သခင်ဖိုးလှကြီး – အတ္ထု ပ္ပတ္တိ

အာဠာ၀က သခင်ဖိုးလှကြီးသည် တောသူတောင်သား သာမန်မျိုးရိုးမှဆင်းသက်လာသူဖြစ်သည်။ ၎င်း၏ဇာတိမှာမကွေးခရိုင်သရက်လေးပင်ရွာဖြစ်သော်လည်း မိဘအမည်နှင့် မွေးသက္ကရာဇ်ကို အမှတ်အသား မတွေ့ရပေ။

ရေနံမြေသပိတ်စတင်ချိန်ကအသက် ၃ဝ ခန့် အရွယ်ရှိသည်ဟု မှန်းဆကာသခင်ဖိုးလှကြီးကို ၁၉၀၈ ခုနှစ်ဝန်းကျင်တွင်ဖွားမြင်သည်ဟုမှန်းဆကြသည်။သူသည် ဗြိတိသျှနယ်ချဲ့အစိုးရ လက်အောက်သူ့ကျွန်ဘ၀တွင်ကြီးပြင်းခဲ့ရသောကြောင့်ဝံသာနုစိတ်ဓါတ်ပြင်းထန်လှပေသည်။

ဖိုးလှကြီး အသက် ၁၄ နှစ်အရွယ်တွင် မြေခွန်ယာခွန် မပေးဆောင်နိုင်သဖြင့် ဖခင်အား ပုလိပ်များကလာရောက်ဖမ်းဆီးသွားကြသည်။ ဤသို့ဖြင့်ဖိုးလှကြီးသည် ငယ်စဉ်ကပင် တိုင်းတစ်ပါးသားတို့၏အုပ်ချုပ်မှုကို ရွံမုန်းသွားခဲ့သည်။ဖိုးလှကြီးငယ်စဉ်ကဘုန်းကြီးကျောင်းတွင်သာ ပညာသင်ယူခဲ့ရသည်။

ဆရာတော်မှာ ဗိုလ်ချုပ်အောင်ဆန်း၏အဘိုး ဗိုလ်မင်းရောင်၏ ညာလက်ရုံး တစ်ဆူ ဖြစ်ခဲ့ဖူးသည်။၁၉၁၄ ခုနှစ်တွင် ပထမကမ္ဘာစစ်ကြီး ဖြစ်လာသောအခါအင်္ဂလိပ်တို့ စစ်ပွဲအတွက်စစ်သားများစုဆောင်းရာမြန်မာလူမျိုး အများအပြားစစ်မှုထမ်းရန်ဆင့်ခေါ်ခြင်း ခံခဲ့ရသည်။

ဤတွင် ဆရာတော်က ဖိုးလှကြီးအား စစ်ထဲ၀င်ရန် တိုက်တွန်းခဲ့၍ စစ်ထဲ လိုက်သွားသည်။ မက်ဆိုပိုတေးမီးယား စစ်မြေပြင်သို့ရောက်ခဲ့သည်။ဖိုးလှကြီးသည် စစ်မြေပြင်တွင် သုံးနှစ်စစ်မှုထမ်းခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ပြန်လည် ရောက်ရှိလာခဲ့သည်။ထို့နောက်ရေနံမြေတွင် အလုပ်ကြမ်းသမားအဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့သည်။

ယင်းသို့ လုပ်ကိုင်ရင်း ရေနံမြေ အလုပ်သမားများ ဘ၀နှင့်မျက်နှာဖြူအရာရှိကြီးများ ဂုတ်သွေးစုတ်နေမှုများကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရသည်။ဖိုးလှကြီးသည် ရေနံမြေ စတို စာရေးကြီး ဦးညီခင်၏ သမီး မညွှန့်နှင့် လက်ထပ်ခဲ့သည်။ ယင်းနောက် တို့ဗမာအစည်းအရုံးသို့ ဝင်ခဲ့ရာ သခင်ဖိုးလှကြီး အမည်တွင်ခဲ့သည်။

၁၉၃၈ မတ်လ ၁၇ ရက်တွင် ရေနံချောင်း လယ်ပေါ်တန်ဆောင်းအတွင်းပြုလုပ်သည့် အလုပ်သမားပေါင်း ၅ဝဝဝ ကျော် တက်ရောက်သည့်ဗမာနိုင်ငံလုံးဆိုင်ရာ ရေနံမြေအလုပ်သမားအစည်းအရုံးကို တည်ထောင်ရာတွင်သခင်ဘိုးလှကြီးသည် အမှုဆောင်အဖြစ် ရွေးချယ်ခံရသည်။

၁၉၃၈ ခုနှစ်တွင် ရေနံမြေ အလုပ်သမားတို့ နစ်နာချက်များကို တောင်းဆိုရာ ဘီအိုစီကုမ္ပဏီက လိုက်လျောမှု မရှိသဖြင့် ရန်ကုန်မြို့သို့ ချီတက်ဆန္ဒပြတောင်းဆိုရန် ရေနံမြေ သပိတ်တပ်ကြီး၏ ခေါင်းဆောင်အဖြစ် သခင်ဖိုးလှကြီးကို ရွေးချယ်တင်မြောက်ခဲ့ကြသည်။

၁၉၃၈ နို၀င်ဘာလ ၃၀ တွင် သခင်ဖိုးလှကြီး ခေါင်းဆောင်သည့် အလုပ်သမား ၂ဝဝဝ ကျော် ပါ၀င်သော ရေနံမြေ သပိတ်တပ်မကြီးသည် မိုင် ၄ဝဝ ကျော် ဝေးသော ရန်ကုန်မြို့သို့ ချီတက်စဉ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် မကွေးသို့ ရောက်ပြီး မကြာမီမှာပင် သခင်ဖိုးလှကြီး အဖမ်းခံခဲ့ရသည်။ သို့သော် ကိုဗဆွေ၊ သခင်ဗဟိန်း တို့၏ ရဲရဲတောက် မိန့်ခွန်းကြောင့် အားတက်လာကာ တဗိုလ်ကျ တဗိုလ်တက်ဖြင့် ဒီဇင်ဘာလ ၁၂ ရက်၌ ဆက်လက်ချီတက်ခဲ့ကြသည်။

သပိတ်တပ်ကြီး နတ်တလင်းမြို့အရောက် ၁၉၃၈ ဒီဇင်ဘာလ ၂၄ ရက်တွင် သခင်ဖိုးလှကြီး ပြန်လည်လွတ်မြောက်ကာ သပိတ်တပ်နှင့် ထပ်မံတွေ့ဆုံပြီး ခေါင်းဆောင်အဖြစ် ပြန်လည်တင်မြှောက်ခံရသည်။ ထိုအခါ သပိတ်တပ်သားများက “အာဠာဝကကွ” ဟူ၍ အားပေးချီးမြှင့်ရာမှ အာဋ္ဌာ၀က သခင်ဖိုးလှကြီး အမည်တွင်သွားခဲ့သည်။

သခင်ဖိုးလှကြီးခေါင်းဆောင်သော ရေနံမြေသပိတ်ကြီးသည် ၁၉၃၉ ဇန်နဝါရီလ ၈ ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိချိန်တွင် ရေနံမြေသပိတ်မှ ၁၃ဝဝ ပြည့် အရေးတော်ပုံကြီးအဖြစ် လူထုလူတန်းစား အလွှာအသီးသီးမှ ပါ၀င်လာခဲ့သည်။ထို့နောက် ၁၉၃၉ မတ်လ ၁၃ ရက်တွင် သခင်ဖိုးလှကြီး ခေါင်းဆောင်သော ရေနံမြေ သပိတ်တပ်မကြီးသည် ဗိုလ်တထောင် ဓနိတော (ဘီအိုစီ)၊အိုင်ဘီပီ) ကုမ္ပဏီ ဓါတ်ဆီသိုလှောင်ရေး ဌာနများသို့ ချီတက်ပြီး ဆန္ဒပြ သပိတ်မှောက်ခဲ့သည်။

ယင်းနောက် ဗြိတိသျှအာဏာပိုင်တို့က သခင်ဖိုးလှကြီးအားရူးသွပ်သွားပြီဟု ကြေညာလျက် စိတ္တဇဆေးရုံသို့ပို့လိုက်ကြသည်။ ဆေးရုံမှ ပြန်ထွက်လာချိန်တွင်ရေနံမြေသပိတ်တပ်သားများမှာ ၂ဝဝခန့်သာရှိတော့၏။သို့ဖြင့် သခင်ဖိုးလှကြီးသည်စိတ်ပျက်သွားကာကိုရင်ကြီးဝတ်သွားလေသည်။သခင်ဖိုးလှကြီးသည် ကိုရင်ကြီးဘဝြဖင့် “သပိတ်စစ်ပွဲ” အမည်ရှိစာအုပ်ကိုထုတ်ဝေကာရန်ပုံငွေရှာဖွေခဲ့သည်။ငွေရေးအချို့ရရှိလာသောအခါစိတ်မလျှော့သေးဘဲကိုရင်လူထွက်ပြီး လက်ကျန် သပိတ်တပ်သားများကို ပြန်လည်စုစည်းပြီးသံမဏိသပိတ်တပ်ပြန်ဖွဲ့စည်းခဲ့သည်။

ထို့နောက် ရွှေတိဂုံစေတီမှ ခြောက်ထပ်ကြီးဘုရား၊ ယင်းနောက် ကိုးထပ်ကြီးဘုရားသို့ ပြောင်းရွှေ့သည်။ သံမဏိသပိတ်တပ်သားများတောင်း ဆိုချက်များ မရမချင်း သေပွဲဝင်သည်အထိအစာငတ်ခံတိုက်ပွဲ ဝင်မည်ဟု ၁၉၃၉ ဇွန်လ ၅ ရက်နေ့တွင်ကြေညာခဲ့သည်။ဦးပုညွှန်ပေါင်းအစိုးရကသခင်ဖိုးလှကြီးတို့အား အလုပ်ပြန်၀င်လျှင် စပေါ်ငွေ ၁ဝ၊ ထမင်းဖိုးသုံးကျပ် ပေးမည်ဟုဖျောင်းဖျပြောဆိုခဲ့သည်။သို့သော် လက်ခ၏ မခံခဲ့ပေ။နောက်ဆုံး ၁၉၃၉ ဇွန်လ၉ ရက်နေ့တွင် တို့ဗမာအစည်းအရုံးနာယက သခင်ကိုယ်တော်မှိုင်းကဘာမဟုတ်သည့်ကိစ္စအတွက်အသေမခံရန်ဆုံးမမှအစာရေစာများပြန်လည်စားသောက်ခဲ့သည်။

ဇွန်လ ၁၈ ရက်နေ့တွင် ရေနံမြေကုမ္ပဏီများဘက်မှ ကတိ၀န်ခံချက်များ ရသဖြင့် ရေနံမြေသပိတ်တပ်သားအားလုံး အညာဆန်သင်္ဘောဖြင့် ရေနံမြေသို့ တပ်ခေါက်ပြန်သွားခဲ့ရာ ၁ နှစ်ခွဲ ကြာမြင့်ခဲ့သည့် ရေနံမြေသပိတ်တိုက်ပွဲကြီးလည်းပြီးဆုံးသွားခဲ့သည်။သခင်ဖိုးလှကြီးသည် အလုပ်ပြန်မ၀င်တော့ဘဲ၊ အလုပ်သမားများ အကျိုးကိုသာ အချိန်ပြည့် ဆောင်ရွက်ခဲ့သည်။

၁၉၄၀ ပြည့်နှစ်တွင် ရေနံမြေ အလုပ်သမားများအား စည်းရုံးကာ လုပ်သားထု လွှတ်တော် ခေါ်ယူရန် သခင်တင်နှင့်အတူ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ သို့သော် ကျင်းပရန် နှစ်ရက်အလိုတွင် သခင်ဖိုးလှကြီးတို့အဖွဲ့ ထိန်းသိမ်းခံခဲ့ရသည်။ သခင်ဖိုးလှကြီးကို မြစ်ကြီးနားမှတဆင့် ဗန်းမော်ထောင်သို့ ပေးပို့ခဲ့သည်။ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသောဘီအိုင်အေတပ်များဝင်ရောက်လာချိန်မှ လွှတ်မြောက်သွားခဲ့သည်။သခင်ဖိုးလှကြီးသည် ဂျပန်ခေတ်တွင် ဗန်းမော်မြို့ အုပ်ချုပ်ရေးမှူး တာဝန်ပေးအပ်ခြင်း ခံရသည်။

ဂျပန်ခေတ် တလျှောက်လုံးတွင် အလုပ်သမားရေး ကိစ္စကိုသာ ဆောင်ရွက်ခဲ့သည်။ သခင်ဖိုးလှကြီးသည် မကြာမီ အုပ်ချုပ်ရေးမှူး ရာထူးကို ပြန်အပ်ပြီးရေနံမြေသို့ပြန်ခဲ့ရာချောက်မြို့တွင်အုပ်ချုပ်ရေးတာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ထို့နောက်ကျန်းမာရေးအခြေအနေဆိုးရွားလာရာရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့တက်ရောက်ကုသနေရာမှ ၁၉၄၃ ခု စက်တင်ဘာလ ၂၅ ရက်နေ့တွင်သခင်ဖိုးလှကြီးသည်ဝမ်းဗိုက်အတွင်း ကင်ဆာ (Retro peritoneal Sarcoma)ရောဂါဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့လေသည်။

စက်တင်ဘာ ၂၆ ရက်နေ့တွင်မြန်မာနိုင်ငံအစိုးရအဖွဲ့ဒုတိယ၀န်ကြီးချုပ် သခင်မြ၊ဝန်ကြီးသခင်သန်းထွန်း၊ ဗမာ့ကာကွယ်ရေး တပ်မတော် စစ်သေနာပတိ ဗိုလ်ချုပ်နေဝင်းတို့ ကြီးမှူး၍ သခင်ဖိုးလှကြီး ရုပ်ကလာပ်ကို ညနေ (၃း၀၀) နာရီတွင် ကြံတောသုသာန်သို့ ပို့ဆောင်သဂြိုဟ်ခဲ့သည်။ကွယ်လွန်ချိန်၌ သားဖြစ်သူမောင်အောင်သန်းကျန်ရစ်ခဲ့သည်။ ။

Credit. .. အထုပ္ပတ္ထိ ပေါင်းချုပ်Photos များကိုလေ့လာနိုင်ရန် Google မှရှာဖွေတင်ပေးလိုက်ပါသည်။ ။

ပြန်လည်မျှဝေပါသည် CRDDaryarSai Min Thant နော်ဂဲလယ်ထူး(စာပေရဟိတ )

Likes:
0 0
Views:
1270
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *