မြန်မာပြည်ရဲ့ နောက်ဆုံးရှင်ဘုရင် သီပေါမင်းနဲ့ မိဖုရားခေါင်ကြီး စုဖုရားလတ်

သမိုင်းမှတ်တမ်းအမှန်များကိုသာလေ့လာဖော်ထုတ် တင်ပြပေးနိုင်ကြပါစေ.

ရောင်စုံကာလာနဲ့ရိုက်ကူးထားတဲ့ပထမဓာတ်ပုံကို “မြန်မာပြည်ရဲ့ နောက်ဆုံးရှင်ဘုရင် သီပေါမင်းနဲ့ မိဖုရားခေါင်ကြီး စုဖုရားလတ် အိန္ဒိယမှာ စံတော်မူနေစဉ်ဓာတ်ပုံ” ဆိုပြီး page အတော်များများမှာ ဖော်ပြနေကြတာကို သတိထားမိပါတယ်။

အဲဒီဖော်ပြချက်တွေဟာလုံးဝမှားယွင်းနေပါတယ်။အမှန်ကသီပေါမင်းနဲ့စုဖုရားလတ်တို့ရဲ့ဒုတိယသမီးတော်အရှင်ထိပ်စုမြတ်ဖုရားလတ်နဲ့ မြောက်သားတော်လို့ခေါ်တဲ့ ကြင်ရာတော်လတ်သခင်တို့ရဲ့ဓာတ်ပုံပါ။(၂၉.၁၁.၁၈၈၅) ရက်နေ့မှာအရှင်နှစ်ပါး ဂေါဝိန်ဆိပ်ကမ်းကနေ အိန္ဒိယကိုပါတော်မူတော့ ပထမသမီးတော် “အရှင် ထိပ်စုမြတ်ဖုရားကြီး” နဲ့ ဒုတိယသမီးတော် “အရှင် ထိပ်စုမြတ်ဖုရားလတ်” တို့ပါ မိဘတွေနဲ့အတူ လိုက်ပါလာခဲ့ရပါတယ်။

ပါတော်မူစဉ်တုန်းကဒုတိယ သမီးတော်ကလေးဟာ အသက်၂ နှစ်သမီးအရွယ်သာ ရှိနေသေးပြီး မဒရပ်မှာမွေးဖွားခဲ့တဲ့ တတိယသမီးတော် “အရှင် ထိပ်စုမြတ်ဖုရား” ကတော့ အရှင်နန်းမတော် စုဖုရားလတ်ရဲ့ဗိုက်ထဲမှာ ကိုယ်ဝန် ၇ လခန့်နဲ့ ပါတော်မူခဲ့ရရှာတာပါ။အငယ်ဆုံးသမီးတော်ဖြစ်တဲ့စတုတ္ထသမီးတော် “အရှင် ထိပ်စုမြတ် ဖုရားကလေး”ကတော့ ရတနာဂီရိ ရောက်မှ မွေးဖွားခဲ့တဲ့သူဖြစ်ပါတယ်။

ရတနာဂီရိမှာနှစ်ပေါင်းများစွာ အကျယ်ချုပ်ခံနေရတဲ့ အရှင်နှစ်ပါးထံ အမြောက်ဝန်မဘဲမြို့စား ဦးခင်မောင်ကြီးနဲ့ ဇနီးဖြစ်သူ အပျိုတော် မှန်သာကြီး ရွာစားဟောင်းတို့ဟာ သားသမီးများနဲ့အတူ ၁၉၁၁ ခုနှစ် နောက်ပိုင်းမှာ လိုက်ပါ ခစားခဲ့ကြပါတယ်။အမြောက်ဝန်ကရတနာဂီရိစံ အရှင်နှစ်ပါးရဲ့ အပါးတော်မြဲ အဖြစ် ခစားခဲ့သလို၊ သူ့ရဲ့သားလတ်ဖြစ်သူဦးခင်မောင်လတ်ကလည်း လက်ထောက် အပါးတော်မြဲအဖြစ် ခစားခဲ့ပါတယ်။

အဲဒီလိုခစားနေရင်းဒုတိယသမီးတော်နဲ့ ဦးခင်မောင်လတ် တို့ဟာ လူငယ်တို့ဘာဝ ချစ်ကြိုက်မိကြပြီး အရှင်နှစ်ပါးက သဘောမတူတာကြောင့် (၁၁.၁၀.၁၉၁၆)ရက်နေ့မှာ နှစ်ဦး သဘောတူ ခိုးပြေးခဲ့ကြပါတယ်။ (အဖြူအမည်းနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံဟာ သူတို့နှစ်ဦး ရတနာဂီရိမှာ စံနေစဉ်တုန်းက ဓာတ်ပုံပါ။)(၁၅.၁၂.၁၉၁၆) ရက်နေ့မှာသက်တော် ၅၈ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ သီပေါမင်းနတ်ရွာစံတော်မူခဲ့ပါတယ်။သီပေါမင်း နတ်ရွာစံပြီးနောက်ဗြိတိသျှအစိုးရရဲ့ စီမံပို့ဆောင်မှုကြောင့် (၁၁.၄.၁၉၁၉) ရက်နေ့မှာ စုဖုရားလတ်နဲ့ သမီးတော်သုံးပါးဟာ ရတနာဂီရိကနေ ရန်ကုန်သို့ ပြည်တော်ပြန်ခဲ့ရပါတယ်။

ဒုတိယသမီးတော်နဲ့ကြင်ရာတော် လတ်သခင်တို့ကတော့ အိန္ဒိယမှာပဲ နေရစ်ခဲ့ကြပါတယ်။အိန္ဒိယအမျိုးသားနဲ့အိမ်ထောင်ကျသွားခဲ့တဲ့ ပထမ သမီးတော်ကြီးကလည်း မြန်မာပြည်သို့ ပြန်ရောက်ပြီး များမကြာမီမှာပဲ သူ့ခင်ပွန်း နေထိုင်ရာအိန္ဒိယကို သမီးဦးကလေး “တုတု” ရဲ့ လိုက်ကိုဆွဲပြီး ပြန်သွားတာကြောင့်မြန်မာပြည်မှာ စုဖုရားလတ်၊ တတိယသမီးတော်နဲ့ စတုတ္ထ သမီးတော်တို့သာ အသက်ထက်ဆုံး နေထိုင်သွားခဲ့ကြရတာပါ။အိန္ဒိယမှာကျန်ရစ်ခဲ့တဲ့ဒုတိယသမီးတော်နဲ့ ကြင်ရာတော် လတ်သခင်တို့မှာသားသမီး မရှိပါဘူး။ အိန္ဒိယ ယောက်ျားကလေးတစ်ယောက်ကို သားအဖြစ်မွေးစားခဲ့ပါတယ်။

အစောပိုင်းမှာရတနာဂီရိမှာစံနေပြီး နောက်ပိုင်းမှာတော့အိန္ဒိယနိုင်ငံ၊ ဒါဂျီလင်မြို့အနီးက “ကလင်ပုံမြို့” သို့ ပြောင်းရွှေ့ စံမြန်းခဲ့ကြပါတယ်။ဆေးရောင်စုံကာလာနဲ့မြင်တွေ့ရတဲ့ဓာတ်ပုံကတော့ ၁၉၅၃ ခုနှစ်မှာ ကလင်ပုံမြို့၌ စံမြန်းနေထိုင်လျက်ရှိတဲ့ ဒုတိယသမီးတော်နဲ့ ကြင်ရာတော် လတ်သခင်တို့ထံကမ႓ာကျော် Life မဂ္ဂဇင်းမှ ဓာတ်ပုံဆရာ Jame Burke က လာရောက် တွေ့ဆုံပြီး ခွင့်ပြုချက်အရ ရိုက်ကူးထားတဲ့ ဓာတ်ပုံပါ။ကလင်ပုံမြို့စံအိမ်အနီးက ရှုခင်းနောက်ခံတွေနဲ့ ရိုက်ကူးထားခြင်းဖြစ်ပြီး လတ်သခင် တစ်ဦးတည်း ပန်းချီဆွဲနေတဲ့ပုံတွေအပြင် အခြားပုံတွေလည်း ရှိနေပါသေးတယ်။

ဒုတိယသမီးတော်ဟာ၁၈၈၃ ခုနှစ်မှာ မွေးဖွားခဲ့သူဖြစ်တာကြောင့် အဆိုပါဓာတ်ပုံရိုက်ကူးခဲ့စဉ်တုန်းက သက်တော် ၇၀ ခန့် ရှိနေပါပြီ။ လတ်သခင် ကိုယ်တော်ကြီးကတော့ ဒုတိယ သမီးတော်ထက် အသက် အနည်းငယ်ခန့် ငယ်တယ်လို့ သိရှိ မှတ်သားခဲ့ရပါတယ်။လတ်သခင်ကိုယ်တော်ကြီးဟာတစ်ချိန်တုန်းက ရတနာပုံရွှေနန်းတော်ကြီး အတွင်းမှာ ဓားထက်ခဲ့တဲ့ တိုင်တားမင်းကြီး ဦးဖိုးရဲ့ မြစ်တော်တစ်ပါးပါ။(လတ်သခင်ရဲ့ဖခင် ဦးခင်မောင်ကြီးဟာ တိုင်တားမင်းကြီး ဦးဖိုးရဲ့သမီး ပတိမ်းသခင်ကနေ မွေးဖွားခဲ့တဲ့သူ ဖြစ်ပါတယ်။)

လတ်သခင်ဟာ ငယ်ငယ်တုန်းက ဗြိတ်သျှကိုလိုနီ မြန်မာပြည် ပုလိပ်တပ်ဖွဲ့မှာ ရာဇဝတ်အုပ်အဖြစ် အမှုထမ်းခဲ့ဖူးပေမယ့် မျိုးချစ်စိတ် ပြင်းထန်သူမ်ုိ့ ခဏနဲ့ ပြန်ထွက်ခဲ့ပါတယ်။သေနတ်ပစ် လက်ဖြောင့်ပြီး နယ်ချဲ့ဗြိတိသျှတွေကိုလည်း ခါးခါးသီးသီး မုန်းတီးလှသူမို့ ကလင်ပုံမြို့က သူတို့ရဲ့ နေအိမ် ခြံဝင်းရှေ့မှာ Europeansand dogs are not allowed (ဥရောပ တိုက်သားများနှင့် ခွေးများ မဝင်ရ) ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို သွေးရဲလွန်းလှစွာ ချိတ်ဆွဲထားခဲ့တဲ့ သူပါ။

အဲဒီလိုဆိုင်းဘုတ်ချိတ်ဆွဲထားပါလျက်နဲ့ နေအိမ် ခြံဝင်းထဲကို ဂျစ်ကားနဲ့ အတင်းတိုက်ဖွင့်ပြီးကျူးကျော် ဝင်ရောက်လာခဲ့တဲ့ ကလင်ပုံ မြို့ရဲ့ မျက်နှာဖြူအရေးပိုင်ကို သေနတ်နဲ့ပစ်ခတ်ပြီး ခပ်ကြမ်းကြမ်း ဆုံးမပြခဲ့တဲ့ သူပါ။ဒါ့အပြင်အိန္ဒိယဘုရင်ခံချုပ်ကိုနှစ်ယောက်ချင်း သေနတ်ယှဉ်ပစ်ဖို့ စိန်ခေါ်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ဗြိတိသျှအစိုးရကပေးကမ်း ထောက်ပံ့နေတဲ့ ပင်စင် ရိက္ခာတော်ငွေအပေါ်မှာသာ မှီခို အားထားနေရတဲ့ မျက်နှာငယ်ဘဝမျိုး ဖြစ်နေပေမယ့် ဒုတိယသမီးတော်ကလည်း မျိုးချစ်စိတ် ပြင်းထန်သူလို့ ပြောရမှာပါပဲ။

ဘာပြုလို့လဲဆိုတော့မြန်မာတိုင်းရင်းသား အပေါင်းတို့ရဲ့ လက်နက်ကိုင် နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲတွေ၁၈၉၆ ခုနှစ် နောက်ပိုင်းမှာ ပြိုလဲသွားခဲ့ရပြီးတဲ့နောက် နယ်ချဲ့တို့ရဲ့ စစ်သံဖနောင့်အောက်မှာ မြန်မာပြည်သူ ရဟန်းရှင်လူတွေအားလုံး ပြားပြားမှောက်ပြီး ရွံကြောက်ကြောက်နေရတဲ့အချိန်မျိုးမှာ “ဂရက်ဒေါက် ပြန်သွား” လို့ ရဲရဲတောက် ဟစ်ကြွေးခဲ့တဲ့သူတစ်ယောက် ပေါ်ပေါက်လာခဲ့ပါတယ်။သူကတော့ရခိုင်လူမျိုး စစ်တွေဇာတိဖြစ်တဲ့ “ဆရာတော် ဦးဥတ္တမ” ပါ။

ဆရာတော်ဟာမြန်မာပြည် လက်ထောက်ဘုရင်ခံဖြစ်သူ ဆာရယ်ဂျီနယ် ဂရက်ဒေါက်ကို အဲဒီလို မကြောက်မရွံ့နဲ့ ဆန့်ကျင် နှင်ထုတ်ခဲ့တဲ့အပြင် သူ့ကျွန်ဘဝအောက်ကမြန်မာ ပြည်သူတွေကိုလည်း ဝံသာနုရက္ခိတ တရားတွေ ဟောကြားပြီး မကြောက်တရားတွေ သွင်းပေးခဲ့ပါတယ်။ဗြိတိသျှအစိုးရကလည်းသူတို့ကို ဆန့်ကျင်နေတဲ့ဆရာတော် ဦးဥတ္တမကို ပုဒ်ထီး ပုဒ်မ မျိုးစုံတပ်ပြီး အကြိမ်ကြိမ် ထောင်ချခဲ့ပါတယ်။

ဒါပေမယ့်နယ်ချဲ့တွေကို တစ်စက်ကလေးမှ မကြောက်ရွံ့တဲ့ ဆရာတော်ကတော့ နယ်ချဲ့တို့ရဲ့အကျဉ်းထောင်ကို ကျောင်း သင်္ခမ်းအဖြစ် သဘောထားကာ ထောင်ကနေလွတ်လာတာနဲ့ ဝံသာနု တရားတွေကို ဆက်ပြီးဟောနေမြဲပါပဲ။အဲဒီတုန်းကဗြိတိသျှအစိုးရဟာ ထောင်ကျ ရဟန်း သံဃာတွေကို အကျဉ်းထောင်ထဲမှာ သင်္ကန်းဝတ်ရုံခွင့် မပေးခဲ့ပါဘူး။ဒါကြောင့်ဆရာတော်ဟာ ထောင်ထဲမှာ သာမန်အကျဉ်းသားတွေ ဝတ်ဆင်ကြရတဲ့ ပိတ်ဖြူနံငယ်ပိုင်းကိုသာ ဝတ်ဆင်ပြီး သီတင်းသုံးခဲ့ရတာပါ။

အဲဒီအကြောင်းတွေကိုဒုတိယသမီးတော် ကြားသိလိုက်ရတဲ့အခါ ဘယ်လိုမှ စိတ်မချမ်းမြေ့ပါဘူး။ဒါကြောင့်မြန်မာပြည် လက်ထောက်ဘုရင်ခံထံ ဆရာတော်ကို သင်္ကန်းဝတ်ရုံခွင့်ပေးဖို့ စာရေးတောင်းဆို တိုက်ပွဲဝင်ခဲ့ပါတယ်။မြန်မာပြည် သတင်းစာများကလည်းဆရာတော့်ကိုသင်္ကန်းဝတ်ရုံခွင့်မပေးဘဲ ထောင်ချထားမှုအပေါ် ဗြိတိသျှအစိုးရကို မကြောက်မရွံ့နဲ့ ဝိုင်းဝန်း ကန့်ကွက် ဆန့်ကျင် ဆန္ဒပြပြီး အကျဉ်းထောင်ထဲမှာ သင်္ကန်းဝတ်ရုံခွင့်ပေးဖို့ ရဲရဲတောက် တောင်းဆိုခဲ့ကြပါတယ်။

အဲဒါကြောင့်နောက်ဆုံးမှာတော့ ဗြိတိသျှအစိုးရဟာ ဆရာတော် ဦးဥတ္တမအပါအဝင် အကျဉ်းကျ ရဟန်းသံဃာများကို အကျဉ်းထောင်ထဲမှာ သင်္ကန်းဝတ်ရုံခွင့် ပြုပေးခဲ့ရပါတော့တယ်။ဒီနေရာမှာဆန်းကြယ်လွန်းလှတဲ့ ကံကြမ္မာတရားတစ်ခုကိုလည်း တင်ပြပေးချင်ပါသေးတယ်။အရှင်နှစ်ပါးပါတော်မူစဉ်အခါတုန်းက အရှင်နှစ်ပါး၊ မယ်တော် ဆင်ဖြူမရှင် မိဖုရားကြီး၊မိုင်းနောင် စုဖုရားကြီး၊ ရမည်းသင်း စုဖုရားကလေးနဲ့ သမီးတော်ကလေး နှစ်ပါးတို့ဟာ နွားနှစ်ကောင်ဆွဲတဲ့ ဗီရိုလှည်း နှစ်စီးအပေါ်မှာ အသီးသီး စီးနင်းပြီး လိုက်ပါခဲ့ကြရတာပါ။

(“သူ့ကျွန် မခံပြီ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဗီရိုလှည်းနဲ့ ပါတော်မူနေရရှာတဲ့ အရှင်နှစ်ပါးရဲ့ ကြေကွဲဖွယ်ရာ မြင်ကွင်းတွေကို တွေ့မြင်ဖူးကြပါလိမ့်မယ်။)အဲဒီဗီရိုလှည်းနှစ်စီးအနက်တစ်စီးက ရွှေတိုက်ဝန် ပေါက်မြိုင်မြို့စား အတွင်းဝန်ဦးလှဘူးရဲ့ လှည်းဖြစ်ပြီး နောက်တစ်စီးကတော့ (လတ်သခင်ရဲ့ ဖခင်) အမြောက်ဝန် မဘဲမြို့စား ဦးခင်မောင်ကြီးရဲ့ လှည်းပါ။

ဗီရိုလှည်းပိုင်ရှင်ဦးခင်မောင်ကြီးရဲ့သားနဲ့ ဗီရိုလှည်းပေါ်မှာ စီးနင်း လိုက်ပါလာခဲ့ရတဲ့ အရှင်နှစ်ပါးရဲ့ ဒုတိယသမီးတော်ကလေးတို့ဟာ နောင် နှစ်ပေါင်း ၃၁ နှစ်ခန့်အကြာမှာ ဖူးစာဆုံခဲ့ရတာကတော့ ထူးဆန်းလွန်းလှတဲ့ တိုက်ဆိုင်မှုတစ်ခုလို့ပဲ ပြောရလိမ့်မယ် ထင်ပါတယ်။ဒုတိယသမီးတော်နဲ့ကြင်ရာတော် လတ်သခင်တို့ဟာ မြန်မာပြည်ကို ပြန်မလာဖြစ်ကြတော့ဘဲ အိန္ဒိယနိုင်ငံမှာသာ အသက်ထက်ဆုံး နေထိုင်သွားခဲ့ကြပါကြောင်း…။သမိုင်းမှတ်တမ်းအမှန်များကိုသာလေ့လာဖော်ထုတ် တင်ပြပေးနိုင်ကြပါစေ..

Credit: Kyaw Swar Myint

Likes:
0 0
Views:
1304
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *