ညောင်ရမ်းခေတ်၏ လက်ရာ‌ကောင်းစာပေတစ်ခုဖြစ်ခဲ့သော ပုတ္တောဝါဒဆုံးမစာပျို့

ညောင်ရမ်းခေတ်၏ လက်ရာ‌ကောင်းစာပေတစ်ခုဖြစ်ခဲ့သော ပုတ္တောဝါဒဆုံးမစာပျို့

တောင်ငူခေတ် ပျက်သုန်းပြီးနောက် ၁၆ ရာစုနှောင်းပိုင်းတွင် ဘုရင့်နောင်၏ သားတော်တစ်ပါးဖြစ်သော ငယ်မည် ရှင်သစ္စာ၊ ဘွဲ့ မည် မင်းရဲနန္ဒာမိတ်ခေါ်သော ညောင်ရမ်းမင်းတရားကြီးမှ ညောင်ရမ်းမင်းဆက်ကို စတင်တည်ထောင်ခဲ့သည်။ ၁၆ ရာစုနှောင်းမှ ၁၈ ရာစုအလယ်အထိ နှစ်ပေါင်း ၁၅၀ ကျော် တည်တန့်ခဲ့သော ညောင်ရမ်းခေတ်တွင် ညောင်ရမ်းမင်းဆက် ( ၁၁ ) ဆက်စိုးစံခဲ့သည်။

ညောင်ရမ်းမင်းဆက်မှ ဘုရင်များသည် အင်းဝကိုနန်းစိုက်ရာ မြို့တော်အဖြစ် အသုံးပြုခဲ့ကြသဖြင့် ညောင်ရမ်းခေတ်ကို #ဒုတိယအင်းဝခေတ် ဟုလည်းခေါ်ကြသေးသည်။ ညောင်ရမ်းခေတ်တွင် ညောင်ရမ်းမင်းတရားကြီး၊ အနောက်ဘက်လွန်မင်း၊ သာလွန်မင်း တို့ကဲ့သို့ လက်ရုံးရည် နှလုံးရည် ထက်မြတ်သောမင်းများ ပေါ်ထွန်းခဲ့သလို မြန်မာ့စာပေသမိုင်းရဲ့ အထင်ကရ စာဆိုတော်များ၊ ပညာရှိများ ပေါ်ထွန်းလာသည့်အတွက် မြန်မာ့ယဉ်ကျေးမှုတိုးတက်ရေးတွင် အရေးပါသည့် ခေတ်ကာလအဖြစ် သတ်မှတ်ကြသည်။

ပေကို သရိုး၊သစ်စေးကိုင်ပြီး ဆေးဒန်းနှင့် အက္ခရာရေးကာ ရွှေချသည့် ရွှေစာရေးနည်းလည်း စတင် ပေါ်ပေါက်လာခဲ့သည်။ ညောင်ရမ်းခေတ်တွင် ထင်ရှားသောစာဆိုရှင်များမှာ ဝရာဘိသင်္ဃနာထဆရာတော်၊ စစ်ကိုင်း ရှင်အရိယဝံသ ဆရာတော်၊ တောင်ဖီလာဆရာတော်၊ သဒ္ဓမ္မလင်္ကာရဆရာတော်၊ ရှင်ကရဝိက၊ ဆားထုံဆရာတော်၊ ဝန်ကြီးပဒေသရာဇာ၊ ဦးကုလား၊ ဦးအောင်ကြီး၊ ရှင်သံခို၊ ဟံသာဝတီရောက်မင်းတရားကြီး တို့ဖြစ်ကြသည်။

ညောင်ရမ်းခေတ်၏ ထင်ရှားသော ရဟန်းစာဆိုတော်တစ်ပါးဖြစ်သူ ဆားထုံဆရာတော် သည် မုံရွာအနီး မောင်းထောင်ကြီးရွာ၌ အဖဦးခိုင်၊ အမိဒေါ်ညှာ တို့မှ သက္ကရာဇ် ၉၁၈-ခု၊ တန်ဆောင်မုန်းလဆန်း(၅) ရက်၊ တနင်္လာနေ့တွင် ဖွားမြင်ခဲ့ပေသည်။ ငယ်မည်မှာ #မောင်ခုန် ဟူသတည်း။မောင်ခုန်သည် အသက် ၂ဝ-ပြည့်၍ ရဟန်းပြုသည်တွင် ဘွဲ့မည်မှာ #သျှင်ကဝိန္ဒ ဖြစ်၏။

နောင်အခါတွင် မုံရွာမြို့တောင်ဘက် ခုနစ်မိုင်ကွာသော ချက်တွင်းဖြစ် အနောက်ဘက်ကမ်းမှ ဆားထုံရွာ (ယခု ဆားထုံး) တွင် သီတင်းသုံးနေတော်မူသောကြောင့် ဆားထုံဆရာတော်ဟု တွင်သည်။ဆားထုံဆရာတော်သည် #ပုတ္တောဝါဒပျို့ နှင့် #ပရိတ်ကြီးဋီကာ ကို ရေးသား ပြုစုတော်မူခဲ့ ၏။

ရှေးရှေးသော စာပေတို့၌ ပုတ္တောဝါဒပျို့ကို တောင်တွင်းဆရာတော် ခင်ကြီးဖျော် ရေးသား သည်ဟု အဆိုပြုကြ၏။ သို့ရာတွင် ပုတ္တောဝါဒပျို့ အပိုဒ် ၁၇—၌—“ ထုံးဟောင်းနည်းနာ၊ အဖြာဖြာကို၊ သိသာစေလို၊ ကဗျာချိုနှင့်၊ ဆိုအံ့သောငှာ၊ ဆားထုံရွာ၏၊ ဒိသာတောင်စောင်း၊ စဉ်းငယ်ရှောင်းသည်၊ ချောင်းရှေ့ဘက်ကမ်း၊ ပန်းကားဝေဝေ၊ သီးမျိုးထွေ၍၊ ”စသည်ဖြင့် ရေးစပ်ထားရာ ဆားထုံဆရာတော် ရေးသားကြောင်း ခိုင်မာစွာ သိရှိရပေသည်။

ဖော်ပြပါ အဖွဲ့များကို နှိုင်းယှဉ်ကြည့်ရာ၌ #ဆားထုံရွာ၏ ဟုလည်းကောင်း၊ #ဆားတုံရွာ၏ ဟုလည်းကောင်း အမျိုးမျိုး တွေ့ရှိရသည်။ သို့ဖြစ်၍ ယခုခေါ်ဝေါ်နေသော ‘ဆားထုံး’ဟူသည့် ဝေါဟာရနှင့် အနီးစပ်ဆုံး ဖြစ်သော ‘ဆားထုံ’ကိုသာ အတည်ပြု၍ ဖော်ပြအပ် ပေသည်။

အခြားစာပေများ၌ကား ဆားတုံဆရာတော် ဟု ရေးသားကြသည်။ ဆရာတော် ပျံလွန်တော်မူသည့် သက္ကရာဇ် အမှတ်အသားကိုကား မတွေ့ရသေးဘဲ ရှိပါသည်။ဆားထုံဆရာတော် ( ၉၁၈-၉၇ဝ ခန့် ) က ရေးသားပြုစုခဲ့သည့် ပုတ္တောဝါဒ ဆုံးမစာမှ

အဘကသားကိုဆုံးမခန်း ၁။ “ပန်း၏ပမာ”၊ ဤလင်္ကာတွင်၊ မာတာပိတ၊ ဆိုဆုံးမသား၊ ထိုစကားကို၊ မှတ်သားကုန်ကြ၊ မိန့်လိုက်ပြအံ့၊ မွေးဘလက်ရုံး၊ မြပန်းကုံးသို့၊ နှစ်လုံးဝမ်းက၊ ချစ်နိုးလှသည်၊ သားလှရွှေတောင်၊ ဘသည်းခေါင်၊ နားထောင်၍သာ၊ စေ့စေ့နာလော့၊ မိရာဘရည်၊ တည်မည်အကြောင်း၊ ကောင်းသားကျင့်ဝတ်၊

စာအတတ်ကို၊ သားမြတ်ယခု၊ တတ်ကြောင်းပြုလော့၊ ဗဟုသုတ၊ မရှိကမူ၊ လျှော့ကျရေတူ၊ လူမဟူရ၊ ရှက်ကြီးရလိမ့်၊ နောင်တဆယ်ကြိမ်၊ ညှိုးပိန်မျက်နှာ၊ ပွဲမှာမဝင်၊ ပြင်မှာမရောက်၊ တောမှာမျောက်သို့၊ ခြေထောက်လက်စုံ၊ ရှိတုံပါလျက်၊ လူပျက်လူနှမ်း၊ လူ့ပေါက်ပန်းနှင့်၊ ဆိုးသွမ်းလူပေါ့၊ ထဲသော့သော့ဟု၊ ကဲ့ရဲ့ပြုလိမ့်။ ။ “ညီပုရှက်မည် ထင်၏တည်း”။

၂။ “ထို့ကြောင့်သားထွေး”၊ ငယ်ထွေးလေးက၊ လူရေးလူရာ၊ ရှိစိမ့်ငှာဟု၊ ကျောင်းမှာမြဲနေ၊ စာပေသင်သင်၊ သို့လျှင်သို့ဖတ်၊ သို့မှတ်သို့ရေး၊ သို့မေးသို့ဖြေ၊ သို့နေသို့ထိုင်၊ သို့ကိုင်သို့ကြွ၊ သို့ကွသို့ကုန်း၊ သို့သုံးသို့စွဲ၊ သို့လဲသို့ထား၊ သို့စားသို့သောက်၊ သို့လျှောက်သို့ဆို၊ သို့ကိုသို့ကျင့်၊ သို့နှင့်သို့လျှိုး၊ သို့ရှိခိုးဟု၊ မြတ်နိုးလှစွာ၊ ညီဆရာက၊ မိန့်သမျှကို၊ ညီလှမင်းရွှေ၊ မမေ့စေနှင့်၊ စေ့ရေမွေးဘ၊ မှာသမျှကို၊ ညီလှရွှေနား၊ ချပ်ခါထား၍။ ။ “သည်းဖျာ့းမှတ်စေ ချင်၏တည်း”။

၃။ “သည်းဖျားမှတ်စိမ့်”၊ တဖန်မိန့်အံ့၊ နှစ်သိမ့်ဝမ်းသာ၊ ညီနားနာလော့၊ လူရွာလျှပ်ပေါ်၊ ရွှင်မြူးပျော်သည်၊ သူတော်မဟုတ်၊ လူယုတ်လူသောင်း၊ လူဗူးတောင်းနှင့်၊ မကောင်းမှုများ၊ နေ့တိုင်းပွားသည်၊ သောက်စားယစ်ဝ၊ လူ့ဗာလက၊ စသည်လူတွင်၊ လူလေဖင်နှင့်၊ ပျော်ရွှင်စကား၊ လူမိုက်များတို့၊ ပေါင်းညားရံခါ၊ နီးယှဉ်လာတည်း၊ ဝေးစွာသားလှ၊ ခွာနိုင်မှတည့်၊ သားလှကိုယ်ကျိုး၊ စုံပြည့်ဖြိုးလိမ့်၊ ကြိုးလေသားလှ၊ မှာသမျှကို၊ မချမြေဝယ်၊ မပယ်နှင့်ကား၊ ဘစကားကို၊ ရွှင်အားရ၍။ ။ “သားလှမှတ်စေ ချင်၏တည်း”။

နှမကမောင်ကိုဆုံးမခန်း ၁။ “ဤသို့သာယာ”၊ ပျားသကာလည်း၊ ပမာမမျှ၊ ချစ်နှမက၊ မောင်လှကိုသာ၊ လူရေးရာ၌၊ လိမ္မာစေလို၊ တစ်ဖန်ဆို၍၊ နားချိုမောင်လှ၊ မွေးဘမျက်စိ၊ မွေးမိမျက်တောင်၊ နှမမောင်၊ မောင်ငယ်ရင်သွေး၊ နာဘိသေးလော့၊ ရှေးသရောအခါ၊ ပြည်ဗာရာဝယ်၊ ကုဋေကြွယ်သား၊ သူဌေးအားလျှင်၊ သားတယောက်ဖြစ်၊ ချစ်၍တစေ၊ အိမ်မှနေ၍၊ စာပေမကျ၊ မိဘစုတေ၊ ခန္ဓာရွေ့သော်၊ အရှေ့အနောက်၊ တောင်မြောက်ဘယ်မှာ၊ မသိပါငြား၊

သူဌေးသားသည်၊ သိုထားမတတ်၊ အရပ်ရပ်၌၊ နှံအပ်ဥစ္စာ၊ ရှိသည်ငှာကို၊ များစွာကျွန်ပေါင်း၊ မကောင်းခိုးသူ၊ ယူ၍ပြေးရှောင်၊ အိမ်ကိုရောင်း၍၊ ထောင်းထောင်းကျေလျက်၊ ခွက်လက်စွဲကာ၊ တောင်းစားပါလည်း၊ နင်သာလူမိုက်၊ ဒုစရိုက်ဟု၊ ရိုက်ပုတ်လိုက်ကြ၊ ရွာမှထွက်လေ၊ တောမှာသေသည်။ ။ “ကောင်သေလင်းတ ကျ၏တည်း”။

Ref; ဘုန်းနွယ် ( ရေစကြို )၊ ရဟန်းစာဆိုတော်များ အတ္ထုပ္ပတ္တိ၊ နှာ – ၅၇။ မြန်မာဝိကိပီးဒီးယား

SitNyeinLu

Likes:
0 0
Views:
574
Article Categories:
BooksHistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *