ရန်ကုန်မြို့က မောင်ထော်လေးလမ်း

ရန်ကုန်မြို့တွင် နှစ်ပေါင်း ၁၅၀ကျော် သက်တမ်းရှိပြီဖြစ်သည့် ကွန်ဗင့်ကျောင်းဟောင်းကြီး ရှိပါသည်။ထိုကျောင်းဟောင်းကြီး သည် မောင်ထော်လေးလမ်း တွင် တည်ရှိသည်။ ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ၌ အင်္ဂလိပ်တို့က ရန်ကုန် ကို သိမ်းပိုက်ရာတွင် စစ်ကဲကြီး ဦးထော်လေးသည် ရန်ကုန်ကမ်းနားမှ ခုခံရင်း တပ်ဆုတ်ရသော အခါ၌ ထိုလမ်းတစ်လျောက်မှ ဆုတ်ခွါခဲ့ရသောကြောင့် နောင်အခါ အင်္ဂလိပ်တို့က ရန်ကုန်မြို့ကို ပြန်လည်တည်ဆောက်သည့်အခါ စစ်ကဲကြီးကို ဂုဏ်ပြုသောအားဖြင့် ထိုနေရာအား မောင်ထော်လေး လမ်း ဟု ဂုဏ်ပြု မှည့်ခေါ်ခဲ့ကြောင်း သိရပါသည်။

ရန်ကုန်မြို့တွင် ‘စစ်ကဲ’ အမည်ရ လမ်းနှစ်လမ်း ရှိပါသည်။ တစ်လမ်းမှာ ဆူးလေဘုရားလမ်းနှင့် ရွှေဘုံသာလမ်းကြားရှိ စစ်ကဲမောင်ထော်လေး လမ်း (ယခု ဗိုလ်ဆွန်ပက်လမ်း) ဖြစ်၍ နောက်တစ်လမ်းမှာ လသာမြို့နယ်ရှိ စစ်ကဲမောင်ခိုင်လမ်း (ယခု ဗိုလ်ရွဲလမ်း) ဖြစ်လေသည်။ ထိုလမ်းနှစ်လမ်းတို့ကို သမီးယောက်ဖ တော်စပ်ကြသည့် စစ်ကဲကြီး ဦးထော်လေးနှင့် စစ်ကဲကြီး ဦးခိုင်တို့ကို အစွဲပြုကာ အမည်ပေးခဲ့ခြင်း ဖြစ်သည်။ မောင်ထော်လေး ဟု အမည်ရသူသည် မွန်လူမျိုး ဖြစ်သည်။

ငယ်စဉ်ကတည်းကပင် စာရိတ္တကောင်းမွန်သူဖြစ်ပြီး စာပေဝါသနာ ထုံသူတဦး ဖြစ်သည်။ မောင်ထော်လေး ၏ မိဘများသည် မြန်မာဘုရင်ထံတွင် မင်းမှုထမ်းခဲ့သည်။ မိဘများက မင်းမှုထမ်း ဖြစ်သည့်အတွက် မောင်ထော်လေး သည်လည်း အရွယ်ရောက်လာသောအခါ ဘိုးတော်ဘုရားထံတွင် မင်းမှုထမ်းတစ်ဦး ဖြစ်လာသည်။ မင်းမှုထမ်းသက် ကြာလာသည်နှင့်အမျှ အသက်၂၈ ကျော် အရွယ်တွင် မောင်ထော်လေး သည် ဒလ မြို့စား အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ဘကြီးတော် မင်း လက်ထက်တွင် ကျော်ထင်သီဟသူ ဟူသော ဘွဲ့ကို သနားမြတ်ခံရသည်။ ထို့ပြင် ရန်ကုန်မြို့ဝန် ဦးအို၏ ယုံကြည်လေးစားခြင်းကိုလည်း ခံခဲ့ရသည်ဟု ဆိုသည်။

မောင်ထော်လေး၏ သူငယ်ချင်း သန်လျင် မြို့ဝန် သမိန်ဘရူးဘွဲ့ခံ မောင်စပ် သည် သန်လျင်နယ်ခရိုင်တွင် မွန်ဗမာ သွေးခွဲမှုများ ပြုလုပ်ခြင်း၊ အင်္ဂလိပ်ကုန်သင်္ဘောများနှင့် တိတ်တဆိတ် ကူးလူး ဆက်ဆံခြင်း စသည်တို့ကို ပြုလုပ်လျက် ရှိခြင်းကြောင့် ဒလမြို့စား မောင်ထော်လေးနှင့် သန်လျင်မြို့ဝန် မောင်စပ်တို့သည် မသင့်မတင် ဖြစ်လာတော့သည်။ မောင်စပ်၏ ရန်ကြောင့် မောင်ထော်လေးသည် မိမိနှမအား (နောင်အခါ စစ်ကဲကြီးဖြစ်လာမည့်) မောင်ခိုင် ဆိုသူနှင့် လက်ဆက်စေခဲ့သည်။

ဦးထော်လေးသည် မိမိအုပ်ချုပ်ရသည့် နယ်မြေကို နိုင်နင်းအေးချမ်းစွာ အုပ်ချုပ်နိုင်သောကြောင့် ဆုလာဘ်များစွာ ချီးမြှင့်သည်ကို ခံယူခဲ့ရသည်။ထို့ပြင် ဦးထော်လေးသည် စာပေပရိယတ္တိ၌လည်း မွေ့လျော်၏။ ဒလတွင် ရှေးမွန်စာပေများကို ရှာဖွေဖော်ထုတ်ပြီးနောက် ဝိနည်းပါဠိတော် ၅ ကျမ်း၊ အဘိဓမ္မာပါဠိတော် ၇ ကျမ်း၊ သုတ်တန်ပါဠိတော်ပေါင်း ၁၅၀ ကျော်တို့ကို ရှာဖွေစုဆောင်းကာ ငွေတစ်သောင်းကျော် အကုန်ခံ၍ ပေထက်အက္ခရာ တင်ခဲ့သည်။ခရစ်နှစ် ၁၈၂၄ အင်္ဂလိပ်-မြန်မာ ပထမ စစ်ပွဲကြီး ဖြစ်ပွားချိန်တွင် ဦးထော်လေးသည် ဗိုလ်ချုပ် စကြာဝန်ကြီး၏ လက်အောက်တွင် စစ်သူရဲ (၇၀၀) ကျော်ကို အုပ်ချုပ်ရသော စစ်ကဲ ဖြစ်လာသည်။

ပန်းဝါ စစ်ပွဲမှ ဆုတ်ခွာလာသော အင်္ဂလိပ်တို့သည် စစ်မျက်နှာ အသစ်ဖွင့်ကာ ဂျင်နရယ် ဆာအာချီဘောကင်းဘဲလ် ဦးစီးသည့် အင်္ဂလိပ် စစ်တပ်သည် ရေလမ်းမှတစ်ဆင့် ရန်ကုန်မြို့သို့ ဝင်၍ စီး၏။ ထိုအချိန်အခါက ရန်ကုန်မြို့၌ အစောင့်တပ်ချ၍ နေသော ဦးထော်လေး ဦးစီးသည့် ရန်ကုန်မြို့စောင့် တပ်များသည် အင်္ဂလိပ်များ ကမ်းပေါ်သို့ မတက်ရောက်နိုင်စေရန် အပြင်းအထန် ခုခံကြသည်။သန်လျင်မြို့ဝန် မောင်စပ်သည် အင်္ဂလိပ်စစ်တပ်အား လမ်းဖွင့်ပေးသဖြင့် ပုဇွန်တောင်ခံတပ်မှ ခုခံနေသော ဗမာ့စစ်တပ်သည် သိမ်ဖြူကျောင်းတိုက်ကြီးမှ အပြင်းအထန် ခုခံရင်း ရွှေတိဂုံကုန်းတော်ပေါ်သို့ ထပ်မံဆုတ်ခွာပေးလိုက်ရ၏။

အင်္ဂလိပ်တပ်များလည်း ရန်ကုန်မြို့တစ်ဝိုက်ကို နင်းမိလေ၏။ အင်္ဂလိပ်စစ်တပ် စတင်သိမ်းပိုက်ခဲ့သောနေရာကို ပုဇွန်တောင် တပ်မြေဟု ခေါ်ဝေါ်ခဲ့ကြသည်။ ယင်းနေရာမှာ စစ်ကဲမောင်ထော်လေးတို့ ခိုင်မာစွာ တပ်စခန်းချခဲ့သော နေရာဖြစ်ခဲ့သည်။ အင်္ဂလိပ် စစ်တပ်သည် ဗိုလ်တထောင် ဓနိတောမှ တစ်ဆင့် ဂေါ်ရာကုန်း (ယခု ဓမ္မရက္ခတကုန်းမြေ)သို့ ကူးပြီးလျှင် ရွှေတိဂုံကုန်းတော်ရှိ ဦးထော်လေး ဦးစီးသော မြန်မာစစ်တပ်အား အပြင်းအထန် တိုက်ခိုက်ကြရာ မြန်မာစစ်သည်တော်များစွာ ကျဆုံး၍ ဖရိုဖရဲ ဖြစ်ခဲ့ရသည်။

သို့သော် ဦးထော်လေးသည် တပ်များကို ပြန်လည်စုစည်းပြီး ယခုအာဇာနည်ကုန်း တည်ရှိရာ သွေးဆေးကန်ဘက်မှ ရပ်တည်ကာ အင်္ဂလိပ်တို့ကို ခုခံရပြန်သည်။နေပြည်တော်မှ သတိုးမဟာသေနာပတိဘွဲ့ခံ စကြာဝန်ကြီးအား ဗိုလ်ချုပ်ရာထူး ခန့်အပ်၍ ရန်ကုန်မြို့သို့ စစ်ကူစေလွှတ်ခဲ့ရသည်။ရခိုင်မှ စစ်သူကြီး မဟာဗန္ဓုလ၏ တပ်များလည်း ရန်ကုန်မြို့သို့ ဆင်းလာကြသည်။ အာဇာနည်ကုန်းရှိ မြန်မာစစ်သည်များ ထိခိုက်ရှနာသလောက် ဦးထော်လေးတို့၏ လက်ချက်ဖြင့် ရွှေတိဂုံကုန်းတနင်္ဂနွေထောင့်တွင် အင်္ဂလိပ်ကာနယ် တစ်ယောက်နှင့် မေဂျာ တစ်ယောက်တို့သည် ဦးထော်လေး တပ်များ၏ ကျည်သင့်ကာ ကျဆုံးရသည်။

ယင်းတို့၏ အလောင်းများကို ဘုရားကုန်းတော်ပေါ်၌ပင် မြှုပ်နှံသင်္ဂြုလ်ထားရာ နောင်တွင် အရိုးများကို ထုတ်ဖော်၍ ကန်တိုမင်အင်္ဂလိပ်သင်္ချိုင်းသို့ ပြောင်းရွှေ့မြှုပ်နှံစေခဲ့သည်။ အင်္ဂလိပ်တို့သည် ရွှေတိဂုံဘုရားကို အခိုင်အခံ့ပြု၍ မြန်မာတပ်များကို ပစ်ခတ်ရာ စကြာဝန်ကြီးနှင့် ဦးထော်လေးတို့တပ်များက ကမာရွတ်ဘက်သို့ ဆုတ်ခွာခဲ့ရပြန်သည်။

(အင်္ဂလိပ်တို့ တူးဖော်ပြုလုပ်ခဲ့သော ခံမြေကတုတ်များ၊ အမြောက်တင်ခုံများနှင့် အမြောက်ပေါက်များကို ယခုတိုင် ရွှေတိဂုံစေတီကုန်းတော်ပေါ်ရှိ ထောင့်လေးထောင့်တွင် တွေ့မြင်နိုင်ပါသည်) ဦးထော်လေး ဦးစီးသောတပ်များသည် ကမာရွတ်တွင် အင်္ဂလိပ်တို့နှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်နေစဉ် မဟာဗန္ဓုလ တပ်မကြီးသည် လှိုင်မြစ်မှ စုန်ဆင်းလာကာ ကြည့်မြင်တိုင်တွင် တပ်စွဲ၍ အင်္ဂလိပ်တို့အား ပြင်းထန်စွာ တိုက်ခိုက်ခဲ့၏။

သို့သော် နည်းပညာချင်း ကွာခြားသဖြင့် အားမတန် မာန်လျော့ရကာ မဟာဗန္ဓုလတပ် နှင့် စကြာဝန်ကြီးတပ်များ အားလုံး ရန်ကုန်မြို့မှ ဆုတ်ခွာခဲ့ရလေသည်။သန်လျင်မြို့ဝန်မောင်စပ်သည်လည်း အင်္ဂလိပ်တို့နှင့် မဟာမိတ်ပြုပြီး မြန်မာဘုရင်ကို ပုန်ကန်လေသည်။ဒလ မြို့စား ဦးထော်လေးအားလည်း သူနှင့် ပူးပေါင်း၍ ပုန်ကန်တော်လှန်ရန် ဖြားယောင်းသွေးဆောင်သည်။ ထိုအခါ မြန်မာဘုရင်သည် မွန်အမျိုးသားတို့အား အယုံအကြည်ကင်းမဲ့လာပြီးလျှင် စစ်ဆေးမေးမြန်းခြင်းပြု၍ ဒလမြို့စား ဦးထော်လေးအား သင်္ကာမကင်း ဖြစ်လာလေတော့သည်။ နောက်ဆုံး၌ ဒလမြို့စား ဦးထော်လေးသည် မြန်မာဘုရင်၏ ယုံကြည်မှု ကင်းမဲ့လာသောကြောင့် ရေကြောင်းခရီးဖြင့် အင်္ဂလိပ်ပိုင်နက်ဖြစ်သော မော်လမြိုင်ဘက်သို့ တိမ်းရှောင်သွားခဲ့ရလေသည်။

ဤအဖြစ်အပျက်နှင့်ပတ်သက်၍ စစ်ကဲကြီး ဦးထော်လေး သူကိုယ်တိုင်ရေးသားသော ‘ရေစက်ချမှတ်တမ်း’ ၌ ၁၈၈၆ ခု၊ အကြိမ်တွင် သမ္ဘိန္နဝင်၊ မြန်ခွင်ပိုင်နင်း၊ ပြည်ရှင်မင်းနှင့် အင်္ဂလိပ်ဘုရင် အရှင်မင်းခေါင်၊ ပြည်ထောင်နှစ်ပါး၊ ရန်ကြီးပွား၍၊ အများစစ်ပြိုင်ကြရာ၊ စင်္ကြာဝန်ကြီးမင်း လက်အောက်တော်ဝယ်၊ ခုနှစ်ရာကျော် သူရဲကို မှူးကဲအုပ်ကွပ်လျက်၊ သက်စွန့်ကြိုးပမ်း၊ မှုတော်ထမ်းခဲ့၍၊ စစ်ခန်း ပြေငြိမ်းကြသည့်နောက်၊ ရှစ်ခုမြောက် သက္ကရာဇ်ဆီတွင်၊ သံလျှင်ရွှေမြို့ကို၊ ခွန်ပို့ပိုင်ချုပ်၊ ဝန်ပြုလုပ်သော၊ မင်းသမိန်ဘရူးသည်၊ ကျေးဇူးရှင် သစ္စာတော်ကို မထောက်၊ အရှင်ကို ပြန်ချောက်သော မျောက်သူငယ် အဟန်၊ ရန်စစ်တမူ၊ တော်လှန်မှုပြုသည်ကို၊ မခုခံသာ မဝင်သာသောကြောင့်၊ ငါးရာကျော်လှေသင်းနှင့်၊ နေရင်းမုတ်ကျွတ်းမှ၊ ဒရတွန်းထွက်ခွာသဖြင့်၊ မင်္ဂလမဏ္ဍိုင်၊ ကုန်သည်မျိုးဆိုင်ဖြစ်သော၊ မော်လမြိုင်မြို့ကြီးသို့ ရောက်၏။

စသည်ဖြင့် ရေးသား မှတ်တမ်းတင်၍ ထားခဲ့လေသည်။အချို့သော ဆောင်းပါးရှင်တို့က စစ်ကဲမောင်ထော်လေးသည် သစ္စာဖောက်၍ အင်္ဂလိပ်လက်အောက် ရောက်နေသော တနင်္သာရီဒေသ မော်လမြိုင်သို့ ခိုဝင်သွားသည်ဟု ရေးသားကြသည်။ စင်စစ်အားဖြင့်မူ စစ်ကဲ ဦးထော်လေးသည် မောင်စပ်၏ ရန်ကြောင့်လည်းကောင်း၊ မြန်မာမင်း၏ အယုံအကြည်ကင်းမဲ့ခြင်းကို မခံရသင့်ပါလျက် ခံရသောကြောင့်လည်းကောင်း၊ အန္တရာယ်ရှောင်တိမ်းသည့်သဘောဖြင့် ဘေးကင်းရန် မော်လမြိုင်သို့ ရှောင်ထွက်ခွာသွားခြင်းသာ ဖြစ်လေသည်။ မော်လမြိုင်မြို့သည် အလောင်းမင်းတရား လက်ထက်က ကြီးကျယ်စည်ကားသောမြို့မဟုတ်ချေ။

တောရွာကလေးသာသာ ရှိသည်။ အလောင်းမင်းတရားကြီး ကိုယ်တိုင် ယိုးဒယား(ထိုင်း) သို့ ချီတက်တိုက်ခိုက်ပြီးနောက် ပြန်လည်ဆုတ်ခွာစဉ် မကျန်းမမာ ဖြစ်ကာ မော်လမြိုင်အနီး မုတ္တကျေးကင်းရွာ၌ မြန်မာသက္ကရာဇ် ၁၁၂၂ ခုနှစ် ၊ ကဆုန်လပြည့်ကျော် ၁၂ ရက်နေ့ (ခရစ်နှစ် ၁၇၆၀ မေ ၁၁)တွင် နတ်ပြည်စံတော်မူသဖြင့် နေပြည်တော်သို့ ဗမာ့တပ်မတော်များ ပြန်လာခဲ့ကြသည်။ ထိုစဉ် ဗိုလ်ချုပ်မင်း​နော်ရထာ သည် ရသမျှသော သုံ့ပန်းလူစုများနှင့် မော်လမြိုင်ကို ပြုပြင်တည်ထောင်ခဲ့သည်။

အလောင်းမင်းတရားကြီး၏ အရိုက်အရာကို ဆက်ခံသော နောင်တော်ကြီး က မင်းခေါင်နော်ရထာကိုပင် မြို့ပြတည်ထောင်ခြားနား၍ ပုန်ကန်သည် ဟု အထင်မှားခြင်းကို ခံခဲ့ရဖူးလေသည်။ အင်္ဂလိပ်- မြန်မာ စစ်ပွဲဖြစ်ပြီးနောက် ဦးထော်လေး၏ ဆရာ စကြာဝန်ကြီးသည် မော်လမြိုင်မြို့ကို ပြုပြင်ရန် တာဝန်ပေးခြင်းခံရသည်။ဦးထော်လေး အသက် ၅၂ နှစ် အရွယ်တွင် မော်လမြိုင်သို့ ရောက်လာ၏။ မြန်မာသက္ကရာဇ် ၁၁၈၇ (ခရစ်နှစ် ၁၈၂၆)ခုနှစ်လောက်က စ၍ ပြုပြင်ရာ တစ်နှစ်အတွင်းတွင် မော်လမြိုင်သည် အိမ်ခြေတိုးတက် စည်ကားသိုက်မြိုက်လာ၏။အင်္ဂလိပ်တို့ကလည်း ဦးထော်လေးအား လေးစားလာသဖြင့် တနင်္သာရီ ဒုတိယဘုရင်ခံ လော့ဒ်အင်းမှတ်စ်က မော်လမြိုင်မြို့တွင် ဦးထော်လေးအား ခရစ်နှစ် ၁၈၃၅ ခုနှစ် ၊ ဇူလိုင်လဆန်းမှ စ၍ အင်္ဂလိပ်အစိုးရက စစ်ကဲ ခန့်အပ်လိုက်သည်။

ထိုခန့်အပ်လွှာ အတိုင်းဆိုလျှင် စ၍ ခန့်သည့်အခါက လစာငွေတစ်လလျှင် ၁၂၅ ကျပ် ရခဲ့လေသည်။ ထို့နောက်မှ လစာတိုးမြှင့်ခဲ့သည်။ ထိုအခါက စစ်ကဲ ဦးထော်လေးသည် ရုံးထိုင်အရာရှိ တရားသူကြီးအဖြစ် သက်ဆိုင်ရာအမှုများကို စီရင်စစ်ဆေးရ၏။ မြို့ဝန်ဖြစ်လာသူ ဖြစ်သဖြင့် တရားမမှု၊ မြို့မှု၊ ရွာမှု၊ အမွေမှုများကို ပိုင်နိုင်စွာ စစ်ဆေးနိုင်ခဲ့သည် ဆို၏။ ထိုအခါက သီးခြားရုံး အဆောက်အအုံ မဖွင့်နိုင်သေးသဖြင့် မိမိပိုင် နေအိမ်ကြီး၏ တစ်ဝက်ကို ရုံးခန်း အဖြစ်ဖြင့် အသုံးပြုခဲ့ရသည်။ ဦးထော်လေး ရုံးစိုက်ရာ နေရာ အရပ်ကို ယခုတိုင် မော်လမြိုင်မြို့တွင် စစ်ကဲကုန်းဟု ခေါ်ဝေါ်ခဲ့ကြသည်။

ထို့နောက် မြန်မာသက္ကရာဇ် ၁၁၉၂ ခုနှစ် ရွှေကျင်မြို့ဝန် ဦးမြတ်ဖြူသည် အင်္ဂလိပ်အစိုးရလက်အောက်သို့ ပြေးဝင်ခိုလှုံလာပြန်သည်။ ထိုအခါ အင်္ဂလိပ်အစိုးရတို့က ဦးမြတ်ဖြူအား ဒိုင်းဝန်ကွင်းအရပ်တွင် နေရာချထားပြီး မြောက်ပိုင်းစစ်ကဲဟု သတ်မှတ်ခန့်အပ်လိုက်သည်။ ထိုအချိန်မှစ၍ ဦးထော်လေးသည် တောင်ပိုင်းစစ်ကဲ တရားသူကြီး ဖြစ်လာသည်။ ဦးထော်လေး၏ လက်အောက်တွင် သူကြီးများ၊ အရပ်အုပ်များ၊ သမာဓိမြို့ဝန် တရားသူကြီးများ ခန့်ထားရာ ဦးထော်လေးသည် တပည့်များ ဖြစ်သော မောင်ငန်၊ မောင်ဘိုးစောနှင့် မောင်သာယာတို့အား ရာထူးပေး အုပ်ချုပ်စေ၏။ ထိုတပည့်များ အုပ်ချုပ်ရာ အရပ်များသည် ယခုတိုင် မောင်ငန်ရပ်၊ ဘိုးစောကုန်းရပ်၊ သာယာကုန်းရပ် ဟူ၍ အမည်တွင် ကျန်ရစ်ခဲ့သည်။

ထိုစဉ်က တရားစီရင်ရာတွင် အိန္ဒိယက ရာဇတ်ပုဒ်မ အက်ဥပဒေများ မြန်မာနိုင်ငံသို့ မရောက်သေးသဖြင့် ဦးထော်လေးသည် မြန်မာ့အုပ်ချုပ်ရေး ထုံးတမ်းစဉ်လာဖြစ်သည့် ဓမ္မသတ်၊ ရာဇသတ်တို့ဖြင့် အုပ်ချုပ်၍ တရားစီရင်ခဲ့ရလေသည်။ အင်္ဂလိပ်အစိုးရကလည်း စစ်ကဲခန့်စာ၌ မိမိကျွမ်းကျင်လိမ္မာသလို အုပ်ချုပ်ရန် ညွှန်ကြားထားလေသည်။ စစ်ကဲဦးထော်လေး လက်ထက်က မော်လမြိုင်၌ ရုံးများ ဖွင့်စပြုပြီး ဖြစ်၍ ရုံးခွန်ကို စတင်ကောက်ခံစေသည်။ ဦးထော်လေး၏ လက်ထက်၌ပင်လျှင် မော်လမြိုင်သည် အင်္ဂလိပ်လက်အောက်ခံ မြန်မာနိုင်ငံ၌ ပထမဆုံး မြို့တော်အဖြစ်သို့ ရောက်ရှိခဲ့ရလေသည်။

သို့မတိုင်မီက အိန္ဒိယ ဘုရင်ခံချုပ် လော့ဒ်အင်းမှတ်စ်သည် ရခိုင်ပြည်နှင့်တနင်္သာရီနယ်ပယ်တစ်လွှားကို သိမ်းယူပြီးနောက် ရခိုင်ပြည်ကို အနောက် ဘင်္ဂလားပြည်ဘုရင်ခံ၏ လက်အောက်သို့ လွှဲထား၏။ တနင်္သာရီကို မဒရပ် ပြည်နယ်အစိုးရ လက်အောက် သို့ လွဲ၍ အုပ်ချုပ်စေခဲ့သည်။ ထားဝယ်၊ မြိတ်နှင့် တနင်္သာရီမြို့များကိုမူ ဗြိတိသျှပိုင် မလေူကျွန်းဆွယ် ပီနန်ဘုရင်ခံလက်အောက်တွင် ခေတ္တလွဲထားသည်။ ပထမ အောက်မြန်မာနိုင်ငံ မြို့တော်အဖြစ် ကျိုက္ခမီကို သတ်မှတ်ရာမှ ဦးထော်လေး ပြုပြင်သဖြင့် မော်လမြိုင်သည် တဖြည်းဖြည်း စည်ကားလာသည်ကို တွေ့ရသဖြင့် မော်လမြိုင်သို့ ပြောင်းလွဲရုံးစိုက်ကာ မြို့တော် အဖြစ် သတ်မှတ်ခဲ့သည်။

ဤတွင် အင်္ဂလိပ်အစိုးရတို့ကလည်း ဦးထော်လေးအား ပိုမိုလေးစားလာကြသည်။ ထိုစဉ်က မော်လမြိုင်နှင့် အောက်ဗမာပြည်များတွင် စစ်ဘက်အုပ်ချုပ်ရေးနှင့် မြို့နယ်အုပ်ချုပ်ရေး ပူးတွဲရှိနေသဖြင့် အင်္ဂလိပ်အစိုးရတို့သည် ဗမာပြည်အတွက် သတ်မှတ်ပြီး သီးခြား ဥပဒေမရှိသေးကြောင်း ထင်ရှားစွာ တွေ့ရလေသည်။ ခရိုင်ဝန်ရှင်တော်မင်းကြီးနှင့် အရေးပိုင် စသော အင်္ဂလိပ်လူမျိုးတို့သည် စစ်ဘက်မှ ကာနယ်၊ မေဂျာ စသောအရာရှိများသာ ဖြစ်ကြသည်။ ယင်းကို ထောက်၍ အင်္ဂလိပ်တို့သည် မြန်မာပြည်ကို နောက်ထပ် တိုက်ခိုက်ရန် တာစူလျက် စစ်ဘက်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိသာနိုင်ပေသည်။

ဦးထော်လေးအား မော်လမြိုင်တွင် အခြေတည်၍ နေထိုင်စဉ် သန်လျင်မြို့ဝန် မောင်စပ်သည် အင်္ဂလိပ်ပိုင် တနင်္သာရီနယ်သို့ နောက်ပါ လူတစ်သောင်းဖြင့် ခိုဝင်လာသည်။ အင်္ဂလိပ်အစိုးရက မောင်စပ်အား တစ်လလျင် ၂၅၀ ကျပ်ပေးကာ အငြိမ်းစား နေစေသည်။ မောင်စပ်သည် မော်လမြိုင်တွင် ခရစ်သက္ကရာဇ် ၁၈၃၀ ပြည့်နှစ်၌ ကွယ်လွန်သွားခဲ့လေသည်။ စစ်ကဲ ဦးထော်လေးသည် မော်လမြိုင်တွင် နေထိုင်စဉ်က တစ်ချိန်က မြူနီစပါယ်ရုံးနှင့် သစ်တောရုံးတည် အကြားရှိ ဘုရင်မ ပန်းခြံထောင့်နေရာတွင် အိမ်ဆောက်နေထိုင်ခဲ့သည်။

အင်္ဂလိပ် မြန်မာ စစ်ပြီးသော်လည်း မကြာခဏ အချင်းများလျက် နိုင်ငံရေး ရှုပ်ထွေးနေလေရာ အင်္ဂလိပ်တို့သည် တနင်္သာရီနှင့် ပတ်သက်၍ အကြံအိုက်လျက် ရှိသည်။ ထိုအခါတွင် ဦးထော်လေးက အကယ်၍ မြန်မာအစိုးရက တန်ရာတန်ဖိုးပေးလျက် ဝယ်ယူလျင် တနင်္သာရီနယ်ကို ပြန်ပေးမည်လောဟု အင်္ဂလိပ်အစိုးရအား စကားကမ်းလှမ်းလိုက်၏။ ထိုကိစ္စကို အိန္ဒိယဘုရင်ခံချုပ် ဘော့ဒ်အင်းမှတ်စ်အား တင်ပြရာ မကြာမီ သဘောတူပြီး အင်းဝသို့ ခရစ်သက္ကရာဇ် ၁၈၃၀ ပြည့်နှစ်တွင် ကိုယ်စားလှယ်အဖြစ် မေဂျာဘားနေးအား စကားဆိုစေသည်။

စကားဆိုနေစဉ် အိန္ဒိယ အစိုးရက မြန်မာပိုင် ကလေးတောင်ကြားကို သိမ်းယူသဖြင့် တနင်္သာရီနှင့်ပတ်သက်သော စေ့စပ်မှု ပျက်ပြယ်သွားခဲ့ရလေသည်။မြန်မာသက္ကရာဇ် ၁၁၉၉ (ခရစ်နှစ် ၁၈၃၇) ခုနှစ်တွင် အင်းဝ ၌ သာယာဝတီမင်း နန်းတက်လာသည်။ သာယာဝတီမင်းသည် ရန္တပို စာချုပ် ကိုလည်း အတည်မပြု၊ အင်္ဂလိပ်အစိုးရက စေလွှတ်သော သံကိုယ်စားလှယ်များကိုလည်း အသိအမှတ် မပြုဘဲ နေသဖြင့် ဦးထော်လေး၏ မျှော်လင့်ချက်မှာ အပြီးအပိုင် ပျက်ပြားသွားရရှာလေတော့သည်။

မြန်မာသက္ကရာဇ် ၁၂၀၈ (ခရစ်နှစ် ၁၈၄၆) ခုနှစ်တွင် ပုဂံမင်း နန်းတက်လာ၏။ ခရစ်နှစ် ၁၈၅၂ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ စစ်ဖြစ်ပွားပြန်လေရာ အင်္ဂလိပ်အစိုးရဘက်မှ ဂျင်နရယ် ဂေါ်ဒွင်နှင့် ရေကြောင်းဗိုလ်ချုပ်ကြီး အက်ဒမိုင်ရယ် အော်စတင်တို့သည် ခရစ်သက္ကရာဇ် ၁၈၅၂ ခုနစ်၊ ဧပြီလ ၄ ရက်နေ့တွင် မုတ္တမမြို့ကို ဒလကြမ်းတိုက်ခိုက်ကာ သိမ်းယူကြလေသည်။ အမြောက်ဒဏ်ကြောင့် မုတ္တမကမ်းပါးရှိ မြသိန်းတန် စေတီတော်မှာ ချရားသီးကွဲကာ ပျက်စီးသွားရလေသည်။ သို့ဖြစ်သည်ကို ဦးထော်လေးသည် စိတ်မချမ်းမသာ ရှိလှသဖြင့် စစ်အတွင်းမှာ ပင် စေတီတော်ကို ပြင်ဆင်စေသည်။

စစ်ဖြစ်အံ့ဆဲဆဲ၌ မုတ္တမရှိ မြန်မာမြို့စား မဟာအင်္သယာလည်း ထိုစေတီကို ရွှေသင်္ကန်းကပ်လှူရန် ငြမ်းဆင်ထားပြီး ဖြစ်သည်။ စစ်ဖြစ်ကာ ငြမ်းတန်းလန်းနှင့် ဆုတ်ခွာပြေးရလေသည်။ ထို့ကြောင့် ဦးထော်လေးသည် စေတီတော်ကို အမြန်ပြုပြင်ကာ မြို့စားအသင်္ခယာ ကိုယ်စား ရွှေသင်္ကန်းကပ်၍ နောင်သောအခါ အင်းဝရောက် မြို့စားမင်းအား အမျှပေးကာ သာဓုခေါ်စေသည်။ အိန္ဒိယဘုရင်ခံချုပ် လော့ဒ်ဒါလဟိုဇီသည် ခရစ်နှစ် ၁၈၅၂ ခုနှစ်၊ ဇူလိုင်လနှင့် ဩဂုတ်လတွင် ရန်ကုန်သို့ ရောက်ရှိလာပြီး ပဲခူးနယ်ဘက်သို့ သိမ်းရန် ဂျင်နရယ်ဂေါ်ဒွင်နှင့် တိုင်ပင်သည်။

ယင်းအခိုက်တွင် မဟာဗန္ဓုလ၏ သား သုံးဆယ်မြို့စား မောင်ကြီးသည် အင်္ဂလိပ်တို့အား လက်နက်ချလေရာ ဦးထော်လေးမှာ မချင့်မရဲ ဖြစ်ရရှာလေသည်။ဦးထော်လေးသည် မော်လမြိုင်မြို့ကို ပြန်လည်ထူထောင်ခဲ့သည်မှ ၂၅ နှစ်အကြာ မြန်မာသက္ကရာဇ် ၁၂၁၄ (ခရစ်နှစ် ၁၈၅၂ ခုနှစ်) ခုနှစ်သို့ ရောက်သောအခါ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကြီးကို စစ်သားများက ဌာပနာတိုက်သို့ရောက်အောင် ရည်ရွယ်၍ အတောင် ၆၀ မျှ တူးဖော် ဖျက်ဆီးပစ်သည်ဆိုသော မကောင်းသတင်းကို ကြားသိရလေသည်။

ထို့ကြောင့် ဦးထော်လေးသည် ရန်ကုန်သို့ အဆောတလျှင် လာပြီးလျှင် အထက်အစိုးရထံ တိုင်ကြားလေသည်။ ထို့နောက် အထက်အစိုးရထံ အမိန့်ခံယူပြီးလျှင် ဦးထော်လေး ခံတပ်ဂူများမှ အပ ဌာပနာတိုက်ကို ဖောက်ရာ တွင်းပေါက်ဝများကို အတွင်းကျောက်ဖျား အထိ ဂဝံကျောက်၊ ငွေအုတ်ချပ်တို့ စေ့စပ်သေချာစွာ ပိတ်ဆို့ပြုပြင်သည့် အပြင် ရွှေတိဂုံစေတီတော်ကြီးအားလည်း အထက်ချရားသီးမှ ဖိနပ်တော်သို့တိုင် ကိုယ်လုံးပြည့် သင်္ကန်းကပ်လှူခဲ့သည်။ ထီးတော်၌လည်း ရွှေပြားခတ်၍ ရွှေသား၊ ငွေသား သံသေဆည်းလည်း ပေါင်း ၉၆၀ နှင့် ရွှေ၊ ငွေဖြင့် စပ်သော ညောင်ရွက်များ တပ်ဆင် လှူဒါန်းခဲ့လေသည်။

တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီးစေတီ ပျက်စီးနေသည်ကိုလည်း ပြုပြင်ကာ ကျောက်စာတိုင်များ စိုက်ထူခဲ့လေသည်။ ဆူးလေစေတီတော်ကြီးကို လည်း ပြင်ဆင်သည်။အသက် ၇၇ နှစ် အရွယ်သို့ ရောက်သောအခါ ဇရာထောင်းလာသောကြောင့် ဦးထော်လေးသည် မော်လမြိုင်မြို့ စစ်ကဲ တရားသူကြီး ဘဝမှ အငြိမ်းစားယူကာ ရန်ကုန်မြို့သို့ ရောက်လာနေထိုင်ခဲ့လေသည်။ ထိုမှ တစ်ဖန် ဒလ (တွံ့တေးမြို့ ) သို့ သွားရောက်နေထိုင်ကာ တွံတေး ရွှေဆံတော် စေတီတော်ကို လှူဒါန်းခဲ့ပြန်လေသည်။ ဦးထော်လေးအား ဝိတိုရိယ ဘုရင်မ က ကျက်သရေဆောင် ရွှေစလွယ်မင်းဘွဲ့ကို ပေးအပ်ခဲ့သည်။

ဦးထော်လေးသည် ဒလ (တွံတေး) မြို့၌နေစဉ် မြန်မာသက္ကရာဇ် ၁၂၂၈ ခုနှစ်၊ (ခရစ်နှစ် ၁၈၆၇ ခုနှစ် ) အသက် ၉၃ နှစ်အရွယ်တွင် ကွယ်လွန်သွားသည်ဟု ဘီအာရ်ပန်း၏ ရန်ကုန်ရာဇဝင်တွင် ဆိုလေသည်။အင်္ဂလိပ်အစိုးရတို့သည် ပထမမြန်မာစစ်ပွဲ ၊ ဒုတိယ မြန်မာစစ်ပွဲအတွင်း၌ ပါဝင် ထင်ရှားကျော်စောခဲ့သော အင်္ဂလိပ်စစ်ဗိုလ်များ ၏ အမည်ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်မြို့လမ်းများကို မှည့်ခေါ်ခဲ့ကြသည်။

ဂုဏ်ပြုမှည့်ခေါ်သူများတွင် အင်္ဂလိပ်စစ်ဗိုလ်များနှင့်အတူ ထင်ရှားခဲ့သော စစ်ကဲကြီး ဦးထော်လေးနှင့် စစ်ကဲ ဦးခိုင်တို့၏ အမည်များသည်လည်း ပါဝင်ခဲ့သည်။တချိန်က သမိုင်းဝင်နေရာ တခုသည် သမိုင်းတွင် ပါဝင်ခဲ့သူ၏အမည် စစ်ကဲမောင်ထော်လေးလမ်း ဟု ဂုဏ်ပြုမှည့်ခေါ်ခံရပြီးသည့်နောက် ယခုတဖန် ဗိုလ်ဆွန်ပက်လမ်း အဖြစ် အမည်ပြောင်းလဲခြင်း ခံရလေတော့သတည်း။

(အဆိုတော် မျိုးကျော့မြိုင် နှင့် ဓမ္မျှူဟာ ဒေါ်ခင်လှတင် တို့သည် ဦးထော်လေး ၏ မျိုးရိုးမှ ဆင်းသက်လာသူများ ဖြစ်သိဟု သိရပါသည်။ အချက်အလက်များကို အင်တာနက် မှ ကူးယူ ဖေါ်ပြပါသည်)

CRDAungNgweLatt#နော်ဂဲလယ်ထူး (စာ​ပေပရဟိတ)

Likes:
0 0
Views:
707
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *