သမိုင်းဝင် အင်းဝတံတားကြီးကို ဘယ်လိုတည်ဆောက်ခဲ့လဲ

သမိုင်းဝင် အင်းဝတံတားကြီးကို ဘယ်လိုတည်ဆောက်ခဲ့လဲ ဆိုတာ မသိသေးရင် ဖတ်ကြည့်လိုက်ပါ

၁၈၈၅ ခု၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မန္တလေးလည်း အင်္ဂလိပ် လက်အောက် လုံးလုံးလျားလျား ကျရောက်ပြီးနောက် မြန်မာနိုင်ငံတစ်ဝှမ်းလုံး အင်္ဂလိပ်အုပ်စိုးမှု ယန္တရားကြီးဖြင့် အပြီး အပိုင် လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့သည်။

နိုင်ငံရေး၊ စီးပွားရေးများကို အဓိကချုပ်ကိုင်ချယ်လှယ်ခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် အင်္ဂလိပ်အုပ်ချုပ်ရေး အသား ကျသွားသောအခါ စစ်ဗျူဟာအရ အရေးပါသည့် စစ်ကိုင်းမြို့အနီး ဧရာဝတီမြစ်တစ်ဆစ်ချိုးနေရာတွင် အမြဲတမ်း တံတား ကြီး တည်ဆောက်ရန် ၁၉၂၇ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး ဘုရင်ခံ ဆာဟာကုတ်ဘတ်တလာက အုတ်မြစ်ချခဲ့ သည်။

တံတားပုံစံဒီဇိုင်းကို ရန်ဒဲလ်ပါးမားနှင့် ထရစ်တန်ကုမ္ပဏီ(Redel Palmer & Trittion Com:) ၏ (အင်ဂျင်နီယာချုပ်) မစ္စတာဂျေအီစမ်ရိုလ် က ၁၉၂၄ခုနှစ်တွင် ပုံစံရေးဆွဲခဲ့ပြီး ကုန်ကျစရိတ် ၁၅,၅၇၇,၃၁၈ ကျပ်ရှိမည်ဟု ခန့်မှန်းခဲ့သည်။

တံတားအရှည် ၃၉၄၈ ပေ ၊ ကင်းလွတ်အမြင့် ပေ ၄၀၊ ရေလယ်တိုင် ၁၅ လုံး၊ ရေအောက်ကြမ်းပြင်မှသံလမ်းထိ အမြင့်ဆုံးတိုင်(FL-RL) ၁၀၂ ပေ၊ ခန်းပွင့် ၃၅၀ ပေကျယ် ၉ ခန်း၊ ခန်းပွင့် ၂၅၀ ပေကျယ် ၁ခန်း ၊ ခန်းပွင့် ပေ ၆၀ ကျယ် ၆ခန်းပါရှိကာ သံတန်ချိန်ပေါင်း ၁၁၁၄၅တန် အသုံးပြုခဲ့သည်။သံပေါင်ခုံးများထုက်လုပ်သည့် ကုမ္ပဏီမှာ ဘရိတ်ဝိတ် (Braithwaite Com:) ဖြစ်သည်။

တည်ဆောက်ပြီး အမှန်တကယ်ကုန်ကျစရိတ်မှာ ၁၄,၃၀၀,၀၀၀ ကျပ်(စတာလင်ပေါင်တစ်သန်းခန့်) ဖြစ်သည်။ အင်းဝတံတားကြီးကို ၁၉၂၇ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ရာ ၁၉၃၄ ခုနှစ်တွင် ပြီးစီးခဲ့သည်။၁၈၉၀ ခုနှစ်ကတည်းက ဖောက်လုပ်ပြီးစီးခဲ့သော စစ်ကိုင်း- ရွှေဘို မီးရထားလမ်းသည်လည်း တံတားကြီးကြောင့် မန္တလေးမြို့နှင့် တစ်ဆက်တည်း ဖြစ်သွားပေမည်။

ထိုအခါ ၁၈၉၉ ခုနှစ်ကတည်းက ဖောက်လုပ်ဆက်သွယ်ခဲ့သော ရန်ကုန်-မန္တလေး မီးရထားလမ်းနှင့်လည်း ဆက်သွယ်မိသွားမည်။ ၁၉၃၄ ခုနှစ်တွင် တည်ဆောက်ပြီးစီးသွားသော အင်းဝတံတားကြီးကြောင့် ၇၂၄ မိုင်ရှည် ရန်ကုန်- မြစ်ကြီးနား မီး ရထားလမ်းသည် မန္တလေးမှတစ်ဆင့် အကြားအလတ်မရှိ တောက်လျှောက် ဆက်သွယ်နိုင်ခဲ့၏။

၁၉၃၄ ခုနှစ်၊ ဇန်နဝါရီ (၂)ရက်နေ့တွင် ဘုရင်ခံ ဆာဟျူးစတီဗင်ဆင် (Sir Hugh Lansdown Steven Son) က အထူးမီးရထားဘုရင်ခံစီး တွဲဖြူကြီးတွင်စီးနင်းကာ ဂတ်ဗိုလ်တွဲတွင် ခရိုင်မီးရထား သယ်ယူပို့ဆောင်ရေး အရာရှိချုပ် ဦးတင်က ခေါင်းပေါင်း၊ ပုဆိုးတောင်ရှည်၊ ရှူး ဖိနပ်အနက်နှင့် လက်၌ အလံစိမ်းကြီးကို တလူတူလွှင့်ကာ အင်းဝတံတားကြီးအား မီးရထားဖြင့် ဖြတ်သန်းပြီးနောက် တံတားတစ်ဖက်မဏ္ဍပ်၌ မန္တလေး ကွန်ဗင့် ကျောင်းသူလေးတစ်ဦးက ဘုရင်ခံအား ပန်းစည်းဆက် ကြိုဆိုခဲ့သည်။

ထို့ နောက် တံတားဖွင့်ပွဲကို စည်တော်များ ရွှမ်း၍ ခမ်းနားစွာ ကျင်းပခဲ့၏။ ဘုရင်ခံအား ပန်းစည်ဆက်ကြိုဆိုခဲ့သူ ကွန်ဗင့် ကျောင်းသူလေးမှာ နောင်တွင် မိုးဒေဝါမလှရွှေဟု ထင်ရှားကျော်ကြားမည့် သူလေးဖြစ်ခဲ့သည်။ထိုစဉ်က နာမည်ကျော် သီချင်းရေးဆရာ နန်းတော်ရှေ့ဆရာတင်က “ တံတားကြီးဆက်ပြီးပြီ၊ သွားမည့်ခရီးသည်၊ ငှက်သမ္ဗာန်ကူးတို့ဆိပ်က အိပ် ရရှာသည်၊ အခုများတလည်၊

မြန်မာလူမျိုးတွေ အလုပ်မရှိလို့ တံတားကြီးကို ကြည့်ကာ ငိုမိသည်၊ ငိုမိပါသည် ” သီချင်း ရေးစပ်ကာ အလုပ်လက်မဲ့ဖြစ်သွားကြသော ကျေးလက်ငှက်သမ္ဗာန်သမားလေးများဘက်မှ စာနာပေးခဲ့သည်။

၁၉၄၂ ခုနှစ် ဧပြီ ၃ရက်နေ့၌ မန္တလေးကို ဂျပန်လေတပ်က အကြီးအကျယ် ဗုံးကြဲပြီးနောက် အင်္ဂလိပ်စစ်တပ်မှ ဗိုလ်ချုပ်ဂျင်နရယ်ဝီလျံစတင်းသည် ၁၉၄၂ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ ည(၁၂)နာရီထိုးရန် (၁)မိနစ်အလို၌ စစ်ကိုင်းတံတား ကြီးအား မိုင်းခွဲဖျက်ဆီးကာ မြစ်ကြီးနားလမ်းအတိုင်း ဆုတ်သွားခဲသည်။

ထို့ကြောင့် တံတားကုန်းအမှတ်(၇) နှင့် (၈)မှာ မြစ်အတွင်း ကျိုးကျပျက်စီးခဲ့သည်။လွတ်လပ်ရေးရသော်လည်း ပျက်စီးပြတ်တောက်နေသော အင်းဝတံတားကို ပြင်ဆင် နိုင်ခြင်း မရှိခဲ့ချေ။ စစ်ကိုင်းဆိပ်ကမ်းနှင့် မန္တလေးဘက်မှ အမရပူရ စံရွေးဆိပ်ကမ်းကို ကူးတို့ဖြင့် ကူးကြရသည်။ မီးရထားတွဲများလည်း ကူးတို့ဖြင့် ကူးကြရ၏။

၁၉၅၃ ခုနစ်၊ မေလ၌ ထိုစဉ်က ဝန်ကြီးချုပ် ဦးနုကိုယ်တိုင် အင်းဝတံတားကြီး ပြင်ဆင်နိုင်ရေးအတွက် ကိုယ်တိုင် ကိုယ်ကျ ကြပ်မတ်ကာ မီးရထားဌာန၏ အရာရှိ သီရိပျံချီ ဦးကြည်ဝင်းခေါင်းဆောင်သည့် မြန်မာအင်ဂျင်နီယာများ လုံ့လဝီရိယဖြင့် အားကြိုးမာန်တက် ပြင်ဆင်မှုကြောင့် ပျက်စီးသွားသော အင်းဝတံတားကြီးကို ၁၉၅၄ ခုနှစ် တွင် ပြုပြင်ပြီးစီး ခဲ့သည်။

ထို့ကြောင့် ၁၉၅၄ ခုနှစ်၊ အောက်တိုဘာလ(၂၇)ရက် နံနက် (၁၀) နာရီ ၃၀မိနစ်၌ ထိုအချိန်က နိုင်ငံတော် သမ္မတကြီး သီရိသုဓမ္မ ဒေါက်တာဘဦး ကိုယ်တိုင် ဖွင့်လှစ်နိုင်ခဲ့သည်။ ကုန်ကျငွေ ၅၇၈၉၇၂၇ ကျပ် ဖြစ်သည်ဟု ဆိုသည်။

#CRDဆူးဌက်#နော်ဂဲလယ်ထူး (စာပေပရဟိတ)

Likes:
0 0
Views:
741
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *