ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ပထမဆုံးသမ္မတ” ( စဝ်ရွှေသိုက် )

” ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ပထမဆုံးသမ္မတ”

စဝ်ရွှေသိုက် သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ပထမဆုံးသမ္မတဖြစ်သည်။ ၁၉၄၈-ခုနှစ် ဇန်နဝါရီ ၄ရက် မှ ၁၉၅၂-ခုနှစ် မတ်လ ၁၆-ရက် အထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့သည်။

သမ္မတကြီး စဝ်ရွှေသိုက်သည် ညောင်ရွှေမြို့၌အင်းတိန်မြို့စား အဖ စဝ်ချုံ၊ အမိ စဝ်နန်းဆာတို့မှ ၁၈၉၆ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့ (မြန်မာ သက်ကရာဇ် ၁၂၅၇-ခုနှစ်)တွင် မွေးဖွားခဲ့သည်။ စဝ်ရွှေသိုက်၏ အမည်ရင်း မှာ စဝ်ရွှေဆိုက် ဖြစ်သည်။ အကြောင်းမှာ ၄င်းမွေးဖွားချိန်တွင် ရှမ်းပြည်ညောင်ရွှေဒေသရှိ တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သော ဖောင်တော်ဦးစေတီတော်မြတ်ကြီး ပွဲတော်ကျင်းပနေခိုက်ဖြစ်သည်။

ထိုအချိန်အတွင် မယ်တော်စဝ်နန်းကြီးသည် မီးမဖွားနိုင်ပဲဒုက္ခတွေ့လျက်ရှိပုံမှာ ဝမ်းတွင်းရှိသန္ဓေသားသည် ဘုန်းကြီးသူဖြစ်၍သာ မွေးဖွားရခက်ခဲသည်ဟု ယူဆကြသဖြင့် လောကီယတြာအဖြင့် ရွှေထီးမိုးပေးခဲ့သော်လည်း မီးမဖွားနိုင်ပဲဖြစ်နေသည်။ မီးတထိန်ထိန်အိုးစည် ဗုံမောင်းသံတညံညံဖြင့် လှည့်လည်လာသော် ဖောင်တော်ကြီးသည် ကန်တော်ကို လက်ယာရစ်လှည့်ကာ စေတီတော်မြတ်ကြီးအား ကန်တော့ဦးတိုက်ဆိုက်မိချိန်တွင် မွေးဖွားခဲ့သောကြောင့် စဝ်ရွှေဆိုက်ဟု အမည်မှည့်ခဲ့သည်။ စဝ်ရွှေသိုက် ဟု ဆိုက်မှ သိုက်အသံသို့ ပြောင်းလဲခေါ်ခဲ့ကြောင်း သိရှိရပါသည်။

ငယ်စဉ်က တောင်ကြီးမြို့ရှိ ရှမ်းအကြီးအကဲများ၏ သားများအတွက် ဖွင့်လှစ်ထားသောကျောင်း၌ ပညာသင်ကြားခဲ့သည်။ ပထမကမ္ဘာစစ်အတွင်း ဘားမာရိုင်ဖယ် အင်္ဂလိပ်စစ်တပ်(ဗမာ့သေနတ်ကိုင်တပ်ရင်း)တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

မြန်မာပြည် ပထမကျောင်းသားသပိတ် အစပျိုးသော ၁၉၂၀-၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ အရှေ့မြောက်နယ်ခြားဒေသ ဗမာ့တပ်ဖွဲ့များတွင် တာဝန်ခံ အဖြစ်ခန့်အပ်ခြင်းခံရသည်။ ၁၉၂၇ ခုနှစ်၊ အောက်တိုဘာလတွင် ညောင်ရွှေစော်ဘွား အဖြစ် ရွေးချယ်ခံရပြီး ၁၉၂၉ ခုနှစ်တွင် ဖခမည်းတော် စော်ဘွားကြီး ဆာစဝ်မောင် ကံတော်ကုန်သောအခါ ညောင်ရွှေစော်ဘွားအဖြစ် အရိုက်အရာခံယူသည်။ ထိုအခါ စဝ်ရွှေသိုက်၏ သက်တော်မှာ ၃၃ နှစ် အရွယ် ရှိပြီ ဖြစ်သည်။

မတ်လ ၈ ရက်နေ့ ၁၉၂၉ ခုနှစ်တွင် အသိအမှတ်ပြုခြင်းခံရသည်။ ၁၉၃၉ ခုနှစ်တွင် စစ်မှုထမ်းရန် ပြန်လည်ခေါ်ဆောင်ခဲ့ဖြင့် ၁၉၄၂ ခုနှစ်ထိ ဗမာ့တပ်မတော်တွင် အမှုထမ်းခဲ့သည်။၁၉၄၇ ခုနှစ်တွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ရေးဆွဲရေးကော်မတီအဖွဲ့ဝင်နှင့် ဥပဒေပြုအဖွဲ့ဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့သည်။

ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်သည် ၁၉၃၇ ခုနှစ်၊ ဇွန်လတွင် သိန္နီမြောက်ပိုင်း စော်ဘွာကြီး၏သမီး (သိန္နီစော်ဘွား စဝ်ဟုန်ဖ) (ကွယ်လွန်) ၏နှမ စဝ်ဟိန်ခမ်းနှင့် လက်ထပ်ခဲ့သည်။ ပထမကမ္ဘာစစ်ကြီးပြီးသောအခါ စဝ်ရွှေသိုက်သည် စစ်မှုထမ်းအဖြစ် အနားယူခဲ့သည်။ သို့သော် ၁၉၃၉ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ရန် စစ်ရိပ်စစ်ငွေ့များ တက်လာသောအခါ စစ်မှုထမ်းရန် ပြန်ခေါ်ခြင်းခံရပြန်သည်။

၁၉၄၅ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသောအခါ ဗြိတိသျှ နယ်ချဲ့အရင်းရှင်အင်္ဂလိပ် လက်အောက်မှ လွတ်မြောက်ရန် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့်အတူ တိုင်ရင်းသားစည်လုံးညီညွတ်ရေးကို ပါဝင် ဆင်နွှဲခဲ့သည်။ ပင်လုံစာချုပ်ကြီး ဖြစ်မြောက်ရေးကိုလည်း လုံးပမ်းခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် မြန်မာနိုင်ငံကို တိုင်းပြည်ပြု လွှတ်တော် ဖွင့်လှစ်သော အခါ စဝ်ရွှေသိုက်အား ဥက္ကဌ အဖြစ် တညီတညွတ်တည်း တင်မြှောက်ခြင်း ခံရသည်။

ညောင်ရွှေ စော်ဘွားကြီး စဝ်ရွှေသိုက်သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးရသောအခါ ယာယီ အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စု တိုင်းရင်းသားထဲမှ ပထမဆုံးသော မြန်မာနိုင်ငံ သမ္မတကြီးအဖြစ် တင်မြှောက်ခြင်းခံရသည်။

၁၉၅၂ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် သမ္မတ သက်တမ်းကုန်ဆုံးသောအခါ လူမျိုးစု လွှတ်တော် နာယကကြီးအဖြစ် ရွှေးချယ်တင်မြှောက်ခြင်းခံရပြန်သည်။ ၁၉၅၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် အခြား နယ်ရှင် စဝ်ဖလုံတို့နှင့် အတူစော်ဘွားဆိုသော အာဏာစွန်လွှတ်ခဲ့သည်။၁၉၄၇-၆ဝ ပြည့်နှစ်များတွင် လူမျိုးစုလွှတ်တော်အမတ်အဖြစ် ရွေးချယ်ခြင်း ခံရသည်။

၁၉၆ဝ ပြည့်နှစ်အထိ လူမျိုးစုလွှတ်တော်နာယကကြီးအဖြစ် ဆောင်ရွက်ခဲ့ပြီး အမျိုးဘာသာသာသနာပညာတွင် ကြိုးစားအားထုတ်မှုကြောင့် နိုင်ငံတော် အစိုးရက စဝ်ရွှေသိုက်အား “အဂ္ဂမဟာသရေစည်သူဘွဲ့” အပြင် “အဂ္ဂမဟာ သီရိသုဓမ္မဘွဲ့” ကိုပါ ချီးမြှင့်တော်မှုသည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီ အမည်ခံ ဗိုလ်နေဝင်း ဦးဆောင်သည့် စစ်တပ်က နိုင်ငံတော်အာဏာအရပ်ရပ်ကို သိမ်းပိုက်စဉ် မိမိနေအိမ်ဝင်းအတွင်းတွင်ပင် သားငယ် စဝ်မီမီသိုက် ပစ်သတ်ခြင်းခံခဲ့ရသည်။ နိုင်ငံတော်သမ္မတကြီးဟောင်း စဝ်ရွှေသိုက်လည်း ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည်။

အမှတ် (၇၄)၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကုန်တွင် နေထိုင်စဉ် ၁၉၆၂ ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်နေ့ အသက် ၆၆ နှစ် အရွယ်တွင် ကွယ်လွန် အနိစ္စရောက်သည်။ သမ္မတကြီးဟောင်း စဝ်ရွှေသိုက် ကွယ်လွန်သောအခါ မဟာဒေဝီ စဝ်ဟိန်ခမ်းနှင့် ဦးယူဂျင်းသိုက် (ခ) စဝ်ဆေးဝိုင် (ခ) စဝ်ဆိုလန်ဖ အပါအဝင် သားတော်သမီးတော် ရှစ်ယောက် ထွန်းကားကျန်ရစ်ခဲ့သည်။

ဖက်ဒရယ်အကျဉ်းသား

နံနက်အာရုံဦးချိန်၊ အချိန်ကား ၅:၃၀။အင်းစိန်ထောင် အပေါ်ထပ်မှ (ထလော့. . . ထကြလော့. . .) ဟု အော်သံကြောင့် အောက်ထပ်ရှိ နိုင်ငံရေးအကျဉ်းသား အားလုံး လူးလဲထကြပေမဲ့ ကျွနုုပ်မှာ အိပ်ယာ မထ ချင်သေးပါ။ ရေကြည်အိုင် လူ့ငရဲစခန်းကို ဖြတ်သန်းခဲ့ပြီး အင်းစိန်ထောင် ပို့မှသာ အသက် မသေနိုင်တော့ဘူးဟု ထစ်ထစ်ချ မိမိကိုယ်ယုံမိတော့သည်။

အင်းစိန်ထောင်၏ နိုးစက်ဟု ခေါ်ဝေါ်ခြင်း ခံရသူကား တခြားသူမဟုတ်ပါ။ မြန်မာပြည်၏ နေလို လလိုပမာ ထင်ရှားသည့် သမ္မတဟောင်း စဝ်ရွှေသိုက် ဖြစ်သည်။ သူ သမ္မတ ဖြစ်ချိန် နေဝင်တော့မည့် ရှမ်းစော်ဘွားများ တရားလွတ် သုတ်သင်လို့ ရှမ်းပြည်မှ ပြည်သူ့ရဲဘော်များနှင့် လက်ဝဲယိမ်း ရှမ်းလူငယ် (ရပလ) အဖွဲ့ဝင်များ သတ်ဖြတ်ခံခဲ့ရသည်။

ညောင်ရွှေနယ်၏ အရိုက်အရာကို စဝ်ရွှေသိုက်သားကြီးက ဆက်ခံသလို စဝ်ရွှေသိုက် ဇနီးဖြစ်သူ မဟာဒေဝီကလည်း ဇာတိ သီန္နီနယ်တွင် ရွေးကောက်ခံပြီး ပါလီမန်ထဲ ထိုင်ခုံရနေလို့ စော်ဘွားအာဏာ မီးရှိန် တက်ခဲ့ဖူးသည်။ တခေတ်တခါက စဝ်ရွှေသိုက်၏ လက်ရှိမှာ ကား ဖက်ဒရယ်အကျဉ်းသားအဖြစ် ထောင်နန်း စံနေရသည်။

သူ့နိုးစက်သံကား ရက်ကြာသည်နှင့်အမျှ ကျေးဇူးတင်စရာ ကောင်းလှသည်။ သူ၏ အာရုံဦး နိုးရခြင်းမှာ ဘာသာအလိုက် ဆုတောင်း ဝတ်ပြုခိုင်းခြင်း ဖြစ်သည်။ ဗုဒ္ဓဘာသာဝင် နိုင်ငံရေးအကျဉ်း သားများက ထောင်နံရံရှိ ဂေါတမရုပ်ပုံရှေ့ ဖယောင်းတိုင်မီး ပူဇော်ကြပြီး ဘုရားဝတ်ပြု ကြ သလို ဘာသာခြားများကလည်း မိမိတို့ဘာသာ အလိုက် ဆုတောင်း ပဌနာ ပြုကြ သည်။

အကျဉ်းစံ နိုင်ငံရေးသမားများအဖို့ အာရုံဦးချိန် ဘာသာတရားနှင့် ပျော်မွေ့ပြီး စိတ်၏ရင့်ကျက်ခြင်း ခံနိုင်ဖို့ စော်ဘွားကြီး၏ အိပ်ယာနိုးရခြင်း စေတနာဖြစ်သည်။၁၉၆၂ နိုဝင်ဘာ ၂၁။ အင်းစိန်ထောင် နံရံတွင် အဆိုပါ ရက်စွဲကို ရေးဆွဲ မှတ်သားလိုက်ပါသည်။ ထိုနေ့ နံနက်တွင် စော်ဘွားကြီး၏ နိုးခေါ်သံ မကြားရပါ။

နေထိုင်များ မကောင်းလို့လားဟု စိတ်ပူမိသော်လည်း စော်ဘွားကြီးကား ကျန်းမာရေးလိုက်စားပြီး ထောင်တွင်းလမ်းလျှောက် နေတတ်သည့် ပထမ ကမ္ဘာစစ်တွင် စစ်မှုထမ်းခဲ့သည့် ဗြိတိသျှတပ်မှ အငြိမ်းစား ဗိုလ်မှူးကြီးဖြစ်သည်။ ဖျားနာတာ တော့မဖြစ်နိုင်ချေ။ နေ့လည်စာစားပြီးစော်ဘွားကြီး အခန်းကို ကျွန်ုပ်တို့အားလုံး မျက်စိရောက်နေသည့် တိုင် ထူးခြားမှု ဘာမှ မမြင်ရသေးချေ။

မွန်းလွဲ ၂ နာရီခန့်တွင် စစ်ထောက်လှမ်း ရေးများနှင့် ဓါတ်ပုံ ကင်မရာမင်းများ စော်ဘွားကြီး အခန်းထဲတွင် အလုပ်ရှုတ်နေကြသည်။ နောက်ထပ် စော်ဘွားကြီး တစ်ဦးလည်းထောက်လှမ်းရေးများ ခြံရံ၍ စဝ်ရွေသိုက် အခန်းတွင်း ဝင်ရောက်သွားသည်။ ကျွန်ုပ်တို့အထင် ပျောက်နေသော သီပေါ စော်ဘွား စဝ်ကြာဆိုင်ကို ဖမ်းမိပြီး ထောင် သွင်း ချုပ်နှောင်ပြီဟု ထစ်ထစ်ချကောက်ချက် ချမိသည်။

အမျို းမျိုး သုံးသပ်နေစဉ် ကင်မရာ မီးပွင့်များပေါ်ထွက်လာပြီး စော်ဘွားကြီးစဝ်ရွှေသိုက် နှင့် ခေါ်သွင်းလာသူ စော်ဘွားတို့ ယှဉ်တွဲ ဓါတ်ပုံရိုက်နေသည်ကို မြင်နေရသည်။ ညနေ ၃ နာရီတွင် ခေါ်သွင်းလာသူ စော်ဘွားပြန်ထွက်ခွာသွားပါသည်။ ထိုသူမှာ စဝ်ကြာဆိုင် အစ်ကိုတော် စဝ်ကြာစုံ ဆိုတာ နောက်မှ သိရှိပါသည်။

ညနေ မိုးချုပ် ခါနီး အချိန်တွင် ထမ်းစင်ဖြင့် ပိတ်ဖြူ အုပ်ခေါ်ဆောင်သွားသူမှာ ကျွန်ုပ်တို့ အင်းစိန်ထောင် ၏ နံနက်နိုးစက် အသံပိုင်ရှင် စော်ဘွားကြီး စဝ်ရွှေသိုက် ရုပ်အလောင်းပင် ဖြစ်ပါတော့သည်။ရည်ညွှန်း။ ။ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ကျော်ဇော တစ်လပြည့် ဆွမ်းကျွေး စမ်းချောင်းနေအိမ်သို့ တက်ရောက်လာသည့် ကျွန်းပြန်ကြီးနှင့်တွေ့ဆုံခြင်း။

PineLand Page မှကူးယူဖော်ပြပါသည်။ winhlaingoo

Ref: Wikipedia

Likes:
0 0
Views:
361
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *