“တချိန်က မြန်မာ့မင်းနေပြည်တော် အင်းဝမြို့ သမိုင်းကြောင်း”

အင်းဝမြို့သည် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြန်မာ့သမိုင်းတွင် အလွန်ကျော်စောသောမြို့ဖြစ်သည်။ မြို့သက်တမ်းမှာ ၁၉၁ နှစ်တိုင်ကြာမြင့်သည်။ မြန်မာ့သမိုင်းတစ်လျှောက် မင်းဆက်ပေါင်း ၃ ဆက်၏ ၄ ကြိမ်တိုင်တိုင် မင်းနေပြည်တော်အဖြစ် နန်းစိုက်ခဲ့သော မြို့ဖြစ်သည်။ ထိုမင်းဆက်များမှာအင်းဝမင်းဆက်(၁၃၆၄-၁၅၂၇/၁၅၅၅)ညောင်ရမ်းမင်းဆက် (၁၆၀၀-၁၇၅၂) နှင့်ကုန်းဘောင်မင်းဆက် (နှစ်ကြိမ်)

တည်နေရာနှင့်အမည်ရင်းမြစ်အင်းဝမြို့သည် ဧရာဝတီမြစ်နှင့် မြစ်ငယ်မြစ် (ဒုဌဝတီမြစ်)တို့ ဆုံရာအရပ်တွင် တည်ရှိသည်။ တံတားဦးမြို့နှင့် သုံးမိုင်မျှသာ ဝေးသည်။ မန္တလေးမြို့မှ (၁၁)မိုင်ခန့် ဝေးသည်။ရှေးအခါ အင်းဝမြို့တည်ရှိသော နေရာသည် မိုးကာလ ရေတက်ချိန်တွင် ရေများဖုံးလွှမ်းတတ်လေ့ရှိကာ ရေပြန်ကျချိန်တွင် မညီညာသည့် မြေမျက်နှာသွင်ပြင်ကြောင့် မြစ်ကျိုးအင်းများဖြစ်ကျန်နေတတ်သည် ဟုဆိုသည်။ မူလအစက အင်းဝနေရာတွင် မြို့တည်ရန် ကြိုးပမ်းသူမှာ ပင်းယ တစ်စီးရှင်သီဟသူဖြစ်သည်။

သုံးကြိမ်တိုင်တိုင်တည်သော်လည်း မြစ်ရေတက်ချိန်တွင် ရေပတ်လည်ဝိုင်းကာ မြို့ကိုရေတိုက်စားသဖြင့် မြို့ပျက်လေသည်။ ထို့ကြောင့် ပင်းယသို့ ပြောင်းရွှေ့နန်းတည်ခြင်းဖြစ်သည်။ထို့ကြောင့် သတိုးမင်းဖျား(၁၃၆၄-၁၃၆၇) အင်းဝမြို့တည်စဉ်က ထိုအင်းများရှိသည့်နေရာကို ရှောင်ရှားခြင်း၊ မြေဖို့ခြင်းများကို ဦးစွာပြုလုပ်ခဲ့သည်။ အင်းများရှိရာအရပ်ဖြစ်သည်ကြောင့်၎င်း၊ မြစ်နှစ်ကြောင်းဆုံရာ မြစ်ဝတွင်ရှိသည်ကြောင့်၎င်း အင်းဝ ဟုခေါ်တွင်ခဲ့ခြင်းဖြစ်သည်။ ၁၊ဖေဖော်ဝါရီ၊ ၁၃၆၅ က သမုတ်ခဲ့သည့် နာမည်မှာ ရတနာပူရ ဖြစ်သည်။

ထို့အတူ မြို့တည်စဉ်ကအင်း၉အင်းကို ယတြာချေသည့် အနေဖြင့် မြေဖို့စေသောကြောင့် အင်းနဝဟူ၍လည်းခေါ်ကြသည်။ သို့သော် နောက်ပိုင်း ညောင်ရမ်းခေတ်အရောက်တွင် အဝ ၊ ရွှေဝ အစရှိသဖြင့် ခေါ်ဝေါ်ကြသည်။ အချို့ရှေးဟောင်းကျောက်စာများတွင် အခွဆုမ် (အခွဆုံ) ဟူသော အသုံးအနှုန်းမျိုးဖြင့်လည်း ခေါ်သည်ကိုတွေ့ရတတ်သည်။“‘တုတ်ခွန်သွင်း-အင်းဝမြို့တည်”‘ ဆိုသော ရာဇဝင်အမှတ်အသားအရ သက္ကရာဇ် (၇၂၆)ခုနှစ်တွင် သတိုးမင်းဖျားသည် ပင်းယနှင့် စစ်ကိုင်းတို့ကို ဖျက်သိမ်း၍ အဝ (အင်းဝ) နေပြည်တော်ကို တည်ထောင်သည်။အင်းဝမြို့၏၅မျိုးမှာအင်းဝအင်းနဝရွှေဝအဝ နှင့်ရတနာပူရတို့ဖြစ်ကြသည်။

အင်းဝမြို့သမိုင်း

ပထမအင်းဝ

အင်းဝမြို့ကို စတင်တည်ထောင်သူမှာ အင်းဝမင်းဆက်ကို စတင်တည်ထောင်သူ တကောင်းမင်းဆက် သတိုးမင်းဖျား ဖြစ်သည်။ သတိုးမင်းဖျားသည် ပင်းယမြို့နှင့် စစ်ကိုင်းမြို့များကို အောင်နိုင်သိမ်းပိုက်ပြီးနောက် ပင်းယမြို့တွင် ခေတ္တစံနေတော်မူစဉ် မြန်မာသက္ကရာဇ် ၇၂၆-ခုနှစ်၊ တပေါင်းလဆန်း(၆)ရက်၊ အင်္ဂါနေ့ (အေဒီ-၁၃၆၄)တွင် အင်းဝမြို့ကို စတင်တည်ဆောက်ခဲ့သည်။ မြို့တည်သက္ကရာဇ်ကို ထုတ်ခွန်သ အင်းဝတည် ဟူ၍ အမှတ်သညာ ပြုခဲ့ကြသည်။

ကျောက်မျက်ရတနာတို့၏ မြို့တော်အဖြစ် တင်စားကာ ရတနာပူရ အင်းဝရွှေမြို့တော် ဟူ၍ ခေါ်ဝေါ်သမုတ်သည်။ဧရာဝတီ၊ ဒုဌဝတီ၊ စမုံ၊ ဇော်ဂျီ၊ ပန်းလောင် မြစ်ငါးခုဆုံရာအရပ်တွင် အင်းလေးခုကိုဖို့ပြီး ၁၃၆၅တွင် မြို့တော်ကို ရတနာပူရ ဟု၎င်း၊ နန်းတော်အား ရွှေဘုံသာ ဟု၎င်း သမုတ်သည်။ ထိုအချိန်မှအစပြုသည့် အင်းဝမင်းဆက် တစ်လျှောက်လုံးတွင် အင်းဝမှာ မြန်မာ မင်းနေပြည်တော်အဖြစ် အောက်ပြည်အရပ် ရာမညမှ မဂဒူး မင်းဆက်နှင့် စစ်ပြိုင်ပြုခဲ့ကြသည်။

မင်းဆက်များမှာ ရှမ်းမင်းများ (သို့) ရှမ်းသွေးနွယ်သောမင်းများဖြစ်ကြသည်။ ထို့ကြောင့်အင်းဝခေတ်ကို ပထမရှမ်းခေတ်ဟု ခေါ်ကြသည်။ အင်းဝမင်းဆက်မှ ဒုတိယမင်းဆက်ဖြစ်သူ မင်းကြီးစွာစော်ကဲမှသည် စတုတ္ထမြောက် မင်းဆက်ဖြစ်သူ ဘုရင်မင်းခေါင် လက်ထက်များအထိ ဟံသာဝတီ မွန်ဘုရင် ရာဇာဓိရာဇ် နှင့် အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ် ကို တိုက်ခိုက်ခဲ့ကြသည်။နောက်ဆုံးမင်းဖြစ်သည့် ရွှေနန်းကျော့ရှင်နရပတိ လက်ထက် အင်းဝ၏ အင်အားဩဇာ ယုတ်လျော့ ကျဆင်းချိန်တွင် အင်အားကြီးမားလာသည့် မိုးညှင်းစလုံ နှင့် ၎င်း၏သား သိုဟန်ဘွားတို့က အင်းဝကို သိမ်းပိုက်လိုက်ပြီး ရွှေနန်းကျော့ရှင်လည်း ကျဆုံးလေသည်။

ထို့နောက် သိုဟန်ဘွားမင်းပြုရာ ရက်စက်လွန်းလှသဖြင့် မြန်မာအမတ် မင်းကြီးရန်နောင်က ဦးဆောင်လုပ်ကြံလိုက်သည်။ မင်းကြီး ရန်နောင်အား မှုးမတ်တို့က နန်းအပ်သော်လည်း အခြား ရှမ်းစော်ဘွား တစ်ဦးဖြစ်သည့် အုန်းဘောင်ခုံမှိုင်းအား နန်းအပ်ရန် မှာကြားခဲ့ပြီး ရဟန်းပြုကာ တောထွက်သွားခဲ့သည်။ဘုရင့်နောင် ဟံသာဝတီတွင် နန်းတက်ပြီးနောက်တွင် အင်းဝကို သိမ်းပိုက်ကာ ညီတော် မင်းရဲကျော်ထင်အား သတိုးမင်းစောဘွဲ့ဖြင့် အင်းဝဘုရင်ခံအဖြစ် နန်းအပ်ကာ အုပ်ချုပ်စေသည်။

ဘုရင့်နောင်နောက် နန္ဒဘုရင် လက်ထက်တွင် ဖြစ်ပေါ်လာသည့် နိုင်ငံတော်ပြိုကွဲမှု၏ အစမှာလည်း အင်းဝမှပင် ဖြစ်ရသည်။ နန္ဒဘုရင် နှင့် သတိုးမင်းစောတို့ ဆွေမျိုးများ အချင်းချင်း မသင့်မြတ်ရာမှ ဟံသာဝတီနှင့် အင်းဝတို့ စစ်ပြုရာ အင်းဝဘုရင် သတိုးမင်းစော ကျဆုံးပြီးနောက် နန္ဒဘုရင်က မင်းလက်ယာ၊ ၎င်းလွန်လျှင် သားတော် မင်းရဲကျော်စွာ တို့ကို နန်းအပ်သည်။ နောက်ပိုင်းတွင် ပြည်တွင်းရေး မငြိမ်သက်မှုများကြောင့် အင်းဝမှ မင်းရဲကျော်စွာလည်း ဟံသာဝတီသို့ ပြန်လည်ခေါ်ဆောင်ခံရကာ အင်းဝမှာ မင်းလစ်လပ်နေခဲ့ပြီး မြို့ပျက်ကြီးသဖွယ် နှစ်အတန်ကြာနေခဲ့ရသည်။READ ဆူးလေစေတီတော်ပျောက်မသွားအောင် ကာကွယ်ခဲ့တဲ့သူရဲကောင်း (သို့) ဦးချန်ထွန်း

ဒုတိယအင်းဝ

ထို့နောက် ညောင်ရမ်းမင်းဆက်ကို တည်ထောင်သူ ညောင်ရမ်းမင်းတရားကြီးကလည်း ၁၆၀၀ တွင် အင်းဝကို သိမ်းပိုက်မင်းပြုရာမှ အင်းဝမှာ မင်းနေပြည်တော် ဖြစ်ပြန်သည်။ သို့ရာတွင် ညောင်ရမ်းမင်းဆက်မှ အနောက်ဖက်လွန်မင်း လက်ထက်တွင် အောက်ပြည်အရပ်ကို သိမ်းသွင်းရန် နန်းသက် တစ်လျှောက်လုံးနီးပါးမျှ ဟံသာဝတီတွင် နန်းစိုက်နေခဲ့ရသည်။

သာလွန်မင်း (၁၆၂၈-၁၆၄၈)လက်ထက်ရောက်မှ အင်းဝသည် မင်းနေပြည်တော်အဖြစ် ပြန်လည် ရောက်ရှိလာရသည်။ ညောင်ရမ်းမင်းဆက် နောက်ဆုံးအချိန်များတွင် မင်းများ ညံ့ဖျင်းသည်ကြောင့်၎င်း၊ ရာသီဥတု ဖောက်ပြန်သည်ကြောင့်၎င်း တိုင်းပြည်အနှံ့ မငြိမ်မသက် ဖြစ်လာပြီးနောက်ဆုံးတွင် ဟံသာဝတီမှ ဆင်ဝန် ဦးအောင်လှက ဗြမိုင်းဓိရာဇာဘွဲ့ဖြင့် မင်းပြု ပုန်ကန်သည်။

ပုန်ကန်မှု အောင်မြင်ပြီး အင်းဝကို သိမ်းပိုက်ကာ အင်းဝဘုရင် မဟာဓမ္မရာဇာဓိပတိ(၁၇၃၃-၁၇၅၂) ကို ဟံသာဝတီသို့ အကျယ်ချုပ်ဖြင့် ခေါ်ဆောင်ထားရှိခဲ့သည်။ (နောက်ပိုင်းတွင် ကွပ်မျက်ခဲ့သည်။)

တတိယအင်းဝ

ညောင်ရမ်းမင်းဆက်ကျဆုံးပြီးနောက် အလောင်းဘုရားက မွန်တို့ကို တွန်းလှန်ကာ မြန်မာတို့ကိုသာမက အယုဒ္ဓယထိပါ တိုက်ခိုက်ခဲ့သည်။ ထိုအချိန်များအတွင် အင်းဝမှာ နန်းမြို့အဖြစ်မှ လျှောကျနေခဲ့ရသည်။ ဆင်ဖြူရှင်လက်ထက်အရောက်တွင် အင်းဝကို နန်းမြို့အဖြစ် ပြန်လည်အသုံးပြုသည်။သို့သော်ဘိုးတော်ဘုရား လက်ထက်တွင်မူ အမရပူရသို့ပြောင်းရွှေ့နန်းစံပြီး ဘကြီးတော်မင်း ၁၈၂၃တွင် အင်းဝသို့ ပြောင်းရွှေ့စံမြန်းပြန်သည်။

နောက်ဆုံး ၁၈၃၉တွင် အလွန်ပြင်းထန်ပြီး အပျက်အစီးများလှသော၊ လူပေါင်းများစွာ သေကြေခဲ့ရသော အင်းဝငလျင်ကြီး လှုပ်ခတ်ပြီးနောက်တွင် သာယာဝတီမင်းသည် မြို့တော်ကို အမရပူရသို့ ပြန်လည်ရွှေ့ပြောင်းလိုက်ရပြီး အင်းဝမှာလည်း ပျက်စီးမှုကြီးလှသောကြောင့် မင်းနေပြည်တော်အဖြစ်သို့ ပြန်လည်မရောက်ရှိနိုင်တော့ပေ။

လယ်တီ ဦးလှပိုင်၊ ထူပါရုံ ဘုရားသမိုင်း၊Myanmar Wikipedia

Likes:
0 0
Views:
983
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *