သီပေါမင်းထံမှ ဆင်ဖြူတော်ကို ဝယ်ခဲ့သူ

ကုန်းဘောင်ခေတ် နောက်ဆုံးမင်းဆက်ဖြစ်သော သီပေါမင်းထံမှ “တောင်တစ်လုံး” အမည်ရှိ ဆင်ဖြူတော်ကို ဒေါ်လာ (၂၅၀၀၀၀) ပေး၍ ဝယ်ယူလိုက်သော နိုင်ငံခြားသားမှာ အမေရိကန်ပြည်သား ပီတီဘားနမ်း (P.T Barnum) ဖြစ်သည်။သူသည် ငွေကုန်ကြေးကျ များစွာဖြင့် ကမ္ဘာ့အထူးအဆန်း ပြပွဲများကို ကမ္ဘာအနှံ့ လိုက်လံပြသနေသူ ဖြစ်သည်။

သီပေါမင်းထံမှ တောင်တစ်လုံးကို ဝယ်ယူပြီး ၁၈၈၄ ခုနှစ် မတ်လ ၂၈ (မိုးမြင့်မောင်-၂၀)တွင် ရန်ကုန်ဆိပ်ကမ်း၌ ဆိုက်ကပ်ထားသော လီဒီယမ်မိုနားခ် (Lydian Monarch) အမည်ရှိ အင်္ဂလိပ် သင်္ဘောကြီးဖြင့် မြို့တော်လန်ဒန်သို့ သယ်ဆောင်သွားပြီး ထိုမှတစ်ဆင့် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ရေကြောင်းခရီးဖြင့် ဆက်လက်၍ သယ်ယူသွားကြလေသည်။

ဆင်ဖြူတော် တောင်တစ်လုံးနှင့်အတူ ဆင်ထိန်းများ ဖြစ်ကြသည့် ဘိုးချူးနှင့် ဘချူးတို့လည်း လိုက်ပါသွားခဲ့ကြသည်။တောင်တစ်လုံးကို မန္တလေးမြို့၌ ဝယ်ယူလိုက်ပြီဟူသော အဝယ်တော် ဒန်နီယယ် ဘီဆစ်ကယ်လ် (Daniel B. Sickles)၏ ကြေးနန်းစာကို နယူးယောက်မြို့တွင် စောင့်ဆိုင်းနေသော ဘားနမ်း ရလျှင်ရချင်းပင် နှင်းကဲ့သို့ ဖြူဆွတ်နေသော ဆင်ဖြူတော်ကြီး တစ်ကောင် နယူးယောက်မြို့သို့ ရက်ပိုင်းအတွင်း ရောက်လာတော့မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

မကြာမီပင် နယူးယောက်ဆိပ်ကမ်းသို့ မြန်မာပြည်မှ တောင်တစ်လုံးကို သယ်ဆောင်လာသော သင်္ဘောကြီးသည် ဆိုက်ကပ်လာတော့၏။ ပီတီဘားနမ်းလည်း သတင်းစာဆရာများနှင့်အတူ ဆင်ဖြူတော်ကြီး တောင်တစ်လုံးအား ကြိုဆိုရန် သင်္ဘောပေါ်သို့ ခပ်သွက်သွက်ကလေး တက်သွားလေသည်။

တောင်တစ်လုံးကို တွေ့မြင်လိုက်ရသည့်အခါ အထင်နှင့်အမြင် လွဲနေပြီဟု ယူဆပြီး အတော်ကလေးပင် စိတ်ပျက်လက်ပျက် ဖြစ်သွားရလေသည်။ပီတီဘားနမ်းအဖို့ တောင်တစ်လုံးအား နွားနို့ကဲ့သို့ ဖြူဖွေးနေသော အရောင်အဆင်း ရှိမည်ဟု ထင်ထားခဲ့၏။

ယခုသော် မိမိမြင်တွေ့နေရသော တောင်တစ်လုံးသည် အဖြူရောင် မဟုတ်ဘဲ အဖြူရောင်သမ်းနေသော မီးခိုးနုရောင် ကိုယ်ခန္ဓာပေါ်၌ ပန်းနုရောင် အစက်အပြောက်များ ဖုံးအုပ်နေပြီး ပန်းရောင်မျက်လုံးများ ရှိနေခြင်းသာ ဖြစ်သည်။ထင်သလောက် မဖြူသည်ကို ပီတီဘားနမ်းအဖို့ အတော်ကလေး စိတ်ပျက်သွားမိသော်လည်း မဆိုးပါဘူးဟုသာ စိတ်ဖြေလိုက်ရသည်။

သတင်းထောက်များက ထင်သလောက် မဖြူ ဟု ဆိုကြလေသောအခါ-“ဒီမှာ လူကလေးတို့၊ အဲဒီဆင်ဖြူတော်ဟာ ဘုရားသခင်ဖန်ဆင်းထားသလောက်ပဲ ဖြူမှာပေါ့။ ကျွန်ုပ်သာ ဆင်ဖြူတော်တစ်ကောင် ဖန်ဆင်းလို့ ရမယ်ဆိုရင် နှင်းလောက် ဖြူဆွတ်သွားနိုင်တယ်”-ဟု ခနဲ့တဲ့တဲ့ ဖြေကြားလိုက်လေသည်။

တောင်တစ်လုံးအား ဆင်ဖြူတော်အစစ် ဟုတ်၊ မဟုတ် သိလို၍ ပီတီဘားနမ်းသည် ယိုးဒယားမှ ဆင်ကျွမ်းကျင်သူ ပုဂ္ဂိုလ်များအား ငှါးရမ်း၍ စစ်ဆေးစေသည်။ ယိုးဒယားမှ ရောက်ရှိလာသော ဆင်ကျွမ်းကျင်သူများက တောင်တစ်လုံးအား စေ့စေ့စပ်စပ် စစ်ဆေး ကြည့်ရှုကြပြီးနောက် ဆင်ဖြူတော် အစစ်အမှန်ဖြစ်ကြောင်း အခိုင်အမာ ထောက်ခံ ပြောဆိုသွားကြ၏။

ဘားနမ်းလည်း ထိုအခါကျမှ ရတက်အေးပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားရလေတော့သည်။သီပေါမင်း ရောင်းချခဲ့သော ဆင်ဖြူတော် တောင်တစ်လုံးသည် အမေရိကန် နိုင်ငံတစ်ဝန်း၌ ပြိုင်ဘက်ကင်းသည့်တစ်ကောင်တည်းသောဆင်ဖြူတော်ဖြစ်လာခဲ့လေသည်။

ဆရာနန္ဒာမိုးကြယ်Crd Ko Kyel Sin Photos: Google

CRDကညောမူဖိုး နော်ဂဲလယ်ထူး (စာပေပရဟိတ)

Likes:
0 0
Views:
484
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *