ငါးမူးတန်းနှင့်စီးကရက်

၁၉၃၈ ခုနှစ် ဝန်းကျင်က ဗိုလ်ချုပ်အောင်ဆန်းသည် တို့ဗမာအစည်းအရုံးတွင် သခင် ဖြစ်ကတည်းက ရုံးအိပ်ရုံးစား အဖြစ်သာ နေတော့သည်။တစ်ခါက သခင်သိန်းဖေ(ဝါးခယ်မ) သည် ဌာနချုပ်သို့လာရင်း သခင်အောင်ဆန်းနှင့် တွေ့သည်။

သခင်အောင်ဆန်းက မောင်ဂိုမာရီလမ်း ပလေဒီယံ ရုပ်ရှင်ရုံက ရုပ်ရှင်ကြည့်ချင်သည်ဟု ဆိုသဖြင့် သခင်သိန်းဖေက ဒကာခံ၍ လိုက်ပြသည်။

ထိုခေတ်က တစ်ကျပ်တန်းက ကြည့်ရန် လက်မှတ်ဝယ်ဖို့ ပြင်သောအခါ သခင်အောင်ဆန်းက ငါးမူးတန်းက ကြည့်မည်ဟု ဆိုသည်။ အနီးကပ်ကြည့်ရတော့ အရုပ်အကြီးကြီး မြင်ရတာပေါ့ ဟုလည်း ဆိုလိုက်သေးသည်။

ထမင်းမစားရသေးတော့ ထမင်းကျွေးမည် ဆိုတော့လည်း ဗယာကြော်သုပ် နှစ်ပွဲကလည်း ဗိုက်ပြည့်ပါသည်ဟု ဆိုကာ ဗယာကြော်သုပ်စားကာ တင်းတိမ်သူဖြစ်သည်။

ငွေအကုန်အကျ နည်းစေချင်သော စေတနာ ၊ နောက်ပြီး ရုပ်ရှင်ကြည့်နေကျဖြစ်သော နေရာ ၊ သခင်နိုင်ငံရေးသမား ဖြစ်သောကြောင့် လူထုနှင့် အတူနေရခြင်းမှာ အသားကျနေသောကြောင့်လည်း ဖြစ်ပေလိမ့်မည်ဟု သခင်သိန်းဖေက ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်၍ ၎င်း၏ ဘဝမှတ်တမ်းစာတွင် ဖော်ပြထားသည်။

အလားတူပင် တစ်ခါကလည်း ဗိုလ်ချုပ်အောင်ဆန်းက စီးကရက်သောက်ချင်သည် ဆိုသောကြောင့် သခင်သိန်းဖေက စီးကရက်တစ်ဘူး သောက်စေချင်သည့် စေတနာဖြင့် ဝယ်တိုက်သည်။

ဗိုလ်ချုပ်အောင်ဆန်းကမူ တစ်ဘူးလုံး မလိုပါဘူး ၊ သုံးလိပ်ပဲယူမယ်ဟု ဆိုကာ ထိုဆေးလိပ်သုံးလိပ် ကိုလည်း အနီးမှာရှိသူကို တစ်ယောက်တစ်လိပ် ဝေပေးပြီး စီးကရက်တစ်လိပ်ကိုပင် သောက်ခဲ့သည်ကို သခင်သိန်းဖေက အမှတ်တရရှိနေဆဲပင် ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း စီးကရက်သောက်သည့်ပုံသည် မရှိသလောက် ရှားပါးခဲ့ပြီး ဆင်းရဲချို့တဲ့ကာ ခြိုးခြံချွေတာ နေထိုင်တတ်သော ခေါင်းဆောင်အတွက် စီးကရက်တစ်ဘူး ဝယ်တိုက်သော်လည်း ထိုစီးကရက်တစ်ဘူးမျှကိုပင် မဖြုန်းတီး ၊ မယူဆောင်ဘဲ တစ်လိပ်သာ ယူသောက်ခဲ့ပုံမှာ ဗိုလ်ချုပ်၏ တင်းတိမ် ရောင့်ရဲတတ်သော စိတ်ဓာတ်ပင်ဖြစ်သည်ဟု မှတ်ချက်ပြုခဲ့သည် …။

#မောင်ဂိုမာရီလမ်း(ယခု ဗိုလ်ချုပ်အောင်ဆန်းလမ်း)#PALLADIUM ပလေဒီယံ ရုပ်ရှင်ရုံ (Palladium ရုပ်ရှင်ရုံကို နောက်ပိုင်းဖျက်သိမ်ခဲ့ပြီး ၊ အသစ်ပြန်လည်တည်ဆောက်ကာ New Palladium ရုပ်ရှင်ရုံ ဖြစ်ခဲ့၏။ ထို့နောက် ၎င်း New Palladium ရုပ်ရှင်ရုံအား ထပ်မံ ဖျက်သိမ်း၍ ထိုနေရာ၌ပင် ပြန်လည်တည်ဆောက်သော ရုပ်ရှင်ရုံအသစ်အား ပပဝင်း ရုပ်ရှင်ရုံဟု အမည်အသစ် ပေးလိုက်လေ၏။

ပပဝင်းရုပ်ရှင်ရုံအား ၁၉၉၂ တွင် ဖျက်သိမ်းပြီး Shangrila Hotel တည်ဆောက်ထားခြင်းမှာ ယနေ့ကာလအထိပင် ဖြစ်၏)

Credit : Michael Maung Maung

Likes:
0 0
Views:
973
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *