တုတ်ပြီး ဓားပြီး သေနတ်ပြီးသူ လှေသင်းအတွင်းဝန်မင်း၏ ထူးဆန်းတဲ့ နောက်ဆုံးဘဝနိဂုံး

သီပေါမင်းလက်ထက် အင်္ဂလိပ်မြန်မာ တတိယစစ်ပွဲတလျှောက် အင်္ဂလိပ်တို့အား ခုခံတိုက်ခိုက်သူများတွင် လှေသင်းအတွင်းဝန် ဦးရွှေမောင်သည် အလွန်ကျော်ကြားလှသည်။လက်ရုံးရည် အစွမ်းထက်လှ၍ ဒုတ်ပြီး ဓားပြီးသူအဖြစ် နာမည်ကြီးသည်။

စလေမြို့စားမင်းကြီး ဇေယျကျော်ထင်ဘွဲ့ ရရှိခဲ့သူဖြစ်ပြီး “အင်္ဂလိပ် စစ်သင်္ဘောများအား ခုခံတိုက်ခိုက်ခြင်းမပြုရ” ဟူသော အမိန့်ကို ဆန့်ကျင်ကာ အင်္ဂလိပ်တို့အား တိုက်ခိုက်ခဲ့သူဖြစ်သည်။

ထိုတိုက်ပွဲတွင် ကျည်ဆန် ဗုံးဆံများကြားထဲမှ မတ်မတ်ရပ် စီစဉ်ညွှန်ကြားနေသော ဦးရွှေမောင်သည် ဒါဏ်ရာ တစ်ခုတစ်လေမှပင် မရ။သူ၏ တပည့်များကတော့ လှေသင်းအတွင်းဝန်မင်း၏ ကာယသိဒ္ဓိဆေးများကြောင့်ဟု ထင်ကြသည်။လှေသင်းအတွင်းဝန်မင်း၏ နောက်ဆုံးဘဝ နိဂုံးမှာ ထူးဆန်းလှသည်။

သီပေါမင်း ပါတော်မူပြီးနောက် အင်္ဂလိပ်တို့က ဦးရွှေမောင်အား ရာထူးရာခံများဖြင့် စည်းရုံးသော်လည်း အင်္ဂလိပ်လက်အောက်၌ လုံးဝ မလုပ်လိုဟူ၍ ငြင်းပယ်လိုက်သည်။

မိမိဇာတိ ဝါးချက်ရာသို့ မကြာခဏသွားရောက်လေ့ရှိရာ တစ်နေ့တွင် မင်းကျောင်းဆရာတော်က လှေသင်းအတွင်းဝန်၏ ဇာတာကိုယူ၍ ကြည့်သည်။ ကြည့်ရင်း- “ဒကာကြီး ဇာတာအရဆိုရင် သူတစ်ပါး လက်နက်နဲ့ မသေနိုင်ပေမယ့် အဆိပ်ရှိတဲ့ သတ္တဝါတစ်ကောင် ကိုက်ပြီး သေတတ်တယ်။ အကောင်း ပကတိကနေ ရူးသွပ်သွားတတ်တဲ့ အကောင်ကြီးကြီးကိုသတိထားပါ” ဟု မိန့်ဆိုလေသည်။

လှေသင်းအတွင်းဝန်ကတော့ ဆရာတော်၏ အဆိုကို သိပ်သဘောမကျ။ ဓား ၊ သေနတ်နဲ့တောင်မသေတဲ့သူက အကောင်ကိုက်လို့ သေမယ် ဆိုသည်ကြောင့်ပင်။သို့သော် မိမိယုံကြည်ရသည့် ဆရာတော့်စကားကို မပယ်ရှားဝံ့။ ဆရာတော်စကားကို စဉ်းစားကြည့်လျှင် မိမိကိုကိုက်မည့် အကောင်မှာ ခွေးရူး ဖြစ်နိုင်ကြောင်း ဦးရွှေမောင်သိသည်။

သို့ဖြင့် အသေအချာ စဉ်းစားပြီးသည့်နောက် ခွေးရူး ကာကွယ်ရေး အစီအစဉ်များကို လုပ်ဆောင်သည်။ ယခင်မြို့ထဲရှိ အိမ်၌ မနေတော့ပဲ မိမိပိုင် တက်သေးအင်းနားရှိ ဥယျာဉ်ခြံထဲက အိမ်လေးတွင် ပြောင်းရွှေ့နေထိုင်သည်။အိမ်လေးမှာ ခြေတံရှည်အိမ်ဖြစ်ပြီး အိမ်လေးဆီကို ရောက်ရန် ပေ ၁၀ဝ ခန့် ကျယ်သော ချောင်းကို ဖြတ်ကူးရမည် ဖြစ်သဖြင့် ခွေးရူး မရောက်နိုင်ဟု ထင်မိသည်။

ထိုအိမ်လေးတွင် နေရင်းတစ်နေ့တွင် အတွင်းဝန်မင်း၏ သားဖြစ်သူ နေထိုင်မကောင်း ဖြစ်သဖြင့် နေ့မအား ညမအား ပြုစုရသည်။ယင်းသို့ ပြုစုနေစဉ်အတွင်း တစ်မနက် အာရုဏ်တက်ချိန်တွင် ခွေးရူးတစ်ကောင်သည် ချောင်းကို ဖြတ်ကူးကာ အတွင်းဝန်မင်း၏ အိမ်သို့ ရောက်ရှိလာခဲ့သည်။

နံနက်စောစော ထမင်းထချက်သည့် အမျိုးသမီးကမြင်သဖြင့် ခွေးရူးအား ဟိန်းဟောက်လိုက်သည်။ထိုအသံကို ကြား၍ အတွင်းဝန်မင်းထလာရာ ခွေးရူးသည် အတွင်းဝန်မင်း၏ ခြေသလုံးအား ကိုက်လိုက်လေတော့သည်။ ခွေးရူးသည် လှေအတွင်းဝန်မင်းအား ကိုက်ပြီးသည်နှင့် မည်သည့်နေရာရောက်သွားမှန်းမသိ။

ပျောက်ခြင်းမလှ ချက်ချင်း ပျောက်သွား၏။(အမှန်မှာ ခွေးရူးများသည် ရေကြောက်ရမည် ဖြစ်သော်လည်း ဒီခွေးရူးကမူ ရေမကြောက်ပဲ ချောင်းကို ဖြတ်ကူးကာ ဦးရွှေမောင်ကိုကိုက်၍ ပျောက်သွားသည်မှာ ထူးဆန်းလှသည်)ဦးရွှေမောင်သည် ခွေးရူးရောဂါကို ဆေးအမျိုးမျိုး ၊ ဆရာအမျိုးမျိုးနှင့် ကုသပါသော်လည်း မသက်သာတော့ပဲ နောက်ဆုံး ထိုရောဂါဖြင့်ပင် ဆုံးပါးသွားလေသည်။

အန္တရာယ်ကို ကြိုသိ၍ ကာကွယ်ထားပါသော်လည်း ကာကွယ်ထားသည့်ကြားမှပင် အသက်ဆုံးသွားရသည့် လှေအသင်းဝန်မင်း၏ နိဂုံးမှာ ထူးဆန်းလှပေတော့သည်။

crd_to_owner ရာဇဝင်ထဲက ဖြစ်ရပ်ဆန်းများ – တင်နိုင်တိုး မြန်မာ့သမိုင်းဝင် သမိုင်းတွင်ခဲ့သောဖြစ်ရပ်များ

နော်ဂဲလယ်ထူး (စာပေပရဟိတ)

Likes:
0 0
Views:
617
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *