ဘယ်ပန်းချီရေးလို့မှမမှီ ( သိန်းသန်းထွန်း အပိုင်(၁) )

ဘယ်ပန်းချီရေးလို့မှမမှီ သိန်းသန်းထွန်း (၁)

ရှမ်းပြည်မှ ကျေးရွာကလေးများသည် များသောအားဖြင့် စိမ်းလန်းစိုပြေ၏။ သာယာအေးမြ၏။ ပျော်စဖွယ်ကောင်း၏။ လှ၏။ တောင်ထိပ်၊ တောင်ခါးပန်း၊ တောင်ခြေ၊ တောင်ကြားစသည်တို့တွင် တည်ထားကြသောကြောင့် စိမ်းလန်း အေးမြသော နေရာလေးများလည်း ဖြစ်၍နေကြ၏။ မလှသော်လည်း သာယာစိုပြေ အေးမြသော ရွာအမျိုးအစားတွင် သိမ်ကုန်းရွာသည် တစ်ရွာအဖြစ် ပါ၀င် ၏။ သိမ်ကုန်းရွာကား ရွှေညောင်မြို့၏ အနောက်မြောက်မကျတကျတွင်ရှိ၏။ ရွှေညောင်မှ မြောက်ဘက်စူးစူးသို့ ကားလမ်းမကြီးအတိုင်းသွားပါက ကုန်းလယ်ရွာ၊ ဟဲကယ်ရွာတို့ကိုလွန်ပြီး တောင်နီရွာသို့ရောက်သောအခါ အနောက်ဖက်သို့ချိုးသည့် တောင်ကြား တောင်ကုန်းလမ်းအတိုင်း ဘုရားငါးဆူရွာ၊ ပန်းတောရွာတို့နှင့် တောင်ငယ် တစ်ခု၊ ချောင်းတစ်ခုကို လွန်ပြီးသည်နှင့်တပြိုင်နက် တွေ့ရသောရွာဖြစ်၏။

သိမ်ကုန်းရွာသည် လှသောရွာတော့ မဟုတ်။ သာယာစိုပြေသော ရွာဖြစ်၏။ တောကြားမြိုင်ကြားရွာဖြစ်၏။ အရှေ့အနောက်တန်း၍နေသော တောင်ပု တောင်ငယ်တလျှောက်၌ တောင်ခြေမကျ တောင်ကြားမကျနေရာမျိုးတွင် တည်ထား၏။ ရွာအရှေ့တွင် ချောင်းကြီး တစ်ခုက ရေမပြတ်စီးဆင်းနေ၏။ အင်းလေးကန်နှင့် မနီးမေ၀းအရပ်ဖြစ်သဖြင့် အင်းယဉ်ကျေးးမှုနှင့်လည်း မကင်းရာဖြစ်၏။ အင်းသားများထက် တောင်ရိုးလူမျိုး၊ ပအို့၀်လူမျိုးဦးရေက ပို၍များ၏။ သိမ်ကုန်းရွာကို မလှပပါဟု ဆိုရငြားသော်လည်း မလှပခြင်းမှာ နေ့အခါအတွက်သာဖြစ်၏။ ညအခါ၌ကား သိမ်ကုန်းရွာသည် လရောင်ပွင့်ပါက အေးမြငြိမ်သက်သောတင့်တယ်ခြင်းဖြင့် ကျက်သရေရှိသော ရွာဖြစ်၏။

ငွေခက်ငွေရွက်တို့ တလက်လက်ဖြစ်နေသော တောင်ကြောသစ်တောကြီး၏ဗဟို၀ယ် ပုလဲပွင့် လှိုင်းနုကလေးများ ပြေးလွှားပျော်ဆင်းနေကြသည့် ချောင်းကိုဦးခိုက်လျက် အိမ်မြင့်၊ အိမ်နိမ့်၊ ခြံကျဉ်း၊ ခြံကျယ် အသွယ်သွယ်တို့ဖြင့် အကွက်ကွက် အဖုဖု စု၍နေသော လူ့ရိပ်သာငယ်ငယ်လေးဖြစ်၏။ ထိုလူ့ရိပ်သာလေးကား လသာည မျိုးတွင် ရွာလှ၊ ရွာစည်၊ ရွာဧကရီလေးဟုပင် ဆိုဖွယ်ကောင်းတော့၏။ ဤရွာဧကရီလေးတွင် အလှဧကရီလေးတစ်ပါး ရှိ၏။ အလှဧကရီလေး၏အမည်ကား နန်းနု ဖြစ်၏။ နန်းနုသည် လှ၏။ သူလှကြောင်းကို ရွာတွင်းရှိ အသက်လေးဆယ်အထက် ဦးလေး၊ ဘကြီး၊ ဦးကြီးအရွယ် အမျိုးသားကြီး အားလုံးက သတိပြုမိ၏။ အဘယ့်ကြောင့်ဆိုသော် နန်းနု၏အမေသည် လှခဲ့သည်ကို သူတို့အားလုံး သိခဲ့ဖူးသောကြောင့်ဖြစ်၏။ ထိုမျှပင်မကသေး။ နန်းနု၏အမေ အပျိုဘ၀တွင် သူတို့အားလုံးလိုလို နန်းနုအမေ၏ အလှညွှတ်ကွင်းတွင် သက်ဆင်း ရစ်မူးမိကာ ပိုးခဲ့ပန်းခဲ့ဖူးသောကြောင့်လည်းဖြစ်၏။

နန်းနုကား လှရုံတွင်မက လိမ္မာမြတ်နိုးစဖွယ်ကောင်း၏။ သူမြတ်နိုးစဖွယ်ကောင်းကြောင်းကို ရွာတွင်းရှိ လူပျိုကာလသားများအားးလုံးက သိကြ၏။ အဘယ့်ကြောင့်ဆိုသော် လှသောနန်းနုကလေးသည် မိဖအပေါ် မည်မျှလိမ္မာပြီး အများအပေါ်တွင် မည်မျှ ကြင်နာလေးစားတတ်ကြောင်းကို သူတို့သိခဲ့သောကြောင့်ဖြစ်၏။ ထိုမျှပင်မကသေး။ နန်းနုအပျိုဖော်၀င်စမှစ၍ နန်နု၏အလှနှင့် ကြင်နာမှုများကို မြတ်နိုးခုံမင်မိကာ နန်းနုကသာ ချစ်ခွင့်ပေးပါလျှင် အသက်ကိုပင်မက ဘ၀ကိုပင် ပေးလျက် ချစ်မည်ဟု သူတို့အားလုံးတွင် သံဓိဌာန် ရှိခဲ့သောကြောင့်ဖြစ်၏။သို့သော် ယခုမူ သူတို့၏ရင်ထဲ၀ယ် ဤသံဓိဌာန်များသည် ပျက်ပျယ်၍နေခဲ့၏။ နန်းနုက သူတို့ကို ချစ်လှချည်ရဲ့ဟုပြောစေဦးတော့၊ သူတို့အသည်းစွဲခဲ့ရသော နန်းနုကို သူတို့ ယခု ယူရဲတော့မည် မဟုတ်။ နန်းနုက သူတို့လက်ကို အတင်းဆွဲသည့်တိုင် သူတို့သည် နန်းနုထံပါးမှ ရုန်းပြီးထွက်ပြေးကြမည်သာဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် သူတို့ချစ်ခဲ့သော နန်းနုသည် ရူးနေပြီဖြစ်သောကြောင့် ဖြစ်၏။

ဤအတွက်တော့ သူတို့ နန်းနုအတွက် သနား ၀မ်းနည်းကြ၏။ သနား၀မ်းနည်းကြသူများအထဲတွင် ကျောင်းစိတ္တ၏သား မယ်နှစ်၏ အစ်ကိုဖြစ်သူ အယ်ရိုးသည် ပိုကဲ၍ သနား၀မ်းနည်းသူများထဲတွင် ပါ၀င်၏။ အယ်ရိုး၊ သူ့ညီမ မယ်နှစ်၊ သူ့ချစ်သူ မယ်ဆစ်နှင့် နန်းနုတို့သည် ငယ်ငယ်ကတည်းက အခင်ဆုံး ကစားဖော်၊ ပျော်ဖက်ပျင်းဖက်များ ဖြစ်ခဲ့ကြ၏။ ကာလသားထဲတွင် အယ်ရိုးသည် နန်းနုနှင့် အရင်းနှီးဆုံးဖြစ်၏။ နန်းနုကို ချစ်ရေးလည်းဆိုခဲ့ဖူး၏။ တစ်ခါတရံ နန်းနု၏ဖြစ်ပုံကို ပြန်တွေးမိတိုင်း အယ်ရိုးသည် သနားနှမြောစိတ်နှင့် သက်ပြင်းချတတ်မိ၏။ နန်းနုကား အဖေအင်းသား အမေပအို့၀်မှ မွေးလာသူဖြစ်၏။ သူ့အဖေသည် ဂျပန်ခေတ်က ဟဲဟိုး လေယာဉ်ပျံကွင်းတွင် အလုပ်သမားလုပ်ခဲ့ဖူး၏။ ချွေးတပ်ထဲသို့ပါသွားကာ သေမင်း၏အာခံတွင်းဖြစ်သော သံဖြူဇရပ်သို့ပင် ရောက်ဖူး၏။

သေတွင်းမှလွတ်ခဲ့သော်လည်း ခေတ်တွေအလွှာလွှာပြောင်းပြီးနောက် ပြည်တွင်းစစ်မီးတောက် ပြင်းသော ကာလကျမှ သေတွင်းသို့ ရုတ်တရက် လိမ့်ကျဆုံးပါးခဲ့ရ၏။ နန်းနုစိတ်ထဲတွင် ဤသေတွင်းသို့ မမျှော်လင့်ပဲလိမ့်ကျခန်းကြီးသည် အမြဲကပ်တွယ်နေကောင်း နေဖွယ်ရှိ၏။ သူအပျိုဖော်၀င်စ အလှပန်း၀င်စအချိန်တွင် သူ့မိဖနှစ်ပါးနှင့်အတူ ငါးရက်တစ်ဈေးဖြစ်သော တောင်နီဈေးသို့ လှည်းဖြင့် အရောင်းအ၀ယ်သွားခဲ့ဖူး၏။ ဈေးမှ ညနေအပြန်တွင် သိမ်ကုန်းတောင်တက်ကာနီး၊ တောကြားတွင် သူတို့ သားအမိသားအဖသုံးဦးမှာ ဓားပြတိုက်ခြင်း ခံခဲ့ရ၏။ ဓားပြသုံးယောက်နှင့် သူ့အဖေသည် ထွေးလုံးရစ်ပတ် သတ်ပုတ်ကြ၏။ သူ့အဖေ၏ခါးမှ ဓါးချက်ဖြင့် ဓားပြတစ်ဦး၏ရင်မှ သွေးများသည် ဆောင့်မိသောရေအိုး၏ အအက်မှ ရေများပန်းထွက်သလို ပန်းထွက်သည်ကို သူ့ မျက်လုံးကြောက်များက လန့်လန့်ကြီး ကြည့်နေမိခဲ့၏။ ကျန်ဓါးပြနှစ်ဦးက သူ့အဖေ၏ကိုယ်ပေါ်သို့ ဓားများဖြင့် အချက်ပေါင်းများစွာထိုး၏။

အဖေလဲကျသွား၍ ပြေးဖက်သော အမေ၏ကိုယ်ပေါ်သို့လည်း အချက်ပေါင်းများစွာ ဓားသွားများစိုက်၀င်ကြသည်မှာ အင်မတန် တုန်လှုပ်စဖွယ်ကောင်းလှ၏။သူ့ထံသို့ ဓားသွားများမရောက်လာမီမှာပင် သူသည် အသတ်ခံရတော့မည့်၀က်ပမာ စူးရှစွာ ငိုဟစ်လျက် ရွာဘက်သို့ ထွက်ပြေး၏။ သူ၏ကြောက်ရွံ့ကြေကွဲသံသည် တစ်တောလုံးကိုထွင်းဖောက်၍ တစ်ကမ္ဘာလုံး၏နားထဲသို့ စူး၀င်မည်သို့ ရှိ၏။ ချွန်ထက်ကျယ်လောင်လွန်းသော သူ့အသံသည် ညနေမှိန်မှိန်ထဲရှိ နေမင်းပင် လန့်၍၀င်လောက်၏။ ချုံကြားတောကြားထဲမှ ဖြတ်သန်းပြေးခဲ့၍သာ သူ့အသက်သည် ဓားသွားများနောက်သို့မပါပဲ သူကြီးအိမ်ပေါ်အထိ ပြေးတက်နိုင်ခဲ့၏။ သူကြီးအိမ်ရောက်တော့လည်း သူဘာမျှမပြောနိုင်တော့ပဲ မေ့မျောလဲကျခဲ့ရ၏။ သူသတိရသောအခါတွင် မီးထိန်ထိန်လင်းသော သူကြီး၏အိမ်ရှေ့တွင် သူ့မိဖနှစ်ဦးစလုံး၏ အလောင်းများ ရောက်ရှိနေကြောင်းကို သူသိလိုက်ရ၏။ သူ့အနီးတွင် သူကြီးကတော် ကူးချယ်၊ မိနှစ်၊ မိဆစ်၊ နန်းရှင်တို့ ရှိ၏။

သူ့တစ်ကိုယ်လုံး ကြေမွသလို နာကျင်နေပြီး ထ၍ လုံး၀မရနိုင်အောင် ဖြစ်နေ၏။ မျက်ရည်ခြောက်များစွန်းသောမျက်နှာဖြင့် သူ့အဒေါ် ကူးစိန်ကလည်း သူ့ကိုထွေးဖက်ထား၏။ အိမ်ဦးခန်းဆီမှ သူကြီးနှင့် ကျောင်းစိတ္တ၊ ကျောင်းဣန္ဒာ၊ ပဉ္ဇင်းဖဇံ၊ ရှင်ဖတောင်၊ ဖိုးမူးတို့၏ တိုင်ပင် စကားပြောသံတို့ကိုလည်း ကြားနေရ၏။ ကာလသားအုပ်စုအနီး ပြတင်းဘေးတွင် မတ်တပ်ရပ်လျက် မီးခိုးထွက်မတတ် ၀င်း၀င်းတောက်သော မျက်လုံးများဖြင့် သူရှိရာသို့ကြည့်နေသော အယ်ရိုးကိုကား သူမမြင်၊ အယ်ရိုး၏ဖခင် ကျောင်းစိတ္တက သူ့သားကို တစ်ခုခုခိုင်းလို၍ အခါခါလှမ်းခေါ်သောအသံကိုသာ ကြားနေရ၏။ နန်းနုအဖို့ ဤညနေနှင့်ဤညမှာ ဝေဒနာဓာတ်အပြည့်ပေးသောည ဖြစ်ခဲ့၏။ ဤအဖြစ်အမြင်များမှာ သူ့ဦးနှောက်ဖြင့် ဓာတ်ပုံရိုက်၍ထားဘိသကဲ့သို့ သူ့ကို အမြဲစွဲလမ်းပူလောင်နေစေခဲ့၏။ ဤဝေဒနာဗျာပါမီးများဖြင့် သူသည် ဆက်လက်၍ သိမ်ကုန်းရွာ၀ယ် လူကောင်းပကတိအဖြစ် အသက်ရှင် နေခဲ့သေး၏။

သို့သော် နောက်ရှစ်လခန့်အကြာတွင် သူ့ဘ၀၏ တစ်ဦးတည်းအဖော်ဖြစ်သော သူ့အဒေါ် ကူးစိန်ခမျာ မကျန်းမာသက် ငါးရက်အတွင်း၌ပင် ကွယ်လွန်သွားပြန်သောအခါ သူသည် အရူးမဘ၀သို့ ကူးပြောင်းသွားတော့၏။ တစ်ရွာလုံးက သူ့အိမ်ကို မိစ္ဆာ၀င်သောအိမ်ဟု ထင်ထားကြ၏။ တစ်ချို့သောသူများကမူ နန်းနု၏အဖေသည် သူတို့ယာခင်းအနီးမှ ညောင်ပင်ကြီးကို ခုတ်လှဲ၍ပစ်ကတည်းက ညောင်ပင်စောင့်မိစ္ဆာသည် သူတို့ကို လက်စားချေသည်ဟု ဆို၏။ ကာလသားတစ်ချို့ကလည်း ညောင်ပင်စောင့်မိစ္ဆာသည် စိတ်ဆိုးဆိုးဖြင့် နန်းနု၏မိဖနှင့် အဒေါ်တို့၏ အသက်ကို ရန်ပြုသော်လည်း လိမ္မာလှပသော နန်းနုလေးကိုမူ အနည်းငယ်သနားသောကြောင့် အသက်ကို ရန်မရှာပဲ နန်းနုဦးနှောက်ထဲသို့ ကွမ်းတံတွေးထွေးပြီး ထည့်ထားလိုက်သောကြောင့် နန်းနုခမျာ ဤသို့ ဦးနှောက်ပျက်သွားရရှာသည်ဟု ဆိုကြ၏။

နတ်၀င်သည်ပေါင်စီကမူ ညောင်မိစ္ဆာသည် နန်းနုကို ချစ်နေသောကြောင့် လူခြေတိတ်သောညအခါတိုင်း ရွှေဖရုံသီးခန့်မျက်လုံးရှိသော ကျွဲနက်ကြီးကိုစီးလျက် ဘောင်းဘီအနက် အင်္ကျီအနက်ဖြင့် လျှာကို ခေါင်းပေါင်း ပေါင်းကာ လာသည်ကို မြင်ဖူးသည်ဟု ပြောလေ့ရှိ၏။ထိုမိစ္ဆာကြီးမှာ နှုတ်ခမ်းမွေးကားကားကြီးရှိလျက် နှုတ်ခမ်းမွေးမှာလည်း အမွေးမဟုတ်ပဲ ပါးပြင်းထနေသော မြွေဟောက်ငယ်ကလေးအကောင်နှစ်ဆယ်ခန့်သည် တစ်ဖက်တွင်ဆယ်ကောင်ခန့် နှုတ်ခမ်းပေါ်တွင် နှုတ်ခမ်းမွေးသဖွယ် ပေါက်၍နေကြသည်ဟုလည်း ဆို၏။ ထိုမိစ်ၦာကြီး၏ မုန်းခြင်းခံရသူများမှာ မိစ္ဆာကြီး၏ အနမ်းတစ်ချက်နှင့်ပင် အသက်ထွက်နိုင်သည်ဟု ဆိုသေး၏။ ဤအချက်ကြောင့် တစ်ရွာလုံးလိုပင် ညလူခြေတိတ်သည်ဖြစ်စေ၊ မတိတ်သည်ဖြစ်စေ၊ နန်းနု၏အိမ်ရှေ့မှ ဖြတ်၍မလျှောက်ရဲပဲ ရှိ၏။

သို့သော် တစ်ရွာလုံးသည် နန်းနုအပေါ်တွင် သနားကြင်နာကြ၏။ အဒေါ်နှင့်နေရသည့် မိတဆိုး ဖတဆိုးလေးဘ၀၌ နန်းနုနေရစဉ်ကပင် နန်းနုကိုတောင်းရမ်းပေးရန် မိဖကိုပူဆာသော ကာလသားများစွာရှိ၏။ မိမိသားကို နန်းနုနှင့်နေရာချပေးလို၍ အဒေါ်ဖြစ်သူထံ စကားကမ်းလှမ်းရန် ဟန်ပြင်နေသော မိဖများလည်း ရှိ၏။ ထိုမိဖထဲတွင် အယ်ရိုး၏အဖေ ကျောင်းစိတ္တသည် သူကြီးကျော့ခင်ကိုပင် တိုင်ပင်လုနီးနီး ဖြစ်ခဲ့၏။ အဒေါ်သေသည်နှင့်တစ်ပြိုင်နက် နန်းနုကို သမီးအဖြစ် ခေါ်ယူမွေးစားတော့မည်ဟု ကြံသူများလည်း ရှိ၏။ ထိုအကြံကို ရှေးဦးစွာကြံသူမှာ သူကြီးကျော့ခင်တို့ ဇနီးမောင်နှံပင်ဖြစ်၏။ သို့သော် ဘယ်သူ ဘာမှ မလုပ်နိုင်လိုက်မီကလေးမှာပင် နန်းနုသည် ကုမရအောင် ရူးသွားခဲ့၍ ကြံစည်သူအားလုံးသည် ၀မ်းနည်းပက်လက် ဖြစ်ခဲ့ရ၏။ ကျော့ခင်တို့ ဇနီးမောင်နှံသည် ဆရာအမျိုးမျိုးပင့်ခေါ်၍ နန်းနုကို ကုသသေး၏။ သို့သော် ဘာမှ ထူးခြားမှုမရှိ။ နန်းနုကို သူတို့အိမ်၌ ခေါ်ထားသော်လည်း နန်းနုက မနေ။

သူ့အိမ်သို့သာ ပြန်ပြေးလေ့ရှိ၏။ နောက်ဆုံး၌ သူကြီးကျော့ခင်သည် နန်းနုကို လက်လျှော့ကာ သူနေချင်သလိုနေရန် လွှတ်ထားရတော့၏။ နန်းနုတို့ပိုင်သော ယာခင်းများကိုလည်း သူ၏တူတော်သူ အယ်မောင်၊ မယ်ဆာတို့လင်မယားကို လုပ်စေလျက် နန်းနု၏စား၀တ်နေရေးကို ယာငှားခအဖြစ် တာ၀န်ယူ ပေးစေ၏။ နံနက်နှင့်ညနေတိုင်း အယ်မောင်၏မိန်းမ မယ်ဆာက နန်းနုထံသို့ စားသည်ဖြစ်စေ၊ မစားသည်ဖြစ်စေ ထမင်းပို့ပေးရ၏။ အိမ်အပျက်အစီးကို ပြင်ဆင်ရန်မှအစ အယ်မောင်တို့က တာ၀န်ယူပြီး ရွာက ၀ိုင်း၀န်း လုပ်ဆောင်ပေးရ၏။ နန်းနုမှာကား ဘယ်သူတွေက သူ့ကိုသနားပြီး ဘယ်သူတွေက သူ့ကိုပြုစုနေသည်ကိုပင် သိဟန်တူမှု နည်းနည်းကလေးမျှ မရှိ။ အိမ်၀င်းနှင့်အိမ်ခြံ၀င်းအပြင်သို့ လုံး၀ထွက်လေ့မရှိပဲ ရယ်လိုက်၊ ငိုလိုက်၊ အော်လိုက်၊ သီချင်း သီဆိုလိုက် နှင့် နေတတ်၏။

မရူးခင်က သူသိသမျှလူအပေါင်းအား ဘယ်သူကိုမျှ မသိတော့ပဲ ရှိနေ၏။သူသည် အိမ်အိုတစ်လုံးထဲတွင် ခွေးတစ်ကောင်နှင့်သာ အတူနေ၏။ နန်းနု၏ခွေးကား အာဂခွေးဖြစ်၏။ နေ့ရောညပါ နန်းနု၏ခြံအတွင်းသို့ ဘယ်သူ့ကိုမျှ အ၀င်မခံသောခွေးဖြစ်၏။ ထမင်းပို့သူ မယ်ဆာတစ်ဦးသာလျှင် ထမင်းရှင်ဖြစ်၍ မကိုက်ပဲ၊ ရန်မလုပ်ပဲ နေ၏။ သို့သော် ညဘက်ဆိုလျှင် မယ်ဆာကိုပင် ကိုက်ချင် ကိုက်မည့် မြီးတိုဖြစ်၏။ ခွေးနက်ဖြစ်ပြီး မြီးတိုဟု ခေါ်၏။ မြီးတိုမှာ ယခင်က အမြီးမတိုခဲ့သော်လည်း နန်းနုတို့မိသားစုကို ဓားပြတိုက်၍ သခင်နှင့်ဓားပြ သတ်ပုတ်ကြစဉ် သခင်ဖက်မှ ၀င်၍ကိုက်သောကြောင့် ဓားပြ၏ဓားချက်ဖြင့် တကယ် အမြီးတိုခဲ့ရသော ခွေးဖြစ်၏။ထမင်းပို့သူ မယ်ဆာပင်လျှင် မြီးတိုကို ကြောက်၍၎င်း၊ မြွေဟောက်နှုတ်ခမ်းမွေးဖြင့် ကျွဲနက်ကြီးကိုစီး၍ ညတွင်လာသည်ဆိုသော ညောင်မိစ္ဆာကို ကြောက်၍၎င်း၊ ညနေစောစောတိုင်းပင် ထမင်းပို့သွားလေ့ရှိ၏။

မြီးတိုသည် တစ်နေ့လုံး အိမ်လှေကားရင်းတွင် အိပ်နေပြီး ခြံအတွင်းမှ ချွတ်ကနဲအသံကြားရုံနှင့် မျက်လုံး ကိုဖွင့်ကြည့်ပြီး သူ့စိတ်နှင့်မတွေ့လျင် ထ၍ ဟိန်းတတ်ဟောင်တတ်၏။ ည၌မူကား တောကြား၌နေသော ခွေးပီပီ ကျားရန်ကိုကြောက်သောကြောင့် အိမ်ပေါ်သို့တက်၍ အိပ်သော်လည်း သစ်ရွက်လှုပ်သည်ကလေးကိုပင် ခွင့်မလွှတ်ပဲ တစ်ညလုံးလိုလို ဟောင်နေတတ်၏။ နန်းနုအဖို့ မြီးတိုသည် အဖော်ကောင်း ကိုယ်ရံတော်ကောင်းဖြစ်နေ၏။ သို့သော် နတ်၀င်သည်ပေါင်စီ၏ အဆိုအရမူ မြီးတိုသည် တစ်ညလုံးလိုလို ဟောင်တတ်သော်လည်း ညအခါ မဟောင်ဘဲနေသော အချိန်ကာလတစ်ခုတော့ အမြဲရှိသည်ဆို၏။ ထိုအချိန်မှာ မြွေဟောက်နှုတ်ခမ်းမွေးဖြင့် ကျွဲနက်ကြီးကို စီး၍လာသော ညောင်မိစ္ဆာလာချိန်မို့ မြီးတိုသည် ကြောက်လန့်ကာ မဟောင်ပဲ ညောင်မိစ္ဆာပြန်ပြီးနောက်မှ ဟောင်သည်ဟု ဆိုသည်။ ညောင်မိစ္ဆာကို အကြောက်ဆုံးမှာ အယ်ရိုး၏ညီမ မယ်နှစ်နှင့် အယ်ရိုး၏ချစ်သူ မယ်ဆစ်တို့ ဖြစ်သည်။

လျှာကို ခေါင်ပေါင်းပေါင်း၍ ကျွဲနက်ကြီးကို စီးလာသည်ဟူသော စကားကြောင့် မယ်ဆစ်မှာ မိမိအိမ်မှ ကျွဲများကိုပင် ညအခါ မကြည့်ရဲပဲ ရှိတတ်၏။ မြွေဟောက်နှုတ်ခမ်းမွေးကြီးကားကားနှင့်ဟူသော စကားကြောင့် မယ်နှစ်မှာ သူ့အစ်ကို အယ်ရိုးနှင့် သူ့ဖခင် ကျောင်းစိတ္တတို့၏ နှုတ်ခမ်းမွေးများကို ကြည့်ရင်း တစ်ခါတရံ စိတ်မသက်မသာချင်သလိုလို ရှိတတ်၏။ ဤညောင်မိစ္ဆာကြီးကား ညအခါတွင် ကြောက်တတ်သူတိုင်း၏စိတ်တိုင်းတွင် ၀င်ရောက်နေတတ်သော အရာကြီးဖြစ်၏။ သို့သော် ဤညောင်မိစ္ဆာကြီးသည် နန်းနု၏အိမ်သို့ ညအခါတွင် တကယ်လာမလာကို သံသယ ရှိနေသူများ ရှိသေး၏။ အရေးကြီးသော သုံးဦးမျှကိုသာ ဖော်ပြရပါလျင် သူကြီး ကျော့ခင်၊ အယ်ရိုးနှင့် ကျောင်းစိတ္တတို့ ဖြစ်ကြ၏။ သူတို့သုံးဦး၏စိတ်ထဲတွင် တစ်ဦးနှင့်တစ်ဦး ဖွင့်၍မဆွေးနွေးသော်ငြားလည်း သံသယကိုယ်စီနှင့်တော့ ဖြစ်၍နေကြ၏။ သူတို့ သံသယဖြစ်ရပုံများကို မဖော်ပြမီ သူတို့တစ်ဦးစီ၏အကြောင်းမှာ အရေးမကြီးသော်လည်း သိ ကောင်းစရာ ဖြစ်၏။

ထိုသိကောင်းစရာတို့ကို ဖော်ပြပြီးမှ မမျှော်လင့်ပဲ ဘဲဥအစရှာမရသလို တစ်ရွာလုံးကို ဒုက္ခပေးသော သံသယရာဇ၀င်ကို စတင်သင့်လှ၏။ * ရှေးဦးစွာ ကျော့ခင်အကြောင်းကို ဖော်ပြရပါလျှင် ကျော့ခင်သည် သိမ်ကုန်းတစ်ရွာလုံးက အထူး ကြောက်ရွံ့လေးစားချစ်ခင်ရသော သူကြီးဖြစ်၏။ “ကျော့” ဟူသောစကားမှာ ရွာသူကြီးဟူ၍ အဓိပ္ပာယ်ရ၏။ သူသည် မှန်ကန် တရားမျှတမှုကို ကြိုက်၏။ ရွာသားများအပေါ်တွင် ညီရင်းအစ်ကို သားရင်းအဖကဲ့သို့ ပြုမူတတ်၏။ ဆုံးမတားမြစ်ပါလျက်နှင့် ပြစ်မှုကျူးလွန်သော သူများအပေါ်တွင် ဒေါသကြီးတတ်၏။ တစ်ခါက သူ့တူအရင်းဖြစ်သူ အယ်ထိုက်သည် နွားခိုး၊ ကျွဲခိုးမှုများကို သူအပြစ်ပေါ့ပေါ့ပေးပြီး တားပါလျက် ထပ်မံကျူးလွန်သောကြောင့် သူကိုယ်တိုင် သေနတ်ဖြင့် ပေါင်ကိုပစ်ချိုးမိသည်အထိဖြစ်ကာ ရွာမှ ထာ၀ရ နှင်ထုတ်ပစ်ခဲ့ဖူး၏။

အသက် ၅၁ နှစ် ရှိ၏။ အရပ်ပုပု၊ အသားဖြူဖြူ၊ ခပ်၀၀၊ နှာခေါင်းတိုတို၊ မေးရိုးကားကား၊ မျက်လုံး တောက်တောက်၊ နှုတ်ခမ်းမွေးကားကား၊ ညာဘက်မေးအောက်တွင် လက်နှစ်သစ်ခန့်ထူ၍ တစ်မိုက်ခန့်ရှည်သော မုတ်ဆိတ်မွေး ရှိ၏။ စကားပြောသောအခါ တပြုံးပြုံးနှင့် မုတ်ဆိတ်မွေးကို ဘယ်လက်နှင့် ညင်ညင်သာသာဆွဲကာ သပ်ကာ ပြောတတ်၏။ စိတ်ဆိုးခဲသော်လည်း စိတ်ဆိုးသောအခါ မုတ်ဆိတ်မွေးကို ဘယ်လက်ညှိုးနှင့်ရစ်ပြီး တင်းတင်းကြီးဆွဲရင်း အံကြိတ်ကာ စကားတစ်လုံးမှမပြောပဲ ဤ၍ဤမျှ အသက် ၅၀ ကျော်သည့်တိုင် ငိုတတ်၏။ တော်တော်လည်း ဆန်းသော အလေ့ဖြစ်၏။ စိတ်လိုက်မာန်ပါမလုပ်တတ်ပဲ ဒေါသကိုအမြန်ချုပ်နိုင်အောင် ကျင့်ထားရင်းက အကျင့် ပါလာသလော မသိ။ ထို့ကြောင့် အကြောင်းကိစ္စကြီးတစ်ခုတွင် သူကြီးငိုပြီဆိုလျှင် ရွာသားတို့သည် ဆဲဆိုအော်ဟစ်သကဲ့သို့ ကြောက်လန့်ငြိမ်ကုပ်နေတတ်ကြ၏။ ကျော့ခင်သည် ပျိုရွယ်စဉ် ဗြိတိသျှလက်ထက်တွင် စစ်တပ်၌ အမှုထမ်းခဲ့ဖူး၏။

ဓားပစ်သေနတ်ပစ် အလွန်တော်၏။ ဓားကို လျှင်မြန်စွာဖြင့် လိုရာကိုထိစိုက်အောင် ပစ်နိုင်၏။ သူကြီးဘ၀တွင် ဓားကိုအသုံးနည်းပြီး သေနတ်ကို ပို၍သုံး၏။ သူ့သေနတ်ချက်တွင် ဘယ်သားကောင်မှ လွတ်ဖူးသည်မရှိ။ ကျော့ခင်သည် သတ်ရဖြတ်ရ ပစ်ခတ်ရသော အမဲလိုက်ဝါသနာကြီးသော်လည်း ကလေးသူငယ်များကို ချစ်ခင်တတ်၏။ အဘယ့်ကြောင့်ဆိုသော် သူ့ဇနီး ကူးချယ်နှင့် ရကတည်းက သားသမီးမရခဲ့သောကြောင့် ဖြစ်၏။ အချစ်ဆုံးမိန်းကလေးမှာ နန်းနု။ အချစ်ဆုံး ယောကျ်ားလေးမှာ အယ်ရိုး ဖြစ်၏။ ကျော့ခင်တွင် ညောင်မိစ္ဆာအပေါ် သံသယ၀င်နေခြင်းမှာ နတ်တွေ တစ္ဆေတွေကို မယုံ။ ဘုရားကိုသာ ကြည်ညိုယုံကြည်မှု ပြင်းပြသောကြောင့် ဖြစ်၏။ သို့ကြောင့်ပင် ညအခါ၌ နန်းနု၏အိမ်သို့ ညောင်မိစ္ဆာလာသည်ဟု ကြောက်ကာ အိမ်ရှေ့မှ ဘယ်သူမှဖြတ်မလျှောက်ရဲသော်လည်း သူ့တွင် ရပ်ရွာကိစ္စရှိတိုင်း သွားလာမှုမပျက်နေခဲ့၏။ သူကြောက်သည်မှာ နန်းနု၏ ခွေးမြီးတိုကိုသာ ဖြစ်၏။

မြီးတိုကိုရော ညောင်မိစ္ဆာကိုပါ မကြောက်သူမှာ အယ်ရိုးဖြစ်၏။ အယ်ရိုးသည် ခန့်ခန့်ချောချော လူငယ်တစ်ယောက်ဖြစ်၏။ စိတ်သဘောကောင်း၏။ အသက် ၂၀ ခန့် ရှိ၏။ မမှန်ကန်သောအလုပ်ကို မလုပ်ချင်သူဖြစ်၏။ ဇွဲရှိ၏။ သတ္တိရှိ၏။ ယာခင်းများကို ဖခင်နှင့် နှမ သိပ်မပင်ပန်းစေရပဲ ကျွဲတစ်ရှဉ်းနှင့် သူချည့်လိုလိုလုပ်နိုင်၏။ အလုပ်အကိုင်တော်၍ သဘောကောင်းသောကြောင့် ခင်မင်သူ ပေါ၏။ သမက်တော်ချင်သူ မရှားသောသူဖြစ်၏။ အယ်ရိုးသည် သူ့ဖခင် ကျောင်းစိတ္တကို အလွန်ချစ်၏။ လောကတစ်ခုလုံးတွင် သူအချစ်ဆုံး အကြည်ညိုဆုံးမှာ သူ့အဖေ ဖြစ်၏။ ဖခင်ပြောသမျှ ဘာမဆိုလုပ်၏။ ပြန်လှန်၍ ပြောလေ့မရှိ။ တစ်ခြားကာလသားများကဲ့သို့ ရပ်ရွာဓလေ့အတိုင်း အရက်သောက်ခြင်း လုံး၀မရှိ။ ဆေးလိပ်မသောက် ကွမ်းမစားပဲ ညအိပ်ရာ၀င်တိုင်း ဘုရားရှိခိုး၍ အိပ်သူဖြစ်၏။ တစ်ခုတော့ ရှိ၏။ သူသည် အပစ်အခတ် အသတ်အပုတ် အင်မတန်ဝါသနာကြီးကာ ကျွမ်းကျင်၏။

လက်နက်များကို အလှအပရတနာသဖွယ် စုတတ်၏။ အထူးသဖြင့် အမဲလိုက်ဝါသနာကြီးပြီး ဓားဖြင့်ပစ်ခတ်မှု အင်မတန်တော်၏။ ချောင်းရိုးထဲတွင် မိုင်းဖြင့်ခွဲ၍ ငါးဖမ်းရသောအလုပ်ကိုလည်း အင်မတန်နှစ်သက်၏။ ဤအရည်အချင်းများကြောင့်ပင် သူကြီးကျော့ခင်က သူ့ကိုအထူးမြှောက်စားခဲ့၏။ သူသည် ကျော့ခင်ကို အင်မတန်ရိုသေ၏။ ကျော့ခင်သည် သူ့ဆရာလည်းဖြစ်၏။ အပစ်အခတ် အမဲလိုက်ပညာများကို သင်ပေးသော ဆရာဖြစ်၏။ သူသည် ကျော့ခင်ထက်ပင် ဓားပစ်တော်သည်ဟု ကျော့ခင်က တခါတရံ ချီးကျူး၏။ သူက မြန်၏။ ကျော့ခင်က သေချာ၏။ အမဲလိုက်ရင်း တစ်ခါတလေ ပြေးထွက်လာသောဂျီကို သေနတ်မသုံးပဲ ဓားဖြင့်ပစ်၍ လေးငါးခါ ရယူနိုင် ခဲ့ဖူး၏။ ရွာတွင် ဟင်းပြတ်သောအခါမျိုး၌ သူကြီးကဦးစီးပြီး အမဲပေါ်ခြင်း၊ ၀က်သားပေါ်ခြင်းပြုသောအခါ အယ်ရိုးသည် အသတ်တာ၀န်ခံ ဖြစ်၏။ ဖမ်း၍မလွယ်ပဲ ထွက်ပြေးတတ်သော၀က်ကို သူ၏ဓားဖြင့် တစ်ချက်သာပစ်ရုံနှင့် ဘိုင်းကနဲ လဲစေနိုင်၏။

သူ့ခါးတွင် သူ့ဆင်စွယ်ရိုးဓားမြှောင်သည် အမြဲရှိ၏။ တသသနေ၏။ ဘယ်သူ့ကိုမျှ မငှား။ ဘယ်သူ့ကိုမျှ အကိုင်မခံ။ ညအိပ်ခါမှသာ ကိုယ်မှဖြုတ်၍ ဘေးသို့ချအိပ်၏။ အားအားရှိတိုင်း ဓားစမ်း၍နေတတ်၏။ တစ်ချို့ကမူ သူသည် ဘယ်သန်ဖြစ်ပြီး ဘယ်ဘက်လက်မတွင် လက်ပွားကလေးရှိသောကြောင့် ဤသို့ အပစ်အခတ်လက်တည့်သည်ဟု ဆိုကြ၏။ သူ့ချစ်သူ မယ်ဆစ်ကမူ သူ့ကို ချစ်သာချစ်သော်လည်း သူ၏ အသတ်အပုတ်၊ အပစ်အခတ်အစွမ်းများကို တစ်စက်မျှ နှစ်သက်ခြင်းမရှိ။ အမြဲတမ်း ကဲ့ရဲ့တတ်၏။ မယ်ဆစ် အကဲ့ရဲ့ဆုံးအကြောင်းအချက်မှာ အယ်ရိုး၏ အယူသည်းမှုတစ်ခုဖြစ်၏။ အမဲဖြစ်စေ ၀က်ဖြစ်စေ၊ တောကောင်ကိုပင်ရရ၊ သူသတ်သော အကောင်ကို ပူပူနွေးနွေးဖျက်ပြီး အသည်းကိုချက်ချင်းလှီးကာ အစိမ်းလိုက်စားခြင်းဖြစ်၏။ မကောင်းဆိုးဝါးမကပ်နိုင်ဟု ယူဆ၏။ အယ်ရိုးကား ကဲ့ရဲ့သောဤအခါမျိုးတွင် ပြုံး၍နေတတ်၏။ မယ်ဆစ်ကို သူအင်မတန်ချစ်ပါ၏။သို့သော် သူ့အချစ်ကို မယ်ဆစ်က တစ်ခါတရံ ခနဲ့တတ်၏။ နန်းနုရူးသွားသောကြောင့်သာ သူ့ကိုချစ်တာပါဟု ဆို၏။ ဒါကို အယ်ရိုးခမြာ မခံနိုင်ရှာ။

ဘယ်လိုဘဲ ဖြစ်ခဲ့ ဖြစ်ခဲ့ ယခုရော နောင်ပါ သစ္စာရှိရှိ ခိုင်ခိုင်မာမာ ချစ်သောစိတ် သူ့မှာ ရှိသည်ကိုတော့ သံသယ မရှိစေချင်။ သူသည် တစ်ခါတရံ စိတ်ပျက်၏။ သူ့ယောက္ခမလောင်း ကျောင်းဣန္ဒာကလည်း သူ့ကို ဆဲတတ်၏။ သူက နတ်၀င်သည်ပေါင်စီပြောသော ညောင်မိစ္ဆာကြီး ရွာထဲလာကြောင်းကို မယုံဟုပြောတိုင်း လူကြီးသက်ကြီးစကားကိုပင် ပစ်ပယ်ရကောင်းလားဟု ညစ်ညစ်ပတ်ပတ်ဆဲတတ်၏။ ကျောင်းဣန္ဒာကား အဆဲနှင့်ဓားကြိမ်းတွင် နာမည်ကြီး၏။ တစ်ခုခု သူသဘောမကျမှုရှိက စိတ်အလွန်တိုပြီး ဓားနဲ့ခုတ်မယ်ဟု ကြိမ်းလေ့ရှိသောကြောင့် ဓားဣန္ဒာဟု တွင်၏။ သူ၏ လေထဲကဓားနှင့် အဆဲကို အားလုံးက ရယ်စရာလို ခွင့်လွှတ်ထားကြ၏။ သူ့သမီးကို ချစ်မိပြီမို့ အယ်ရိုးက သူများထက် ဆယ်ဆခွင့်လွှတ်နိုင်ခဲ့၏။ “မယုံတဲ့ ခွေးသူငယ်လေး . . . ညောင်မိစ္ဆာနဲ့တွေ့ခါမှ နင့်ကို ဂုတ်ချိုးထားလိမ့်မယ် . . . ” ဟု ကျောင်းဣန္ဒာက သူ့ကို ပြောလေ့ရှိ၏။ ညောင်မိစ္ဆာကို တွေ့ဖူးချင်လှ၏။

တွေ့လျှင်တော့ မိစ္ဆာ၏လည်ပင်းတွင် သူ့ဓားတန်းလန်းစိုက်ပြီး ကျွဲပေါ်က ကျွမ်းပစ်ကျစေရမည်ဟု သူကြိမ်းတတ်၏။ ဤအကြိမ်းမျိုးကြောင့် သူ့အဖေ ကျောင်းစိတ္တက သူ့သားကို . . . “နင်လဲ ဓားဣန္ဒာရဲ့ သားမက်လောင်း ဓားငရိုးပဲကွ . . . ” ဟု ဆိုလေ့ရှိ၏။ ကျောင်းစိတ္တကား သူနှင့် မတူလွန်းသောသားကိုကြည့်၍ အံ့သြနေတတ်၏။ ကျောင်းစိတ္တသည် အသတ်အဖြတ်ကို ဝါသနာပါဖိုဝေးစွ။ ဝါတွင်းသုံးလမျိုး၌ပင် အသက်သတ်လွတ်စား ကာ ဥပုသ်သီလ အမြဲရှိသူဖြစ်၏။ ကြောင်သူတော်ကြက်သူခိုးအမျိုးအစားလည်း မဟုတ်။ တကယ်ပင် စိတ်သဘောထား ဖြူစင်မြင့်မြတ်သူ ဖြစ်၏။ သူ စီးပွားကောင်းစဉ်ကဆိုလျှင် ကျောင်းဆောက်၊ သိမ်ဆောက်ပြီး အလှူရေစက် လက်နှင့်မကွာနေခဲ့သူ ဖြစ်၏။ အယ်ရိုးတို့မောင်နှမ အရွယ်ရောက်ချိန်တွင် စီးပွားကျဆင်းသော်လည်း လှူတုန်းတန်းတုန်းပင် ရှိ၏။ အင်းလေးကန်ထဲမှ ဖောင်တော်ဦးဘုရားပွဲတော်ရက်၊ ပင်းတယဘုရားပွဲတော်ရက်တည်းဟူသော အလှူမြတ်သည့်နေ့ထူးများတွင် သူအမြဲသွားတတ်၏။ သူကြီးကို ကြောက်လျက်ရိုသေသော ရွားသားများသည် သူ့ကို ကြည်ညိုလျက်ရိုသေသည်။

သူ့သားကဲ့သို့ လက်နက်များကို ချစ်လေ့မရှိ။ ယာတောတွင်သုံးရသော ဓားမ၊ ပေါက်တူး၊ ဖားတီကောက် တို့ကိုသာလျှင် သူသုံး၏။ တောကြားတောင်ကြား သွားရသူတို့ဓလေ့အတိုင်း ခါးတွင် ဓားမြှောင်ချိတ်လည်း သူ မချိတ်။ သူ့သားဖြစ်သူ ဓားမြှောင်ဖြင့် တဒုတ်ဒုတ် သစ်ငုတ်သစ်ပင်ကို ပစ်၍စမ်းနေသည်ကို တွေ့ရလွန်းနေသဖြင့် စိတ်ပျက်၍ပင်နေ၏။ သူ့သား၏ အပစ်အခတ်၊ အသတ်အပုတ် ဝါသနာကြီးပုံကို သူမကြိုက်သော်လည်း သူကြီးက ဝါသနာတူပြီး အားပေးနေသည်ကတစ်ကြောင်း၊ လူဆိုသည်မှာ ကောင်းကွက်လည်းရှိ၊ မကောင်းကွက်လည်းရှိသည်ဟု ယူဆသည်က တစ်ကြောင်းတို့ကြောင့် မတားမြစ်ပဲနေလိုက်၏။ သူ့စကားကို နားထောင်တတ်သောသားမို့ သူတားလိုက်ပါက ဝါသနာအလွန်ကြီးသောအလုပ်ကို လုပ်ချင်လျက် ဖခင်ကိုငဲ့ကာ မလုပ်ရသောကြောင့် စိတ်မပျော်မရွှင်ရှိမည်ကိုလည်း သူစိုး၍ မတားမြစ်ခြင်းလည်း ဖြစ်၏။ အလုပ်ကြိုးစားပြီး အရက်မသောက်၊ ကွမ်းမစား၊ ဆေးလိပ်မသောက် လူချစ်လူခင်ပေါတာနှင့်ပင် တော်လောက်ပါပြီဟု သူကျေနပ်ထား၏။ ကျောင်းစိတ္တသည် ရုပ်ရည်အားဖြင့် ဖြူဖြူဖိုင့်ဖိုင့် ထောင်ထောင်မောင်းမောင်းဖြစ်ပြီး အသက် ၅၃ နှစ်ခန့် ရှိပြီဖြစ်သော်လည်း ၄၅ နှစ်ဟု ထင်ရလောက်အောင် အရွယ်တင်လှ၏။

အိမ်တွင်နေသည့်အခါ အင်္ကျီရင်ပတ်ကြယ်သီးကို တပ်လေ့မရှိသောကြောင့် ဆေးနီမင်ရုပ် အင်းကွက်များ သူ့ရင်ပတ်သား ၀င်း၀င်းအိအိပေါ်တွင် ထင်းထင်းကြီး ပေါ်နေတတ်၏။ နှုတ်ခမ်းမွေးကြီးကားကား၊ ဘောင်းဘီနက်၊ ရှပ်အင်္ကျီအဖြူ၊ အပေါ်အင်္ကျီအနက်တို့ကို၀တ်လျက် ဝါနီညို အကွက်ကျားသော မျက်နှာသုတ်ပုဝါကို ခပ်ရွရွပေါင်းကာ မြင်းကိုစီးလျက် ဈေးနေ့များတွင် တောင်နီဈေးသို့သွား သည်ကို မြင်ရပါက အလွန်ခန့်ညား ကြည်ညိုဖွယ်ကောင်း၏။သူ့ပါးစပ်တွင် ကွမ်းတဖတ်ဖတ်နှင့် တွေ့ရတတ်၏။ သူသည် ကွမ်းကို အလွန်ကြိုက်၏။ သွားလေရာတွင် ကွမ်းအစ်ပါ၏။ တစ်ဈေးခြားဖြစ်သည့် ၅ ရက်တွင် ကွမ်းသီးငါးဆယ်သား သူတစ်ဦးတည်းနှင့် ကုန်သည်ဟု သူ့ သမီး မယ်နှစ်က ပြောလေ့ရှိ၏။ သူ့သွားများသည် အဖြူရောင် လုံး၀မရှိ။ အားလုံးမဲ၍ နေ၏။ “ဒို့ဖ သွားတွေကြည့်ရတာ ကြောက်စရာ . . . ” ဟုပင် သူ့သမီးက မှတ်ချက်ချဖူး၏။ အိမ်တွင် သူထိုင်နေကျ ခေါင်းရင်းမှတိုင်တစ်တိုင်မှာ ကွမ်းယာ၍အပြီး ကျန်သောထုံးကိုသုတ်သဖြင့် တစ်တိုင်လုံး ပျောက်ကျား ကျားနေ၏။ သောက်ရေအိုးစင်အနီးမှ တိုင်လည်း ထို့အတူဖြစ်၏။

ကွမ်းတံတွေးကိုလည်း ထွေးခံရှိလျက်နှင့် သူသည် နေရာအနှံ့အပြား ထွေးတတ်၏။ ပထမဆုံးဝါးရာမှ ထွက်လာသော ကွမ်းတံတွေးတို့မှာ ထုံးကဲသောကြောင့် နီဖြူဖြူကြီးဖြစ်နေပြီး ရေသွန် သကဲ့သို့ မြေပေါ်ကျသံ ပြင်းပြင်းကြားရတတ်၏။ အိမ်အနှံ့အပြား သူကွမ်းတံတွေးမထွေးမိသည့် နေရာမရှိ။ ကွမ်းတံတွေးကြောင့် သူ့သမီးကဆူခြင်းကို တစ်ခါတလေ ခံရတတ်၏။ ကွမ်းဝါး၍ကုန်ခါနီး လျှာတွင်ကပ်နေသော ကွမ်းသီးစလေးများကို အာခေါင်နှင့်ခြစ်၊ ပါးစောင်နှစ်ဖက်ကို လျှာနှင့်မွှေပြီးလျှင် တဖွီဖွီနှင့် သုံးလေးခါမြန်မြန် နှုတ်ခမ်းထဲမှ ကွမ်းသီးစလေးတွေ လွင့်ထွက်ကျအောင် ထွေးရသည်မှာ အလွန်အရသာရှိသည်ဟု သူကပြောပြလျှင် သူ့သမီးက မျက်စောင်းခဲ၏။ ဘယ်သို့ပင်ဖြစ်ဖြစ် ကွမ်းစားရ ကွမ်းတံတွေးထွေးရသည်ကိုတော့ သူကြိုက်လှ၏။ ကွမ်းထက် သူကြိုက်သောအရာ ရှိသေး၏။ ထိုအရာကား အရက်ဖြစ်၏။ ဘုရားတရား ဘယ်မျှမြဲမြဲ၊ ကုသိုလ်ဘယ်မျှ ပြုပြု ညနေတိုင်း သူ အရက် သောက်လေ့ရှိ၏။

များသောအားဖြင့် သူကြီးကျော့ခင်နှင့် အတူဖြစ်၏။ ကောင်းမှုကုသိုလ်အားထုတ်မှုတွေ အများကြီး သူလုပ်သော်လည်း အရက်ကိုမူ သူရှောင်၍ မရ။ တိတ်တိတ်လည်းမသောက်။ ဗြောင်သောက်၏။ ရုပ်ပျက်အောင် မသောက်။ ရေချိန်လွန်လုနီးလေးအထိတော့ သူသောက်၏။ ဒါကြောင့်ပင် သူ့သား၌ အသတ်အဖြတ်ဝါသနာကြီးသည်ကို တွေ့ရသောအခါ လူဆိုတာ ကောင်းကွက်ရှိ သလို မကောင်းကွက်လည်းရှိတာပင်ဟူသော ယူဆချက်ဖြင့် ကိုယ်ချင်းစာပြီး မတားမြစ်ခဲ့ခြင်းဖြစ်၏။ အရက်ကို သူ့ဇနီးကွယ်လွန်ကတည်းက စ၍သောက်တတ်လာခဲ့၏။ နောက်အိမ်ထောင် ဆက်၍မပြုပဲ သား သမီးနှင့်သာ နေလာခဲ့ရင်း မပြတ်သောက်ခဲ့၏။ စိတ်ညစ်၍ စသောက်သည်မဟုတ်။ ကြောက်တတ်လွန်းရာမှ စ၍ အရက်သောက်တတ်လာခဲ့၏။ ကျောင်းစိတ္တသည် သိမ်ကုန်းတစ်ရွာလုံးတွင် အကြောက်တတ်ဆုံးဟု နာမည်ရသော သူ့သမီးနှင့် သူ့ချွေးမလောင်း မယ်ဆစ်တို့ထက်ပင် အကြောက်ကြီးသူဖြစ်၏။

တစ္ဆေသရဲကို သူအလွန်ကြောက်၏။ သူ့ဇနီးသေခါစက လင်မယားအတူအိပ်သော အိပ်ရာ၌ပင် သူမအိပ်ရဲပဲ နေရာရွှေ့ပြီးအိပ်ရ၏။ သူ့ဇနီးကို မြောက်ဖက်ရှင်မဖမ်းစား၍ သေသည်ဟု နတ်ထိန်းကပြောသဖြင့် မြောက်ဖက်ရှင်မဆိုတာ ဘယ်လိုနေမှန်း သူမသိသော်လည်း သူ့ကိုပါ နှောင့်ယှက်ဦးမည်လားဟု သူ ပူပင်ခဲ့၏။ “မြောက်ဘက်ရှင်မဆိုတာ မျောက်ကိုဖက်ထားတဲ့ မိန်းမကိုပြောတာ ကျောင်းစိတ္တရဲ့ . . . ဟဲ . . . ဟဲ . . . မျောက်မွေးတဲ့မိန်းမလို့ ဆိုလိုတာပေါ့ . . . ” ဟု ကျော့ခင်က မချေမငံပြောသည်ကိုပင် သူ ကြက်သီးထချင်သလိုလို ဖြစ်၏။ သူသည် ညအချိန် တစ်ဦးတည်း ရွာထဲသို့မထွက်ရဲ။ တိုင်ပင်စည်းဝေးစရာရှိ၍ သူကြီးအိမ်သွားရကလည်း အဖော်အမြဲပါမှ ဖြစ်၏။ နန်းနုရူးပြီးနောက် သူ့အိမ်မှခွေးငနီကို ညတွင် ကျားလာ၍ဆွဲသွားခဲ့စဉ် ညောင်မိစ္ဆာလာ၍ ဆွဲခြင်းဖြစ်ကောင်းဖြစ်မည်ဟု ကျောင်းဣန္ဒာက ထင်ကြေးပေးသဖြင့် ညောင်မိစ္ဆာကို သူအလွန်ကြောက်၍နေ၏။

ညနေစောင်း၍ ယာတောမှပြန်သောအခါ နန်းနုအဖေ ခုတ်ခဲ့ပြီးနောက် အခက်အရွက်တွေ ပြန်ပြီးစည်နေသော ညောင်ပင်ကြီးကို သူ မကြည့်ရဲ။ ဤမျှ အကြောက်ကြီးသူဖြစ်၏။ နန်းနုအိမ်သို့ ညအချိန် ညောင်မိစ္ဆာလာကြောင်းကို သံသယဖြစ်သူ သုံးဦးအနက် သူသည် အထူးခြားဆုံး ဖြစ်၏။ သူတို့သုံးဦးတွင် တူညီသောအချက်မှာ နှုတ်ခမ်းမွေးကားကားရှိကြခြင်း ဖြစ်၏။ကျော့ခင်၏ နှုတ်ခမ်းမွေးသည် မထူဘဲ ရှည်၍ ကား၏။ ကျောင်းစိတ္တတွင် ထူ၏။ အယ်ရိုးတွင် ပါး၏။ သူတို့သုံးဦးစလုံး၏ တူညီချက်တစ်ခု ရှိ၏။ နန်နုပေါ်တွင် သနားမေတ္တာပိုကြီးကြကာ နန်းနုအိမ်သို့ ၀င်ထွက်သွားလာပြီး ပြုစုစောင့်ရှောက်ကြခြင်း ဖြစ်၏။ သို့သော် တစ်ဦးမှ စိတ်အလိုကျမဖြစ်ခဲ့။ နန်းနုအိမ်မှခွေးသည် ထမင်းပို့သော မယ်ဆာကလွဲလျှင် ဘယ်သူ့မဆို အရမ်းကိုက်၏။

နန်းနုသည် မယ်ဆာကလွဲလျှင် တစ်ခြားသူ ဘယ်သူကိုမျှမမှတ်မိ။ မသိ။ တစ်ခြားသူများ ခြံ၀အနီး ကြာကြာရပ်ရုံနှင့်ပင် . . . “မလာနဲ့ . . . မလာနဲ့ . . . ဓားပြတွေ . . . မလာနဲ့ . . . ” ဟု အော်ဟစ်ဆဲဆိုတတ်၏။ ထို့ကြောင့် မယ်ဆာကလွဲလျှင် ဘယ်သူမျှလည်း မ၀င်ချင်။ မ၀င်ရဲကြ။ ကျော့ခင်ပင် . . . “မယ်ဆာတို့လင်မယားနဲ့ လွှဲထားရင်ပြီးတာပါပဲ . . .” ဟု ဆုံးဖြတ်ကာ ခြံရှေ့ဖြတ်သွားမိသောအခါကျမှ အကဲခတ်ရုံကြည့်၏။ အယ်ရိုးကမူ ညတွင် ညောင်မိစ္ဆာလာသည်ဆိုသဖြင့် ညလူခြေတိတ်ချိန်တွင် ၀င်း၀နှင့် ခပ်လှမ်းလှမ်း ဝါးရုံအောက်မှ သွား၍ လေးငါးခါစောင့်ဖူး၏။ သူ့ချစ်သူ မယ်ဆစ်အိမ်မှ ညအခါပြန်လာရင်း ဖြတ်သွားရသောအခါ ညောင်မိစ္ဆာ တွေ့လိုတွေ့ငြား ကိုယ်ရှိန်သတ်၍ ဂရုပြုလေ့ရှိ၏။ အကြောက်ကြီးသော ကျောင်းစိတ္တအဖို့မူ ညတွင် မထွက်ရဲ။

ညအချိန် သူကြီးအိမ်မှ အရက်သောက်၍ ပြန်သည်ဖြစ်စေ၊ ဆွေးနွေးရာမှ ပြန်သည်ဖြစ်စေ၊ လိုက်ပို့သောအဖော်ပါသော်လည်း နန်းနုအိမ်နှင့်နီးလာလျှင် ဘေး ဘက်အိမ်သို့ လုံး၀မကြည့်ရဲပဲ ရှေ့တည့်တည့်နှင့် အောက်သာကြည့်၍ လျှောက်တတ်၏။ နံနက်စောစော ယာတော အသွားနှင့် ညနေချိန် ယာတောမှအပြန်မျိုး၌သာ နန်းနုအိမ်သို့ အကဲခတ်၍ကြည့်၏။ ခွေးကိုလည်း အင်မတန် ကြောက်၏။ တစ်နေ့သောအခါ ကျောင်းစိတ္တသည် နန်းနု၏ခြံထဲတွင် အံ့သြစဖွယ်တစ်ခုကို တွေ့မိလိုက်၏။ ထိုအံ့သြစရာသည် ကျောင်းစိတ္တကို ညောင်မိစ္ဆာကဲ့သို့ပင် ခြောက်လှန့်နေတော့၏။

သိန်းသန်းထွန်း

ဆက်ရန်

Likes:
0 0
Views:
563
Article Tags:

Leave a Reply

Your email address will not be published. Required fields are marked *