ဖက်ဆစ်တော်လှန်ရေးအတွက် လူစုပေးခဲ့တဲ့ ဇာတ်မင်းသမီး ( သို့ ) လွတ်လပ်ရေး အောင်သန်းတင်

ဖက်ဆစ်တော်လှန်ရေးအတွက် လူစုပေးခဲ့တဲ့ ဇာတ်မင်းသမီး ( သို့ ) လွတ်လပ်ရေး အောင်သန်းတင်

မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းကြရာတွင် မြန်မာ့တော်လှန်ရေး အဖွဲ့များသာမက စာပေဂီတပညာရှင်များကလည်း စာပေအလျှောက် ဂီတအလျှောက်၊ ရုပ်ရှင်ဇာတ်သဘင် ပညာရှင်များကလည်း မိမိတို့ ကျွမ်းကျင်ရာပညာများဖြင့် တတပ်တအား ပါဝင်ခဲ့ကြပါတယ်။ ဇာတ်သဘင် ပညာရှင်များက မျိုးချစ်စိတ်တက်ကြွစေမည့် ဇာတ်လမ်းဇာတ်ကွက် များဖြင့် မြန်မာတိုင်းရဲ့စိတ်ကို ရဲဝံ့တက်ကြွစေခဲ့ပါတယ်။

ထိုသူများထဲတွင် ဇာတ်မင်းသမီးကြီး အောင်သန်းတင် မှာလည်း တစ်ယောက် အပါဝင်ဖြစ်ခဲ့ပါတယ်။သူ့ကို အောင်သန်းတင်ဟု ဆိုလိုက်လျင် လွတ်လပ်ရေးအောင်သန်းတင်ဟု တွဲ၍ သိကြပါတယ်။ လွတ်လပ်ရေးဟူသော အမည်ကို တချို့ က နားမလည်ကြ၊ အလုံလွတ်လပ်ရေးကွက်သစ်မှာနေလို့ လွတ်လပ်ရေးအောင်သန်းတင် ဟု ဆိုသူက ဆိုကြပါတယ်။

တကယ်တော့ လွတ်လပ်ရေး ဟူသောဝိသေသကို ဗိုလ်ချုပ်အောင်ဆန်းပေးခဲ့ခြင်းသာ။မင်းသမီးအောင်သန်းတင်ဟာ နယ်တကာလှည့်ကာ မျိုးချစ်စိတ် ထက် သန်စေသော သီချင်း၊ အက များဖြင့်ဖျော်ဖြေရင်း ဖက်ဆစ်တော်လှန်ရေးအတွက် လူစုဆောင်းပေးခဲ့သူလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းက” လွတ်လပ်ရေး ရကိုရရမယ် ဆိုတဲ့အတိတ်နမိတ် နဲ့ အောင်သန်းတင်ကနေ လွတ်လပ်ရေးအောင်သန်းတင် နာမည်ပေးလိုက်မယ်” လို့ ချီးကျူးရင်း နာမည်ပေးခဲ့ပါတယ်။

“ကာယကံရှင်ကိုယ်တိုင်ကလည်း လွတ်လပ်ရေးအောင်သန်းတင် ဆိုတာ ဗိုလ်ချုပ်ပြောင်းပေးတဲ့နာမည်ပါ။ အဲသည်အတွက် အင်မတန် ဝမ်းမြောက်ဂုဏ်ယူပါတယ်” ဟု ပြောခဲ့ပါတယ်။ ထိုအဖြစ်ကိုသိထား သူများက မင်းသမီးကြီးကို တလေးတစား တန်ဖိုးထား ဆက်ဆံကြပါတယ်။

လွတ်လပ်ရေး ဒေါ်အောင်သန်းတင်ကို ၁၉၂၀ ပြည့်နှစ်တွင် ရန်ကုန်မြို့၊ ကြည့်မြင်တိုင်ရပ်၌ အဖလူရွှင်တော်ကြီး ဦးတောက်ထိန်၊ အမိ ဒေါ်အေးတို့မှ မွေးဖွားခဲ့ပြီး ဂရိတ်ဦးဖိုးစိန်ရဲ့ ဇာတ်အဖွဲ့မှာ ယိမ်းသမအဖြစ် စ တင်ပါဝင်ခဲ့ပါတယ်။

နောက်ရွှေမန်းဇာတ်အဖွဲ့သို့ပြောင်းရွှေ့ကာ ရွှေမန်းတင်မောင် နာမည်ကြီးခဲ့တဲ့ ဗုဒ္ဓဝင်ဖွားတော်မူခန်း၊လေးတော်တင်ခန်း၊တောထွက်ခန်း၊ လယ်ထွန်မင်္ဂလာ၊ မုန်းလို့ဟုတ်ဘူး၊ မလှချင်၊ ဂီတရူး၊ရွဲကုန်သည်၊ ဗိမ္မိသာရ၊ လက်ဝဲသုန္ဒရ အစရှိသော ကဇာတ်ပြဇာတ် အော်ပရာများတွင် ရွှေမန်းတင်မောင်နှင့်တွဲဖက် ကပြရာ ရွှေမန်းတင်မောင် – အောင်သန်းတင် ဟုအတွဲညီစွာ ထင်ရှား ခဲ့ပါတယ်။

နှစ်ဆောင်မြိုင်၊ ယမင်းသူဇာ ဇာတ်ကားများကိုလည်း ရိုက်ကူးခဲ့ပါတယ်။၁၉၆၀ တွင်တရုတ်နှင့် ဗီယက်နမ်နိုင်ငံများသို့ ယဉ်ကျေးမှုအဖွဲ့ဝင်အဖြစ် သွားရောက်ကပြခဲ့ပါတယ်။

၁၉၉၂ ခုနှစ် ရွှေမန်းသဘင်မှ အနားယူပြီးနောက်မှာတော့ ဆို၊က၊ရေး၊တီး ပြိုင်ပွဲများတွင် အကနှင့် ဇာတ်သဘင် အကဲဖြတ်ပညာရှင်အဖြစ်လည်ကောင်း၊ ယဉ်ကျေးမှု၊အနုပညာဦးစီးဌာန၏ အကြံပေးပုဂ္ဂိုလ်အဖြစ်လည်ကောင်း ကျရာတာဝန်များကို ထမ်းဆောင် ရင်း အသက် ၉၄ နှစ် အရွယ်မှာ ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန် အထိ ဗိုလ်ချုပ်ပေးခဲ့တဲ့နာမည်က တသားတည်း ပါသွားခဲ့ပါတယ်။

ကိုးကားပြန်ကြားရေးဝန်ကြီးဌာန စာမျက်နှာ မြန်မာ့စွယ်စုံကျမ်း

နန္ဒာမိုးကြယ် – ခြေခြေမြစ်မြစ်နှစ်နှစ်ကာကာ မြန်မာ့ဗဟုသုတ ၁၀၀

CRDThuta Kabar YuWati နော်ဂဲလယ်ထူး (စာပေပရဟိတ)

Likes:
0 0
Views:
885
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *