” ဘုံဘဝအတွင်းမှ တွေ့ကြုံခဲ့ရသော လူထူးဆန်းများအကြောင်း”

” ဘုံဘဝအတွင်းမှ တွေ့ကြုံခဲ့ရသော လူထူးဆန်းများအကြောင်း”

အခဏ်း(၁) သုခကုန်းသုဿန်မှ လူထူးဆန်းဦးပြည်အေး

စကားဆိုရာ..အမှားခွါ နှုတ်ထွက်အညီ မပလီနှင့် ဦးပြည်အေး ဘယ်တော့မှ မပလီဘူး ။ ဤစကားသည် ဦးပြည်အေးဟုခေါ်သော စိတ်မနှံ့သူ တစ်ဦး၏ နေ့စဥ်ပြောဆိုနေသော စကားများသာ ဖြစ်ပါသည် ။ ဦးပြည်အေးသည် သုခကုန်းသုဿန်၏ ဇရပ်တွင် နေထိုင်ပါသည်။ မြေပုံများအပေါ်၌ တစ်ခါတရံ တရားထိုင်ပြီး နေလေ့ရှိပါသည်။ ဆံပင်ရှည်သော်လည်း ရှုပ်ပွမနေပေ။

သုဿန်ဘေး၌ရှိသော ချောင်းရိုးလေးတွင် ရေချိုးပါသည်။ အရပ်ထဲ၊ရွှာထဲ၊စျေးထဲတွင် အလှူခံပြီး ဝမ်းရေး အတွက် စိတ်မလေးပဲ နေထိုင်သူလည်း ဖြစ်ပါသည်။ သုခကုန်းသုဿန်တွင် သုဘရာဇာအဖြစ် လုပ်ကိုင်သော ကိုမှုံကြီးသည် ဦးပြည်အေး အတွက် နေ့စဥ်ထမင်းတစ်ထုပ်ကို အိမ်မှယူလာ လေ့ရှိပါသည် ။ နာရေးကိစ္စများ မရှိသည့်ရက်များတွင် ကိုမှုံကြီး သည် ဦးပြည်အေးနှင့်အတူ တရားထိုင်ပါသည်။ တရားထိုင်ပြီးလျှင် ဇရပ်ပေါ်၌ဦးပြည်အေးနှင့် စကားလက်ဆုံ ပြောဆိုလေ့ရှိပါသည်။

မှုံကြီးရေ..ဒီနေ့တော့ ဒူဝေဝေအသံ တို့ဆီကို မလာဘူးကွ။ နာရေးကိစ္စ၏ရှေ့ပြေးအသံကနောင်ဒူဝေဝေ အသံထွက်နဲ့ နားထဲမှာသံဝေဂတရား၏နိမိတ် ပုံရိပ်အဖြစ်နဲ့ တို့များ လူတွေ ပုံသွင်းထားလို့ ကြေးစည်သံနဲ့အသုဘ ခွဲမရကို ဖြစ်နေတာကွ။ ကြေးစည်မှမရိုတ်ရင်သေသူလည်းလမ်းမဖြောင့် သလိုမျိုးနဲ့။ နောက်ပြီး ရှိသေးတယ်။ လူတွေက တို့သုဿန်ထဲမှာ အသုဘချပြီးရင် နောက်မလာနဲ့လို့ သုဘရာဇာကပြောလိုက်မှ မျက်နှာတွေက အလိုပြည့်ကျေနပ်သွားတာကွ။

တို့များကလည်း နောက်မလာနဲ့လို့ပြောလိုက် တာနဲ့ သေမည့်သူတွေကို မသေနဲ့လို့ပြောပြီး တားပေးရသည့်အလုပ်ကို ဟန်ဆောင်ပြီး လုပ်နေရသလိုမျိုး ဖြစ်နေပြီ။ တွေးကြည့်ရင် ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ့်တရားကိုယ်ရှာပြီး အငှားပါးစပ်နဲ့ မုသားကို ဝန်ဆောင်မှု့ ပေးနေသလိုမျိုး ဖြစ်မှန်းမသိဖြစ်နေတာ။ နောက်မလာနဲ့ပြောလည်း နောက်နေ့တွေလည်း သေသူကတော့ သုဿန်ကိုရောက်လာမြဲပဲ။

ဦးပြည်အေးတွေးကြည့်တာပေါ့လေ..။ လူတွေ မလိုအပ်သည့် အပိုစကားတွေနဲ့ အတော်လေးကို နေသားတကျဖြစ်နေသလားလို့ ဦးပြည်အေးပလီသည့်စကားပြောမိရင် လျှာတွေ အာတွေ ယားကုန်တာ။ ဒါကြောင့် ဦးပြည်အေးဘယ်တော့မှမပလီဘူးဟု ပြောလေ၏။ ကိုမှုံကြီး၏ ပင်ကိုယ်ဓါတ်ခံသည် ရိုးစင်းပြီး ဖြောင့်မတ်သူတစ်ဦးဖြစ်၍ရှိရင်းစွဲစိတ်၌ ဦးပြည်အေး၏ အပေါ်တွင် ဖြူစင်စွာဖြင့်ခင်တွယ် ပြီး ရိုသေလေးစားသူလည်း ဖြစ်ပါသည်။

ဝမ်းတွင်း၌အကောက်ကင်းပြီး အူစင်းသူဖြစ်သဖြင့် သိချင်သည့်အကြောင်းတို့ကိုလည်းမကွယ်မထောက် မေးတတ်သူလည်း ဖြစ်ပါသည်။ ဦးပြည်အေး..ကျုပ်..သုဘရာဇာလုပ်နေတာကြာခဲ့ပြီဗျ။ စိတ်ထဲမှာမရှင်းတာ တစ်ခုရှိတယ်။ ကိုယ့်ဖါသာကိုယ် တွေးပြီး အဖြေနဲ့ဝေးနေသည့် ကိစ္စတစ်ခုပေါ့လေ။ အခြားတော့မဟုတ်ပါဘူး။ အသုဘရုပ်အကောင်ကြီးကိုတွင်းထဲချ.. မြေမြုပ်ပြီဆိုလျှင် အုန်းသီးအခွံကျွတ်ကို ထက်ခြမ်းခွဲပြီး လက်နောက်ပြန်ပစ်သည့် ရပ်ဓလေ့ ရွှာဓလေ့ဟောင်းကို သိချင်တာပါ။

ပစ်လိုက်သည့်အုန်းသီးခွဲခြမ်းကိုလည်း ပက်လက်လား၊ မှောက်ခုံလား၊ တစ်ခြမ်းက ပက်လက်တစ်ခြမ်းက မှောက်ခုံ မျိုးစုံအောင်တော့ မြင်ဖူးပါရဲ့ဗျာ။ ဘယ်လိုအဓိပ္ပါယ်လဲလို့ လူကြီးသူမတွေကိုမေးကြည့်ပေမဲ့ ရေရေရာရာတိတိကျကျနဲ့ဘယ်သူမှ မဖြေပါဘူးဗျာ။ အဲဒီ..အုန်းသီးခွဲပြီး နောက်ပြန်ပစ်သည့်ဓလေ့ကိုဦးပြည်အေး ရှင်းပြပေးပါလား ။ ဦးပြည်အေးက မပလီတော့ အဖြေမှန် ရှိမယ်သိမယ်လို့ ထင်ပါရဲ့ဗျာဟုမေးလေ၏။ ကိုမှုံကြီး၏အမေးအားဦးပြည်အေးသည်တည်ငြိမ်စွာဖြင့် ဖြေပေးလေ၏။

တစ်ကျောင်းတစ်ဂါထာ တစ်ရွှာတစ်ပုဒ်ဆန်းနဲ့မြန်မာပြည်ကိုပတ်ကြည့်ရင် ဓလေ့အဟောင်းတွေတောင်လိုပုံနေမှာ အသေအချာပဲကိုမှုံကြီးရ။ သေသူအတွက် ရည်စူးပြီး ရောက်ရာလားရာဂတိ ဘဝကို အုန်းသီးခွဲပြီး အဖြေကြည့်သည့်ဓလေ့ထုံးစံတစ်ခုပါ။ မှန်သည်မှားသည် ထိုနှစ်လီကိုတော့ဦးပြည်အေးမသိဘူး ။ သေသူအတွက်ရည်စူးပြီးခွဲသည့်အုန်းသီးကိုလက်နောက်ပြန် ပစ်ပြီး ကျသွားသည့်အုန်းသီး၏ပုံစံကိုကြည့်ပြီး ဒီလူသည် ကောင်းရာသုဂတိသို့ရောက်သွားပြီ။ ဒီလူသည်ဒုက္ခတိဘုံသို့ရောက်သွားပြီလို့အဖြေကြည့်တာပါ။

လက်နောက်ပြန်ပစ်လိုက်သည့်အုန်းသီးသည်မြေကြီးပေါ်ကို ပက်လက်အနေအထားနဲ့နှစ်ခြမ်းစလုံး ကျသွားပြီဆိုပါစို့။ ယခုမြေတွင်းထဲမှသေဆုံးသူသည် နတ်ပြည်နဲ့လူ့ပြည်ကို ရောက်သွားပြီ။ သုခတိ ဘုံကိုရောက်သွားသူပေါ့။ အုန်းသီးက တစ်ခြမ်းမှောက်ပြီး တစ်ခြမ်းကပက်လက်ဖြစ်နေရင် သေဆုံးသူသည် ပြိတ္တာဘုံနဲ့တိရစ္ဆာန်ဘုံကို ရောက်သွားပြီလို့အ​ဖြေထွက်တယ်။ အုန်းသီးက နှစ်ခြမ်းစလုံး မှောက်သွားရင်တော့သေသူသည်သေချာပြီ ငရဲပြည်ကိုရောက်သွားတာ။

အရပ်ထဲငါးပါးမှောက်သွားတာပဲလို့ပြောသည့်စကားသည် အုန်းသီးနှစ်ခြမ်းစလုံးမှောက်သွားသူအတွက် ဂရုဏာစကားပေါ့။ ကိုဟဝှာကတော့ ငါးပါးမှောက်ပဲဟေ့ ။ မဟဝှာကတော့ ငါးပါးမှောက်ပဲဟေ့ ။ ဒီလိုမျိုး ပြောလေ့ ဆိုလေ့ ရှိတာကိုး။ သေသူ၏ရောက်ရာနေရာဘုံဘဝကို အုန်းသီးခြမ်းနဲ့ စူးစမ်းပြီး အဖြေကြည့်သည့်ဓလေ့ပါ။ မှန်သလား၊ မှားသလား ဦးပြည်အေးခင်ဗျာလို့ဆက်မမေးနဲ့တော့။ ဓလေ့တစ်ခုကို ပျက်ရယ်ပြုသလိုဖြစ်မှာစိုးလို့။လောကကြီးမှာ မှန်တယ်လို့ ယူဆပြီးလုပ်နေကြတာပဲလေ။

ရှေးဓလေ့ဟောင်းအယူအဆမှာကူးတို့ခတစ်မတ်(မတ်စေ့တစ်စေ့)ကို လူသေ၏ပါးစပ်ထဲ ထည့်ပေးလေ့ရှိတယ်။ နောက်တစ်မျိုးက စားမြိန်ထုပ်(ထမင်းထုပ်)အသုဘပို့စဥ်အခေါင်းပေါ်မှာတင်ပေးထားရတယ် တို့လူမျိုးက မဟေလည်းသုတ် ဟေလည်းသုတ်သုတ်ကြီးသုတ်ရာ လုပ်ရာမှာနံမည်ကို ကြီးလို့။ အပ်ကျမတ်ကျ မှန်သလား မှားသလားလို့ယနေ့တိုင် အဖြေရှာနေရသည့်ကိစ္စတွေက ဒုနဲ့ဒေးရှိနေတာပဲလေ မဟုတ်ဘူးလား၊ကိုမှုံကြီးဟုမေးခွန်းမေးသူကို မေးခွန်းဖြင့် ဦးပြည်အေးသည်အဆုံးသတ်စကားကို ဆိုလေ၏။

အခဏ်း(၂) သူရူးဟု ဆိုသော်လည်း အသိထူးသည့် ဦးပြည်အေး ……………… စျေးလေးကုန်း ပျံကျစျေးတန်းသို့ ဦးပြည်အေးသည် မကြာခဏ အလှူခံ ထွက်လေ့ရှိပါသည်။စားစရာ မုန့်ပဲသရေစာတို့ကိုသာအလှူခံပါသည်။ ပိုက်ဆံလှူလျှင်..အရူးနဲ့ပိုက်ဆံ ဘီးနဲ့မှန်သူရူးသဏ္ဍာန်နဲ့ မလိုက်ဖက်ဘူး။ ငွေကြောင့် ပိုက်ဆံကြောင့် လူတွေအဖြူကနေမဲညစ်ကုန်တာ။

ဦးပြည်အေး၏အရောင်မဲ့နှလုံးသားကိုအပူငွေ့မပေးပါနဲ့။ ငွေဆိုတာ အပူငွေ့ပြင်းတယ်။ ငွေပူလောင်ပြီးလူတွေ ဖြူခါပြာခါကျနေတာမြင်ဖူးတယ်မဟုတ်လား။ ဦးပြည်အေးကို ငွေမလှူနဲ့ရေလှူဟု ပြောဆိုလေ့ရှိပါသည်။ စျေးတန်း၌ ဦးပြည်အေးမပလီဘူး။ ရောင်းသူနဲ့ဝယ်သူ အသံတူပြီး လုပ်စီးပွားကိုင်စီးပွား တိုးပွားပါစေ။ ကြိုးစားကြ ။ ကိုယ့်ခွန်ကိုယ့်အားနဲ့ အကျိုးများသည့်အလုပ်ကိုနှေးတုတ်နှေးတုတ်မလုပ်နဲ့။ တုပ်မဆိုင်းနဲ့။ဟုတ်တိုင်းမှန်ရာ စကားဦးတင်။မှန်ရာကို သစ္စာဆိုမှ ဖြစ်ချင်တာနဲ့နီးစပ်တာ။

သိမှတ်စရာ စကားမှာ ညစ်ပတ်တာ မထည့်နဲ့။မှတ်ထား၊ ပါးစပ်မှာ အနာအဆာမဖြစ်စေနဲ့။ ဦးပြည်အေး မပလီဘူး။ ပါးစပ်မှာ အနာကင်းတယ်ဟု ရီရွှင်စွာဖြင့်ပြောပြီးလျှင် စျေးတန်းမှ အရပ်ထဲသို့ လှည့်လေ၏။ ဦးပြည်အေးအရပ်ထဲသို့ရောက်လျှင်ခလေးငယ်များ ဝိုင်း၍အုံလာ၏။ စျေးလေးကုန်းမှအလှူခံ၍ရလာသောမုန်မျိုးစုံတို့ကို ခလေးတို့အား ဝေငှ၍ ပေးလေ၏။

ခလေးများသည် မုန့်များရလျှင် ဦးပြည်အေးမပလီဘူးဟု ဟော်ဟစ်၍ကခုန်နေတော့၏။ ခလေးတို့ကိုမုန့်ဝေငှပြီးသော် ဦးပြည်အေးသည်နေထိုင်ရာ သုခကုန်းသုဿန်သို့ပြန်လေ၏။ သုခကုန်းသုဿန်လမ်းဦးတာမီတဲစုရှိ ဒေါ်ဘုမနှင့်ကိုသံခဲတို့ဇနီးမောင်နှံ၏အကြော်တဲ၌ ခဏနားပြီးဒေါ်ဘုမဧည့်ခံသောဗူးသီးကြော်စား၏။ရေနွေးကြမ်းသောက်၏။

စုံစီနဖာ ထွေရာလေးပါးစကားတို့ကိုပြော၏။ အဘဦးပြည်အေးရယ်..အကြော်သည်ဘဝနဲ့အနေကြာလာတာနဲ့အမျှ ဆီပူအငွေ့ဟပ်တာကတစ်မျိုး၊မီးအပူဟပ်တာကတစ်မျိုး ထင်းစိုရင်မီးခိုးအူပြီ မျက်ရည်ကကျရသေး။ ကျုပ်တို့ကို မစပါလားတော်။ ဒေါ်ဘုမ၏စကားအဆုံး၌ဦးပြည်အေးသည်ဟက်ဟက်ပက်ပက်ရီလေ၏။

ရီပြီးသော်..လုံမလေးရယ်..ဦးပြည်အေးဘဝကခြေသလုံးအိမ်တိုင်၊သစ်ရိပ်ခေါင်မိုး ဇရပ်ကျောခင်းလူတယောက်ကိုကူညီမစဖို့အရည်အချင်းမရှိပါဘူးဒီကြားထဲအရူးအနှမ်းကဖြစ်သေး။ ကဲပြော ဒီလိုလူမျိုးကလုံမလေးကိုမစဖို့ဆိုတာစိတ်ကူးတောင်မယဥ်ဝံ့ပေါင်ဗျာဟုပြောလေ၏။ အဘဦးပြည်အေးက မရူးပါဘူးတော်။သိပါ့ တတ်ပါ့ နားလည်ပါ့တော်။

မျက်လုံးက ကြည်လင်ပြီးငြိမ်သက်နေတာ။အရောင်တောင် တောက်သေး။ အရူးအနှမ်းမျက်လုံးဆိုတာ ပြာယာခပ်ပြီးကျီးကန်းတောင်းမှောက် ဂဏာမငြိမ်ဘူး။ ဘုမတို့က ဒီလောက်တော့ လူအကဲခပ်တတ်ပါ့တော်ဟုဦးပြည်အေးအား ကြည့်၍ပြောလေ၏။ ဦးပြည်အေးသည်ဒေါ်ဘုမကို ကရမက်ကိုသိလားဟုမေးပြန်၏။

မဆိုင်းမတွပင် ဒေါ်ဘုမမှလည်း သိပါ့တော်၊ရှိပါ့တော်ဟုပြန်၍ဖြေလေ၏။ အေးဟုတ်ပြီ…အကြော်..ကရမက်..စီးပွါးတက် ပူငွေ့ကင်းကွာ အေးစေလာ။ ရောက်တုန်းမမည့် ရောက်မ(ယောင်းမ) ကရမက်ကို ယောက်မပုံထွင်း။ ကြီးဖလားသေးသေးထဲမှာ ထောင်ထား။ ဖလား၏နံရံမှာ ကပ်ပြီးထောင်။ နေ့စဥ်ကရမက်ယောက်မနဲ့ကြီးဖလားလေးကို အသံမည်အောင် ခေါက်ပေး။

ကြီးသံ၊ကြေးသံပေးတယ်လို့ခေါ်တယ်။ ကြေးသံကြား..လာဘ်မိုးရွှာ လူ့ထိပ်မိုး ဟိုးဟိုးကျော် တဲကိုပြောင်း..တိုက်နဲ့နေ ယုံရင်စွမ်း..မယုံရင်ဂွမ်း ဥုံဖွ..ဥုံဖွ..ပြည်အေးမ နတ်သကြားအလိုအတိုင်းဖြစ်စေသတည်းဟု ပြော၍ဒေါ်ဘုမ၏မျက်နှာသို့တံတွေးဖြင့် သုံးကြိမ်တိုင် ဦးပြည်အေးသည်ထွေးလေ၏။ ဆက်လက်၍ဖေါ်ပြပေးပါမည်။

ဆရာဦးတိုးအောင်မြတ် ခေါ် ဆရာဦးဘုန်းမြတ်

Likes:
0 0
Views:
505

Leave a Reply

Your email address will not be published. Required fields are marked *