ဘိုးတော်ဗဒုံမင်းနှင့် အမှားတော်ပုံ

ကုန်းဘောင်မင်းဆက် ဆဌမမြောက်ဖြစ်သော ဗဒုံမင်း (၁၇၈၂-၁၈၁၉) ကို မြန်မာ့သမိုင်းတွင် ဘိုးတော်ဘုရားဟု လူသိများသည်။ ဗဒုံမင်း၏ ငယ်နာမည်မှာ “မောင်ဝိုင်း” ဖြစ်၍ ဘိုးတော်ဦးဝိုင်း ဟုလည်း ခေါ်ကြသည်။

အလောင်းမင်းတရားကြီး၏ သားတော် ဗဒုံမင်းအား အမရပူရမြို့တည်နန်းတည်မင်း ဟူ၍ လည်ကောင်း၊ ဆင်ဖြူတော်ရ ဆဒ္ဒါန်ဆင်မင်းသခင် ဟူ၍လည်ကောင်း ၊ အံဖွယ် မင်းကွန်းခေါင်းလောင်းနှင့် ပုထိုးတော်ကြီးကို တည်သူဟူ၍ လည်ကောင်း ထင်ရှားသည်။ ကုန်းဘောင်မင်းဆက်တွင် အသိဉာဏ်ပညာ နှင့် ပြည့်စုံသော ဂုဏ်ယူဖွယ်မင်းတစ်ပါးဟု ပညာရှင်များက သတ်မှတ်ကြပါသည်။

မြန်မာ့စွယ်စုံကျမ်းတွင်-

“ဘိုးတော်ဦးဝိုင်း ဆိုလျှင် ကုန်းဘောင်မင်းဆက်တွင် အထူးထင်ရှားသော ဘုရင်တစ်ဆူဟု လူသိများသည်။ ထိုမင်းလက်ထက် မြန်မာနိုင်ငံသည် များစွာကျယ်ဝန်းလာ၍ နိုင်ငံခြားသားများ ဂရုစိုက်လေ့လာခြင်းကိုခံခဲ့ရသည်။ တိုင်းပြည်သာယာဝပြော စည်ပင်၍ စာပေနှင့် သာသနာရေးထွန်းပြောင်ခဲ့လေသည်”။ ဟုဖော်ပြထားသည်။

ယေဘုယျအားဖြင့် ဆိုရသော် ဗဒုံမင်းသည် သက်ဦးဆံပိုင်ဘုရင်ခေတ်တွင် တိုင်းပြည်အကျိုးအတွက် ထူးထူးခြားခြား ဆောင်ရွက်ခဲ့သော မင်းတစ်ပါးဟု ဆိုနိုင်ပါသည်။ အထူးသဖြင့် ဗဒုံမင်းလက်ထက်တွင် အိမ်နီးချင်းတိုင်းပြည်များနှင့် ဆက်ဆံရေးကောင်းမွန်ခြင်း ၊ စာပေနှင့် သာသနာကို အထူးချီးမြှောက်ခြင်း ၊

ဆင်းရဲသားပြည်သူများ၏ ကြွေးမြီများကို ဖျက်သိမ်းပေးခြင်း ၊ နန္ဒာကန် ၊ မိထ္ထီလာကန် ၊ အောင်ပင်လယ်ကန် အစရှိသည့်ကန်များကို ဆည်ဖို့၍ တူးမြောင်းအသစ်များ တူးဖော်ခဲ့ခြင်း နှင့် နိုင်ငံတစ်ဝန်း စစ်တမ်းများ ကောက်ခံစေခဲ့ခြင်း တို့ကို ထူးထူးခြားခြား ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ချက်များက သက်ဦးဆံပိုင် ဘုရင်တစ်ပါးအနေဖြင့် အသိဉာဏ်အမြော်အမြင် ကြီးမားမှုကို ပြနေပါသည်။ ထို့ကြောင့် မြန်မာ့ရာဇဝင်တွင် ဗဒုံမင်း ခေါ် ဘိုးတော် ဘုရားအား ကုန်းဘောင်ခေတ် တန်ခိုးအာဏာ အတောက်ပဆုံး မင်းအဖြစ် ချီးကျူး မှတ်တမ်းတင်ကြလေ့ရှိသည်။

ဘယ်သူမှ အမြဲတမ်းမမှန်နိုင်ဟူသောစကားနှင့် အညီ ဗဒုံမင်းတွင်လည်း အမှားတစ်ချို့ရှိပါသည်။ သို့သော်ရာဇဝင်များတွင် ဗဒုံမင်း၏ အမှားများကို ဖုံးကွယ်ထားခဲ့ပါသည်။ မင်း၏ အမိန့်အာဏာဖြင့် ပြုစုရသော ရာဇဝင်များအတွက် ဤဖြစ်ရပ်များမှာ ဖြစ်ရိုးဖြစ်စဉ်ဟု ဆိုနိုင်ပါသည်။

ဗဒုံမင်း၏ အမှားတော်ပုံတစ်ချို့နှင့် ပါတ်သတ်၍ မှော်ပီဆရာသိန်း ၏ ပါးစပ်ရာဇဝင်စာအုပ်တွင် အောက်ပါအတိုင်း တွေ့နိုင်ပါသည်။ ဘုံကျော် ဆရာတော်ဘုရားအိန့်ချက်မှတ်စု ပုရပိုက်မှရသည်။ ဘိုးတော်မင်းတြားကြီးသည် အမှား ၄ ချက်ရှိကြောင်း။

(၁) ညီတော်ပင်းတလဲမြို့စားမင်းသားကို ရေ၌ချ၍ ကွပ်မျက်တော်မူသော အမှားတစ်ချက်။

(၂) အတုလဆရာတော် နှင့် တကွ ဆရာတော် ၆ ပါးကို အတင်းအကျပ် လူဝတ်လဲစေသော အမှားတစ်ချက်

(၃) ရဟန်းတော်များကို သိက္ခာသစ်တင်စေသော အမှားတစ်ချက်။

(၄) မင်းကွန်းစေတီတော်ကြီး တည်လုပ်သော အမှားတစ်ချက်။

ဘုံကျော်ဆရာတော်သည် သာသနာ့ဝန်ထမ်းပီပီ ဗဒုံမင်း၏ သာသနာရေး အမှားတစ်ချို့ကို ပုရပိုဒ်တွင် စာရင်းတင်ခဲ့ခြင်းဖြစ်သည်။ ဗဒုံမင်းသည် မင်းမိန့်ဖြင့် ပုံတော်ပြက္ခဒိန်ကို တီထွင်၍ သံဃာများအား အတင်းအဓမ္မလိုက်နာစေခြင်း ၊ သာသနာပိုင်ကအစ ရဟန်းသာမဏေများအား သဲဒဏ် ရေဒဏ်ထားခြင်း ၊ လူဝတ်လဲစေခြင်း ၊ တစ်ရပ်တစ်ကျေးစေခြင်း အစရှိသည့် သာသနာရေး ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းများမှာ ဗဒုံမင်း၏ အမှားတစ်ချို့ပင်ဖြစ်သည်။

ဗဒုံမင်း၏ အခြားအမှားတော်ပုံ တစ်ရပ်မှာ နန်းတက်လျှင် တက်ချင်း နေပြည်တော်ကို အ၀ မှ အမရပူရသို့ ပြောင်းရွှေ့ခြင်း ဖြစ်သည်။ အမရပူရမှာ အ၀ နှင့် ကမ်းတစ်ဖက်တည်း ၊ အဝအထက် ၆ မိုင် အကွာတွင် တည်ရှိရာ အနေအထားမှာ မထူးခြားလှ။ အမှန်စစ်စစ် ထိုသို့ပြောင်းရွှေ့ရခြင်းမှာ ဗေဒင်ကိန်းခန်း ယုံကြည်မှု နှင့် မြို့တည်နန်းတည် ဂုဏ် လိုချင်မှု အတွက်သာ ဖြစ်သည်။ နိုင်ငံအင်အားကို အလဟဿ ဖြုန်းတီးမှု တစ်ရပ်ဟု ဆိုနိုင်ပါသည်။

ဗဒုံမင်းလက်ထက် ပထမပိုင်းတွင် တိုင်းပြည်၏ စီးပွားရေး အခြေအနေတောင့်တင်း၍ စစ်ရေးအားဖြင့်လည်း ကုန်းဘောင်ခေတ်၏ အတောက်ပဆုံး အချိန်ဖြစ်ခဲ့သော်လည်း ယိုးဒယားသို့ စစ်သုံးကြိမ်ချီတက်ခဲ့သော်လည်း အောင်မြင်မူ မရရှိခြင်း ၊ ၇ နှစ် တိုင်တိုင်တည်ခဲ့သော်လည်း မပြီးဆုံးနိုင်သော မင်းကွန်းစေတီတော်ကြီးကဲ့သို့ ကုသိုလ်ကောင်းမှုများကို အကြီးအကျယ်ပြုလုပ်ခဲ့ခြင်းကြောင့် နောက်ပိုင်းတွင် တိုင်းပြည်စီးပွားရေး ပျက်စီးခဲ့ရသည်။

ဗဒုံမင်း နန်းတက်စက စပါးဈေး တင်း ၁၀၀ လျှင် ၂၀ ၊ ၃၀ မှ နောက်ပိုင်းတွင် ၂၅၀ ၊ ၄၀၀ ၊ ၅၀၀ နှုန်းအထိ ကြောက်ခမန်းလိလိ ဖြစ်ခဲ့ရသည်။ ဤသည်တို့မှာ သဘာဝဘေးအန္တရာယ်များ ဖြစ်သော မိုးခေါင်ခြင်း ၊ ရေကြီးခြင်း၊ မီးလောင်ခြင်းတို့ကြောင့် ဆိုနိုင်သော်လည်း အဓိကမှာ ဗဒုံမင်း၏ စစ်ပြုခြင်း စစ်ရေးအသိမ်းအရုံး အဆင့်အခေါ်များခြင်းတို့ အတွက် ဆိုရပါမည်။

စီးပွားရေးပျက်စီးသည် နှင့် အမျှ အုပ်ချုပ်မှု ယိုယွင်းလာကာ ခိုးသားဓားပြ ဆူပူသောင်းကျန်းလာခြင်း ၊ အုပ်ချုပ်သူများကတံစိုးယူ လာဘ်စားခြင်း စသော အဂတိလိုက်စားမှုများ ပေါ်လာခဲ့သည်။အချင်းချင်းလုကြယက်ကြ၏ ။ ပြည်သူများကျီးလန့်တစာစာနေခဲ့ကြရ၏။ဤသည်တို့မှာ ဘိုးတော်ဗဒုံမင်း၏ အမှားတော်ပုံ ရလဒ်များဖြစ်သည်။

ဆိုရသော် ဗဒုံမင်းသည် ကုန်းဘောင်ခေတ်ွင်အသိဉာဏ်ပညာ မြောင်မြင်မှု နှင့် ပြည့်စုံသောမင်းတစ်ပါးဖြစ်သော်လည်း နန်းသက်ကြာလာသည် နှင့် အမျှ ရာဇမာန်ပြင်းထန်သော ၊ငါတကောကောတတ်သော ဓလေ့စရိုက်ကြီးထွားလာခဲ့သည်။ ကုန်းဘောင်ခေတ် နန်းသက် အရှည်ဆုံးဖြစ်၍ နန်းသက် ၃၇ နှစ်၊ သက်တော် ၇၄ နှစ် တွင်မှနတ်ရွာစံခဲ့သည်။ ထိုသို့နန်းသက်ကြာလွန်းခြင်းသည်ပင် ဗဒုံမင်း၏ အမှားတော်ပုံများကို ပိုမိုကြီးမားစေခဲ့သည်ဟု ဆိုရတော့မလိုပင်။

Ref

စာပေ သမိုင်း ပုဂ္ဂိုလ်ရေး အတွေးအမြင်များ – မောင်ဇေယျာ

မြန်မာ့စွယ်စုံကျမ်း

Thutazone

#myanmarbooks

Likes:
0 0
Views:
907
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *