိုယ်ပိုင်ယဉ်ကျေးမှု အဖြစ်မွေးစားကာ ဥဏ်ပညာနတ်သမိးလို့ခေါ်တဲ့နတ်သမီးကိုကိုးကွယ်ပြီး နက္ခတ္တဗေဒ၊သင်္ချာပညာရပ်စတာတွေ ကို ကနဦးလေ့လာခဲ့ကြပါတယ်..။ပညာရပ်ဆိုင်ရာ နတ်သမီးကိုလဲအမြတ်တနိုးတန်ဖိုးထားခဲ့တာဟာ..နောက်ပိုင်း ဉာဏ်အလင်းတော် အသင်း ရယ်လို့ ဖြစ်လာတဲ့ အခါ ကျိုင်းအမှတ်တံဆိပ်ကို ထိုပညာနတ်သမီးကို သတ်မှတ်ခဲ့ကြပါတယ်..။ ထိုဉာဏ်ပညာနတ်သမီးကနေဆင်းသက်လာတဲ့ ရုပ်တု၊အမှတ်တံဆိပ်ကို ယနေ့မှာလဲတွေ့မြင်နိုင်ပါတယ်..။

နယူးယောက်က လေဘာတီရုပ်တု… Columbia ရုပ်ရှင်ရဲ့ Logo နတ်သမီးရုပ်တို့ဟာ ထိုနတ်သမီးပါ..။ (နယူးယောက်က လေဘာတီရုပ်တုဟာ ဂရိတွေရဲ့ လွတ်လပ်ခြင်းနတ်ဘုရားမကိုကိုယ်စားပြုတယ်ဆိုပေမယ့် အရင်းအမြစ်ဟာဒီ ပညာနတ်သမီးဖြစ်ပါတယ်။) အမှန်ကတော့ လေဘာတီရုပ်တုဟာ ခေတ်သစ်လွတ်လပ်ခြင်းလှုပ်ရှားမှုတို့ရဲ့ ဘိုးအေ ပြင်သစ် တွေကနေ အမေရိကားရဲ့လွတ်လပ်ရေးကြေငြာစာတမ်း (ဂျုလိုင် ၄၊၁၇၇၆) ကြေငြာမှုဂုဏ်ပြုလက်ဆောင်လို့ဆိုပါတယ်..။ ဒါပေမယ့် ဒီအရုပ်ကိုမှရွေးပြီးပေးတာကလဲ..နောက်ကွယ်မှာအဓိပ္ပာယ်ရှိနေပါတယ်။ (ဒီအကြောင်းတွေကို နီကိုလပ်ကေ့ဂျ် ပါဝင်တဲ့ National Treasure မှာလဲတစွန်းတစ တွေ့မြင်နိုင်ပါတယ်)။

ဒီလိုနဲ့ မတည်မြဲတဲ့နိယာမအတိုင်း ဘာဘီလွန်ဟာ..အဆီးရီးယန်းတွေလက်ထဲမှာ ဘီစီ၉၁၁ မှာကျပါတယ်.။ ထိုကနေမှ ဘီစီ ၅၃၉ လောက်မှာ ပါးရှန်းတွေလက်ထဲ..ပါးရှန်းတွေဆီကနေ မက်ဆီဒိုးနီးယန်း(ဂရိ)ဘုရင် မဟာ အလက်ဇန္ဒားက ဘီစီ ၃၃၁ မှာသိမ်းပါတယ်..။ ဒီခေတ်ကို ပညာရှင်တွေက ဟယ်လင်နစ်ခေတ် (Hellenistic period) လို့ခေါ်ပြီး ယနေ့ခေတ် ပညာရပ်တွေဖြစ်လာမယ့် မူလအခြေခံအုတ်မြစ် ပညာတွေထိုခေတ်မှာအစပြုဖွံ့ဖြိုးလာပါတယ်..။

ထိုကနေမှတဆင့် ထိုဒေသ(မက်ဆိုပိုတေးမီးယား)ကို နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်ခရစ်ယာန်သာသနာဟာအေဒီ ၇ရာစုလောက်မှာရောက်ရှိလာပြီး၊ ခရူးဆိတ်စစ်ပွဲတွေ ဖြစ်ပွားကာထိုဒေသက ပညာရပ်တွေ၊လျှို့ဝှက်ချက်တွေဟာ အသင်းတော် နဲ့အတူ ဥရောပတိုက်ကို ရောက်ရှိသွားပါတယ်..။ အမှောင်ခေတ် တလျှောက်လုံး ထိုအကြောင်းအရာတွေဟာ တိမ်မြှပ်နေပြီး ဉာဏ်သစ်ခေတ် ခေါ်ရီနေဆင့်ခေတ်(Renaissance Age) ကျမှပြန်လည်ပေါ်ထွန်းလာပြီး လွတ်လပ်မှုကိုရှာဖွေတဲ့ ကနဦး နိုင်ငံသစ်တည်သူတွေနဲ့အတူ အမေရိကားတိုက်ကို ပါသွားပါတယ်..။

ဒီလိုနဲ့ ဒီအသင်းဟာ လျင်လျင်မြန်မြန်ပဲကြီးထွားလာပြီး အသင်းသားတွေထဲမှာ တိုင်းပြည်ကို ပြောင်းလဲနိုင်တဲ့သူတွေတောင်အချိန်အနည်းငယ်အတွင်းမှာ ပါဝင်လာခဲ့ပါတယ်..။ လျှို့ဝှက်အသင်းဖြစ်တဲ့အားလျှော်စွာ ဘယ်သူတွေပါဝင်ခဲ့တယ်ဆိုတာကိုတော့ သက်သေသာဓကနဲ့ မပြနိုင်ခဲ့ကြပေမယ့် ထိုအသင်းရဲ့အာဘော်တွေဟာအသင်းသားတွေဖြစ်တဲ့ နိုင်ငံ့ခေါင်းဆောင်တွေကနေလုပ်ဆောင်မှုအနေနဲ့ ဖြစ်ပေါ်ခဲ့တာကိုတော့တွေ့မြင်နိုင်ပါတယ်..။

ပထမထင်ရှားတာက အမေရိကန်ရဲ့တံဆိပ်(Great Seal)ဖြစ်တဲ့ သိမ်းငှက်ပုံဖြစ်တယ်။ ဒီငှက်ဟာအမှန်တော့ အသင်းရဲ့အမှတ်အသားဖြစ်တဲ့ဖိုဝင်ငှက် (phoenix) ဖြစ်တယ်လို့ဆိုပါတယ်။ နံပတ် ၁၃ ဂဏန်းဟာ ဒီအသင်းရဲ့ အမှတ်အသားဖြစ်ပြီး ဒီတံဆိပ်မှာ.. သစ်ရွက်၁၃ရွက်၊ မြှား၁၃ ချောင်း၊ကြယ် ၁၃လုံး ပြီးတော့ ဒိုင်းပေါ်မှာ အစင်း၁၃စင်း စတာတွေတွေ့ရပါတယ်။ ၁၃ ဆိုတာဟာ ရှေးဟောင်းကျမ်းဂန်တွေအလိုအရ သေခြင်းဖြစ်တယ်။ သိမ်းငှက်ဟာ ဖိုဝင်ငှက်(မီးလျှံအတွင်းဆင်းသက် ပြန်လည်အသက်ဝင်သောငှက်)ဖြစ်တယ်။

ဒီတံဆိပ်ဟာ နိုင်ငံအသစ်အတွက် “Rebirth,Regeneration” လဲဖြစ်တယ်.။ ဒီတံဆိပ်ကို ခြောက်နှစ်ကြာ အောင် ကော်မတီ၃ဖွဲ့ ဖွဲ့ ပြီး .. ဒီဇိုင်းရေးဆွဲခဲ့ရတယ်လို့ဆိုပါတယ်။ ကောင်မတီဝင်တွေကလဲ သောမတ်ဂျက်ဖာဆင်၊ ဘင်ဂျမင်ဖရန်ကလင်၊ ဂျွန်အဒမ် အစရှိတဲ့ ပြည်ထောင်ဖက်ဖခင်ကြီးတွေဖြစ်တာတွေ့ရပါတယ်။ နောက်ဆုံး ဒီတံဆိပ်ကို ၁၇၈၂ မှာ ဂျော့ရှ်ဝါရှင်တန်ရဲ့အတည်ပြုချက်နဲ့ စတင်အသုံးပြုခဲ့တာ ယနေ့တိုင်ဖြစ်ပါတယ်..။

ဒေါ်လာငွေစက္ကူ ပေါ်က တြိဂံပုံပိရိမစ်နဲ့ မျက်စိတံဆိပ်ဟာလည်း ဒီအသင်းရဲ့တံဆိပ်ဖြစ်ပါတယ်..။ ၎င်းတြိဂံ ပေါ်က စာလုံအစတွေကို တလုံးချင်းလုံးကောက်ယူရင် M A S O N လို့ရလာပါတယ်..။ ဒီမျက်လုံးဟာ တတိယမျက်လုံး သို့မဟုတ် ထိုးထွင်းသိဉာဏ် ကိုကိုယ်စားပြုပါတယ်။ ရှေးဟောင်းအီဂျစ် တွေရဲ့အယူဝါဒကနေ ဆင်းသက်လာပါတယ်။ တစ်ဒေါ်လာတန်ငွေစက္ကူ ပေါ်မှမျက်လုံးတံဆိပ် ဒီအသင်းရဲ့သမိုင်းမှာ ကမ္ဘာကျော် ပုဂွိုလ် တွေတော်တော်များများ ယှက်နွယ်နေတာကိုတွေ့ရပါတယ်။

အထူးသဖြင့် ရီနေဆင့်ခေတ်က ပုဂွိုလ်ကျော်တွေများပါတယ်..။ ပန်းချီကျော်မိုက်ကယ်အိန်ဂျလို၊ပန်းချီနဲ့တီထွင်သူ လီယိုနာဒိုဒါဗင်စီ တို့လိုစွယ်စုံထူးချွန်တဲ့ ပညာရှင်တွေ ပါဝင်ပါတယ်။ (Sistine Chaple ပေါင်းမိုးပေါ်က မိုက်ကယ်အိန်ဂျလိုရဲ့The Creation of Adam နဲ့ဒါဗင်စီ ရဲ့မိုနာလီဇာ ပန်းချီကားတွေဟာ Freemason ရဲ့ အငွေ့အသက်မကင်း လို့ဆိုကြပါတယ်။ ဒီအကြောင်းအရာတွေကို ဖြစ်ရပ်မှန်နဲ့ရောပြီး Davinci Code ဆိုပြီးတွမ်ဟန့် ပါဝင်သရုပ်ဆောင်တဲ့ ရှပ်ရှင်ဟာ လှုပ်လှုပ်သဲသဲ ဖြစ်ခဲ့ပါတယ်။)

သူတို့တင်မက ခရစ္စတိုဖာကိုလံဗတ်၊ပထမမြောက် အယ်လီဇဘက်ဘုရင်မ၊ အဒေါ့ဖ် ဟစ်တလာ (ဟစ်တလာဟာ လျှို့ဝှက်ဆန်းကြယ်မှု နဲ့ စိတ်နယ်လွန်ဖြစ်ရပ်တွေကိုအင်မတန် ခုံမင်သောသူဖြစ်တယ်) စတဲ့သူတွေသာမက ခေတ်သစ်မှာ သမ္မတဂျော့ရှ်ဘုရှ်တို့သားအဖ၊မိုက်ကယ်ဂျက်ဆင် အစရှိတဲ့သူတွေ ကို ပတ်သက်ကြောင်း အထောက်အထားတွေနဲ့ ဖော်ပြကြပါတယ်။ သမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုတဲ့အခါ သမ္မာကျမ်းစာကိုင်ပြီးကျိန်ဆိုကြရပါတယ်။ ဂျော့ရှ်ဝါရှင်တန် ဟာ ဖရီးမေဆင်အသင်းဝင်ဖြစ်ကြောင်းဖော်ပြခဲ့ပြီးပါပြီ။

ဂျော့ရှ်ဝါရှင်တန် သမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုတဲ့အခါ သီးသန့်ရှားပါး သမ္မာကျမ်းစာကိုင်ပြီးကျိန်ဆိုခဲ့ပါတယ်။ ဒီသမ္မာကျမ်းစာ ကို “George Washington Inaugural Bible” လို့လူသိများပါတယ်။ အမေရိကန်သမိုင်းမှာ ဒီသမ္မာကျမ်းစာကိုင်ပြီး သမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုတဲ့ သမ္မတ၊ ဂျော့ရှ်ဝါရှင်တန်အပါအဝင်သမ္မတ ၅ ဦးပဲရှိပါတယ်။သူတို့တွေက…ဂျော့ရှ်ဝါရှင်တန်၊ ဝါရင် ဂျီဟားဒင်း၊ ဒွိုက်ဒီအိုက်ဆင်ဟောင်ဝါ၊ ဂျင်မီကာတာ နဲ့ ဂျော့ရှ်ဘုရှ် တို့ဖြစ်တာကိုတိုက်ဆိုင်စွာတွေ့ရပါတယ်..။

မိုက်ကယ်ဂျက်ဆင်ကတော့ သူပတ်သက်ခဲ့တဲ့အကြောင်း အရိပ်အမြွက်၊သူမဆုံးခင် အော်ပရာဝင်းဖရေးနဲ့ အင်တာဗျူးမှာဖော်ပြခဲ့ပါတယ်။သူ့ရဲ့ အသားအရေ ပြောင်းလဲခဲ့ရမှု၊သူ့ခံစားချက်၊စတာတွေကိုဖော်ပြခဲ့ပါတယ်။ ထင်ရှားတဲ့ နိမိတ်ပုံတစ်ခုကို သူူ့ရဲ့ “Black or White” သီချင်းရဲ့ နောက်ဆုံးအပိုင်းမှာဖော်ပြထားပါတယ်..။ ဒါကို မိုက်ကယ်ဂျက်ဆင်ရဲ့ Controversial Part လို့လူသိများပါတယ်..။ ဒီဗီဒီယိုမှာ သူမနှစ်သက်တဲ့ နာဇီ-တံဆိပ်၊ KKK:Ku Klux Klan (KKK ဆိုတာ အမေရိကားက လူဖြူလွမ်းမိုးရေး-အသားမဲနီဂရိုးနှိပ်ကွပ်ရေးဝါဒီတွေရဲ့အဖွဲ့အစည်းနာမည်ဖြစ်တယ်) စတာတွေကိုရိုက်ခွဲပြခဲ့တဲ့အပြင် “HolyArm Hotel” ဆိုတဲ့ ဆိုင်းဘုတ်ကိုရိုက်ခွဲပြတာတွေ့မြင်ရပါတယ်။

ဖရီးမေဆင်ရဲ့ဖွဲ့စည်းပုံမှာ အထက်ကနေတိုက်ရိုက်အုပ်ချုပ်မှုပါဝင်ပြီး Royal Arch လို့ခေါ်တယ်။ အဲဒီ Royal Arch ကိုကိုယ်စားပြုတဲ့ Holy Arm ဆိုတဲ့ဆိုင်းဘုတ်ကိုရိုက်ခွဲပြခဲ့တာတွေ..ပြန်လည်ရှင်သန်ခြင်းကိုကိုယ်စားပြုတဲ့အနေနဲ့ သုံးကြိမ်သုံးခါတိုင်တိုင် အနီးကပ် closed-up ရိုက်ပြသွားတာတွေ၊ ဒူးထောက်ကျရှုံးသွားပြီးတဲ့နောက် လွတ်မြောက်တဲ့အထိမ်းအမှတ်အနေနဲ့ ရက်ပတ်ကိုစည်တီးပြီး ဝမ်းပန်းတသာ အကျီကိုဆွဲဆုတ်လိုက်တဲ့ပြကွက်တွေ တွေ့ရပါတယ်။ သိပ်ပြီးခိုင်လုံတဲ့ အကြောင်းအရာလို့တော့ မယူဆပေမယ့် ပါးစပ်ရာဇဝင်အနေနဲ့ဖော်ပြရခြင်းဖြစ်ပါတယ်။

အဆိုတခုအရ လက်သည်မပေါ်တဲ့ ကမ္ဘာကျော်လုူသတ်မှုခင်းတွေဟာ ဒီအသင်းနဲ့ ဆက်နွယ်မှုရှိတယ်လို့ဆိုပါတယ်။ဥပမာ..ကနေဒီ့အမှု၊ 2pac ၊ဒိုင်ယာနာ၊လင်နွန်…စတဲ့မှုခင်းတွေမှာ နက်နဲတဲ့ပတ်သက်ဆက်နွယ်မှုတွေရှိနေပါတယ်။ ဘာဘဲဖြစ်ဖြစ် သေချာတာကတော့ ဒီအသင်းဟာအမှန်တကယ်တည်ရှိပြီး နှယ်နှယ်ရရမဟုတ်တာတော့အသေအချာပဲဖြစ်ပါတယ်။ အောက်ကပုံကတော့ ဒီအသင်းအမှတ်တံဆိပ်နဲ့စပ်ဆက်တယ်လို့ယူဆကြတဲ့အမေရိကန်ဒေါ်လာကပုံပါ။

ရေးသားသူ – ဒီနေရိုင်းသစ်

#Myanmarbooks

Thutazone

Likes:
0 0
Views:
532
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *