နွားတထောင် အပိုင်း(၁) ( ခင်နှင်းယု

အပိုင်း(၁)

ပတ်ဝန်းကျင် အခြေအနေများသည် အားလုံးပင် တူညီနေကြ၏။ မိသည် ဝမ်းမှကျွတ်စ အသံကုန် ဟစ်ငိုသလို ဟစ်၍ငို၏။ ငယ်ငယ်တုန်းက လက်ခြေများကို ကလန်ကလန်နှင့် လှုပ်ရှားနေသလို ယခုလည်း ခေါင်းအုံးကို ပုတ်ခတ်တွန်း၍ ငို၏။မိ၏မေမေကမူ အနားတွင် ငြိမ်သက်စွာရပ်၍ မတုန်မလှုပ် ကြည့်နေလေ၏။မိကို မွေးဖွားစဉ်က မွေးခန်း၏အပြင်ဘက်တွင် မမကြီးသည် ရင်တထိတ်ထိတ်နှင့် စောင့်လင့်သလို ယခုလည်း မေမေနှင့် မိတို့ တွေ့ဆုံကြခြင်းအတွက် ဘယ်လိုအဖြေထွက်လာမည်ကို မမကြီးသည် ရင်တဖိုဖိုနှင့် စောင့်လင့်၏။တဖက်ခန်းတွင်လည်း ဖေဖေသည် မိမွေးဖွားချိန်တွင် ပင့်သက်ဖြာ၍ အသက်ရှူမှားမိသလို ယခုလည်း သမီးမရွှေမိအတွက် ပင့်သက်လှိုက်ဖို၍ စောင့်လင့်၏။

မေမေတယောက်သာ အားလုံးနှင့် မတူပေ။ မိ မမွေးဖွားခင်ကတော့ အမှန်ပင် သူသည် ဝမ်းမှကျွတ်ချိန်အတွက် ရင်တထိတ်ထိတ်နှင့် မျှော်လင့်မိသော်လည်း ယခုတချိန်တွင်မူ မေမေသည် ဘယ်တုန်းကနှင့်မျှ မတူအောင် တည်ငြိမ်လှ၏။ မိကို စူးစိုက်၍ ကြည့်နေ၏။ ခုတင်ဘေးရှိ ကုလားထိုင်တွင် ဝင်ထိုင်၍ သမီးကို ငြိမ်သက်စွာ ကြည့်မြဲ ကြည့်နေ၏။ မေမေက ယခုလို ငြိမ်နေလေလေ မိက ငိုလေလေ ပို၍ဆူလေလေဖြစ်၏။“မေမေ မတရားဘူး”မိသည် ရှိုက်၍ငိုရာမှ တချက်တချက် မေမေ့ကို လှမ်း၍ပြော၏။“ဟုတ်ချင်လည်း ဟုတ်မှာပေါ့။ မငိုပါနဲ့တော့ သမီးလေးရယ်၊ မငိုပါနဲ့တော့။ မေမေရဲ့အမှားတွေလည်း အများကြီးပါတယ်ဆိုတာ မေမေဝန်ခံပါတယ်။

မငိုပါနဲ့တော့”မေမေသည် တွတ်တွတ်နီနေသော မိမျက်နှာကို ကြည့်ရင်း သူ့ရင်ခွင်ထဲတွင် နီနီထွေးထွေးနှင့် မွေးစဖြစ်သော မိမျက်နှာကို ပြန်၍မြင်လာ၏။ ယခင်ကတော့ သူ့ရင်ခွင်ထဲတွင် သူလုပ်သမျှ ငြိမ်သက်စွာ ခံနေရ၏။ ယခုတော့ သူနှင့်ကိုယ်နှင့် အတူဖြစ်လာပါပကော။ယခုလိုအချိန်တွင် ကလေးလို ဆက်ဆံ၍မရတော့။ မိသည် တောင်းလည်း တောင်းဆိုတတ်၏။ ချေလည်း ချေပတတ်၏။ သူ့ရဲ့အခွင့်အရေးကိုလည်း သူ နားလည်လာလေပြီ။ခင်ခင်လေးသည် အမေတယောက်အနေနှင့် ဣနြေ္ဒရရပြောနေသော်လည်း သူ့ကိုယ်သူ စိတ်ထဲမှ အပြစ်တင်နေမိ၏။ မိခင်တယောက်အနေနှင့် တစ်နေ့သောအခါ ရင်ဆိုင်ရမည့်အရေးကို ရှောင်ရှားနောက်တွန့်နေခဲ့မိသော သူ့အဖြစ်များကို တကွက်စီ တကွက်စီ ပြန်၍မြင်လာ၏။အတိတ်များအားလုံးသည် အနာဂတ်အကြောင်းအရာတို့၏ ဖြစ်ပေါ်ရာအကြောင်းရင်းများ မဟုတ်ပါလား…။

အမှန်မှာ မိကို မမွေးဖွားမီကပင် ခင်ခင်လေးသည် စိတ်ကူးထဲတွင် အားလုံးကို ရင်ဆိုင်မိပါ၏။ အတွေးမျိုးစုံကိုလည်း တွေးထားပေသည်။ သားဖွားရခြင်းဆိုသည်မှာ ဘယ်လိုပါလိမ့်…။‘သားတို့ ရုပ်ရည်၊ သီတာမည်သား’ ဟူ၍လည်း အဆိုရှိ၏။ မိကို ကိုယ်ဝန်ရှိကတည်းက သီတာရေယဉ်၏ အရသာကို ခင်ခင်လေးက စဉ်းစားခဲ့ပါ၏။လရောင်၏အောက်တွင် ကုမုဒြာကြာသည် ပွင့်အာ၍လာသကဲ့သို့ပင် သားသမီးမွေးဖွားရခြင်းသည်လည်း ရွှင်လန်းနှစ်သိမ့်ဖွယ် ကောင်းလေသလော။ပြာသောကောင်းကင်တွင် ထွက်ပြူစ လဝန်းကို ရှုမြင်ရသကဲ့သို့ ကြည်လင်ချမ်းမြေ့လေသလော။ပန်းပေါင်းစုံရနံ့ကို ဆောင်ယူလာသော လေညင်း၏ ဖြေးဆေးညံ့သက်စွာ တိုက်ခတ်ခြင်းဖြင့် အိပ်ရာမှ နိုးလာသူကဲ့သို့ ချမ်းမြေ့အားတက်ဖွယ် ကောင်းလေသလော။ဘယ်လိုများပါလိမ့်… ဘယ်လိုများပါလိမ့်။ ခင်ခင်လေးသည် အမြဲတွေး၏။

တယောက်တည်းတွေး၍ အားမရသောအခါတွင်မူ သူသည် ကိုအောင်မြင့်ကို မေး၏။“ကိုရယ် ကလေးရလာရင် မွေးလာရင် ဆိုပါတော့ စိတ်ထဲမှာ ဘယ်လိုဖြစ်လဲဟင်”ကိုသည် ပြုံး၏။“ကိုယ်လည်း ဘယ်သိမလဲ ခင်ခင်လေးရယ်။ ယောက်ျားလည်း ဖြစ်ပြန်၊ ကလေးလည်း မမွေးဘူးတော့ ဘယ်နဲ့လုပ်သိမလဲ”ခင်ခင်လေးသည် သူ့မေးခွန်းအတွက် စိတ်ပျက်သွားပြန်၏။“ကိုကလည်း နောင်ဆိုရင် မိဘဖြစ်ရတော့မှာပဲဟာ၊ ဘယ်လိုနေမလဲဆိုတာ စိတ်မှ မကူးကြည့်တော့ဘူးလား”“ကူးတော့ ကူးတာပေါ့ ခင်ခင်လေးရယ်”ကိုသည် ခပ်အေးအေးပင် ပြန်၍ပြော၏။ အမှန်တော့လည်း ကိုအောင်မြင့်သည် လူအေးဖြစ်၏။ တွေးစရာရှိရှိ၊ လုပ်စရာရှိရှိ ခပ်အေးအေးပင် လုပ်၏။ တွေး၏။ သူတွေးသော အတွေးအတွက်လည်း သောကများကို မဖြစ်ပွားစေပေ။

ခင်ခင်လေးသည် ကို့ကို အားမရ၍ မမကြီးထံသို့ သွားပြန်၏။“မမကြီးရယ်၊ ကလေးမွေးရင် ဘယ်လိုဖြစ်လာလဲ။ စာတွေထဲမှာပါသလို တကယ်ပဲ ရင်ထဲမှာ အေးချမ်းနှစ်သိမ့်သွားလား၊ ပြီးတော့ ဘာဖြစ်လာဦးမှာလဲ”မမကြီးသည် ဟက်ဟက်ပက်ပက်ရယ်၏။“ခင်ခင်လေးရယ်၊ မမကြီးက အပျိုကြီးပဲဟာ ဘယ်နှယ်လုပ် သိမလဲ၊ တနေ့… တနေ့ ဒါပဲတွေးနေတာပဲ။ မိလတ်တို့များ သူ့လိုမဟုတ်ပါဘူး။ သူ့မှာဖြင့် ကလေးတယောက်ရတာ နေစရာပဲ မရှိတော့ဘူး။ သုံးလပဲ လိုတော့တာဟာ သိမှာပေါ့၊ တွေးမနေနဲ့တော့…”မမကြီးကိုလည်း သူဘာမှ ပြန်မပြောရဲ၍ သူ့တယောက်တည်း မမွေးဖွားသေးသော ကလေးကို တွေး၍နေ၏။ မမကြီးပြောသည်မှာ မှန်၏။ ခင်ခင်လေးသည် သောကများလွန်းလှသည်။ခင်ခင်လေးတို့ ညီမသုံးယောက်တွင် မမကြီးက အကြီးဆုံးဖြစ်၍ ခင်ခင်လေးက အငယ်ဆုံးဖြစ်၏။

ခင်ခင်လတ်မှာ အလတ်ဖြစ်၏။တခေတ်တုန်းကမူ ပင်စင်စား အရေးပိုင်ကြီး၏ သမီးများအဖြစ် ခင်ခင်ကြီး၊ ခင်ခင်လတ်နှင့် ခင်ခင်လေးတို့သည် ကြယ်ရောင်လရောင်လို တောက်ပခဲ့၏။ ကောင်းစားခဲ့ကြ၏ ဆိုလျှင် ပို၍မှန်ပေမည်။သုံးယောက်ထဲတွင် ခင်ခင်လတ်သည် ခေတ်ကောင်းကို အမှီပြု၍ အသုံးချတတ်၏ ဆိုလျှင် မမှားပေ။ ခင်ခင်လတ်ခေတ်သည် အိုင်စီအက်များ ကောင်းစားချိန်ဖြစ်၍ ခင်ခင်လတ်သည် အိုင်စီအက် နယ်ပိုင်တယောက်ကို ရလိုက်၏။ ခင်ခင်လတ်တို့ဘက်မှ စိန်တဆင်စာ၊ မင်္ဂလာအခမ်းအနားအတွက် ကုန်ကျသမျှနှင့် ငွေတစ်သောင်းတိတိ လက်ဖွဲ့ရလေသည်။ခင်ခင်ကြီးကမူ “ငါတော့ လင်ကိုများ ဝယ်ယူရမယ်ဆိုရင် တသက် လင်မယူဘူးဟေ့” ဟုဆို၏။ မှန်၏။ မမကြီးသည် ယခုထိ လင်မယူသေးပေ။ သူ့တသက်တာတွင် ယူတော့မည် မဟုတ်ပေ။ အချိန်များ လွန်ခဲ့လေပြီ။ခင်ခင်လေးအတွက်မူ လင်ကို မဝယ်နိုင်ခဲ့ပေ။ ခင်ခင်လေး အရွယ်ရောက်စတွင် ခင်ခင်လေး ဖေဖေသည် ကွယ်လွန်ခဲ့၏။

ခင်ခင်လေးတွင် အဖေ၏ အရောင်ထင်ဟပ်ခြင်းကို မခံရတော့ပေ။ အစစ ငွေကိုလည်း သတိထားလာရ၏။ မေမေကိုယ်တိုင်ကပင် “ခင်ခင်လေးအတွက်တော့ မေတ္တာနဲ့လာပြီး တောင်းခံတဲ့လူကိုပဲ ပေးစားနိုင်မှာပဲ၊ တို့ကတော့ဖြင့် ငွေကုန်ကြေးကျခံပြီး မပေးစားနိုင်တော့ဘူး” ဟူ၍ သူတို့အထက်လွှာ လူဒလံ၊ လူပွဲစားလုပ်နေသည့် ကြီးကြီးမြိုင်တို့အား လေသံလွှင့်လိုက်၏။ မှန်၏။ ခင်ခင်လေးတို့ မေမေတွင် လက်ဝတ်လက်စားနှင့် ယခုနေသော ကုက္ကိုင်းက အိမ်သာရှိ၏။ ကျန်ရစ်သောငွေကိုလည်း ယခုနေသွားကြသော အချိန်တွင် ဘာမျှမလုပ်ဘဲ အေးအေးစားသုံးသွားရမည် မဟုတ်ပါလား။မရွှေလတ်ကမူ ဝင်းဝင်းတောက်၍ နေပေ၏။ သူအရေးပိုင်ကတော် ဖြစ်ချိန်တွင် ခင်ခင်လေးကို မေမေတို့ လက်ထပ်ပေးစားရ၏။ ခင်ခင်လေးကိုမူ ကိုအောင်မြင့်တို့မိဘက တောင်းရမ်း၍ အားလုံးအကုန်အကျခံ၏။

ကိုအောင်မြင့် မိဘတွေမှာလည်း ရိုး၍ ရှေးဆန်၏။“တမိသားနဲ့ တမိသားဆက်ဆံရေးမှာ ကျွန်မတို့ကလည်း မေတ္တာကိုပဲ လိုချင်ပါတယ်” ဟူ၍ ကိုအောင်မြင့်မေမေက ပြော၏။ခင်ခင်လေးမေမေကလည်း… “ကျွန်မသမီးကို မေတ္တာနဲ့ တန်ဖိုးဖြတ်ရတဲ့အတွက် ပိုပြီးဝမ်းသာပါတယ်” ဟု ပြန်ပြော၏။ခင်ခင်လတ်၏ မင်္ဂလာဆောင်လို လျှမ်းလျှမ်းမတောက်သော်လည်း ခင်ခင်လေးမင်္ဂလာဆောင်သည် ငြိမ်းချမ်းသာယာစွာပင် ပြီးဆုံးခဲ့၏။ခင်ခင်လေးသည် မမကြီးကို မင်္ဂလာမဆောင်ခင်က မေး၏။“မမကြီး မေမေက ခင်ခင်လေးကိုတော့ လာတောင်းတဲ့လူရှိမှ ပေးစားတယ်၊ မမလတ်တုန်းကတော့ ဘာဖြစ်လို့ ရှာပေးစားတာလဲ။ ပြီးတော့ မမလတ်တုန်းက မိန်းကလေးဘက်က တင်တောင်းလိုက်ရတာ အများကြီးပဲ။ ခင်ခင်လေးကျတော့ ယောက်ျားလေးက တင်တောင်းတယ်”မမကြီးသည် ညီမကို စိုက်၍ကြည့်ရင်း…“မိဘဆိုတာ နားလည်ရတယ်။ ကိုယ့်သားသမီး အခြေအနေကို ကြည့်ရတယ်။

မိလတ်ကတော့ သိတဲ့အတိုင်း ဆတ်ကော့လတ်ကော့ မဟုတ်လား၊ ကြာရှည် အပျိုဘဝနဲ့နေလို့ တစ်ခုခုဖြစ်သွားရင် ကိုယ့်သမီးမှာ တန်ဖိုးလျော့သွားမှာပေါ့။ သည်တော့သည်လို ကိုယ်ပိုင်ပုံမရတဲ့ သမီးမျိုးကျတော့ သင့်တော်တဲ့သူ မြန်မြန်ရှာပြီး မိဘက နေရာချပေးရတယ်။ ကိုယ်က တင်တောင်းသင့်လည်း တောင်းရတာပဲ။ လက်ထပ်ပြီးတော့ စိတ်အေးရတာပေါ့။ ပြီးတော့လည်း အမှန်အတိုင်းပြောရရင် အိနြ္ဒရပြီး ပိပြားတဲ့ မိန်းကလေးတွေအဖို့ လိုချင်သူ မရှားဘူးပေါ့။ ကိုယ်ကလည်း လိုက်ရှာဖို့ မလိုဘူး”ခင်ခင်လေးသည် ငြိမ်၍နားထောင်နေ၏။ အမှန်တော့ သူလက်ထပ်ရခြင်းကိုမူ ခင်ခင်လေးက မကျေနပ်ပေ။ ကိုအောင်မြင့်ကို ခင်ခင်လေးက မကြိုက်၊ ခင်ခင်လေး ချစ်သူကိုလည်း မေမေတို့က သဘောမတူပေ။ မေမေ့စကားကို နားထောင်ရသော်လည်း ခင်ခင်လေးသည် ရင်ထဲမှာတော့ ကသိကအောင့် ဖြစ်နေ၏။“ခင်ခင်လေးဟာ ယောက်ျားမယူဘဲ မမကြီးလိုနေတော့ကော မဖြစ်ဘူးတဲ့လား။

ခင်ခင်လေးက ပျံတန်တန် နန့်တန့်တန့်ဖြစ်နေလို့ လင်ပေးစားတာလားဟင်”ခင်ခင်လေးသည် မေမေ့ကိုလည်း ယခုလို မေးလိုက်ပြန်၏။“တနေ့တော့ သမီးသိလာမှာပေါ့။ သမီးအိမ်ထောင်ကျပြီး သားသမီးရလာတဲ့အခါ မိဘများဟာ ဘာကြောင့် သားသမီးတွေကို အိမ်ထောင်ချချင်ကြသလဲဆိုတာ သမီးသိလာလိမ့်မယ်”မေမေသည် သူ့ကို ဒါပဲပြော၏။* * *မေမေသည် အချိန်ကိုကြိုတင်၍ တွက်တတ်လေသလားမသိ။ ခင်ခင်လေးတို့ လက်ထပ်ပြီး၍ တနှစ်အကြာတွင် ကွယ်လွန်ခဲ့လေသည်။ မမကြီးသည် ခင်ခင်လေးနှင့်ပင် အတူနေ၏။ ကိုအောင်မြင့်သည် အဆောက်အအုံ အင်ဂျင်နီယာဖြစ်၍ ကိုယ်ပိုင်အလုပ် လုပ်၏။ အစိုးရထံမှာ အလုပ်မလုပ်ပေ။ ကုက္ကိုင်းအိမ်မှ မပြောင်းကြဘဲ အတူပင် နေကြ၏။ကုက္ကိုင်းအိမ်လေးသည် နေထိုင်ကြသော အိမ်ထောင်စုလိုပင် တိတ်ဆိတ်အေးချမ်းလှ၏။ တခါတရံမှသာ ခင်ခင်လတ်သည် ဘယ်မြို့ကို ပြောင်းသွားရသည်၊ ခင်ခင်လတ်ယောက်ျား အရေးပိုင်ဖြစ်သွားပြီဟူသော သတင်းလောက်သာ သူတို့အိမ်လေးဆီသို့ အထူးသဖွယ် ပျံလွင့်လာ၏။ ခဏလောက်တွင်မူ အိမ်လေးသည် လှုပ်ရှား၍သွားတတ်သည်။

ထိုလှုပ်ရှားမှုသည် ညနေမစောင်းခင်ပင် ပြန်လည်ငြိမ်သက်၍ အိမ်လေးမှာ ယခင်ကလိုပင် တိတ်ဆိတ်နေ၏။ကိုသည် အလုပ်အတွက် အဆောက်အအုံကြည့်ရန်အတွက် တစ်နေ့လုံးလိုလို မြို့ထဲကို ထွက်နေရ၏။ ခင်ခင်လေးကမူ ခုတင်ပေါ်တွင် ခွေခွေလေး နေချင်ရင်လည်းနေ၏။ တခါတရံတွင်လည်း သူပျိုးထားသော သစ္စာပန်းပင်တို့ဘေးတွင် ငြိမ်ငြိမ်လေး ထိုင်နေ၏။သူ့စိတ်ထဲမှာ ထင်သည်၊ သူ့ဘဝတွင် နောက်ထပ် ဘာမျှဆန်းသစ်လာလိမ့်မည်ဟူ၍ မထင်ပေ။ ပန်းခက်လေးများကို ခူးနေချိန်တွင် နှေးကွေးလွန်းလှ၍ မမကြီးက သူ့ကို အားမရပေ။“သည်နေ့လည် မောင်အောင်မြင့် ပြန်လာမယ် မဟုတ်လား ခင်ခင်လေး”“ဟုတ်ကဲ့ မမကြီး”“အေး မနက်ကပြောတာ ကြားသလို ရှိတယ်။ အတော်ပဲ၊ မနက်က ဈေးကို မှာလိုက်ရတယ်။ သည်နေ့ နေ့လည် အိမ်မှာ ကြာဇံဟင်းခါး သောက်ရမယ်။ ဟင်းအိုး ဆူနေတာကိုက ငရုတ်ကောင်းနံ့နဲ့ ကြက်သွန်ဖြူနံ့ သင်းနေတာပဲ” မမကြီးသည် ဇွန်းများကို တိုက်ရင်း ထမင်းစားခန်းထဲမှ လှမ်း၍ ပြောနေ၏။ ခင်ခင်လေးစိတ်ထဲတွင်မူ ဟင်းခါးမှာ သူနှင့် တည့်မှတည့်ပါ့မလားဟု တွေးနေ၏။

သူ့လက်ချောင်းလေးများကိုလည်း ထောင်၍ကြည့်မိပြန်၏။ လက်ချောင်းများသည် ဖြူလျော်လျော်နှင့် ထွေးထွေးနွေးနွေး မရှိပေ။“ဟေ့ မရွှေရေ ပန်းကန်တွေ ချတော့ဟေ့။ တစ်ချက်ခွဲနေပြီ။ လာချိန်နီးနေပြီ၊ မီးခဲတော့ နည်းနည်းချဲထားလိုက် ဆူလွန်းရင် ခမ်းပြီး ငန်သွားဦးမယ်”မမကြီးအသံသည် နောက်ထပ်ပေါ်လာပြန်၏။ ခင်ခင်လေးသည် ထမင်းစားခန်းထဲသို့ ခပ်နွဲ့နွဲ့ လျှောက်၍လာ၏။ စားပွဲပေါ်မှ ပန်းအိုးကို ပန်းပွင့်များလှအောင် ပြင်လိုက်၏။“ခင်ခင်လေး ဟင်းခါးကို မြည်းကြည့်ပါဦးလား”“နေပါစေတော့ မမကြီး၊ ကိုလာမှပဲ တူတူသောက်တော့မယ်။ ခင်ခင်လေးနဲ့ကော တည့်ရဲ့လား”“တည့်ပါတယ် ခင်ခင်လေးရယ်၊ မိုးအေးတုန်း ဟင်းခါးနဲ့ ရှောက်သီးသုပ်စပ်စပ် သုပ်စားရင် အပူတောင်ထွက်သေးတယ်”“ခင်ခင်လေးရဲ့လက်တွေကလည်း အေးလို့”“အဲ အတော်ပဲ၊ ဟင်းခါးသောက်၊ ချွေးထွက်လာရော”ခင်ခင်လေးသည် ပြုံးလာ၏။ မမကြီး စကားပြောပုံမှာ အားရပါးရ ရှိ၏။“တစ်နေ့က မင်းကတော်တယောက်က ပြောတယ်။

ခင်ခင်လေး ချူချာနေတာက ကလေးမရလို့တဲ့”“အို… ရချင်တဲ့အခါကျရင် ရမှာပေါ့ ခင်ခင်လေးရယ်။ ဒါတွေ တွေးမနေစမ်းပါနဲ့။ ကဲ ကဲ… ဟေ့… မယ်ရွှေရေ ငန်ပြာရည်ရယ်၊ ငရုတ်ကောင်းရယ် တပန်းကန်စီ ထည့်ထားဦးဟေ့၊ အပေါ့အငန်ကြိုက်သလိုပေါ့၊ ခင်ခင်လေး နင့်အစ်ကို သွားစောင့်နေဦးလေ”ခင်ခင်လေးသည် ဧည့်ခန်းကို ပြန်ထွက်လာ၏။ အိမ်အဝင်ဝဘက် မျက်နှာပြုထားသော ဆိုဖာပေါ်တွင် ထိုင်ရင်း သူ့ခြေထောက်များအကြောင်းကို စဉ်းစား၏။ ညာဘက်ခြေဖဝါးသည် မနက်ကရောင်၍ တင်းလာ၏။ ထမင်းစားတုန်းကလည်း ခေါင်းကမူးလာသည်။ ခြေထောက် ထောက်ကြည့်ရသည်မှာ ယခုတော့ နည်းနည်းပင် တင်းတော့သည်။ ဒါပေမယ့် ခြေဖျားများသည် ရေလိုအေးစက်နေပြန်၏။ ထမင်းစားပြီးချိန်ကတည်းက ရင်ထဲ၌ လှပ်လှပ်လှပ်လှပ်နဲ့ ရင်တုန်သလို ဖြစ်နေပြန်သည်။ကားလေး အိမ်ရှေ့မြေနီလမ်းပေါ် မောင်းလာပေမယ့် သူသည် ထဖို့ သတိမရ၊ ဆင်ဝင်အောက်ရောက်မှ ထသွားမိသည်။

ကိုသည် မော်တော်ကားတံခါးကို ဖွင့်၍ဆင်းလာ၏။“ကဲ ခင်ခင်လေးတယောက် သည်နေ့ တော်တော်မှ နေမှကောင်းရဲ့လားဟေ့။ ခြေထောက်တွေ နာသေးလား။ ရင်ခုန်တာရော ရပ်သွားပလား၊ ခေါင်းမူးသေးလား၊ လက်ဖျားတွေကော နွေးလာပြီလား”ကိုသည် တံခါးဝ ရောက်ရောက်ချင်း ခင်ခင်လေး လက်ဖျားကို ဆုပ်ကိုင်ရင်း မေး၏။ ခင်ခင်လေးသည် ပြုံး၍နေ၏။ကိုက သူ့ဇနီးအကြောင်းကို အကုန်သိ၏။ ရောဂါပေါင်းသည် ကိုးဆယ့်ခြောက်ပါးမကပေ။ အိမ်ထဲရောက်ချိန်တွင်လည်း ကိုကသာ ပျာပျာသလဲ ဖြစ်ပေမယ့် မရွှေခင်ခင်လေးကမူ လှုပ်လှုပ်ရှားရှား မရှိလှပေ။ယနေ့ ဟင်းခါးသောက်ချိန်တွင်လည်း မမကြီးသာ ရှမ်းကြက်သွန်ဖြူ အနံ့မရှိကြောင်း၊ ဟင်းခါးကို မြောင်းမြမှာနေစဉ်က ပုစွန်နှင့်ချက်ရသည်မှာ ချိုကြောင်း၊ တခါတခါ ငရုတ်ကောင်းများများ ခပ်သောက်ရသည်မှာ အရသာရှိကြောင်းများကို ရွှန်းရွှန်းဝေအောင် ပြောနေတတ်ပေသည်။* * *ခင်ခင်လေးမှာ ကလေးကိုယ်ဝန်ရှိကြောင်း စသိကြသောအချိန်တွင်မူ ယခင်လို တိတ်ဆိတ်၍မနေကြတော့၊ တအိမ်လုံးသည် စိုစိုပြည်ပြည် ရွှင်ရွှင်လန်းလန်းဖြစ်၏။

အင်မတန်အေး၍ နွဲ့သော ခင်ခင်လေးပင် ဖျပ်ဖျပ်လတ်လတ် လှုပ်လှုပ်ရှားရှားဖြစ်လာ၏။ မမကြီးကလည်း လုပ်ရင်းကိုင်ရင်း သူတို့အိမ်ထောင်တွင် မကြာခင် လူသစ်တယောက်တိုးလာမည်ကို ဝမ်းသာအားရပြောနေ၏။ သူ့တွင်လည်း ကလေးတာဝန် ပိုလာတော့မည်ကို မမကြီးက အားရပါးရ ပြောပြန်၏။အားလပ်ချိန်တွင် ခင်ခင်လေးသည် မွေးဖွားလာမည့် ကလေးအကြောင်းကို တွေးရသည်မှာ မဆုံးတော့ပေ။ ကလေးအတွက် ပုံများကိုလည်း ရှာထားရဦးမည်။ ခြံထဲရှိ ပန်းပင်လေးတွေလည်း ယခုနှစ်မှ ပို၍ပွင့်လာကြ၏။ ပန်းလေးတွေ လန်းဆတ်သလို ခင်ခင်လေးသည်လည်း ရွှင်လန်းလာ၏။ အစဉ်အဆက်မပြတ်သော မျိုးစေ့ကို ပြုစုပျိုးထောင်ရန်အတွက် ပန်းလေးများလည်း လှပစွာ ပွင့်ရခြင်းပေပဲ။ သူသည်လည်း ယခုအခါတွင် သူ၏မျိုးရိုးစဉ်ဆက်ဆို၍ လောကတွင် ထားရစ်ခဲ့နိုင်တော့မည်။ သူသည် တနေ့အခါ သူ့မျိုးရိုး၏ ပင်မမျိုးစေ့အဖြစ် ရောက်ရတော့မည်။ ဘဝဆိုတာ အဆန်းအသစ်တွေ အများကြီး တွေ့ရဦးမှာပါကလား။ခင်ခင်လေးသည် တွေးရင်း ကျေနပ်နှစ်သိမ့်မိ၏။ ညဉ့်ဦးယံအိပ်ခါနီးတွင် ကို့အပါးဝယ် ခင်ခင်လေးသည် တိတ်ဆိတ်စွာ အိပ်မနေတော့ပေ။

မအိပ်ခင်လည်း လာလတံ့သော ကလေးအတွက် စီစဉ်ရ၏။ ညအိပ်နေဆဲတွင်လည်း ကလေးကို အိပ်မက်မက်ရသည်မှာ နှစ်သိမ့်စရာကောင်းလှပေ၏။တကယ်မွေးဖွားချိန်တွင်သာ သီတာရေလို အေးမအေး ကုမုဒြာကြာလို ကျက်သရေရှိမရှိ သိရပေမည်။* * *ခင်ခင်လေး မွေးဖွားချိန်တွင် ခင်ခင်လတ်သည် ရန်ကုန်ပြောင်းလာရ၍ ခင်ခင်လေးကို လာမေး၏။ ခင်ခင်လေးသည် နံနက်က မွေးဖွားလိုက်ရ၍ နွမ်းနေသည်။ သူ့ရင်ထဲတွင်လည်း မောသလိုဖြစ်နေသည်။ခင်ခင်လတ်ကမူ မမကြီးနှင့်ရော ဧည့်သည်တွေနှင့်ရော စကားဖောင်လောက်အောင် ပြောနေ၏။“ကျွန်မမွေးတုန်းကဆို အရေးပိုင်ကတော်ဆိုတော့ ဆရာမတွေကလည်း သိပ်ဂရုစိုက်တာ၊ အားလုံးပေါင်း ငွေတစ်ထောင့်ငါးရာလောက် ကုန်တယ်၊ သိရဲ့လား မင်းကတော်ရဲ့။ ကလေးကလည်း အင်္ဂလိပ်ကလေးလေးလိုပဲ ဆံပင်လေးတွေ နီလို့၊ ထွေးထွေးလေး သိပ်ချစ်စရာကောင်းတာ”မမကြီးသည် နှာခေါင်းရှုံ့လိုက်၏။ မှိန်းနေရာမှ ခင်ခင်လေးကလည်း တွေးမိ၏။

“အင်္ဂလိပ်ကလေးမှပဲ ချစ်စရာကောင်းတော့မှာလား မမလတ်ရယ်” ဟု တွေးနေမိ၏။ခင်ခင်လတ်သည် စကားပြောရင်း စီးကရက်ကို အတွင်ဖွာ၏။ သူ့နှုတ်ခမ်းများမှာ တွတ်တွတ်နီလျှက် ပါးပါးလေးဖြစ်နေ၍ စီးကရက်ချိတ်ထားသောအခါ ပို၍လှပသလို ဖြစ်နေသည်။ နဖူးပေါ်တွင်လည်း ဆံနွယ်များမှာ ခွေကောက်တွန့်လိမ်၍နေ၏။ ပဒုမ္မာအပါးအောက်မှ လက်သိုင်းရွှေကြိုးကလည်း တစ်လက်လက်တောက်၍ စိန်ကြယ်သီးများကလည်း တဖျပ်ဖျပ် ဖြစ်နေသည်။“ခုပဲ အရေးပိုင်မင်း လိုက်လာဦးမလို့၊ သမီးက သူ့ဒက်ဒီ မလိုက်ရဘူးဆိုလို့ အရေးပိုင်မင်း နေရစ်ခဲ့တယ်။ အရေးပိုင်မင်းက အင်မတန်အေးတာ”အနားက နားထောင်နေသူ မင်းကတော်များမှာတော့ ဘယ်လိုနေမည် မသိပေ။ မမကြီးနားတွင်မူ ‘အရေးပိုင်’တွေ ထပ်နေလွန်း၏။ ကြာလျှင် လျှာထဲမှာ အရေးပိုင်မင်း မှောက်လျှက်လဲမှာစိုးရသည်။ခင်ခင်လေးသည် သူ့မမလတ်အကြောင်းကို မတွေးတော့ပေ။

ပါးစုံ့ဖောင်းဖောင်းလေးနှင့် နီနီထွေးထွေးလေးဖြစ်သော သမီးလေးမျက်နှာကို တွေးလိုက်ရသောအခါတွင်မူ စိတ်မှာချမ်းမြေ့၍သွားတော့၏။ မွေးစဉ်က မောခြင်း၊ နာခြင်းများမှာ အားလုံးပျောက်၍ သွားတော့သည်။မမလတ်ပြန်သွား၍ ဧည့်သည်များ ရှင်းချိန်တွင်မူ မမကြီးနှင့်ခင်ခင်လေးသာ နှစ်ယောက်တည်း ကျန်ရစ်တော့၏။“ခင်ခင်လေး ငါတော့ နင့်မမလတ်ဟာ စိတ်မှကောင်းသေးရဲ့လား မသိဘူး။ ပြောပုံဆိုပုံရော၊ ဝတ်ပုံရော အပျိုတုန်းကလို မဟုတ်တော့ဘူး။ ပြီးတော့လည်း တို့ဆီလာတာတောင် သူ့သမီးကို မခေါ်ခဲ့ဘူး။ မမကြီးဖြင့် သူစကားပြောတာ နားထောင်ရင်း မောလာတယ်။ အရေးပိုင်မင်း အရေးပိုင်မင်းတွေ ထပ်နေတာပဲ။

အရင်က သူ့ယောက်ျားကို ကိုကိုလို့ ခေါ်တယ်မဟုတ်လား ခင်ခင်လေး”“ဟုတ်တယ် မမကြီး၊ ခုခေတ်က ဖက်ရှင်၊ မိန်းမတွေတွေ့ရင် ကိုယ့်ယောက်ျားနာမည်ထက် ဂုဏ်ကို လူသိအောင် မင်းကြီးဆိုလည်း ‘မင်းကြီးကလေ၊ မင်းကြီးကလေ’လို့ပြောရတယ်။ ဝန်မင်းဆိုလည်း ဝန်မင်းက ဘယ်သို့ ဘယ်ညာ ပြောရတယ် မမကြီးရဲ့”“ဟားဟား ရယ်စရာကောင်းလိုက်တာဟယ်၊ ငါလည်း ဒါကြောင့် အပျိုကြီးဖြစ်နေတာပဲ”မမကြီးသည် သူ့တယောက်တည်း ရယ်နေပြန်၏။“ကျွန်မသမီးလေးသာ လောကမှာ ကျိုးကျိုးနွံနွံနဲ့ လိမ္မာလေး ဖြစ်စေချင်တာပါပဲ” ခင်ခင်လေးသည် မမကြီးအား တလုံးချင်း ပြောနေ၏။ မမကြီးသည် ရယ်နေရာမှ သူ့ညီမကို အံ့အားသင့်သလို ကြည့်နေ၏။“အေးဟေ့ ငါ့ညီမ ဒါတွေ တွေးလာပြီကိုး။ တွေးရမယ် တွေးရမယ်။ ဟုတ်တယ် ခင်ခင်လေးဟာ ခင်ခင်လေး မဟုတ်တော့ဘူး။

ကလေးတယောက်မိခင် ဒေါ်ခင်ခင်လေး ဖြစ်လာပြီ သိလား”မမကြီစကားကို နားထောင်ရင်းပင် ခင်ခင်လေးသည် သူ့သမီးကို ပြန်၍တွေး၏။ကိုအောင်မြင့်သည် တော်တော် နောက်ကျမှ ရောက်လာ၏။ မနက် မမွေးခင်ကတော့ သူသည် မွေးခန်းအပြင်ဘက်မှာ ရှိ၏။“ခင်လေးရာ သည်နေ့မှ အလုပ်များလိုက်တာကွယ်။ ဒါပေမယ့် ဘာမှလုပ်လို့မရဘူး။ ကိုယ်ရင်တွေလေ တုန်နေတယ်သိလား၊ လက်ကလည်း ဖောင်တိန်ကိုတောင် ကိုင်လို့မရဘူး။ မွေးခန်းအပြင်ဘက်မှာ ကိုဖြင့် အသက်တောင် မရှူရဲသလိုပဲ။ ခုတောင် ရင်က တုန်ချင်တယ်။ ခင်လေး သည်မှာ ကိုင်ကြည့်စမ်း…”ကိုသည် ခင်ခင်လေးကို အားရဝမ်းသာပြောရင်း ခင်ခင်လေးလက်ကို ဆွဲ၍ သူ့ရင်ကို ကပ်ပြ၏။“ကိုတို့သမီးလေးကလည်း တော်တော်ချောတာနော်။ ပါးလေးတွေကကွယ် ပေါင်မုန့်ဖုတ်ပြီးစလို နွေးနွေးပုံ့ပုံ့ကြီးတွေနော်”ခင်ခင်လေးရော မမကြီးပါ ကို့ကို ဝိုင်း၍ရယ်ကြ၏။

အပိုင်း(၂)ဆက်ရန်

ခင်နှင်းယု

Leave a Reply

Your email address will not be published. Required fields are marked *