ပျောက်ကွယ်တော့မည့် ပြဇာတ်စာပေ

ကျွန်တော်တို့မြန်မာပြည်မှာ စာပေမြောက်များစွာထွက်ပေါ်လာတယ့်ယဉ်ကျေးမှုအစဉ်အလာရှိခဲ့ရာက ယခုခေတ်မှာ ပြဇတ်စာပေဆိုတာ ပျောက်ကွယ်လုဆဲအခြေအနေမှာ တည်ရှိနေပါတယ် ။

ပြဇာတ်ဆိုတာ ဘာလဲ ။ “ပြ”ဆိုတာ မြန်မာစကားသတ်သတ်၊ “ဇာတ်” ဆိုတာကပဋိကတ်စာလာတယ့် “ဇာတက” စကားလုံးပျက်နဲ့ပေါင်းစပ် ထားတာဖြစ်ပြီး အဲ့ဒီနှစ်ခုပေါင်း “ ပြဇာတ်” ဆိုတယ့်ဝေါဟာရ ဖြစ်လာတာပါ ။ “ပြ”ရဲ့အဓိပ္ပါယ်ဟာ ဖုံးကွယ်နေခြင်း၊ ဝေးလံနေခြင်း၊ရုတ်တ ရက်မမြင်သာခြင်းတို့တွင် မြင်သာအောင် လုပ်ပေးခြင်းလို့ အနက်ရှိပါတယ်။ ဝေါဟာရရတ္တပကာသနီကျမ်း ၊ စာမျက်နှာ ၄၀၁ မှာ “ရစ်သောအရာကား ဖော်ပြသည်၊ ပြတန်ဆောင်း ဟူသောအရာတို့ ထင်၏။ ထို့ကြောင့် ဖေါ်ပြဟူသည် မြင်စေခြင်းအနက်တည်း” လို့ ဆိုထားပါတယ်။

ပြဇာတ်တွေဘယ်ကစတင်လာသလဲ ။

မြဝတီမင်းကြီးဦးစ နတ်ချင်းတွေစုဆောင်းရေးသားခဲ့တာကို သိရတယ့်အတွက် ရိုးရာနတ်ပွဲများသည် ဝတ်စားဆင်ယင်ပုံဟန်အမူအရာဟာ ပြဇာတ်သဘောဖြစ်ပေါ်လာတယ်လို့ ဆိုနိုင်သလို ပျူခေတ်ကြေးရုပ်လေးတွေကို ကြည့်ခြင်းအားဖြင့်လည်း ပျူခေတ်ကတည်းက ပြဇတ်တွေဖြစ်ပေါ်နေပြီလို့ ခန့်မှန်းနိုင်ပါတယ် ။

စာပေပုံစံအရ ပျို့လင်္ကာတွေကတဆင့် ဆင်းသက်လာတယ်လို့ ယူဆပါတယ် ။ ဦးဖေမောင်တင်၏ မြန်မာစာပေသမိုင်း(စာမျက်နှာ ၁၅၅ )မှာ ရှင်မဟာရဋ္ဌသာရရဲ့ ဟတ္တိပါလပျို့ကို ပြဇတ်သဖွယ် တွေ့ရှိရတယ်လို့လည်း ဖော်ပြထားတာကို တွေ့ရပါတယ်။ ဇာတ်တော်ကြီးအနေနဲ့တော့ မဏိကတ်ပြဇာတ်ဟာ ရှေးအကျဆုံးလို့ ပြောလို့ရပါတယ် ။ မဏီကတ်ပျို့တောင်မှ အမျိုးအမည်တွေ ကွဲပါသေးတယ် ။

မဏိကတ်ပျို့ဟောင်း (ရေးသူမသိ) မင်းခေါင်ကြီးလက်ထက်( ၇၃၄-၇၈၄ ) ၊ မဏိကတ်ပျို့လတ် (ရေးသူ မင်းဒေဝကျော် ) သက္ကရာဇ် ၁၁၀၀ (လောကသုံးမည်) အစချီ ၊ မဏိကတ်ပျို့သစ် (ရေးသူ လက်ဝဲရွှေတောင် ) ဆိုပြီး တွေ့ရပါသေးတယ် ။ မဏိကတ်ပျို့သစ်ကို ဝန်ကြီးပဒေသရာဇာ ရေးတာပါ ။ တနင်္ဂနွေမင်းလက်ထက်မှာ လက်ဝဲရွှေတောင်ဘွဲ့နဲ့ မကျည်းတုံရွာကို အပိုင်စားစေတယ်လို့ မှတ်သားဖူးပါတယ်။

ရှေးအစဉ်အဆက်ကနေ အခုအထိရေးရင်တော့ ပျင်းစရာကောင်းမှာပါ ။ပြဇာတ်ခေတ်ဆိုတာ ဦးကြင်ဥ၊ ဦးပုညခေတ် ။ ကိုလိုနီခေတ်၊ လွတ်လပ်ရေးခေတ်ဦးနဲ့ ဆိုရှယ်လစ်ခေတ်တွေမှာ အတော်အားကောင်းခဲ့တာကို တွေ့ရပါတယ် ။

ပြဇာတ်ကို ကျွန်တော်တို့မမီလိုက်တယ့်ခေတ်ကလူကြီးတွေဘယ်လိုခေါ်ခဲ့မယ်ထင်လဲ ။

“လူဘိုင်အိုစကုပ်”တယ့်ဗျ ။

ဖြစ်စဉ်လေးက ၁၉၂၃ ခုနှစ် မေလမှာ ဆီးနီးမားဒီပဲရစ် ရုပ်ရှင်ရုံမှာ (ယခုဗိုလ်ချုပ်စျေး) တောမြိုင်စွန်းကလွမ်းအောင်ဖန်ဆိုတယ့်အသံတိတ် ရုပ်ရှင် ကပြခဲ့ပါသတဲ့ ။ ဇာတ်ကောင်တွေရဲ့နာမည်က ဦးရွှေရိုး၊ ဒေါ်မိုး ၊မောင်ဘဋ္ဌေး၊ ဥစ္စာစောင့် မမြညွှန့် ။ အဲ့ဒီရုပ်ရှင်ကို အတုယူပြီးတော့ သင်္ကြန်၊ သီတင်းကျွတ်၊တန်ဆောင်တိုင်ပွဲတွေမှာ အရပ်သူအရပ်သားတွေဟာဦးရွှေရိုး၊ ဒေါ်မိုး ဒီဇိုင်းဝတ်ဆင်ပြီး ကပြခဲ့ကြတယ့်အတွက် လူဘိုင်အိုစကုပ်လို့ ခေါ်ခဲ့ကြကြောင်း မှတ်သားရပါတယ် ။

ပြဇာတ်ရုံတွေကို ရန်ကုန်မှာ ၁၉၄၃ မှာ စဆောက်တယ် ။ ဗဟန်းကန်တော်ကြီးစောင်းမှာ ကန်တော်မိတ်ရုံ၊ အာဇာနည်ကုန်းနားမှာ လွင်လွင်ရုံ ၊ တိရိစ္ဆာန်ဥယျာဉ်နားမှာ မြိုင်ရုံ ၊ နတ်မောက်လမ်းထိပ်မှာ နေသူရိန်ရုံအခုတော့ တစ်ခုမှ မရှိတော့ပါဘူး ။

အဲ့ဒါကြောင့်ဘဲ ပြဇာတ်စာပေဆိုတာ ယနေ့ခေတ်ကလေးတွေအဖို့ နဝေတိမ်တောင် ဖြစ်လာနိုင်စရာရှိတယ်။ သိတယ့်သူတွေဆိုတာဇာတ်သဘင်အဆက်အနွယ်နဲ့ ယဉ်ကျေး မှုတက္ကသိုလ်ဆင်းတွေ ၊ မြန်မာစာလေ့လာလိုက်စားသူတွေလောက်ဘဲ သိနိုင်တော့တယ့် အခြေအနေပါ။

ဒီစာကို ဖတ်မိတယ့်လူကြီးတွေဟာ လွတ်လပ်ရေးနေ့ စင်တင်ပြဇာတ် (အရပ်ဇာတ်)တွေကို လွမ်းဆွတ်သတိရလာနိုင်ပါတယ် ။

အမြည်းသဘောမျိုးလောက်ပဲ ရေးခဲ့မိတယ့်အတွက် ဆောရီးပါ ။ ပြဇာတ်စာပေအကြောင်း ရေးထားတယ့် စာတမ်း( ၆ )စောင်လောက် ဖတ်ပြီးသွားတယ့်အချိန်မှာ ပြဇာတ်ဆိုတာကြီးကို ပျောက်ကွယ်မသွားရအောင် ထိန်းသိမ်းလာခဲ့တယ့် ဇာတ်သဘင်အဖွဲ့ကြီးတွေကိုကျေးဇူးတင်နေမိပါတယ်။

သူတို့ကျေးဇူးကြောင့် ပြဇာတ်ဆိုတာမတိမ်ကောသွားတာပါ ။ ပြဇာတ်စာပေကတော့ မရှိတော့သလောက် ဖြစ်နေပါပြီ ။ ဒီလောက်ပါပဲဗျာ ။

Credit : Yan Naing Win

Likes:
0 0
Views:
473
Article Categories:
BooksHistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *